(ခ) ပုဂ္ဂလိကကျန်းမာရေးလုပ်ငန်းဆိုင်ရာဥပဒေနှင်‌့စပ်လျဉ်းသည်‌့မေးခွန်း

ပထမအကြိမ် ပြည်သူ့လွှတ်တော် တတိယပုံမှန်အစည်းအဝေး (၁၂) ရက်မြောက်နေ့မှတ်တမ်း (၁၂-၃-၂၀၁၂)

 လေးစားအပ်တဲ့ ပြည်သူ့လွှတ်တော်ဥက္ကဋ္ဌကြီး နှင့် ပြည်သူ့လွှတ်တော်ကိုယ်စားလှယ်များ၊ ပြည်ထောင်စုဝန်ကြီးများ၊ တက်ရာက်လေ့လာသူများ ခင်ဗျား။ ကျွန်တော်ကတော့ ရန်ကုန်တိုင်းဒေသကြီး၊ ဆိပ်ကမ်းမဲဆန္ဒနယ်မှ ပြည်သူ့လွှတ်တော် ကိုယ်စားလှယ် ဒေါက်တာနေလင်း ဖြစ်ပါတယ်။ ဒီကနေ့ ကျွန်တော့်အနေနဲ့ တင်ပြဆွေးနွေးမေးမြန်း မယ့် မေးခွန်းကတော့ ပုဂ္ဂလိကကျန်းမာရေးလုပ်ငန်းဆိုင်ရာဥပဒေနှင်‌့ပတ်သက်ပြီးတော့ လက်ရှိ အကောင်အထည်ဖော်ဆောင်ရွက်နေတဲ့ အခြေအနေနှင့်ပတ်သက်ပြီး မေးမြန်းသွားမှာဖြစ်ပါတယ်။ ဒီမေးခွန်းကို မေးမြန်းမယ့် အဓိကရည်ရွယ်ချက်ကတော့ မြန်မာနိုင်ငံရဲ့ လက်ရှိကျန်းမာရေး စောင့်ရှောက်မှုစနစ်အရ ပြည်သူပြည်သားများ အသက်ရှည်စွာနဲ့ သက်တမ်းစေ့နေနိုင်ရေး နိုင်ငံတော် အတွင်းမှာ မှီတင်းနေထိုင်ကြတဲ့ ပြည်သူလူထုကို နိုင်ငံတော်ပိုင်အခန်းကဏ္ဍ၊ ပုဂ္ဂလိကပိုင် အခန်း ကဏ္ဍတို့ဖြင်‌့ ကျန်းမာရေးစောင်‌့ရှောက်မှုစနစ် တိုးတက်မြင့်မားရေးနှင့် ပုဂ္ဂလိကဆေးရုံ၊ ဆေးခန်း များရဲ့ ဆေးဝါးကုသမှုစွမ်းရည် တိုးတက်မြင့်မားစေရေးအတွက် ရည်ရွယ်ပြီး မေးမြန်းခြင်းဖြစ်  ပါတယ်။ လက်ရှိမှာ ဒီရည်ရွယ်ချက်တွေကို အကောင်အထည်ဖော်ဖို့အတွက် လက်ရှိအခြေအနေမှာ ကျွန်တော်တို့ ပုဂ္ဂလိကကျန်းမာရေးလုပ်ငန်းဆိုင်ရာဥပဒေကို နိုင်ငံတော်အေးချမ်းသာယာရေးနှင်‌့ ဖွံ့ဖြိုးရေးကောင်စီ အမိန့်အမှတ်၊ ဥပဒေအမှတ် ၅ /၂၀၀၇ ဖြင့် ၅-၄-၂၀၀၇ ရက်နေ့မှာ ထုတ်ပြန် ကြေညာခဲ့ပြီး ဖြစ်ပါတယ်။ လက်ရှိအားလုံးသိကြတဲ့အတိုင်း ဆရာဝန်တွေ၊ သူနာပြုတွေအားလုံးက နေပြည်တော်၊ ရန်ကုန်၊ မန္တလေးအပါအဝင်တိုင်းဒေသကြီး/ ပြည်နယ်များမှာ တာဝန်ထမ်းဆောင်နေတဲ့ အစိုးရဆေးရုံကြီးများမှာ တာဝန်ထမ်းဆောင်နေကြတဲ့ အထူးကုဆရာဝန်ကြီးများ၊ သူနာပြုဆရာမကြီး များနှင့် ဆေးဝါးကျွမ်းကျင်သူများဟာ ကိုယ်ပိုင်ရလဒ်ဖြစ်တဲ့ မိမိရဲ့အားလပ်ချိန်မှာ ပုဂ္ဂလိက ဆေးရုံကြီးများ၊ ဆေးရုံများ၊ ဆေးခန်းများမှာ အချိန်ပိုင်းဝင်ရောက်ပြီးတော့ တာဝန်ထမ်းဆောင် နေကြတာ အားလုံးအသိဖြစ်ပါတယ်။ အဲလို တာဝန်ထမ်းဆောင်နေတဲ့အချိန်မှာ လက်ရှိဖြစ်ပေါ်နေတဲ့ အ‌ြခေအနေကတော့ ပြည်သူလူထုအနေနဲ့ တချို့သော ဆရာဝန်ကြီးများ၊ သူနာပြုများနဲ့ ပတ်သက်ပြီး အထွေထွေမကျေနပ်မှုတွေ၊ ဆေးဝါးကုသမှုဆိုင်ရာ မကျေနပ်ချက်တွေနဲ့ ပတ်သက်ပြီးတော့ သတင်း၊ ဂျာနယ်၊ မီဒီယာများမှာ ဖော်ပြနေမှု ဒီဖော်ပြချက်တွေပေါ် ဖြေရှင်းနေရတဲ့ အခြေအနေတွေ၊ တိုးတိုး တိတ်တိတ်ဖုံးဖုံးဖိဖိနဲ့ ဖြေရှင်းခဲ့ရတာတွေ ကျွန်တော်တို့ ပြည်သူ့လွှတ်တော် ကျန်းမာရေးမြှင့်တင်မှု ကော်မတီကို ပေးပို့တိုင်ကြားလာတဲ့ တိုင်ကြားစာတွေကို ပြန်လည်ဆန်းစစ်ပြီးတော့ အခြေခံဖြစ်ရတဲ့ အကြောင်းအရင်းတွေကို လေ့လာဆန်းစစ်ကြည့်မယ်ဆိုရင် အထူးကုဆေးရုံကြီးများ၊ ဆေးခန်းများမှာ အချို့သော ဆရာဝန်များ၊ သူနာပြုများရဲ့ ပေါ့လျော့မှု၊ တာဝန်မသိမှု၊ အရည်အချင်းမပြည့်ဝမှု၊  မကျွမ်းကျင်မှုနဲ့ ရောဂါရှာဖွေစစ်ဆေးရေးများအပိုင်းမှာလည်း တိကျမှန်ကန်မှုအားနည်းခြင်း နောက် ရောဂါကို တိကျစွာဖော်ထုတ်နိုင်မှုအားနည်းခြင်းနှင့် လူနာရှင်နှင့်မိသားစုတွေအပေါ် ရောဂါအခြေ အနေ၊ စစ်ဆေးကုသမှုအခြေအနေတွေကို တိတိကျကျမှန်မှန်ကန်ကန် ရှင်းလင်းပြောဆိုရမယ့်အပိုင်း အားနည်းမှုတွေ အစရှိသည်ဖြင့် လူမှုဆက်ဆံရေးအပိုင်းမှာ အားနည်းချက်များကြောင့် အရည်အသွေး ရော၊ အရည်အချင်းရော ကျဆင်းရတဲ့အကြောင်းရင်း ဖြစ်ပါတယ်။ တစ်နည်းအားဖြင့် Quality Of Medical Care ကျဆင်းမှုဟာ တချို့သောပုဂ္ဂလိကဆေးရုံများ၊ ဆေးခန်းများအနေနဲ့ ငြင်းပယ်၍ မရတဲ့အချက်ဖြစ်ပါတယ်။ ဒါကြောင့် ပြည်သူလူထုရဲ့ အားကိုးယုံကြည်မှုရရှိစေဖို့၊ မလိုလားအပ်သော အမှုအခင်းများ လျော့နည်းကျဆင်းစေဖို့နဲ့ ဆေးကုသမှုစွမ်းရည် တိုးတက်မြင့်မားစေရေးဟာ အလွန် အရေးကြီးကြောင်း လေ့လာစစ်ဆေးတွေ့ရှိရပါတယ်။ လက်ရှိမှာ ဆေးကုသမှုခံယူနေတဲ့ လူနာတွေဟာ ကျွန်တော်တို့ရဲ့ ပြည်သူလူထုတွေဖြစ်တဲ့အပြင် ကျွန်တော်တို့ ဆရာဝန်တွေ၊ သူနာပြုတွေ တင့်တောင်း တင့်တယ်နေနိုင်ဖို့အတွက် ကျေးဇူးပြုနေကြတဲ့ ကျေးဇူးရှင်တွေဖြစ်တယ်ဆိုတဲ့ အကြောင်းကိုတော့ သတိပြုရမှာဖြစ်ပါတယ်။ ဒါကြောင့်မို့လို့ ပုဂ္ဂလိကကျန်းမာရေးလုပ်ငန်းဆိုင်ရာ ကုသမှုစွမ်းရည်များ တိုးတက်မြင့်မားစေဖို့နဲ့ ပြည်သူလူထုအတွင်း အားကိုးယုံကြည်မှုတွေရဖို့၊ မလိုလားအပ်တဲ့အမှုအခင်း တွေ ‌လျော့နည်းကျဆင်းစေဖို့အတွက် ပုဂ္ဂလိကကျန်းမာရေးလုပ်ငန်းဆိုင်ရာဥပဒေအခန်း(၄) ပုဒ်မခွဲ ၅၊ အခန်း(၁၁) ပုဒ်မခွဲ ၂၂ တွင်ဖော်ပြထားချက်များနှင့်အညီ အမှန်တကယ်လက်တွေ့ဆောင်ရွက်ပေးရန် လိုအပ်နေတဲ့အတွက်ကြောင့် ကျန်းမာရေးဝန်ကြီးဌာနအနေနဲ့ ပုဂ္ဂလိကကျန်းမာရေးလုပ်ငန်းဆိုင်ရာ ဥပဒေများနှင့်အညီ မည်ကဲ့သို့ကိုင်တွယ်ဖြေရှင်းဆောင်ရွက်ရန် လက်ရှိအခြေအနေနှင့်ကိုက်ညီစေရန် အစီအစဉ် ရှိ၊ မရှိ သိရှိလိုပါကြောင်း မေးမြန်းခြင်းဖြစ်ပါသည် ။

 

ဖြေကြားသူ
ဒေါက်တာဖေသက်ခင် ပြည်ထောင်စုဝန်ကြီး
ဖြေကြားသည့် ဝန်ကြီးဌာန
အဖြေ

 လေးစားအပ်တဲ့ ပြည်သူ့လွှတ်တော်ဥက္ကဋ္ဌကြီးနှင့် ပြည်သူ့လွှတ်တော်ကိုယ်စားလှယ်များ၊ ဖိတ်ကြားထားတဲ့      ဧည့်သည်တော်များအားလုံး နှလုံးစိတ်ဝမ်းအေးချမ်းကြပါစေကြောင်း ဆုတောင်းမေတ္တာပို့သအပ်ပါ တယ်။ ရန်ကုန်တိုင်းဒေသကြီး၊ ဆိပ်ကမ်းမဲဆန္ဒနယ်မှ ပြည်သူ့လွှတ်တော်ကိုယ်စားလှယ် ဒေါက်တာနေလင်းရဲ့မေးခွန်းဟာ အင်မတန်ပဲလျော်ကန်သင့်မြတ်ပြီးတော့ အမှန်တကယ်ဆွေးနွေးမယ် ဆိုရင်တော့ နေ့တစ်ဝက်လောက် ဒါမှမဟုတ်လည်း Work Shop လေးတစ်ခုလောက်လုပ်သင့်တဲ့ ကိစ္စလေးတစ်ခုဖြစ်ပါတယ်။ ကျွန်တော်တို့နိုင်ငံမှာ ကျန်းမာရေးစောင့်ရှောက်မှုပေးနေတဲ့ အဓိက ကဏ္ဍကြီးတွေကို ခွဲပြီးတော့ကြည့်မယ်ဆိုရင် နံပါတ်(၁)ကတော့ နိုင်ငံတော်ပိုင်းဖြစ်ပါတယ်။  ကျန်းမာရေးဝန်ကြီးဌာနကဆောင်ရွက်နေတာပါ။ နောက်တစ်ခုကတော့ ပုဂ္ဂလိကကျန်းမာရေးလုပ်ငန်း များဖြစ်ပါတယ်။ နောက်တစ်ခုကတော့ INGO, NGO တွေက ဆောင်ရွက်နေတဲ့လုပ်ငန်းများဖြစ်ပါ တယ်။ နောက်တစ်ခုကတော့ ဘာသာရေးဆိုင်ရာအသင်းအဖွဲ့များကနေပြီးတော့ ကုသမှုတွေပေးနေတဲ့ လုပ်ငန်းတွေလို့ အကြမ်းဖျင်းခွဲလို့ရပါတယ်။ ကျွန်တော်တို့နိုင်ငံမှာ နိုင်ငံတော်ရဲ့ ကျန်းမာရေးမူဝါဒ တွေနှင့်အညီ ပုဂ္ဂလိကကျန်းမာရေးစောင့်ရှောက်မှုလုပ်ငန်းတွေ တိုးတက်ဖြစ်ထွန်းစေရန် အမျိုးသား ကျန်းမာရေးစောင့်ရှောက်မှုစနစ်မှာ ပုဂ္ဂလိကကျန်းမာရေးလုပ်ငန်းများက အစိတ်အပိုင်းတစ်ရပ် အဖြစ်နဲ့ စနစ်တကျပါဝင်ဆောင်ရွက်နိုင်စေရန် မိဘပြည်သူတွေကို ကျန်းမာရေးစောင့်ရှောက်မှု ပေးရာမှာ ပုဂ္ဂလိကကဏ္ဍရဲ့စွမ်းအားအရင်းအမြစ်တွေကို ထိရောက်စွာအသုံးပြုစေရန်၊ ပုဂ္ဂလိက ကျန်းမာရေးလုပ်ငန်းများ တည်ထောင်ဖွင်‌့လှစ်ပေးခြင်းအားဖြင့် ပြည်သူများက မိမိတို့ရဲ့ကျန်းမာရေး လိုအပ်ချက်တွေကို ဖြည့်ဆည်းနိုင်ရေးအတွက် စိတ်ကြိုက်ရွေးချယ်ခွင့်ရရှိစေရန်၊ ပုဂ္ဂလိက ကျန်းမာရေးလုပ်ငန်းများကလည်း ပြည်သူများအတွက် မျှတသောစရိတ်နဲ့ အရည်အသွေးမြင့်မားတဲ့ ဝန်ဆောင်မှုပေးနိုင်စေရန် တာဝန်ခံမှု၊ တာဝန်ယူမှုရှိစေရန်စတဲ့ရည်ရွယ်ချက်တွေနဲ့ ပုဂ္ဂလိက ကျန်းမာရေးလုပ်ငန်းဆိုင်ရာဥပဒေကိုပြဋ္ဌာန်းပြီးတော့ ကျန်းမာရေးလုပ်ငန်းများ စနစ်တကျတိုးတက် ဖြစ်ထွန်းလာစေရန် ဆောင်ရွက်ပေးလျက်ရှိပါတယ်။ အဲဒီတော့ ပုဂ္ဂလိကကျန်းမာရေးလုပ်ငန်းလို့ ခြုံပြောနေပေမယ့် တကယ့်တကယ်ကျတော့ အမျိုးအမျိုးကွဲပြားတာရှိပါတယ်။ ဆရာဝန်ဖြစ်ခါစမှာ ဆရာဝန်လေးတွေထိုင်တဲ့ GP ဆေးခန်းလေးတွေပေါ့။ ပုဂ္ဂလိကအထွေထွေရောဂါကုဆေးခန်းလို့ ခေါ်ပါတယ်။ တစ်ယောက်ချင်း၊ တစ်ယောက်ချင်း