(င) စက်မှုလုပ်ငန်းအား မည်ကဲ့သို့ပြောင်းလဲပုံဖော်ဆောင်ရွက်မည်နှင့်စပ်လျဉ်းသည့်မေးခွန်း

ပထမအကြိမ် ပြည်သူ့လွှတ်တော် တတိယပုံမှန်အစည်းအဝေး (၁၁) ရက်မြောက်နေ့မှတ်တမ်း ( ၉-၃-၂၀၁၂ )

 လေးစားအပ်ပါသော ပြည်သူ့လွှတ်တော် ဥက္ကဋ္ဌကြီးနှင့် လွှတ်တော်ကိုယ်စားလှယ်များ၊ ဖိတ်ကြားထားသည်‌့ ဧည့်သည်တော်များ၊ ပြည်ထောင်စု ဝန်ကြီးများ၊ ဒုတိယဝန်ကြီးများအား မင်္ဂလာပါလို့ ကျွန်မ နှုတ်ဆက်ပါတယ်။ ကျွန်မကတော့ ရေနံချောင်းမဲဆန္ဒနယ် ပြည်သူ့လွှတ်တော်ကိုယ်စားလှယ် ဒေါ်ဝင်းမော်ထွန်း ဖြစ်ပါတယ်။ ကျွန်မ ဒီနေ့ မေးမယ့်မေးခွန်းကတော့ နိုင်ငံဖွံ့ဖြိုးတိုးတက်ရေးမှာ အရေးပါတဲ့ပြည်တွင်းစက်မှုလုပ်ငန်းများကို နိုင်ငံတော်အစိုးရမှ မည်ကဲ့သို့ပြောင်းလဲပုံဖော်ကူညီဆောင်ရွက်မည်ကို သိရှိလို၍ မေးမြန်းခြင်း ဖြစ်ပါတယ်။ ဥက္ကဋ္ဌကြီးရှင့်။ ကျွန်မအနေနဲ့ ဒီမေးခွန်းကိုမေးရခြင်းမှာ ပြည်တွင်းစက်မှုလုပ်ငန်းရှင် တစ်ယောက်အနေနဲ့သော်လည်းကောင်း၊ အခြားစက်မှုလုပ်ငန်းရှင်တွေအတွက်ပါ ထိရောက်သော ကူညီမှု၊ ကြိုတင်ပြင်ဆင်မှုရရှိလိမ့်မယ်လို့ယူဆမိပါတယ်။ အခု ကျွန်မတို့ စက်မှုလုပ်ငန်းအတော် များများဟာ ဆိုင်းငံ့နေတဲ့အ‌ြခေအနေမှာရှိပါတယ်။ နောက်ထပ် စက်မှုလုပ်ငန်းထူထောင်ဖို့ ဆိုလျှင်လည်း ဘယ်လိုများကြိုတင်ပြင်ဆင်ရမလဲလို့ ကျွန်မသိရှိလိုပါတယ်။ ဒါကြောင်‌့ ဒီမေးခွန်းကို မေးရခြင်း ဖြစ်ပါတယ်။ ကျွန်မ အနည်းငယ်တော့ရှင်းလင်းတင်ပြပါရစေ။ ဈေးကွက်စီးပွားရေးစနစ် တစ်ခုမှာ ပုဂ္ဂလိကကဏ္ဍဖြစ်တဲ့ စက်မှုလုပ်ငန်းတွေ၊ စီးပွားရေးလုပ်ငန်းရှင်တွေပါဝင်ပြီးတော့ အသေးစား၊ အလတ်စားမှအစ အမြဲပါဝင်နေတာကိုတွေ့ရပါတယ်။ စီးပွားရေးလုပ်ဆောင်ချက် တွေမှာလည်း အားကောင်းလာဖို့ ပုဂ္ဂလိကကဏ္ဍကို အားပေးမှုတော့ရှိရပါမယ်။ ကျွန်မ တစ်ခုတင်ပြ လိုပါတယ်။ အိမ်နီးချင်းနိုင်ငံကြီးတွေမှာ သူတို့ရဲ့ဈေးကွက်ကို ပိုမိုဖွင့်လှစ်နိုင်ဖို့ ကမ္ဘာ့စီးပွားရေး အခွင့်အလမ်းသစ်များ ကမ္ဘာကို စီးပွားရေးအခွင့်အလမ်းသစ်များနဲ့ကမ်းလှမ်းပြီး ဆွဲဆောင်နေတာ များစွာရှိပါတယ်။ ၎င်းတို့ရဲ့ဈေးကွက်ပိုဖွင့်လေလေ၊ သယံဇာတပေါကြွယ်ဝတဲ့ ကျွန်မတို့လိုနိုင်ငံ အတွက် စိုးရိမ်စိတ်ကြီးရပါတယ်။ ကျွန်မတို့နိုင်ငံအနေဖြင့် စက်မှုလုပ်ငန်းကို ဖွံ့ဖြိုးတိုးတက်အောင် မဆောင်ရွက်နိုင်ဘူး။ ဆောင်ရွက်မှုနှေးကွေးနေမယ်ဆိုရင် ကျွန်မတို့ရဲ့ သယံဇာတကုန်ကြမ်းဟာ ကျွန်မတို့ ပြည်တွင်းလုပ်ငန်းရှင်အတွက် လုပ်ငန်းများအတွက်မဟုတ်တော့ဘဲ အိမ်နီးချင်းနိုင်ငံများရဲ့ စက်မှုလုပ်ငန်းအတွက် သွင်းအားစုဖြစ်သွားနိုင်ပါတယ်။ ဆိုလိုတာကတော့ လယ်ယာ၊ သားငါး၊ သစ်တောထုတ်လုပ်မှုကဏ္ဍတွေရဲ့ ထွက်ကုန်အများစုဟာ ကုန်ကြမ်းပို့ကုန်အဖြစ်နဲ့သာ အိမ်နီးချင်း စက်မှုနိုင်ငံဆီကို အလုံးအရင်းဝင်ရောက်သွားနိုင်ပါတယ်။ တဖန်ပြန်ပြီးတော့ အိမ်နီးချင်းနိုင်ငံကြီး တွေက ပြန်လည်တင်ပို့လာလျှင် ကုန်ချောပစ္စည်းများကို ပြည်တွင်းဈေးကွက်မှာ ယှဉ်ပြိုင်မှုကျွန်မတို့ ထပ်မံခံစားရပါဦးမယ်။ ဒါကြောင့် ကုန်ကြမ်းများသာတင်ပို့နေရသဖြင့် ပို့ကုန်ဝင်ငွေနည်းပါးခြင်း၊ ဈေးသက်သာလွန်းသောကုန်ချောများ ပြန်လည်ဝင်ရောက်လာသဖြင့် တည်ရှိတဲ့ကျွန်မတို့ ပြည်တွင်း လုပ်ငန်းရှင်တွေရဲ့စီးပွားပျက်စီးလာနိုင်ပါတယ်။ လုပ်ငန်းသစ်များထူထောင်ရာမှာလည်း အင်မတန်ကို အခက်အခဲများပါတယ်။ လက်ရှိအ‌ြခေအနေမှတစ်ဆင့် ဆက်စပ်ပြီးတော့ စဉ်းစားလေလေ၊ တွေးတော လေလေ ပုဂ္ဂလိကစီးပွားရေးအဆောက်အဦတစ်ခုလုံးအတွက် ဆင့်ပွားဖြစ်ပေါ်လာမယ့် အခက်အခဲ များစွာရှိနေပါတယ်။ ဥက္ကဋ္ဌကြီးရှင့်။ အိမ်နီးချင်းနိုင်ငံကြီးများရဲ့ အနာဂတ်မည်သို့ပင်ရှိစေကာမူ ကျွန်မတို့နိုင်ငံမှာ လက်ရှိအခက်အခဲကြားက အခွင့်အလမ်းများကို မည်ကဲ့သို့ဆောင်ရွက်မည်ကို ကျွန်မသိလို၍ မေးမြန်းခြင်းဖြစ်ပါတယ်။ နိုင်ငံတော်အစိုးရရဲ့ စက်မှုဝန်ကြီးဌာန၊ စက်မှုလက်မှု ဖွံ့ဖြိုးတိုးတက်စေရေးအတွက် ရည်မှန်းချက်များစွာဖတ်ရှုခဲ့ရပါတယ်။ ကျွန်မ အချိန်ကိုငဲ့ညှာတဲ့အနေနဲ့ မတင်ပြတော့ပါဘူး။ အဓိကစက်မှုလုပ်ငန်းဖွံ့ဖြိုးတိုးတက်ဖို့အတွက် နိုင်ငံတော်ရဲ့ စီးပွားရေးဖွံ့ဖြိုး တိုးတက်ဖို့ဆိုရင်တော့ Economic Policy ကို စီးပွားရေးမူဝါဒ ပိုကောင်းဖို့တော့လိုလာပါတယ်။ စက်မှုလုပ်ငန်းဖွံ့ဖြိုးတိုးတက်ရေးအတွက် စီးပွားရေးအခင်းအကျင်းနဲ့ အနေအထား ဈေးကွက်ရဲ့ ဖြစ်မြောက်နိုင်စွမ်းအားလုံးကို သုံးသပ်ဖို့တော့လိုပါတယ်။ စီးပွားရေးဖြစ်မြောက်နိုင်စွမ်းနဲ့ ဈေးကွက်ရဲ့ ဖြစ်မြောက်နိုင်စွမ်းကို ကျယ်ပြန့်စွာသိဖို့လည်းလိုပါတယ်။ ကိုယ့်ပြည်တွင်းကလည်း စက်မှုထုတ်ကုန်ပိုင်း ကြီးထွားတိုးတက်ဖို့လိုပါတယ်။ ထုတ်ကုန်တစ်ခုချင်းစီမှာ Specialization ရှိရပါမယ်။ ဈေးကွက် ကျယ်ပြန့်ဖို့ဆိုရင် အာဆီယံနဲ့ရင်ပေါင်တန်းချင်တယ်။ ကမ္ဘာမှာထည်ဝါစွာ ရပ်တည်ချင်တယ် ဆိုရင်တော့ စက်မှုလက်မှုကဏ္ဍကိုမြှင့်တင်ပြီး Trade ကို ဦးဆောင်ရမယ်လို့ ကျွန်မထင်မြင်မိပါ တယ်။ စက်မှုလုပ်ငန်းဟာ အချိန်ယူတည်ဆောက်ရပါတယ်။ နည်းပညာ၊ စက်ကိရိယာ၊ ကုန်ကြမ်း၊ လျှပ်စစ်စတာတွေ ပြည့်စုံအောင်ကြိုတင်ဆောင်ရွက်ရပါတယ်။ ဒါ့အပြင် ကျွမ်းကျင်တဲ့လုပ်သား၊ ဈေးကွက်ရရှိမှု၊ ငွေပင်ငွေရင်းစိုက်ထုတ်မှု၊ စီမံခန့်ခွဲမှုကဏ္ဍများစွာပါဝင်ပါတယ်။ ကျွန်မတို့ စက်မှုကဏ္ဍမှာဆိုရင် အသေးစား၊ အလတ်စားကိုပဲ အတူပူးပေါင်းလုပ်ကိုင်ရပါတယ်။ အသေးစား၊ အလတ်စား ဖွံ့ဖြိုးတိုးတက်ဖို့အတွက်လည်းကောင်း၊ ငွေကြေးနဲ့ ဘဏ္ဍာရေးဆိုင်ရာမူဝါဒတွေ ကောင်းဖို့အတွက်လည်းကောင်း၊ တိုင်းရင်းသားလုပ်ငန်းရှင်တွေကို အကာအကွယ်ပေးဖို့အတွက် လည်းကောင်း၊ ချမှတ်ထားတဲ့မူဝါဒဟာ လုပ်သာကိုင်သာနဲ့ တည်ငြိမ်မှုရှိဖို့အတွက်လည်းကောင်း လုပ်ငန်းသစ်တစ်ခုစဖို့ခက်ခဲသလို ငွေပင်ငွေရင်း ရင်းနှီးစိုက်ထုတ်ဖို့လည်း သိပ်ခက်ပါတယ်။ ဒါကြောင့်မို့လို့ ပြည်တွင်းစက်မှုလုပ်ငန်းများဖွံ့ဖြိုးတိုးတက်စေရေးအတွက် နိုင်ငံတော်အစိုးရမှ မည်ကဲ့သို့ပြောင်းလဲပုံဖော်ကူညီဆောင်ရွက်ပေးနိုင်မည်ကိုသိရှိလိုပါ၍ ဤမေးခွန်းကို မေးထားပါသည် ။

