လေးစားအပ်ပါသော ပြည်သူ့လွှတ်တော် ဥက္ကဋ္ဌကြီးနှင့် ကိုယ်စားလှယ်တော်ကြီးများ ကျန်းမာရွှင်လန်းကြပါစေကြောင်း ဆုမွန်ကောင်းတောင်း အပ်ပါတယ်။ ကျွန်တော်ကတော့ ချင်းပြည်နယ်၊ ကန်ပက်လက်မဲဆန္ဒနယ်မှ ပြည်သူ့လွှတ်တော် ကိုယ်စားလှယ် သူရဦးအောင်ကို ဖြစ်ပါတယ်။ ကျွန်တော် တင်ပြမယ့် မေးခွန်းကတော့ ချင်းပြည်နယ် ကုန်းမြင့်လယ်ယာ ဖော်ထုတ်ပြီးစီးမှုနှင့် အသုံးပြုနိုင်မှုအခြေအနေ မေးခွန်းဖြစ်ပါတယ်။ ပထမအကြိမ် ပြည်သူ့လွှတ်တော် ဒုတိယပုံမှန်အစည်းအဝေး ၁၄ ရက်မြောက်နေ့ ၂၀၁၁ ခုနှစ်၊ စက်တင်ဘာလ ၉ ရက် မှာ ချင်းပြည်နယ် ဆင်းရဲနွမ်းပါးမှုလျော့ပါးရေးအဆိုကို ကျွန်တော် တင်သွင်းခဲ့ပါတယ်။ အဲဒီ အဆိုမှာပါဝင်တဲ့ ဒေသဖွံ့ဖြိုးရေးလုပ်ငန်းများနဲ့ ပတ်သက်ပြီးတော့မှ ပြည်ထောင်စုအဆင့်ဝန်ကြီးဌာန များမှ တာဝန်ရှိသူများက ကဏ္ဍအလိုက် ပြန်လည်ဖြေကြားခဲ့ကြပါတယ်။ ချင်းပြည်နယ် သဘာဝ ပတ်ဝန်းကျင်ထိန်းသိမ်းနိုင်ရန် ရွှေ့ပြောင်းတောင်ယာစနစ်ပပျောက်အောင် စီမံပံ့ပိုးပေးရန် တင်ပြချက် အပေါ် လယ်ယာစိုက်ပျိုးရေးနှင့် ဆည်မြောင်းဝန်ကြီးဌာနမှ ဒုတိယဝန်ကြီးက ပြန်လည်ဖြေကြားခဲ့ ပါတယ်။ ဖြေကြားချက်တွင် ချင်းပြည်နယ်အတွင်း ကုန်းမြင့်လယ်ယာစုစုပေါင်းဧက ၇၀၀၀ ကျော် ဖော်ထုတ်ပြီးကြောင်း ဆက်လက်စီမံဖော်ထုတ်ပေးသွားမည်ဖြစ်ကြောင်း ဖြေကြားခဲ့ပါတယ်။ ကျွန်တော့် အနေနဲ့ ချင်းပြည်နယ် စည်းရုံးရေးတာဝန်ခံတစ်ဦးဖြစ်သောကြောင့် လွှတ်တော်နားချိန်များမှာ တစ်လ တစ်ကြိမ်၊ နှစ်လတစ်ကြိမ် ချင်းပြည်နယ်မြို့ရွာအနှံ့ကို သွားလာပြီးမှ ဒေသဖွံ့ဖြိုးရေးနှင့် စည်းရုံးရေး လုပ်ငန်းများ ဆောင်ရွက်နေတဲ့သူ ဖြစ်ပါတယ်။ ချင်းပြည်နယ်သို့သွားတဲ့ ခရီးစဉ်တိုင်းမှာ ကုန်းမြင့် လယ်ယာဖော်ထုတ်မှုအခြေအနေကို လက်လှမ်းမီသမျှလေ့လာခဲ့ပါတယ်။ အဲဒီလေ့လာမှုများအရ တွေ့ရှိချက်များကတော့ ကုန်းမြင့်လယ်ယာဖော်ထုတ်ခြင်းကို နိုင်ငံတော်စီမံကိန်းအဖြစ်နဲ့ ၂၀၀၃-၂၀၀၄ ခုနှစ်မှစတင် ဖော်ဆောင်ပေးခဲ့ကြောင်း အဲဒီလိုဆောင်ရွက်ရာမှာ ဌာနမှစက်ယန္တရားများ အသုံးပြုပြီးတော့မှ ဖော်ထုတ်တဲ့ဧကဟာ ၂၇၀၇ ဧကဖြစ်ကြောင်း၊ တစ်ခါ တစ်ဖက်ကလည်း တောင်သူများအနေနဲ့ ပုဂ္ဂလိကအစီအစဉ်ဖြင့် ဖော်ထုတ်တာ ၄၃၆၆ ဧကဖြစ်ကြောင်း လက်လှမ်း မီသမျှစာရင်းရရှိခဲ့ပါတယ်။ စုစုပေါင်းအားဖြင့်တော့ ဧက ၇၀၇၃ ဧက ဖြစ်ကြောင်းသိရှိရပါတယ်။ ဒေသခံတောင်သူတွေဖော်ထုတ်မှုအပေါ်မှာ တစ်ဧကကို ကျပ် ၁၂၀၀၀ နှုန်းနဲ့ ဝန်ကြီးဌာနကနေပြီးမှ ပေးချေပါတယ်။ ၂၀၀၂ ခုနှစ် ကနေပြီးမှ ၂၀၀၇ ခုနှစ်ထိ ငွေပေးချေခဲ့ကြောင်းလည်း လေ့လာ သိရှိရပါတယ်။ ၂၀၀၇ ခုနှစ် နောက်ပိုင်းမှာတော့ဖြင့် ခေတ္တပေးချေမှုဆိုင်းငံ့ထားကြောင်းလည်း သိရှိရပါတယ်။ အဲဒီ ဖော်ထုတ်ပြီးခဲ့တဲ့ ကုန်းမြင့်လယ်ယာမြေတွေကို ပြန်လည်လေ့လာစိစစ်တဲ့ အခါမှာဖော်ထုတ်ပြီး ကုန်းမြင့်လယ်ယာ ဧက ၇၀၀၀ ကျော်အနက် အမှန်စိုက်ပျိုးနိုင်သော မြေဧကမှာ ၃၂၀၀ ခန့်သာရှိတာကို တွေ့ရပါတယ်။ လုံးဝမစိုက်ပျိုးနိုင်တဲ့ ပလပ်မြေဧကကတော့ ၃၀၀၀ ကျော်ရှိ ကြောင်းလည်း သိရှိရပါတယ်။ အဲဒီလို ပလပ်မြေဖြစ်ပေါ်ရခြင်းအကြောင်းမှာ အချို့နေရာများတွင် အမှန်မဖော်ထုတ်ဘဲနဲ့ စာရင်းပြထားခြင်း၊ အချို့ကို ဝတ္တရားကျေဖော်ထုတ်ထားခြင်း ဥပမာ- စိုက်ပျိုးရေမရရှိတဲ့နေရာများမှာ ဖော်ထုတ်ထားခြင်း နောက်ရေရနိုင်တဲ့ နေရာအချို့မှာလည်း ရေသွယ်မြောင်း ဆွဲချတူးဖော်မှုမရှိလို့ ဖြစ်ကြောင်းလည်း တွေ့ရှိရပါတယ်။ ဥက္ကဋ္ဌကြီးခင်ဗျား။ ခေတ်အဆက်ဆက် နိုင်ငံတော်အစိုးရများအနေနဲ့ ချင်းပြည်နယ်ဖွံ့ဖြိုးတိုးတက်မှုအတွက် ပန်းသီး စိုက်ပျိုးရေးစီမံကိန်းများ၊ ကော်ဖီစိုက်ပျိုးရေးစီမံကိန်းများ၊ ပိုးဇာစိုက်ပျိုးရေးစီမံကိန်းများ၊ ကြက်ဆူ စိုက်ပျိုးရေးစီမံကိန်းများ၊ လက်ဖက်စိုက်ပျိုးရေးစီမံကိန်းများ ချမှတ်ပေးပြီးတော့မှ စိုက်ပျိုးစရိတ်များ ကိုလည်းပဲ တတ်အားသလောက် မတည်ထုတ်ပေးခဲ့သော်လည်းပဲ အောင်မြင်မှုမရခဲ့ကြောင်း တွေ့ရှိရပါတယ်။ ကြက်ဆူစီမံကိန်းဆိုလို့ရှိရင် ပေ ၅၀၀၀၊ ၆၀၀၀ ကျော်မြင့်တဲ့ ချင်းပြည်နယ်ရဲ့ ရေမြေသဘာဝ ရာသီဥတုနှင့် လုံးဝမကိုက်ညီတာကြောင့်မို့လို့ မအောင်မြင်ခဲ့ပါဘူး။ အချိန်၊ လုပ်အား၊ ငွေ ဆုံးရှုံးမှုများကြီးမားခဲ့ပါတယ်။ ယခု ကုန်းမြင့်လယ်ယာမြေဖော်ထုတ်ရေးလုပ်ငန်းကို မြို့နယ် အုပ်ချုပ်ရေးမှူး နောက် စိုက်ပျိုးရေး၊ မြေစာရင်း၊ သစ်တော၊ ကျေးရွာအုပ်ချုပ်ရေးမှူးပါဝင်တဲ့ စိုက်ပျိုးရေးကြီးကြပ်မှုအဖွဲ့နဲ့ ကွင်းဆင်းစစ်ဆေးရန် တာဝန်ပေးအပ်ပါက ဧက ၇၀၀၀ ကျော် အားလုံး စိုက်ပျိုးနိုင်ပါတယ်။ အားလုံးကောင်းပါသည်ဟုသာ ပြန်လည်တင်ပြကြမှာဖြစ်ပါတယ်။ အဲဒီလို ဆိုလို့ရှိရင် ပြီးခဲ့တဲ့စီမံကိန်းများနည်းတူ အချိန်ကုန်ငွေကုန်ပြီးတော့မှ အဖျားရှူးသွားတာမျိုး ဆက်လက် ကြုံတွေ့နေရပြီးတော့မှ ချင်းပြည်နယ်ဟာလည်းပဲ ဆင်းရဲနွမ်းပါးမှုနွံအတွင်းကနေပြီး ရုန်းထွက်နိုင်မှာမဟုတ်ကြောင်း တင်ပြလိုပါတယ်။ အမှန်စိုက်ပျိုးနိုင်တဲ့ ကုန်းမြင့်လယ်ယာဧက စာရင်းကို ဖော်ထုတ်ပေးဖို့နဲ့ စိုက်ဧက ကိန်းဂဏန်းအမှားများကို ဆက်လက်သယ်ဆောင်သွားခြင်း မပြုဖို့ ချင်းပြည်နယ်လူထုက လိုလားလျက်ရှိကြပါတယ်။ ဒါကြောင့် ချင်းပြည်နယ်ဖွံ့ဖြိုးတိုးတက်ရေး အတွက် နိုင်ငံတော်မှ ထောက်ပံ့ပေးနေသော်လည်း ပေးကာပေး၏မရ အဖြစ်မျိုး ဘက်ပေါင်းစုံ ကြုံတွေ့နေရသောကြောင့် ပကတိအဖြစ်မှန်ပေါ်ပေါက်ရေးအတွက် ကုန်းမြင့်လယ်ယာဧကများကို ပြန်လည်စိစစ်ပေးနိုင်ခြင်း ရှိ၊ မရှိ သိရှိလိုပါကြောင်း မေးမြန်းထားပါသည် ။
- လေးစား အပ်ပါသော ပြည်သူ့လွှတ်တော်ဥက္ကဋ္ဌကြီးနှင့် ပြည်သူ့လွှတ်တော်ကိုယ်စားလှယ်တော်ကြီးများခင်ဗျား။ ချင်းပြည်နယ်၊ ကန်ပက်လက်မဲဆန္ဒနယ်မှ ပြည်သူ့လွှတ်တော်ကိုယ်စားလှယ် သူရဦးအောင်ကို၏ မေးမြန်းထားချက်အပေါ်မှာ လယ်ယာစိုက်ပျိုးရေးနှင့်ဆည်မြောင်းဝန်ကြီးဌာနမှ ဒုတိယဝန်ကြီးက ရှင်းလင်းဖြေကြားသွားမှာ ဖြစ်ပါတယ်။ ရွှေ့ပြောင်းတောင်ယာများ လျော့နည်းပပျောက်စေရေး၊ သဘာဝပတ်ဝန်းကျင်ထိန်းသိမ်းရေး၊ ချင်းပြည်နယ်တွင် မှီတင်းနေထိုင်ကြသော တိုင်းရင်းသားများ ဆင်းရဲမှုလျှော့ချရေးတို့နှင့်ပတ်သက်ပြီး ပတ်ဝန်းကျင်ထိန်းသိမ်းရေးနှင့် သစ်တောရေးရာဝန်ကြီးဌာန က ဖြေကြားရာမှာ ၁၉၉၅ ခုနှစ်တွင် ထုတ်ပြန်တဲ့ မြန်မာ့သစ်တောမူဝါဒနှင့် ြမေအသုံးချမှုနှင့် ပတ်သက်၍ ရွှေ့ပြောင်းတောင်ယာစိုက်ပျိုးမြေများမှာ သစ်တောပြန်လည်တည်ထောင်သည့် လုပ်ငန်း များ ဖော်ဆောင်ရာမှာ တောင်ယာလုပ်ကိုင်သူများအား ပညာပေးစည်းရုံးခြင်းနှင့် သက်သာ ချောင်ချိရေး ဆောင်ရွက်ပေးခြင်းနည်းများသာမက ယင်းတို့အနေနဲ့ ရင်းနှီးမြှုပ်နှံထိန်းသိမ်းမှုပြုလုပ် လျက် ဖွံ့ဖြိုးတိုးတက်လာနိုင်မယ့် အခွင့်အလမ်းများကို ဖန်တီးပေးရမည်ဟု ဖော်ပြထားကြောင်း လည်းကောင်း၊ ၂၀၁၁-၂၀၁၂ မှစတင်၍ အကောင်အထည်ဖော်ဆောင်ရွက်လျက်ရှိတဲ့ သစ်တော ကဏ္ဍပင်မနှစ် ၃၀ စီမံကိန်းပါ ပြဋ္ဌာန်းချက်များအရလည်းကောင်း ရွှေ့ပြောင်းတောင်ယာပပျောက်ရေး လုပ်ငန်းများကို အလေးထားဦးတည်ကြိုးပမ်း ဆောင်ရွက်လျက်ရှိပါတယ်။ မြေမျက်နှာသွင်ပြင် မြင့်မားပြီး တောတောင်ထူထပ်တဲ့ ဧရိယာများမှာ ဒေသခံပြည်သူများ စိုက်ပျိုးမြေရရှိရေးအတွက် နှစ်စဉ်သဘာဝတောများအား ခုတ်ထွင်ရှင်းလင်း၍ ရွှေ့ပြောင်းတောင်ယာစနစ်ဖြင့် စားဝတ်နေရေး အတွက် ရှေးနှစ်ကာလများစွာကပင် အစဉ်တစိုက်ဆောင်ရွက်ခဲ့ကြပါတယ်။ နိုင်ငံတော်၏ သစ်တောဖုံးလွှမ်းမှုပမာဏ လျော့နည်းလာခြင်း၊ သဘာဝပတ်ဝန်းကျင်ထိန်းသိမ်းပျက်စီးလာခြင်း၊ ရေဝေရေလဲဒေသများ ပြုန်းတီးပျက်စီးထိခိုက်လာခြင်းစတဲ့ ဆိုးကျိုးများ ဖြစ်ပေါ်လာစေတဲ့ အကြောင်းရင်းများမှာ ရွှေ့ပြောင်းတောင်ယာခုတ်ခြင်းသည် သိသာထင်ရှားသည့် အကြောင်းအရင်း တစ်ရပ်ဖြစ်ပါသည်။ အထူးသဖြင့် ရေဝေရေလဲဒေသများ၏ ရေဦးရေဖျားမှာ ရွှေ့ပြောင်း တောင်ယာခုတ် စိုက်ပျိုးခြင်းသည် သစ်တောပြုန်းတီးခြင်းများသာမက