ဒုတိယအကြိမ် ပြည်သူ့လွှတ်တော် အဋ္ဌမပုံမှန်အစည်းအဝေး (၁၅)ရက်မြောက်နေ့ အစည်းအဝေးမှတ်တမ်းအကျဉ်းချုပ်

ဒုတိယအကြိမ် ပြည်သူ့လွှတ်တော် အဋ္ဌမပုံမှန်အစည်းအဝေး (၁၅) ရက်မြောက်နေ့ (၁၅.၆.၂၀၁၈)

 

ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော်

ဒုတိယအကြိမ် ပြည်သူ့လွှတ်တော် အဋ္ဌမပုံမှန်အစည်းအဝေး (၁၅)ရက်မြောက်နေ့

အစည်းအဝေးမှတ်တမ်းအကျဉ်းချုပ်

(၂၀၁၈ ခုနှစ်၊ ဇွန်လ ၁၅ ရက်)

၁။       ဒုတိယအကြိမ် ပြည်သူ့လွှတ်တော် အဋ္ဌမပုံမှန်အစည်းအဝေး (၁၅)ရက်မြောက်နေ့ကို        ၂၀၁၈ ခုနှစ်၊ ဇွန်လ  ၁၅ ရက်နေ့ နံနက် ၁၀ နာရီ အချိန်တွင် စတင်ကျင်းပပြီး တက်ရောက်ခွင့်ရှိသူ လွှတ်တော်ကိုယ်စားလှယ်(၄၃၁)ဦးအနက် (၃၉၆)ဦးတက်ရောက်သည်။

၂။       လွှတ်တော်အစည်းအဝေးတွင် ပြုလုပ်ခဲ့သည့်ဆောင်ရွက်ချက်များမှာ အောက်ပါအတိုင်း ဖြစ်ပါသည်-

(က)   ကြယ်ပွင့်ပြမေးခွန်း(၆)ခုမေးမြန်းဖြေကြားခြင်း

          (၁)    ဦးမြတ်လေးဦး၊ ထီးလင်းမဲဆန္ဒနယ်မှ မေးမြန်းသော ထီးလင်းမြို့နယ်တွင် ကျင်းပပြုလုပ်ခဲ့သော ချင်း-ဗမာချစ်ကြည်ရေးညီလာခံ အထိမ်းအမှတ်ကျောက်တိုင်  နှင့် အထိမ်းအမှတ်နေ့အား ဖော်ထုတ်သတ်မှတ်ပေးရန် အစီအစဉ်ရှိ၊ မရှိ မေးခွန်း နှင့်စပ်လျဉ်း၍ ပြည်ထဲရေးဝန်ကြီးဌာန ဒုတိယဝန်ကြီး ဗိုလ်ချုပ်အောင်သူ က မကွေးတိုင်းဒေသကြီး၊ ဂန့်ဂေါခရိုင်၊ ထီးလင်းမြို့နယ်တွင် ချင်း-ဗမာ ချစ်ကြည် ရေး ညီလာခံအထိမ်းအမှတ်ကျောက်တိုင်နှင့် အထိမ်းအမှတ်နေ့အား သတ်မှတ်နိုင်ရေးကိစ္စနှင့်စပ်လျဉ်း၍ မကွေးတိုင်းဒေသကြီးအစိုးရအဖွဲ့၏ အစည်းအဝေး အမှတ်စဉ် (၁၁/၂၀၁၈)ဖြင့် မှတ်တမ်းထားရှိရန် ဆုံးဖြတ်ခဲ့ပြီး ဆောင်ရွက်ပေးရန် အစီအစဉ်မရှိပါကြောင်း မကွေးတိုင်းဒေသကြီးအစိုးရအဖွဲ့ကိုယ်စား  ရှင်းလင်း ဖြေကြားခဲ့သည်။