ဖြေကြားသူ
ဦးမျိုးအောင် ဒုတိယဝန်ကြီး
ဖြေကြားသည့် ဝန်ကြီးဌာန
အဖြေ

 

လေးစားအပ်ပါသော ပြည်သူ့လွှတ်တော် ဥက္ကဋ္ဌကြီးနဲ့ ပြည်သူ့လွှတ်တော်ကိုယ်စားလှယ်အပေါင်းတို့ခင်ဗျား။ ကျွန်တော်ကတော့ စက်မှုဝန်ကြီး ဌာန ဒုတိယဝန်ကြီး ဦးမျိုးအောင်ဖြစ်ပါတယ်။ ကျွန်တော့်အနေနဲ့ မကွေးတိုင်းဒေသကြီး၊ ရေနံချောင်း မဲဆန္ဒနယ် ပြည်သူ့လွှတ်တော်ကိုယ်စားလှယ် ဒေါ်ဝင်းမော်ထွန်းမှ မေးမြန်းခဲ့တဲ့ နိုင်ငံတော်ဖွံ့ဖြိုး တိုးတက်ရေးအတွက် အလွန်အရေးပါသော ပြည်တွင်းပုဂ္ဂလိက စက်မှုလုပ်ငန်းများအား နိုင်ငံတော် အစိုးရမှ မည်ကဲ့သို့ပြောင်းလဲပုံဖော်ကူညီဆောင်ရွက်မည်ကိုသိရှိလိုပါကြောင်း မေးခွန်းနဲ့ပတ်သက်၍ ပြန်လည်ရှင်းလင်းဖြေကြားသွားမှာဖြစ်ပါတယ်။
ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော်ဟာ အာဆီယံအဖွဲ့ဝင်နိုင်ငံတစ်နိုင်ငံ ဖြစ်သည်နှင့်အညီ အာဆီယံဒေသအတွင်း ကုန်စည်များ လွတ်လပ်စွာ စီးဆင်းရေး၊ ဝန်ဆောင်မှုများ လွတ်လပ်စွာ စီးဆင်းရေး၊ အရင်းအနှီးများ လွတ်လပ်စွာ စီးဆင်းရေးနှင့် ကျွမ်းကျင်လုပ်သားများ လွတ်လပ်စွာ သွားလာရေးတို့အတွက် အခြားအဖွဲ့ဝင်နိုင်ငံများနည်းတူ ပူးပေါင်းဆောင်ရွက်ရန် တာဝန်ရှိလာပြီး ပူးပေါင်းဆောင်ရွက်လျက်လည်းရှိပါသည်။ မြန်မာနိုင်ငံသည် သယံဇာတကြွယ်ဝခြင်း၊ ရာသီဥတု၊ ရေ၊ ‌ြမေသဘာဝ အားသာချက်ရှိခြင်း၊ ပထဝီအနေအထားတည်နေရာ အားသာချက်ရှိခြင်း၊ အခြေခံ လုပ်သားအင်အားများရှိခြင်းစသည့် အားသာချက်များဖြင့် စိုက်ပျိုးရေးအ‌ြခေခံစက်မှုလုပ်ငန်းများနှင့် အသေးစားနှင့် အလတ်စားစက်မှုလုပ်ငန်းများ ဖွံ့ဖြိုးတိုးတက်စေရန် အလားအလာကောင်းများစွာ တည်ရှိလျက်ရှိပါတယ်။ မြန်မာနိုင်ငံအနေနဲ့ နိုင်ငံသားများရဲ့ ရင်းနှီးမြှုပ်နှံမှုကို အားပေးရန်အလို့ငှာ မြန်မာနိုင်ငံသားများ ရင်းနှီးမြှုပ်နှံမှုဥပဒေကိုလည်း ပြဋ္ဌာန်းပေးခဲ့ပြီး ကနဦးရင်းနှီးမြှုပ်နှံမှုကာလ အတွင်း