မြေဆီလွှာနှင့် သဘာဝ ပတ်ဝန်းကျင်ကို ထိခိုက်ပျက်စီးမှု ပိုမိုများပြားစေပါကြောင်း ပတ်ဝန်းကျင်ထိန်းသိမ်းရေးနှင့် သစ်တောရေးရာဝန်ကြီးဌာနအနေနဲ့ လက်ရှိမြေအသုံးချမှုကို ပိုမိုအကျိုးရှိစေပြီး ဝင်ငွေတိုး အခွင့်အလမ်းရရှိစေရန်နှင့် ဆင်းရဲနွမ်းပါးမှုလျှော့ချရာမှာ အထောက်အကူဖြစ်စေရန် ဒေသခံ ပြည်သူများမှ ရွှေ့ပြောင်းတောင်ယာစနစ်၏ ဆိုးကျိုးများသိရှိနားလည်ပြီး ခေတ်မီစိုက်ပျိုးနည်းစနစ် များသို့ ပြောင်းလဲကျင့်သုံးလာစေရန်၊ ကုန်းမြင့်ဒေသလယ်ယာမြေဖော်ထုတ်လုပ်ကိုင်စေရန် သဘာဝ ပတ်ဝန်းကျင်များ ယိုယွင်းပျက်စီးမှုမရှိစေရေး၊ ထိန်းသိမ်းဆောင်ရွက်ရန် ရည်ရွယ်ချက်များနဲ့ ရွှေ့ပြောင်းတောင်ယာစနစ် ပပျောက်ရေးလုပ်ငန်းများကို အလေးထားပါဝင် ဆောင်ရွက်လျက် ရှိပါတယ်။ ရွှေ့ပြောင်းတောင်ယာလုပ်ကွက်များမှာ ဒေသခံပြည်သူအများစုအဖွဲ့ပိုင် သစ်တော စိုက်ခင်းများတည်ထောင်ပြီး သစ်တောဖုံးလွှမ်းမှုတိုးတက်ကောင်းမွန်လာပြီး တောင်သူများဝင်ငွေ ရရှိနိုင်တဲ့ နှစ်တို၊ နှစ်ရှည်သီးပင်များကို သီးနှံသစ်တောရောနှောစိုက်ပျိုးနည်းနဲ့ စည်းရုံးစိုက်ပျိုး ဆောင်ရွက်စေခြင်း၊ ရေရှည်စိုက်ပျိုးရန်အတွက် မြေသြဇာကောင်းမွန်တဲ့ ကုန်းမြင့်လယ်ယာများမှာ ကွန်ဒိုဘောင်များပြုလုပ်စေခြင်းဖြင့် မြေဆီမြေလွှာများတိုက်စားမှုကို လျော့နည်းအောင်ဆောင်ရွက် ခြင်း၊ ငွေကြေးသက်သာပြီးထိရောက်မှုရှိတဲ့ သဘာဝြမေသြဇာပြုလုပ်နည်း လက်တွေ့သင်တန်းများ ပို့ချခြင်း၊ နှစ်စဉ်လူထုဖြန့်ပျိုးပင်များအပြင် ဒေသနှင့်ကိုက်ညီတဲ့ နှစ်ရှည်သီးပင်စားပင်များ ဖြန့်ဝေခြင်းစတဲ့ လုပ်ငန်းစဉ်များကို ရွှေ့ပြောင်းတောင်ယာစနစ်ပပျောက်ရန်အတွက် အလေးထား ဆောင်ရွက်လျက်ရှိပါကြောင်း ဖြေကြားထားပါတယ်။ အလားတူ ပြည်ထဲရေးဝန်ကြီးဌာနအနေနဲ့ ဖြေကြားချက်ကိုတင်ပြရမယ်ဆိုရင် ချင်းပြည်နယ်ဟာ တိုင်းဒေသကြီးနှင့် ပြည်နယ်များအနက် ဖွံ့ဖြိုး တိုးတက်မှုနိမ့်ကျသော ပြည်နယ်တစ်ခုဖြစ်ပြီး