MBBS ဆရာဝန်လေးတွေထိုင်နေကြတာ။ နောက်တစ်ခုကတော့ Specialist Of ဖြစ်ပြီး ဆေးခန်းကြီးတွေကို သွားမထိုင်ဘဲနဲ့ ကိုယ်ဘာသာကိုယ် Own Specialist Clinic ကလေးတွေဖွင့်တဲ့ ပုဂ္ဂလိကအထူးကုဆေးခန်းလုပ်ငန်းဆိုတာလည်း ရှိပါ တယ်။ အဲဒီနောက်မှာ ပုဂ္ဂလိကအထွေထွေရောဂါကုဆေးရုံလုပ်ငန်း၊ ပုဂ္ဂလိကအထူးကုဆေးရုံ လုပ်ငန်း၊ ပုဂ္ဂလိကသားဖွားခန်းလုပ်ငန်း၊ ပုဂ္ဂလိကရောဂါရှာဖွေရေးလုပ်ငန်း၊ ပုဂ္ဂလိကသူနာပြုစုရေး ဂေဟာလုပ်ငန်း၊ ပုဂ္ဂလိကနယ်လှည့်ကျန်းမာရေးလုပ်ငန်း၊ ပုဂ္ဂလိကကျန်းမာရေးအကျိုးဆောင် လုပ်ငန်းနဲ့ ပုဂ္ဂလိကအထွေထွေကျန်းမာရေးလုပ်ငန်းစသည်ဖြင့် အမျိုးမျိုးကွဲပြားတာတွေလည်း ရှိပါ တယ်။ ကျန်းမာရေးဝန်ကြီးဌာနအနေနဲ့ကတော့ အထက်ဖော်ပြပါ ပုဂ္ဂလိကကျန်းမာရေးလုပ်ငန်းများ အလိုက်တိုးတက်ဖြစ်ထွန်းစေရန် လုပ်ငန်းအသီးသီး ကျန်းမာရေးစောင့်ရှောက်မှု အရည်အသွေးများ ထိန်းသိမ်းမြှင့်တင်နိုင်ရေးအတွက် ဆောင်ရွက်လျက်ရှိပါတယ်။ အဲဒီတော့ ကိုယ်စားလှယ်တော်ကြီး တင်ပြသွားတဲ့အတိုင်း အခုလက်ရှိ ပုဂ္ဂလိကဆေးရုံတွေမှာ အဓိကတာဝန်ထမ်းဆောင်နေတဲ့ ဆရာဝန်၊ သူနာပြု၊ ကျွမ်းကျင်သူဝန်ထမ်းအများစုဟာ ကျန်းမာရေးဝန်ကြီးဌာနကဖွင့်လှစ်ထားတဲ့ ပြည်သူ့ ဆေးရုံကြီးများမှာ အများစုဖြစ်နေတဲ့အတွက် ပုဂ္ဂလိကဆေးရုံတွေမှာတက်နေတဲ့ ဆေးခန်းမှာ တက်နေတဲ့လူနာများလိုအပ်တဲ့ အချိန်မှာလိုအပ်သလို ကျန်းမာရေးစောင့်ရှောက်မှုပေးနိုင်ဖို့ အခက်အခဲများရှိတယ်ဆိုတာလည်းမှန်ပါတယ်။ ဒါကြောင့်မို့လို့ အခုအချိန်မှာ ကျွန်တော်တို့အနေနဲ့ ပုဂ္ဂလိကဆေးရုံများမှာ အချိန်ပြည့်တာဝန်ထမ်းဆောင်နိုင်မယ့် တာဝန်ကျဆရာဝန်၊ အထူးကုဆရာဝန် များဆီမှာ Residential Medical Officer, Residential Specialist စသည်ဖြင့် သက်ဆိုင်ရာ ဆေးခန်းရဲ့အထိုင်အထူးကုကို တိုးတက်ခန့်ထားပြီးတော့ ဆောင်ရွက်ပေးနိုင်ဖို့ကို ကျွန်တော်မှာကြား ဆောင်ရွက်လျက်ရှိပါတယ်။ သူနာပြုများရဲ့ သူနာပြုအရည်အသွေးတိုးတက်လာစေရန်အတွက်လည်း ပုဂ္ဂလိကဆေးရုံများမှာ နိုင်ငံတော်သူနာပြုသားဖွားသင်တန်းကျောင်းများက ဘွဲ့ရပြီးသား Trained Nurses and Midwife ကိုသာ ခန့်ထားဆောင်ရွက်ရန်နှင့် သူနာပြုအကူတွေကို သူနာပြုအကူ အဖြစ်နှင့်သာတာဝန်ပေးပြီးတော့ သူနာပြုအဆင့်တာဝန်ပေးခြင်းမပြုရန်လည်း ညွှန်ကြားပြီးတော့ ကြီးကြပ်ဆောင်ရွက်လျက်ရှိပါတယ်။ တစ်ဖက်ကလည်း ပုဂ္ဂလိကကျန်းမာရေးအလုပ်သင်တွေဟာ တချို့ပြောကြတယ်။ ပိုက်ဆံရှိတဲ့သူတွေကို အဲဒီဘက်ကို သွားကုလိမ့်မယ်။ ကျွန်တော်တို့  ဆေးရုံမှာရှိတဲ့ ငွေကြေးတတ်နိုင်သူတွေ အဲဒီဘက်ကိုသွားလိမ့်မယ်။ ဒီလိုမျိုးကျန်းမာရေးဝန်ကြီးဌာန အနေနဲ့ အမြင်မရှိပါဘူး။ ပိုက်ဆံချမ်းသာတဲ့လူတွေ၊ တတ်နိုင်တဲ့သူတွေကို ပုဂ္ဂလိကအခန်းကဏ္ဍက ကျန်းမာရေးစောင့်ရှောက်မှု ပေးခြင်းအားဖြင့် ကျန်းမာရေးဝန်ကြီးဌာနက ဆေးရုံ၊ ဆေးခန်းများအနေနဲ့ မတတ်နိုင်တဲ့လူ၊ ချို့တဲ့တဲ့လူတွေကိုပိုမိုကုသနိုင်မှာပဲဖြစ်တယ်။ ကျွန်တော်တို့ရဲ့  Work Load ကို တစ်ဖက်တစ်လမ်းကူထမ်းပေးတဲ့ ပုဂ္ဂလိကကျန်းမာရေးစောင့်ရှောက်မှုလုပ်ငန်းများကိုလည်း ကျွန်တော်တို့ အနေနဲ့ တိုးတက်စေချင်တဲ့စိတ်အများကြီးရှိပါတယ်။ အဲဒီတော့ ပုဂ္ဂလိကကျန်းမာရေးလုပ်ငန်း လုပ်တဲ့အခါမှာ စည်းစည်းလုံးလုံးညီညီညွတ်ညွတ်နဲ့ ပြည်သူတို့ရဲ့ ကျန်းမာရေးစောင့်ရှောက်မှုမှာ အထောက်အကူဖြစ်ဖို့အတွက် ရည်ရွယ်ချက်တူ၊ လုပ်ငန်းတူလုပ်ကိုင်သူများ အချင်းချင်း အားနည်းချက်၊ အားသာချက်များကို ထောက်မဖေးကူသွားနိုင်ရန်အတွက် ပုဂ္ဂလိက ကျန်းမာရေး စောင့်ရှောက်မှုလုပ်ငန်းများကိုလည်း ကျန်းမာရေးမူဝါဒများနှင့်အညီ နိုင်ငံနဲ့လူမျိုးရဲ့ အကျိုးကို ဆောင်ရွက်နိုင်ရန်အတွက် ပုဂ္ဂလိကကျန်းမာရေးလုပ်ငန်းရှင်အသင်း ဖွဲ့စည်းရန်အတွက်ကို ကျန်းမာရေးဝန်ကြီးဌာနက အားပေးဆောင်ရွက်လျက်ရှိပါတယ်။ ယခုအခါမှာ လူကြီးမင်းတို့ သိကြပြီးတဲ့အတိုင်း