ဒဂုံမြို့သစ် (တောင်ပိုင်း) မြို့နယ်သည် ရပ်ကွက်ပေါင်း ၃၂ ရပ်ကွက်၊ လူဦးရေ ၃၇၀၀၀၀ ခန့်ရှိသော မြို့နယ် ဖြစ်ပါကြောင်း၊ ကျောင်းသားလူငယ်လူရွယ် အများအပြားရှိပြီး ကျန်းမာရေး၊ အကျင့်စာရိတ္တ ကောင်းမွန်ရေး၊ မူးယစ်ဆေးဝါးနှင့် စိတ်ကိုပြောင်းလဲစေတတ်သော ဆေးဝါးများအန္တရာယ်မှ ကြိုတင်ကာကွယ်ရေး၊ နိုင်ငံ့ဂုဏ်ဆောင်သော အားကစားသမားများ ပေါ်ထွက်လာစေရေးစသည့် ရည်ရွယ်ချက်များဖြင့် အားကစားလုပ်ငန်းများ မြှင့်တင်ပေးရန်အတွက် အားကစားကွင်းများ လိုအပ်လျက် ရှိပါကြောင်း၊ ဒဂုံမြို့သစ် (တောင်ပိုင်း) မြို့နယ်တွင် မြို့နယ်အားကစားကွင်း တစ်ကွင်း ရှိပါသော်လည်း မြန်မာနိုင်ငံဘောလုံးအဖွဲ့ချုပ်ကို ငှားရမ်းထားပြီး ကျန်းမာရေးနှင့် အားကစားဝန်ကြီးဌာနကို ပြန်လည်အပ်နှံခြင်း မရှိပါသဖြင့် အချိန်ပြည့်လေ့ကျင့်ကစားခြင်းများ မဆောင်ရွက်နိုင်ပါကြောင်း၊ ကျန်းမာရေးနှင့်အားကစား ဝန်ကြီးဌာနပိုင် မြေနေရာရှိသော်လည်း ဖူဆယ်ဘောလုံးကွင်း တည်ဆောက်ရန် ရည်ရွယ်ထားပါကြောင်း၊ မဆောင်ရွက်ပေးနိုင်ကြောင်း အကြောင်းပြန်ကြားခြင်းတို့ကြောင့် အချိန်ပြည့်လေ့ကျင့်ကစားနိုင်မည့် မြို့နယ်အားကစားကွင်း တစ်ကွင်းကို သင့်လျော်သည့် မြေနေရာရယူပြီး မြို့နယ်လေ့ကျင့်ရေး အားကစားကွင်းတစ်ခုကို အမြန်ဆုံးချထားပေးပြီး ၂၀၁၈-၁၉ ဘဏ္ဍာရေးနှစ်တွင် လျာထားတည်ဆောက် ပေးပါရန်နှင့် ရပ်ကွက်များဖြစ်သော ၂၀ ရပ်ကွက်၊ ၇၁ ရပ်ကွက်၊ ၁၈ ရပ်ကွက်၊ ၂၆ ရပ်ကွက်၊ ၅၇ ရပ်ကွက်၊ ၅၄ ရပ်ကွက်၊ ၅၃ ရပ်ကွက်၊ ၁၄၀ ရပ်ကွက်၊ ရှမ်းတဲကြီး၊ စိုက်/မွေး ၁၉ ရပ်ကွက် ရပ်ကွက်ပေါင်း ၁၁ ရပ်ကွက်ရှိ ပြည်သူများ၊ ကျောင်းသားလူငယ်များ အားကစားလေ့ကျင့်ရေး ပြုလုပ်ရန်အတွက် ရပ်ကွက်အားကစားကွင်းများ အမြန်ဆုံးချထားပေးပါရန် တောင်းဆိုအပ်ပါကြောင်း၊
မြို့သစ်များချထားပေးစဉ်က ရပ်ကွက်အလိုက် အားကစားကွင်းများ သတ်မှတ်လျာထား ပေးသော်လည်း ယခုအခါ ၎င်းမြေနေရာများမရှိခြင်း၊ အားကစားကွင်းများ လက်တွေ့မတည်ဆောက် ပေးသည့်အတွက်ကြောင့် ရပ်ကွက်အားကစားကွင်း မရှိသည့်အပြင် ရန်ကုန်မြို့တော်ဝန်ကြီးမှလည်း ရပ်ကွက်အားကစားကွင်းများကို ဘဏ္ဍာရေးနှစ်အလိုက် နှစ်စဉ်တစ်နှစ်တစ်ခါ ချပေးမည်ဆိုသည်မှာ မိမိတို့တွင် ရှိသည့်ကလေးများသည် ဘောလုံးလေ့ကျင့်ကစားရန် ၁၀ နှစ်၊ ၁၅ နှစ်နေမှ ကစားခွင့်ရမည် ဖြစ်ပါကြောင်း၊ ထို့အပြင် ယခုရှိနေသည့် မြေအလွတ်များတွင်လည်း