လေးစားအပ်ပါသော ပြည်သူ့လွှတ်တော် ဥက္ကဋ္ဌကြီးနှင့် ပြည်သူ့လွှတ်တော်ကိုယ်စားလှယ်များ၊ ဖိတ်ကြားထားသော ပြည်ထောင်စုဝန်ကြီးများ၊ ဧည့်သည်တော်ကြီးများ ကိုယ်စိတ်နှစ်ဖြာကျန်းမာရွှင်လန်းကြပါစေလို့ ဦးစွာပဏာမဆုတောင်းမေတ္တာ ပို့သဂါရဝပြုအပ်ပါတယ်။ ကျွန်တော်ကတော့ ကယားပြည်နယ်၊ လွိုင်ကော်မဲဆန္ဒနယ်မှ ပြည်သူ့လွှတ်တော် ကိုယ်စားလှယ် ဦးခင်မောင်ညိုဖြစ်ပါတယ်။ ကျွန်တော်မေးလိုတဲ့ မေးခွန်းကတော့ ကယားပြည်နယ်၊ လွိုင်ကော်မြို့နယ် အတွင်းမှာတည်ထောင်ထားရှိသော စက်မှုရပ်ကွက်အား အခြားစက်မှုဇုန်များ နည်းတူ အဆင့်မြှင့်တင်နိုင်ရေး နိုင်ငံတော်မှဆောင်ရွက်ပေးရန် အစီအစဉ် ရှိ၊ မရှိဆိုတဲ့ မေးခွန်းပဲ ဖြစ်ပါတယ်ခင်ဗျား။
လေးစားအပ်တဲ့ ဥက္ကဋ္ဌကြီးခင်ဗျား။ လွိုင်ကော်မြို့နယ်အတွင်းမှာ တည်ဆောက်ထားတဲ့ စက်မှု ရပ်ကွက်ကို ၁-၁၀-၂၀၀၇ ရက်နေ့မှစပြီး လုပ်ငန်းများစတင်လည်ပတ်လျက်ရှိပြီးတော့မှ ပေ ၁၀၀ ပတ် လည်မြေကွက်ပေါင်း ၅၃၄ ကွက်ရှိသည့်အနက်မှ စက်မှုလုပ်ငန်းရှင် ၂၂၇ ဦးတို့မှမြေကွက်ပေါင်း ၄၈၂ ကွက်ကိုတည်ထောင်ပြီးဆောင်ရွက်စေခဲ့ပါတယ်။ ၎င်းစက်မှုရပ်ကွက်ကို ကိုယ်ထူကိုယ်ထစနစ် ဖြင့်ဆောင်ရွက်ခဲ့ပြီးဖြစ်တဲ့အတွက် လမ်းများ၊ မီးများ၊ တံတားများစနစ်တကျဖွဲ့စည်းတည်ထောင်ထား ခြင်းလည်းဖြစ်ပါတယ်။ ၎င်းစက်မှုရပ်ကွက်ဟာ မြေအကျယ်အဝန်းလုံလောက်ခြင်း၊ လျှပ်စစ်မီးအပြည့် အဝရရှိမှုများကြောင့် မြန်မာနိုင်ငံတစ်နံတစ်လျားမှာရှိကြတဲ့ စက်မှုလုပ်ငန်းရှင်များ၊ ကုန်ထုတ်လုပ်မယ့် ကုမ္ပဏီများလာရောက် ရင်းနှီးလုပ်ကိုင်ဆောင်ရွက်လိုပါက လာရောက်ရင်းနှီးမြှုပ်နှံနိုင်ပါရန်လည်း ဒီ ပြည်သူ့လွှတ်တော်မှာ ကယားပြည်နယ်သူ/ပြည်နယ်သားများရဲ့ကိုယ်စား ဖိတ်ခေါ်အပ်ပါတယ်။ တစ်ဆက်တည်းမှာပဲ နိုင်ငံတော်အနေဖြင့် စက်မှုနိုင်ငံတည်ထောင်နေချိန်ဖြစ်လို့ နိုင်ငံတော်အစိုးရမှ လည်း စက်ရုံ၊ အလုပ်ရုံများထူထောင်ပေးမည်ဆိုပါက အထူးဖွံ့ဖြိုးရေးဇုန် ၂၄ ခုထဲမှာ အပါအဝင်ဖြစ် တဲ့ ကျွန်တော်တို့ကယားပြည်နယ်၊ လွိုင်ကော်မြို့ဟာလည်းပဲ နောက်ကျမကျန်ခဲ့ဘဲ အခြားသော စက်မှု ဇုန်များနည်းတူ စက်မှုကဏ္ဍတိုးတက်လာမည်မှာ မလွဲဧကန်ဖြစ်ပါတယ်။ ကယားပြည်နယ်၊ လွိုင်ကော် မြို့နယ်အတွင်းမှာ ရှိတဲ့စက်မှုရပ်ကွက်မှ စက်မှုဇုန်အဖြစ်မြှင့်တင် ဆောင်ရွက်ပေးမည်ဆိုပါက ကယား ပြည်နယ်ရဲ့ GDP လျင်မြန်စွာတိုးတက်လာခြင်း၊ ဒေသခံပြည်သူများရဲ့အလုပ်အကိုင်အခွင့်အလမ်းများ တိုးတက်ရရှိလာခြင်း၊ အိမ်တွင်းမှုလုပ်ငန်းရှင်များဘဝမှ စက်မှုလုပ်ငန်းရှင်ကြီးများဘဝသို့အဆင့်မြှင့် တင်တိုးတက်လာခြင်း၊ စက်မှုဇုန်ကိုအကြောင်းပြု၍ပြည်နယ်အတွင်းမှာရှိတဲ့ ရပ်ကွက်၊ ကျေးရွာများမှ ပြည်သူများဖွံ့ဖြိုးတိုးတက်လာခြင်း၊ လုပ်ငန်းရှင်များအတူတကွ စုပေါင်းလုပ်ကိုင်ထားရှိခြင်းကြောင့် နည်းပညာများတိုးတက်လာခြင်း၊ သတင်းအချက်အလက်များ ဖလှယ်နိုင်ခြင်းတို့ကို ရရှိခံစား၊ စံစားကြ ရမှာဖြစ်ပါတယ်။ လေးစားအပ်တဲ့ဥက္ကဋ္ဌကြီးခင်ဗျား။ ကယားပြည်နယ်မှာရှိတဲ့ စက်မှုရပ်ကွက်သည် လိုအပ်သော မြေကွက်နေရာများရှိခြင်း၊ လျှပ်စစ်မီး ၂၄ နာရီအပြည့်အဝရရှိခြင်း၊ စနစ်တကျမြေကွက် များ ဖော်ထုတ်ထားခြင်း၊ လမ်းတံတားများ စနစ်တကျဖောက်လုပ်ထားခြင်း၊ ကုန်ကြမ်းပစ္စည်းများ ပြီးပြည့်စုံခြင်း၊ အခြားပြည်နယ်/တိုင်းဒေသကြီးများနှင့် လမ်းပန်းဆက်သွယ်မှုကောင်းမွန်ခြင်း၊ ရေလုံလောက်စွာရရှိခြင်း၊ တည်နေရာကောင်းမွန်ခြင်းများ ပြီးပြည့်စုံစွာ လက်ရှိတည်ထောင်ထားပြီး ဖြစ်သည့်အတွက် နိုင်ငံတော်အစိုးရမှ စက်မှုရပ်ကွက်မှ စက်မှုဇုန်အဖြစ် အဆင့်မြှင့်တင်ဆောင်ရွက် ပေးနိုင်ရန် အစီအစဉ် ရှိ၊ မရှိ သိရှိလိုပါတယ်။ အကယ်၍နိုင်ငံတော်မှ ဇုန်အဖြစ်ဆောင်ရွက်ပေးမည် ဆိုပါက မည်သည့်အချိန်ကာလများတွင် ဆောင်ရွက်ပေးနိုင်မည်ဖြစ်ကြောင်း သိရှိလို၍ မေးမြန်း ထားပါသည် ။
လေးစားအပ်ပါသော ပြည်သူ့လွှတ်တော် ဥက္ကဋ္ဌကြီးနှင့် ပြည်သူ့လွှတ်တော်ကိုယ်စားလှယ်များ၊ ဧည့်သည်တော်များအားလုံး ကိုယ်စိတ်နှစ်ဖြာ ကျန်းမာ၊ ချမ်းသာကြပါစေလို့ ပဏာမဆုတောင်း မေတ္တာပို့ဂါရဝပြုအပ်ပါတယ်။ ကျွန်တော်ကတော့ စက်မှုဝန်ကြီးဌာန၊ ဒုတိယဝန်ကြီး ဦးမျိုးအောင်ဖြစ်ပါတယ်။ ကယားပြည်နယ်၊ လွိုင်ကော်မဲဆန္ဒနယ်မှ ပြည်သူ့လွှတ်တော်ကိုယ်စားလှယ် ဦးခင်မောင်ညိုရဲ့ ကယားပြည်နယ်၊ လွိုင်ကော်မြို့နယ်တွင် တည်ထောင်ထားသော စက်မှုရပ်ကွက်အား အခြားစက်မှုဇုန်များနည်းတူ အဆင့်မြှင့်တင်နိုင်ရေး နိုင်ငံတော်မှ ဆောင်ရွက်ပေးရန် အစီအစဉ် ရှိ၊ မရှိ သိရှိလိုပါကြောင်း မေးခွန်းနှင့် ပတ်သက်၍ ပြန်လည်ရှင်းလင်းဖြေကြားသွားမှာဖြစ်ပါတယ်။ စက်မှုလုပ်ငန်းဖွံ့ဖြိုးတိုးတက်ရေးကော်မတီကို ဖွဲ့စည်း ထားခဲ့ပြီးတော့ စက်မှုလုပ်ငန်းဖွံ့ဖြိုးတိုးတက်ရေးကော်မတီမှာ စက်မှုဇုန်ဖွံ့ဖြိုးတိုးတက်ရေးဆပ်ကော်မတီ ကို ဖွဲ့စည်းထားပါတယ်။ ဒေသဖွံ့ဖြိုးရေး၊ အလုပ်အကိုင်ဖန်တီးခွင့်ရရှိရေးနှင့် ဈေးကွက်စီးပွားရေးအရ အကျိုးဖြစ်ထွန်းမှုရှိရေးတို့အပေါ်မူတည်ပြီး ကရင်ပြည်နယ်၊ ဘားအံစက်မှုဇုန်နှင့် မြဝတီစက်မှုဇုန် တို့အပြင် မကြာမီကာလအတွင်းမှာ ဘုရားသုံးဆူစက်မှုဇုန်နှင့် ပုဏ္ဏားကျွန်းစက်မှုဇုန်တို့ကိုလည်း အကောင်အထည်ဖော်ဆောင်ရွက်သွားမှာ ဖြစ်ပါတယ်။ စက်မှုဇုန်တစ်ခု ဖြစ်ပေါ်လာရေးဟာ Infrastructure ကောင်းမွန်တိုးတက်ရန် အထောက်အကူပြုလုပ်ငန်းများ၊ သွင်းအားစုများ၊ Facilities & Utilities ဖြစ်သည့် မြေဧရိယာ၊ ရေ၊ လျှပ်စစ်ဓာတ်အား၊ ဆက်သွယ်ရေး၊ လမ်းပန်းနှင့်အခြား စွမ်းအင်အစရှိသည်တို့ကို ပြည့်စုံရန်လိုအပ်သည့်အပြင် ငွေကြေးအရလည်း ရင်းနှီးမြှုပ်နှံထားရန် လိုအပ်ပါတယ်။ ၎င်းအပြင် စက်မှုဇုန်မှထွက်ရှိလာမည့်ထုတ်ကုန်ပစ္စည်းများကို ပြည်နယ်အတွင်းမှာ သာမက ပြည်တွင်းရှိ အခြားတိုင်းဒေသကြီး/ပြည်နယ်များအပြင် ပြည်ပသို့ပါ ပြန်လည်တင်ပို့ ရောင်းချနိုင်ရေးအတွက်လည်း စဉ်းစားဆောင်ရွက်သွားရန် လိုအပ်မည်ဖြစ်ပါတယ်။ သို့ပါ၍ ကယား ပြည်နယ်အတွင်း ဒေသဖွံ့ဖြိုးရေးနှင့်အလုပ်အကိုင်ဖန်တီးခွင့်ရရှိရေးအတွက် လွိုင်ကော်စက်မှုဇုန်အား အကောင်အထည်ဖော်နိုင်ရန် အထက်ဖော်ပြပါ အခြေခံလုပ်ဆောင်ရမည့် လုပ်ငန်းစဉ်များပြည့်စုံရေး ကိုသုံးသပ်စီမံရင်း တစ်ဖက်မှလည်းဖြစ်နိုင်ခြေ ရှိ၊ မရှိ ဆန်းစစ်လေ့လာမှု(Feasibility Study)အား ဆောင်ရွက်ပြီး ဆန်းစစ်ချက်အစီရင်ခံစာအပေါ်တွင် သုံးသပ်ဆောင်ရွက်ပေးသွားမည်ဖြစ်ကြောင်း ရှင်းလင်းဖြေကြားထားပါသည် ။