ပြီးခဲ့တဲ့တစ်ပတ်ကျော်လောက်ကပဲ မြန်မာနိုင်ငံပုဂ္ဂလိကဆေးရုံများအသင်း ဖွဲ့စည်းနိုင်ရေးအတွက် အထွေထွေမျက်နှာစုံညီအစည်းအဝေးကို မြန်မာနိုင်ငံတစ်ဝန်းလုံးမှာရှိတဲ့ ပုဂ္ဂလိကဆေးရုံလုပ်ငန်းရှင်များ ၁၃၀ ကျော်စာရင်းပေါက်တာ ၉၀ ကျော်တက်ပါတယ်။ ရန်ကုန်၊ မန္တလေး၊ ပြည်နယ်နှင့်တိုင်းမြို့ကြီးတွေအပြင် ဖားကန့်အထိ ‌ချောင်တွေထဲမှာပါပါတယ်။ လွိုင်လင် ပါပါတယ်။ ဒီလိုဆေးရုံတွေကနေ ၉၀ ကျော်တက်ပြီးတော့ ၂-၃-၂၀၁၂ ရက်နေ့မှာ ရန်ကုန်မြို့မှာရှိတဲ့  UMFCCI (ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံ ကုန်သည်များနှင့် စက်မှုလက်မှုလုပ်ငန်းရှင်များ အသင်းချုပ်)မှာ ကျင်းပနိုင်ခဲ့ပြီးတော့ ဒီအသင်းအမှုဆောင်အဖွဲ့ကိုလည်း ၁၅ ဦးနှင့်ဖွဲ့စည်းပြီး ဖြစ်ပါတယ်။ ကျွန်တော့်အနေနဲ့ အဲ့ဒီလို အသင်းဖွဲ့စည်းမှုကို တွန်းအားပေးရတဲ့ အကြောင်းရင်းက တစ်ယောက်ချင်း၊ ဆေးရုံတစ်ရုံချင်းကို ဆက်ဆံရတာထက် သူတို့အသင်းအဖွဲ့နဲ့ ကျန်းမာရေးဝန်ကြီး ဌာနနဲ့ ပုဂ္ဂလိကကျန်းမာရေးစောင့်ရှောက်မှုလုပ်ငန်းများ ကြီးကြပ်မှုကော်မတီနဲ့ ညှိနှိုင်းပြီးတော့ တိုးတက်ရာတိုးတက်ကြောင်းကိုလည်း ဆောင်ရွက်နိုင်ဖို့အတွက် တွန်းအားပေးပြီးတော့ အဖွဲ့အစည်း ဖွဲ့ဖို့ ကျွန်တော်တို့ကနေပြီး အားပေးတာဖြစ်ပါတယ်။ အဲဒီတော့ အဲဒီအဖွဲ့အစည်းအနေနဲ့လည်း ကျွန်တော်တို့အနေနဲ့က တစ်ချိန်က ကုသရေးပိုင်းမှာပဲတာဝန်ယူခဲ့တဲ့ ပုဂ္ဂလိကအခန်းကဏ္ဍဟာ အခုအချိန်မှာ Training ကိုပါ တာဝန်ယူသင့်တဲ့အကြောင်းလည်းတိုက်တွန်းထားပါတယ်။ ဘာဖြစ်လဲ ဆိုတော့ အခုချိန်ထိဟာ ပုဂ္ဂလိကဆေးရုံများသည် နိုင်ငံတော်က Trained လုပ်ထားသော ဆရာဝန်၊ သူနာပြုများကိုသာ အရန်သင့်အသုံးပြုနေတာဖြစ်ပါတယ်။ Training အတွက် သူတို့စရိတ် တစ်ပြား တစ်ချပ်မှ ကုန်ကျတာမဟုတ်ပါဘူး။ တစ်ချိန်က ကျွန်တော်အပါအဝင် ဆရာဝန်ကြီးများသည် ပုဂ္ဂလိကဆေးခန်းများမှာ ကျွန်တော်တို့ သွားထိုင်ပေးကြပြီးတော့ စမ်းသပ်ခလေးတွေနဲ့ နေတဲ့အခါမှာ ပုဂ္ဂလိကဆေးရုံများသည် အကျိုးအမြတ်လည်း ရသင့်ရထိုက်သလောက် ရပြီးဖြစ်တဲ့အတွက် နံပါတ်(၁)က Training ကိစ္စမှာ ဝင်ရောက်ကူညီဖို့ တိုက်တွန်းထားပါတယ်။ နောက်တစ်ချက် ကလည်း တခြားနိုင်ငံများမှာလိုပဲ တစ်ဖက်ကပိုက်ဆံရဖို့အတွက်လုပ်တယ်။ တစ်ဖက်ကလည်း Community Service တော့ ပေးသင်‌့တယ်လို့ တိုက်တွန်းခဲ့ပါတယ်။ တချို့တိုးတက်တဲ့နိုင်ငံတွေမှာ ဆိုရင် ပုဂ္ဂလိကဆေးရုံ Private Hospitalize ရှိသလို  Wing တစ်ခုလောက်ကို အခမဲ့ဆေးရုံရှိတဲ့ Community ကလူနာတွေအတွက်ကို အခမဲ့ကုသပေးတဲ့ Wing ကလေးတွေထားခြင်းအားဖြင့် Community Service ကိုအားပေးရာရောက်ပါတယ်။ အဲဒီအတွက်လည်း တွန်းအားပေးဆောင်ရွက် နေပါတယ်။ ၂၀၁၅ ခုနှစ်မှာ အာဆီယံစံချိန်စံညွှန်းများနှင့်အညီ ဆောင်ရွက်နိုင်ရေးအတွက်လည်း ပုဂ္ဂလိကဆေးရုံလုပ်ငန်းရှင်များအသင်းဖွဲ့ပြီးတော့ မကြာခင်မှာ အမျိုးသားစီမံကိန်းနှင့်စီးပွားရေး ဖွံ့ဖြိုးတိုးတက်မှုဝန်ကြီးဌာနနှင့် ပြည်ထဲရေးကနေပြီးတော့ အသင်းအဖွဲ့မှတ်ပုံတင်ပြီးလို့ရှိရင် Training ကိစ္စရော၊ Service ကိစ္စရော၊ Researchကိစ္စရောပါဆောင်ရွက်သွားမှာပဲဖြစ်ပါတယ်။ ဒါကြောင့်မို့လို့ ကျွန်တော့်အနေနဲ့ အချုပ်ဖြေရရင် ပုဂ္ဂလိကကျန်းမာရေးလုပ်ငန်းများရဲ့ ကျန်းမာရေး စောင့်ရှောက်မှု အရည်အသွေး ထိန်းသိမ်းမြှင့်တင်နိုင်ရေးအတွက် လက်ရှိပုဂ္ဂလိကကျန်းမာရေးဆိုင်ရာ ဥပဒေအတိုင်း ကိုယ်စားလှယ်တော်ကြီးတင်ပြသွားတဲ့ ဥပဒေပုဒ်မတွေအတိုင်း လက်ရှိမှာလည်းဆောင်ရွက်နေ ပါတယ်။ တချို့အကောင်အထည်မဖော်ရသေးတာကိုလည်း ဆက်လက်အကောင်အထည်ဖော်သွားမှာပဲ ဖြစ်ပါတယ်။နိုင်ငံတကာစံချိန်စံညွှန်းများနှင့်အညီအခြားလိုအပ်မည့်အချက်များကိုလည်း လာမယ့် နည်းဥပဒေနှင့် လုပ်ထုံးလုပ်နည်းများရေးဆွဲတဲ့အခါမှာ ထည်‌့သွင်းရေးဆွဲဆောင်ရွက်သွားမှာဖြစ်တဲ့ အကြောင်း ဖြေကြားထားပါသည် ။