ဆက်လက်ပြီး တည်ရှိမည်ဟု မည်သူမျှအာမ မခံနိုင်ဖြစ်နေပါကြောင်း၊ ယခုအခါ လက်ရွေးစင်တချို့မှ ပူးပေါင်းပြီး မြို့နယ်ရပ်ကွက်ပေါင်းစုံ အားကစားပွဲများ၊ ဘောလုံးပွဲများကျင်းပရန် စီစဉ်နေကြခြင်း ဖြစ်သည့်အတွက် လေ့ကျင့်ရေးကွင်းများလည်း လိုအပ်ပါကြောင်း၊ ထို့အပြင် မြို့နယ်၊ ရပ်ကွက်အတွင်းရှိ လူငယ်များအနေဖြင့် မြို့နယ်၊ ရပ်ကွက်တွင် ဖွင့်လှစ်ထားသော ဖူဆယ်အားကစား ရုံများတွင် တစ်နာရီကိုနှစ်သောင်း၊ တစ်သောင်းဖြင့် ကစားနေရပါကြောင်း၊ ထို့ကြောင့် ငွေကြေး မတတ်နိုင်သည့် လူငယ်များအနေဖြင့် ကစားခွင့်လည်းမရပါ မကစားနိုင်ကြပါကြောင်း၊ ရပ်ကွက်အားကစား ကွင်းများမဖြစ်မနေ အမြန်ဆုံးချထားပေးရန် လိုအပ်သည့်အတွက်ကြောင့် ဒဂုံမြို့သစ် (တောင်ပိုင်း) မြို့နယ်တွင် မြို့နယ်လေ့ကျင့်ရေးကွင်းတစ်ကွင်း၊ ရပ်ကွက်အားကစားကွင်း ၁၁ ကွင်း အမြန်ဆုံးချထားပေးပါရန် အစီအစဉ်ရှိ/မရှိ သိရှိလိုပါကြောင်း မေးမြန်းပါသည်။
မဖြေကြားခင် မိမိအနေဖြင့် တင်ပြလိုသည်မှာ အားကစားကွင်းတစ်ကွင်းရှိပြီး ဘောလုံးအဖွဲ့ချုပ်ကို ငှားရမ်းပြီး ပြန်မပေးဘူးဆိုလျှင် စာချုပ်စာတမ်းသက်တမ်းအရ မပေးခြင်းဖြစ်ပါကြောင်း၊ စာချုပ်ပြည့်လျှင် ပြန်လည်စဉ်းစားပေးရန် ရှိပါကြောင်း၊ ဒဂုံမြို့သစ် (တောင်ပိုင်း) မြို့နယ်တွင် လိုအပ်လျက်ရှိသော မြို့နယ်လေ့ကျင့်ရေး အားကစားကွင်းတစ်ကွင်းကို လောလောဆယ် ဒဂုံမြို့သစ်အားကစားရုံ၏ ဘေးတွင်မြေများ ရှိပါကြောင်း၊ ၎င်းမြေများတွင် မိမိတို့ ပေးမည် ဖြစ်ပါကြောင်း၊ ထို့ကြောင့် ၂၀၁၈-၁၉ ဘဏ္ဍာရေးနှစ်တွင် တိုင်းဒေသကြီးခွင့်ပြု ရန်ပုံငွေစာရင်း အောက်တိုဘာလမှ စက်တင်ဘာလထိ ကျပ် ၈၀ သန်းထည့်ပြီး ပြုလုပ်ပေးမည် ဖြစ်ပါကြောင်း၊ ယခု ကျပ် ၈၀ သန်းဆိုသည်က ဘောလုံးကွင်း ဖြစ်ပါကြောင်း၊ ဘေးတွင် မီတာ ၄၀၀ ပတ်သည့် ကွင်းလမ်း မပါပါကြောင်း၊ နောက်ပိုင်း ဘတ်ဂျက်ရရှိသည့် အခြေအနေမှပေးမည် ဖြစ်ပါကြောင်း၊ ပေးမည်ဆိုလျှင် သိန်း ၁၃၀၀ လောက်ကုန်မည် ဖြစ်ပါကြောင်း၊ လောလောဆယ် ၎င်းမြို့နယ်အတွက် အားကစားကွင်း တစ်ကွင်းကို ပေးမည်ဖြစ်ပါကြောင်း၊ ဒဂုံမြို့သစ်တောင်ပိုင်း ယခုရပ်ကွက် ၁၁ ခု အတွက်ကို ၁၁ ကွင်း တောင်းဆိုထားပါကြောင်း၊ မိမိပြန်ကြည့်သည့်အခါ ဒဂုံမြို့သစ်တွင် ရပ်ကွက်က ၄၄ ရပ်ကွက် ရှိပါကြောင်း၊ ထိုရပ်ကွက်ကွင်းများဆိုလျှင် ထုံးစံက မပေးပါကြောင်း၊ စည်ပင်သာယာက