          (၂)    ဦးဘရှိန်၊ ကျောက်ဖြူမဲဆန္ဒနယ်မှ မေးမြန်းသော ကျောက်ဖြူမြို့၊ သန်ပန်ချောင်း ရပ်ကွက်၊ ကမ်းနားလမ်းရှိ ဆိပ်ကမ်းမြေအဖြစ် အသုံးပြုရန်လျာထားသည့် မြေများ၌ ကျူးကျော်အဆောက်အဦများ ဆောက်လုပ်ထားသူတို့ကို အရေးယူရန် ရခိုင်ပြည်နယ် အစိုးရအဖွဲ့က ၃၁.၃.၂၀၁၇ ရက်စွဲပါ စာအမှတ်၊ (၃၉၃)/ ၄ / ၈-၂ (စီးပွား/ စိုက်မွေး) အဖရ(ရခိုင်)ဖြင့် ထုတ်ပြန်ထားချက်ကို သက်ဆိုင်ရာတာဝန်ရှိသူများက မည်ကဲ့သို့ အရေးယူဆောင်ရွက်နေကြပါသနည်း၊ ရခိုင်ပြည်နယ် အစိုးရအဖွဲ့က ဥပဒေချိုးဖောက် သူများကို အရေးယူရန် ညွှန်ကြားထားပါလျက် ခြံစည်းရိုးကာခြင်း၊အဆောက်အဦ ဆောက်လုပ်နေခြင်းတို့ကို ခွင့်ပြုချက်မရှိဘဲ ပြုလုပ်နေကြသည်ကို သက်ဆိုင်ရာ တာဝန်ရှိသူတို့က မည်ကဲ့သို့အရေးယူဆောင်ရွက်ကြမည်တို့နှင့် စပ်လျဉ်း၍ ပြည်ထဲရေးဝန်ကြီးဌာန ဒုတိယဝန်ကြီး ဗိုလ်ချုပ်အောင်သူက ကျောက်ဖြူ မြို့နယ်၊ သန်ပန်ချောင်းရပ်ကွက်၊ မြစ်ကမ်းနားရှိ မြေငှားဂရန်ရရှိသည့်နေရာတွင် ခွင့်ပြုချက်မရှိဘဲ ခြံစည်းရိုးကာရံသူ ၂ ဦးအား ရခိုင်ပြည်နယ် စည်ပင်သာယာရေး ဥပဒေနှင့်အညီ အရေးယူပြီးဖြစ်ကြောင်းနှင့် ခြံစည်ရိုးကာရံခွင့်နှင့် အဆောက်အဦ ဆောက်လုပ်ခွင့်ပြုနိုင်ရေးအတွက် တင်ပြလာမှုအပေါ် ကျောက်ဖြူမြို့နယ် စည်ပင် သာယာရေးအဖွဲ့မှ ဥပဒေ၊ နည်းဥပဒေများနှင့်အညီ စိစစ်ဆောင်ရွက်ခဲ့ရာ လျှောက်ထားသူအမည်ပေါက် မြေစာရင်းပုံစံ ၁၀၅၊ ၁၀၆ များလိုအပ်သဖြင့် ၂၀-၃-၂၀၁၈ ရက်နှင့် ၂၈-၅-၂၀၁၈ ရက်တို့တွင် ကာယကံရှင်များထံသို့ တောင်းခံထားရှိ ပါကြောင်း ရခိုင်ပြည်နယ် အစိုးရအဖွဲ့ကိုယ်စား ရှင်းလင်း ဖြေကြားခဲ့သည်။

          (၃)    ဦးမြင့်ထွန်း၊တန့်ဆည်မဲဆန္ဒနယ်မှ မေးမြန်းသော  တန့်ဆည်မြို့နယ်၊  ပုတီး ကျေးရွာ အုပ်စုအတွက် တိုက်နယ်ဆေးရုံတစ်ရုံချထားပေးရန် အစီအစဉ် ရှိ၊ မရှိ မေးခွန်း နှင့်စပ်လျဉ်း၍ ကျန်းမာရေးနှင့်အားကစားဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒေါက်တာမြင့်ထွေးက တန့်ဆည်မြို့နယ်၊ ပုတီးကျေးရွာအုပ်စုအတွက် တိုက်နယ် ဆေးရုံချထားပေးရန် မြေ ၅ ဧကလည်း ရရှိထားပြီးအထက်တန်းကျောင်းလည်း ရှိသဖြင့်၂၀၁၉-၂၀၂၀ ဘဏ္ဍာရေးနှစ်တွင် ပေးမှာဖြစ်ကြောင်း ပြန်လည်ဖြေကြား ခဲ့သည်။