ခေတ်အဆက်ဆက်တွင် နိုင်ငံတော်အစိုးရများအနေနဲ့ ချင်းပြည်နယ်ဖွံ့ဖြိုးတိုးတက်စေရန် ပန်းသီး၊ ဂေါ်ဖီ၊ ပိုးစာ၊ ကြက်ဆူ၊ လက်ဖက်စသည်တို့ကို စိုက်ပျိုး ခဲ့သော်လည်း စီးပွားဖြစ်စိုက်ပျိုးထုတ်လုပ်နိုင်ခြင်းမရှိခဲ့ခြင်းကြောင့် ထိုသို့စီးပွားဖြစ်စိုက်ပျိုးအောင်မြင် အောင်အတွက် သွင်းအားစုများဖြစ်တဲ့ နည်းပညာ၊ စက်ယန္တရား၊ စိုက်ပျိုးစေ့၊ မျိုးကောင်းမျိုးသန့်၊ စိုက်ပျိုးရေစတဲ့ လိုအပ်လျက်ရှိရာ ၎င်းတို့အား ချင်းပြည်နယ်အစိုးရအဖွဲ့မှ မြို့နယ်၊ ခရိုင်၊ ပြည်နယ် စိုက်ပျိုးမှုကြီးကြပ်မှုအဖွဲ့များနှင့် ကွင်းဆင်းဆောင်ရွက်ပေးရန် လိုအပ်ချက်ရှိပြီး ချင်းပြည်နယ် အစိုးရအဖွဲ့အနေနဲ့ ဆောင်ရွက်ပေးနိုင်ခြင်းမရှိသောကိစ္စရပ်များအား ပြည်ထောင်စုအစိုးရအဖွဲ့သို့ တင်ပြဆောင်ရွက်သင့်ကြောင်း ဖြေကြားထားပါတယ်။ အလားတူ လယ်ယာစိုက်ပျိုးရေးနှင့် ဆည်မြောင်းဝန်ကြီးဌာနအနေနဲ့ တောင်ပေါ်ဒေသ၊ ကုန်းမြင့်ဒေသနေ တိုင်းရင်းသားများ အကျိုး ဖြစ်ထွန်းစေရေးအတွက် ရွှေ့ပြောင်းတောင်ယာစနစ်မှ လှေကားထစ်ကုန်းမြင့်လယ်ယာြမေများ အစားထိုးဆောင်ရွက်နိုင်ရန် ယခင်အစိုးရလက်ထက် ၂၀၀၃ ခုနှစ်မှစတင်ပြီး ရှမ်းပြည်နယ်နှင့် ချင်းပြည်နယ်တို့မှာ ကုန်းမြင့်လယ်ယာဖော်ထုတ်ရေးစီမံကိန်းများဖြင့် အကောင်အထည်ဖော် ဆောင်ရွက်ပေးခဲ့ပါတယ်။ ချင်းပြည်နယ်မှာ ၂၀၀၃ ခုနှစ်မှစတင်ပြီး ယနေ့အထိ ဌာနယန္တရားနဲ့ ဖော်ထုတ်ပြီးစီးမှုဟာ ၂၇၁၇.၄ ဧကနှင့် တောင်သူများ မိမိအစီအစဉ်ဖြင့် ဖော်ထုတ်သည့်ဧက ၄၃၆၆.၀၇ ဖြစ်ပါတယ်။ အဆိုပါတောင်သူများ မိမိအစီအစဉ်ဖြင့် ဖော်ထုတ်ဧကများအနက် နိုင်ငံတော်အနေဖြင့် ဖော်ထုတ်စရိတ်ပံ့ပိုးပေးခဲ့သည်မှာ ၈၆၁.