လိုအပ်၍ ပြည်ပမှတင်သွင်းသော စက်ပစ္စည်းများ၊ စက်ကိရိယာအစိတ်အပိုင်းများနှင့် လုပ်ငန်းသုံးပစ္စည်းများ အပေါ်အကောက်ခွန်နှင့် အခြားပြည်တွင်းအခွန်အကောက်များမှ ကင်းလွတ်ခွင့်၊ စီးပွားရေးလုပ်ငန်းစတင်ပြီး တစ်ဆက်တည်း ၃ နှစ်အပေါ် ဝင်ငွေခွန်ကင်းလွတ်ခွင့်များလည်း ခွင့်ပြု ထားခဲ့ပါတယ်။ ၎င်းအပြင် ဆက်လက်၍ အခွန်အကောက်များကို လျှော့ပေါ့ပေးခြင်း၊ ပြည်တွင်း ပုဂ္ဂလိကဘဏ်များ ဖွင့်လှစ်ခွင့်ပေးခဲ့ပြီး ယင်းပုဂ္ဂလိကဘဏ်များကို နိုင်ငံခြားငွေကြေးကိုင်တွယ် ကျင့်သုံးခွင့်များပေးခဲ့ခြင်းစတဲ့ ဖြေလျော့မှုများ ပြုလုပ်ပေးလျက်ရှိပါတယ်။ မြန်မာ့စက်မှုလုပ်ငန်းရှင် များအနေနဲ့ မိမိနိုင်ငံအတွင်းမှာရှိတဲ့ နှိုင်းယှဉ်အားသာချက်(Comparative Advantages)များကို အကျိုးရှိရှိ ထိရောက်စွာ အသုံးချနိုင်ရေး စဉ်းစားဆောင်ရွက်သွားရမှာ ဖြစ်ပါတယ်။ နိုင်ငံတော်အစိုးရ အနေနဲ့ ပြည်တွင်းလုပ်ငန်းရှင်များရဲ့ လိုအပ်သောအရင်းအနှီးနှင့် နည်းပညာများရရှိရေးအတွက် နိုင်ငံခြားရင်းနှီးမြှုပ်နှံမှုနဲ့ နည်းပညာများ ဖိတ်ခေါ်ပေးခြင်း၊ ပြည်တွင်းလုပ်ငန်းများကို ဖက်စပ်စနစ် ဖြင့် ဆောင်ရွက်နိုင်ရန် နိုင်ငံခြားရင်းနှီးမြှုပ်နှံမှုမူဝါဒများကို ‌ြဖေလျော့ပေးခြင်း၊ ပုဂ္ဂလိက လုပ်ငန်းရှင် များအနေနဲ့ နိုင်ငံတကာနှင့် ကုန်သွယ်မှုပြုလုပ်ရာတွင် အဆင်ပြေချောမွေ့စေရေး၊ နိုင်ငံတကာမှ လာရောက် ရင်းနှီးမြှုပ်နှံသူများနှင့် ပြည်တွင်းလုပ်ငန်းရှင်များ လုပ်ငန်းလုပ်ကိုင်ရာတွင် အဆင်ပြေစေ ရေး၊ စားသုံးသူပြည်သူအများ ဈေးနှုန်းသက်သက်သာသာဖြင့် အရည်အသွေးမီ ကုန်စည်များကို စိတ်တိုင်းကျရွေးချယ်ဝယ်ယူနိုင်သည့် ဈေးကွက်ဖြစ်စေရေးစသည်ဖြင့် လုပ်ငန်းရှင်များ၊ ထုတ်လုပ်သူ များနှင့် စားသုံးသူများအတွက် ညှိနှိုင်းဖြေလျော့ပေးသူ(Facilitator)အဖြစ် ဆောင်ရွက်ပေးနေတာ ဖြစ်ပါတယ်။