ပေးပါကြောင်း၊ မိမိမှပြန်ပြီးသုံးသပ်သည့် အခါတွင်လည်း ဒဂုံမြို့သစ်တွင် လောလောဆယ် ၁၀ ကွင်းရှိသည်မှာ တော်တော်များနေပါကြောင်း၊ များနေသည်ဆိုသည်မှာ ရန်ကုန်တိုင်းတစ်တိုင်းလုံးရှိ မြို့နယ် ၄၅ ခုကို အားလုံးပေါင်းမှ မီတာ ၄၀၀ ပတ်ကွင်းက ၁၁ ကွင်း၊ ရိုးရိုးဘောလုံးကွင်း ၁၉ ကွင်း အားလုံး ၃၀ ရှိပါကြောင်း၊ ယခု ၂၀၁၈-၁၉ ဘဏ္ဍာရေးနှစ်တွင် နှစ်ကွင်းပေးရန်ကို ရန်ကုန်တိုင်း စည်ပင်သာယာရေးတွင် အကုန်လုံးစာရင်းပါပြီးသား ဖြစ်ပါကြောင်း၊ တစ်ကွင်းက ဒဂုံမြို့သစ် (တောင်ပိုင်း) အမှတ် (၂၂) ရပ်ကွက်၊ မြတ်လေး (၁) နှင့် (၂) လမ်းထောင့်ရှိ မြေနေရာရပ်ကွက်တွင် ဘောလုံးကွင်းတစ်ကွင်း၊ ရတနာပုံလမ်းနှင့် စွယ်တော်ပတ်လမ်းကြားတွင် ရပ်ကွက်ဘောလုံးကွင်း တစ်ကွင်း တည်ဆောက်ရန် လျာထားပါကြောင်း၊ မိမိတင်ပြချင်သည်မှာ အားကစားနှင့်ကာယပညာ ဦးစီးဌာန၊ ဝန်ကြီးဌာန၊ ယခုဌာနအနေဖြင့် နှစ်စဉ် ၂၂ ဘီလီယံခန့်သာ ရရှိသည့်အတွက် ၂၀၁၈-၁၉ ဘဏ္ဍာရေးနှစ်တွင် ကျန်းမာရေးနှင့်အားကစား ဝန်ကြီးဌာနက ပိုက်ဆံရှိလို့မဟုတ်ဘဲ အားကစားသည် အရေးကြီးသည့်အတွက် ငွေဖြည့်သည့်အခါ ၅၀ ဘီလီယံအထိ တိုးပေးလိုက်ပါကြောင်း၊ တိုးပေးသည်မှာ ကွင်းများကိုဖော်မည်၊ ပြင်မည်၊ အားကစားပစ္စည်းများ ဝယ်မည်၊ နောက်တစ်ချက်က သင်တန်းများပေးမည်၊ နည်းပြများကိုလည်း သင်တန်းပေးမည်၊ Coach များ၊ အားကစားမှူးများကို သင်တန်းပေးမည် စသည်တို့အတွက် ဘီလီယံ ၂၆၊ ၂၈ ခန့်ရှိရပါမည်။ ၂၀၁၈-၁၉ ဘဏ္ဍာရေးနှစ်တွင် ဒဂုံမြို့သစ် (တောင်ပိုင်း) တင်မက တစ်ပြည်လုံးတွင်ရှိသည့် မြို့နယ်အားကစား ကွင်းများကို မိမိတို့လိုက်ပြီး ပြင်သင့်တာပြင်ပြီး လုပ်သင့်တာလုပ်မည်။ သို့မှသာလျှင် မိမိတို့မြန်မာနိုင်ငံအနေဖြင့် ကျန်းမာသည့် ပြည်သူလူထုကြီးဖြစ်လာမည် ဖြစ်ပါကြောင်း၊ ကျန်းမာရေးနှင့် အားကစားဝန်ကြီးဌာန၏ Exercises Medicine ဆိုသည့် ကိစ္စနှင့်ပတ်သက်ပြီး အထောက်အကူအများကြီး ရှိပါကြောင်း၊ မိမိအနေဖြင့် ရပ်ကွက်ကို လာမည့်နှစ်ထဲတွင် စဉ်းစားပေးပါမည်။ နောက်တစ်ချက်က ပိုသည့် ပိုက်ဆံများနှင့် ကွင်းများတွင်ကစားရန် ဘောလုံးကအစတောင်းလျှင် အကုန်ပေးရန် အသင့်ရှိပါကြောင်း၊ ရပ်ကွက် ၁၁ ကွင်းက နှစ်ကွင်းသည် ယခုနှစ်တွင် ရရှိပါမည်။ ကျန်ရှိသည်များက မြို့နယ်စည်ပင်သာယာရေးနှင့် ညှိပြီးဆက်လက် ဆောင်ရွက်ပါရန် မေတ္တာရပ်ခံကြောင်း ရှင်းလင်းဖြေကြားပါသည်။