၄၈ ဧက ဖြစ်ပါတယ်။ ကုန်းမြင့် လယ်ယာဖော်ထုတ်သည့်နေရာများမှာ တောင်စောင်း၊ ချောင်းဘေးသစ်ပင်များ ရှင်းလင်း၍ လှေကားထစ်အဖြစ် ဖော်ထုတ်ခြင်းအားဖြင့် ဖော်ထုတ်ပြီးမြေများ၊ သီးနှံပင်များ စိုက်ပျိုးမှုမရှိပါက မိုးရေ၊ ချောင်းရေတိုက်စားခြင်း သစ်မြစ်များ အကြွင်းအကျန်မှ အချို့အပင်များ ဖြစ်ထွန်း၍ တောင်ယာ ဖုန်းဆိုးကဲ့သို့ ပြန်လည်ဖြည့်သွင်းသွားတာ ဖြစ်ပါတယ်။ ဌာနစက်ယန္တရားကြီးများနှင့် ဖော်ထုတ်ပြီး ကုန်းမြင့်လယ်ယာမြေများကို ဒေသခံလုပ်ပိုင်ခွင့်ရတောင်သူများအနေဖြင့် လယ်ချောဖြစ်စေရန် လူ့လုပ်အားဖြင့် အချောသပ်ပြုပြင်ခြင်း လုပ်ကိုင်မှသာ စိုက်ပျိုးြမေအဖြစ် ရေရှည်တည်တံ့ခိုင်မြဲ တော့မှာ ဖြစ်ပါတယ်။ ချင်းပြည်နယ်၌ ဒေသခံတိုင်းရင်းသားများ အကျိုးဖြစ်ထွန်းစေရန် ဒေသနှင့် ကိုက်ညီတဲ့ လက်ဖက်၊ ကော်ဖီ၊ ပိုးစာ စီးပွားဖြစ်စိုက်ပျိုးနိုင်ရေးအတွက် မျိုးထုတ်လုပ်ဖြန့်ဖြူးခြင်း၊ နည်းပညာဖြန့်ဖြူးပေးခြင်းများ ဆောင်ရွက်ပေးလျက်ရှိပါတယ်။ နိုင်ငံတော်၏ ပံ့ပိုးကူညီမှု၊ ပြည်ထောင်စုဝန်ကြီးဌာနမှ ပူးပေါင်းဆောင်ရွက်မှု၊ ချင်းပြည်နယ်အစိုးရအဖွဲ့ရဲ့ စီမံခန့်ခွဲမှုနဲ့ ဒေသခံ တောင်သူများနှင့် ပူးပေါင်းဆောင်ရွက်သွားပါက ဒေသခံတောင်ယာလုပ်ကိုင်သူများ၏ဘဝကို မလွဲမသွေ တိုးတက်ရရှိနိုင်မှာ ဖြစ်ပါတယ်။ ချင်းပြည်နယ်၌ ကုန်းမြင့်လယ်ယာမြေ ဖော်ထုတ်ခြင်း စီမံကိန်းအောင်မြင်စွာ အကောင်အထည်ဖော်ဆောင်ရွက်နိုင်ရေးအတွက် သဘာဝပတ်ဝန်းကျင် ထိန်းသိမ်းရေးတို့အတွက် လယ်ယာစိုက်ပျိုးရေးနှင့် ဆည်ြမောင်းဝန်ကြီးဌာန၊ ပတ်ဝန်းကျင်ထိန်းသိမ်း ရေးနှင့် သစ်တောရေးရာဝန်ကြီးဌာန၊ ပြည်ထဲရေးဝန်ကြီးဌာန၊ ချင်းပြည်နယ်အစိုးရဌာနတို့ ပေါင်းစပ် ညှိနှိုင်း၍ အားနည်းချက်၊ အားသာချက်များကို စိစစ်ဆောင်ရွက်သွားမှာဖြစ်ပါတယ်။ လွှတ်တော် ကိုယ်စားလှယ်ကြီး၏ မေးခွန်းတွင်ပါရှိတဲ့ ကုန်းမြင့်လယ်ယာမြေဖော်ထုတ်ပြီးစီးမှုနှင့် အသုံးပြုနိုင်မှု အခြေအနေနှင့်ပတ်သက်ပြီးတော့ လယ်ယာစိုက်ပျိုးရေးနှင့်ဆည်ြမောင်းဝန်ကြီးဌာနနှင့် ချင်းပြည်နယ် အစိုးရဌာနတို့ ပူးပေါင်း၍အမြန်ဆုံးကွင်းဆင်းဆောင်ရွက်ပေးသွားမည်ဖြစ်ပါကြောင်း တင်ပြအပ်ပါ သည် ။