ဈေးကွက်စီးပွားရေးစနစ်တွင် စက်မှုလုပ်ငန်းရှင်များအနေနဲ့ ထုတ်လုပ်မယ့်ကုန်စည်များကို ရွေးချယ်ထုတ်လုပ်ရာတွင် ကုန်ကြမ်းရရှိနိုင်မှု၊ မိမိတို့ထုတ်လုပ်မည့် ကုန်ချောအတွက် ဈေးကွက် ရရှိနိုင်မှုအနေအထား၊ ထုတ်လုပ်မှုနည်းပညာ ပြည့်စုံမှု၊ ထုတ်ကုန်၏ အရည်အသွေးပြည့်မီမှုနှင့်  ဈေးနှုန်းအရ ယှဉ်ပြိုင်နိုင်မှုတို့ကို လေ့လာစိစစ်ပြီးမှသာ ထုတ်လုပ်သင့်ပါတယ်။ ထို့အတူ အချိန်တို အတွင်း အကျိုးအမြတ်ရရှိရေးထက် ကာလရှည်ရည်မှန်းချက်များဖြင့် လုပ်ငန်းလုပ်ကိုင်သွားကြပြီး မိမိတို့လုပ်ငန်းများမှ တစ်ဆင့်ပြီးတစ်ဆင့် အောင်မြင်ကြီးထွား၍ နိုင်ငံတကာသို့ ဝင်ဆန့်နိုင်တဲ့ စက်မှုလုပ်ငန်းကြီး ဖြစ်လာစေရန်အတွက်လည်း ရည်မှန်းချက်ထားရှိသင့်ပါတယ်။ ပြည်တွင်းစက်မှု လုပ်ငန်းများအနေနဲ့ အရင်းအနှီးမလုံလောက်သည့် အားနည်းချက်များကြောင့် တစ်ဦးတစ်ယောက်ချင်း တည်ထောင်ဆောင်ရွက်ခြင်းထက် ပူးပေါင်း၍ဆောင်ရွက်ပါက ပိုမိုထိရောက်အောင်မြင်နိုင်မည် ဖြစ်ပါတယ်။ အားသာချက်ရှိသော ပြည်တွင်းစိုက်ပျိုးရေးထွက်ကုန်များကို အ‌ြခေခံပြီး တန်ဖိုးမြှင့် ထုတ်ကုန်များ ထုတ်လုပ်သော စက်မှုလုပ်ငန်းများအနေဖြင့် အမည်သစ်အမယ်သစ် ပြည်ပပို့ကုန် များကို ပိုမိုထုတ်လုပ်၍ ပြည်ပပို့ကုန်များ မြှင့်တင်နိုင်ပါက လုပ်ငန်းရှင်အတွက်ရော နိုင်ငံတော် အတွက်ပါ အကျိုးကျေးဇူး  ခံစားရမည်ဖြစ်ပါတယ်။ နိုင်ငံတော်ဘက်မှလည်း ပြည်တွင်းထုတ်လုပ်မှုနှင့် ဝန်ဆောင်မှုလုပ်ငန်းများရဲ့ ၉၂ ရာခိုင်နှုန်း ပါဝင်အကျုံးဝင်နေတဲ့ အသေးစားနှင့် အလတ်စား လုပ်ငန်းများ Small and Medium Enterprises များ ဖွံ့ဖြိုးတိုးတက်ရေးအတွက် သုတေသန ပြုလုပ်မှုများ၊ ဆွေးနွေးပွဲများ၊ မူဝါဒဆိုင်ရာညှိနှိုင်းရေးဆွဲမှုများ ပြုလုပ်လျက်အသေးစားနှင့် အလတ်စားလုပ်ငန်းဆိုင်ရာမူဝါဒ(မူကြမ်း) (Small and Medium Enterprises Policy, Draft)ကို ရေးဆွဲပြီး ဖြစ်ပါတယ်။