          (၄)    ဒေါက်တာဆလိုင်းရီယန်းဗဲလ်၊ ဖလမ်းမဲဆန္ဒနယ်မှ မေးမြန်းသော ဖလမ်းမြို့နယ် (ဝေဘူလကျေးရွာ)ကျန်းမာရေးဌာနခွဲအား ကျေးလက်ကျန်းမာရေးဌာန (Rural Health Centre) အဖြစ် တိုးမြှင့်ပေးရန် အစီအစဉ်ရှိ၊ မရှိ မေးခွန်းနှင့် စပ်လျဉ်း၍ ကျန်းမာရေးနှင့်အားကစားဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒေါက်တာမြင့်ထွေး  က ဖလမ်းမြို့နယ် ဝေဘူလကျေးရွာသည် သွားလာမှုအထူးခက်ခဲတဲ့ဒေသဖြစ်ပြီး မြေ၊ Sub-Centre၊ ကျေးလက်ကျန်းမာရေးဌာနခွဲလည်းရှိတဲ့အတွက် ကျေးလက်ကျန်းမာရေး ဌာနအဖြစ် လုပ်ထုံးလုပ်နည်းအရ ၂၀၁၈-၂၀၁၉မှာပါဖို့ အစိုးရအဖွဲ့က ခွင့်ပြုချက် ရရှိရန် အဆင့်ဆင့်တင်ပြဆောင်ရွက်ပေးမည်ဖြစ်ကြောင်း  ပြန်လည်ဖြေကြားခဲ့သည်။

          (၅)    ဦးအေးနိုင်၊ ဒဂုံမြို့သစ်(တောင်ပိုင်း)မဲဆန္ဒနယ်မှ မေးမြန်းသော ဒဂုံမြို့သစ် (တောင်ပိုင်း) မြို့နယ်တွင် လိုအပ်လျက်ရှိသော မြို့နယ်လေ့ကျင့်ရေး အားကစားကွင်း တစ်ကွင်းနှင့် ရပ်ကွက်ပေါင်း(၁၁)ခုအတွက် ရပ်ကွက်အားကစားကွင်း(၁၁)ကွင်း အမြန်ဆုံးသတ်မှတ်ချထားပေးရန် အစီအစဉ် ရှိ၊ မရှိ မေးခွန်းနှင့် စပ်လျဉ်း၍ ကျန်းမာရေးနှင့်အားကစားဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒေါက်တာမြင့်ထွေး  က ၂၀၁၈-၂၀၁၉ ဘဏ္ဍာရေးနှစ်တွင်    မြို့နယ်ကွင်းကို အရင်ဆောင်ရွက်ပေးမည် ဖြစ်ပြီး ကျန်အားကစားကွင်းများကို မြို့နယ်စည်ပင်သာယာရေးနှင့်ညှိပြီး ဆက်လက် ဆောင်ရွက်ပါရန် ပြန်လည်ဖြေကြားခဲ့သည်။

          (၆)    ဦးစိုင်းဆိုင်မိုင်း၊ မိုင်းကိုင်မဲဆန္ဒနယ်မှ မေးမြန်းသော မိုင်းကိုင်မြို့နယ်၊ ဝမ်ဟွေလုံ ကျေးရွာတွင် သီးခြားကျေးလက်ကျန်းမာရေးဌာန(RHC)အသစ်တစ်ခု၊ ကျေးလက် ကျန်းမာရေးဌာနခွဲ (S/C) များအဖြစ် ဝမ်လုံ၊ ယန်းလွိုင်၊ ဝမ်လျန့်နှင့် မတ်လန်း တို့တွင် တိုးချဲ့ဖွဲ့စည်းပေးရန်နှင့်လုတ်ကန်း၊ စုံလောတို့တွင် ကျေးလက်ကျန်းမာရေး ဌာနခွဲ (S/C)အသစ် တိုးချဲ့ဆောင်ရွက်ပေးရန် အစီအစဉ်ရှိ၊ မရှိမေးခွန်းနှင့် စပ်လျဉ်း၍ ကျန်းမာရေးနှင့်အားကစားဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒေါက်တာမြင့်ထွေး က ၂၀၁၈-၂၀၁၉ ဘဏ္ဍာရေးနှစ်တွင် လုပ်ထုံးလုပ်နည်းများနှင့် အဆင့်ဆင့်တင်ပြပြီး တိုးချဲ့ဆောင်ရွက်ပေးမည် ဖြစ်ကြောင်း  ပြန်လည်ဖြေကြားခဲ့သည်။