ယခုအခါ အသေးစားနှင့်အလတ်စားလုပ်ငန်းများ ဖွံ့ဖြိုးတိုးတက်ရေးဗဟိုဌာန(Small and Medium Enterprises Development Center)ကို ရန်ကုန်၌ ဖွင့်လှစ်တည်ထောင်ပြီး Data များ ဖြန့်ချိခြင်း၊ Media ကဏ္ဍမှ အသိပေးဆောင်ရွက်ခြင်း၊ သိပ္ပံနှင့်နည်းပညာဝန်ကြီးဌာနရှိ ကျောင်းနှင့် တက္ကသိုလ်များအပြင် အခြားပြည်ပအကူအညီများဖြင့် Incubator များ ဖန်တီးပေးခြင်း၊ ပြည်နယ်/ တိုင်းဒေသကြီးအသီးသီးရှိ စက်မှုကြီးကြပ်ရေးနှင့် စစ်ဆေးရေးဦးစီးဌာနနှင့် ပြည်ထောင်စုသမ္မတ မြန်မာနိုင်ငံကုန်သည်များနှင့် စက်မှုလက်မှုလုပ်ငန်းရှင်များအသင်းချုပ်၊ မြန်မာနိုင်ငံစက်မှုကုန် ထုတ်လုပ်သူများအသင်းတို့ ပူးပေါင်းအ‌ြခေခံ၍ Small and Medium Enterprises Agencies များ ထားရှိပြီး ဈေးကွက်နှင့်နည်းပညာများ ပံ့ပိုးမှုဆောင်ရွက်ခြင်းဖြင့် အသေးစားနှင့် အလတ်စား လုပ်ငန်းများ ဖွံ့ဖြိုးတိုးတက်ရေးကို SME Actor များနှင့်အတူ တက်ညီလက်ညီ တွန်းအားပေး ဆောင်ရွက်သွားမည် ဖြစ်ပါတယ်။ ၎င်းအပြင် အသေးစားနှင့် အလတ်စားလုပ်ငန်းများ ဖွံ့ဖြိုးတိုးတက် ရေးအတွက် ဘဏ္ဍာရေးဆိုင်ရာပံ့ပိုးမှုအနေနဲ့ အသေးစားနှင့်အလတ်စားစက်မှုနှင့် ဝန်ဆောင်မှု လုပ်ငန်းများသို့ မြန်မာ့စက်မှုလက်မှုဖွံ့ဖြိုးရေးဘဏ်မှ လိုအပ်‌သောချေးငွေများကို စိစစ်ထုတ်ချေးပေး လျက်ရှိပါတယ်။ မကြာမီကာလအတွင်း မြန်မာ့စက်မှုလက်မှုဖွံ့ဖြိုးရေးဘဏ်ရှိ အစုရှယ်ယာရှင်များ၏ ထည့်ဝင်ငွေများ၊ အမတော်ကြေးကဲ့သို့ နိုင်ငံတော်အစိုးရ၏ ထည့်ဝင်ငွေများနှင့် နိုင်ငံခြားရှိ Small and Medium Enterprises Development Bank များမှ သက်သာသောအတိုးနှုန်းဖြင့် ထုတ်ချေးမည့်ငွေများဖြင့် ပေါင်းစပ်၍ အသေးစားနှင့်အလတ်စားလုပ်ငန်းများဖွံ့ဖြိုးတိုးတက်ရေး ဘဏ် Small and Medium Enterprises Development Bank အသွင်ဖြင့် စနစ်တကျ ဖွဲ့စည်းတည်ထောင်၍ အသေးစားနှင့်အလတ်စားလုပ်ငန်းများအတွက် ငွေကြေးဆိုင်ရာ ဝန်ဆောင်မှုနဲ့ ငွေအရင်းအနှီးပံ့ပိုးကူညီရေး ဆောင်ရွက်မှုများကိုပါ လုပ်ဆောင်ပေးနိုင်ရန် စီစဉ်ဆောင်ရွက် ပေးသွားမည်ဖြစ်ပါကြောင်း ဖြေကြားထားပါသည် ။