(ခ)    ဥပဒေကြမ်း(၁)ခု နှင့်စပ်လျဉ်း၍ လွှတ်တော်၏အဆုံးအဖြတ်ရယူခြင်း

          ပြည်သူ့လွှတ်တော်၊ ဥပဒေကြမ်းကော်မတီက တင်သွင်းသည့် မြန်မာနိုင်ငံမိခင်နှင့် ကလေး စောင့်ရှောက်ရေးအသင်း ဥပဒေကြမ်း တစ်ရပ်လုံးကို ပြင်ဆင် ထားသည့်  အပိုဒ်၊ အပိုဒ်ခွဲများအတိုင်းအတည်ပြုကြောင်းနှင့်  ၂၀၁၃ ခုနှစ်၊ ပြည်သူ့လွှတ်တော်ဆိုင်ရာ နည်းဥပဒေ ၁၉၁ အရ ဆက်လက်ဆောင်ရွက် သွားမည်ဖြစ်ကြောင်း ကြေညာသည်။

(ဂ)    အဆို(၁)ခုဆွေးနွေးခြင်းနှင့် လွှတ်တော်၏အဆုံးအဖြတ်ရယူခြင်း

ဦးသောင်းအေး၊ ပျော်ဘွယ်မဲဆန္ဒနယ်က တင်သွင်းသည့် နိုင်ငံတော်တည်ငြိမ်အေးချမ်းရေး၊ တရားဥပဒေစိုးမိုးရေးနှင့် အချုပ်အခြာအာဏာ တည်တံ့ခိုင်မြဲရေးအတွက် နိုင်ငံတော်တွင် အကြမ်းဖက်တိုက်ခိုက်မှုများ ထပ်မံမဖြစ်ပေါ်စေရန် အထူးသဖြင့်ရခိုင်ပြည်နယ်တွင် ထပ်မံမဖြစ်စေရန် ရခိုင်ပြည်နယ်မြောက်ပိုင်းဒေသတွင် ၂၀၁၆ ခုနှစ် နှင့် ၂၀၁၇ ခုနှစ် အတွင်း ARSA အကြမ်းဖက် သောင်းကျန်းသူအဖွဲ့က ကျူးလွန်ခဲ့သည့် အကြမ်းဖက် ဖြစ်စဉ်များအပေါ် အကြမ်းဖက်မှု တိုက်ဖျက်ရေး ဥပဒေနှင့်အညီ နိုင်ငံတကာအဖွဲ့အစည်း များနှင့်ပူးပေါင်း၍ ထိရောက်စွာ ပူးပေါင်းဖော်ထုတ်တိုက်ဖျက်ပြီး လုံလောက်သည့် ကာကွယ်မှုပြုလုပ်ပေးပါရန် တိုက်တွန်းကြောင်း အဆိုကို  ကိုယ်စားလှယ် (၁၈) ဦးမှ ဆွေးနွေးပြီး လွှတ်တော်က အတည်ပြုကြောင်း  ဆုံးဖြတ်ခဲ့သည်။

၃။       အစည်းအဝေးကို မွန်းလွဲ ၁၃ နာရီ  ၁၅ မိနစ်တွင်ရပ်နားပြီး ဒုတိယအကြိမ် ပြည်သူ့လွှတ်တော် အဋ္ဌမပုံမှန်အစည်းအဝေး (၁၆)ရက်မြောက်နေ့ ကျင်းပမည့်ရက်ကို ၁၈.၆.၂၀၁၈ ရက် (တနင်္လာနေ့) နံနက်  ၁၀ နာရီတွင် လျာထားပါသည်။