(ဇ) ရှောက်ခြုံကျေးရွာမှ မြေပုံမြို့နယ် ကမ်းထောင်းကြီးကျေးရွာသို့ ဆယ်သွယ်သည့်လမ်းအားပြုပြင် ပေးရန်နှင်‌့စပ်လျဉ်းသည့်မေးခွန်း

ပထမအကြိမ် ပြည်သူ့လွှတ်တော် တတိယပုံမှန်အစည်းအဝေး ဒသမနေ့မှတ်တမ်း ( ၈-၃-၂၀၁၂ )

ပြည်သူ့လွှတ်တော်ဥက္ကဋ္ဌကြီးခင်ဗျား။ ရခိုင်ပြည်နယ်၊ အမ်းမဲဆန္ဒနယ် ပြည်သူ့လွှတ်တော်ကိုယ်စားလှယ် ဦးသိန်းဆွေရဲ့ကိုယ်စား ကျွန်တော် ခရမ်းမဲဆန္ဒနယ် ပြည်သူ့လွှတ်တော်ကိုယ်စားလှယ် ဦးမောင်မောင်သိမ်းမှ ဖတ်ကြားတင်ပြခွင့်ပြုပါရန် တင်ပြအပ်ပါတယ်။ ရခိုင်ပြည်နယ် အမ်း-စစ်တွေကားလမ်းတွင် အမ်းမြို့မှ ကဇူးကိုင်းရွာလမ်းပိုင်းရှိ ရှောက်ခြုံကျေးရွာမှ မြေပုံမြို့နယ် ကမ်းထောင်းကြီးကျေးရွာသို့ဆက်သွယ်သည့် ကားလမ်းမှာ ၆ မိုင် အရှည်ရှိပြီး ခရိုင်ချင်းဆက်လမ်းအဖြစ် ဒေသအစီအစဉ်ဖြင့် ဖောက်လုပ်ထားသည်မှာ နှစ်အတန် ကြာခဲ့ပြီဖြစ်ပါတယ်။ သို့ရာတွင် ယခုနှစ်မိုးရာသီ၌ မိုးသည်းထန်စွာ ရက်ဆက်ရွာသွန်းမှုကြောင့် ယင်း ကားလမ်းတွင် ရေတိုက်စားခြင်း၊ ချောင်းကူးတံတားအချို့ပျက်စီးခြင်း၊ တချို့ကားလမ်းနံရံများပြိုကျ ခြင်းများဖြစ်ပေါ်လျက်ရှိရာ ကားများသွားလာရန် အန္တရာယ်ရှိပါတယ်။ ယခုနှစ်ပွင့်လင်းရာသီတွင် ပြင်ဆင်မွမ်းမံမှုမပြုလုပ်ပါက လာမည့်မိုးရာသီတွင် ကားများသွားလာနိုင်မည် မဟုတ်ပါသဖြင့် ယင်း ကမ်းထောင်းကြီး-ရှောက်ခြုံခရိုင်ချင်းဆက်လမ်းအား ယခုနှစ်ပွင့်လင်းရာသီတွင် စံချိန်စံညွှန်းမီစွာဖြင့် စနစ်တကျ ပြန်လည်ပြုပြင်ထိန်းသိမ်းပေးရန် အစီအစဉ်ရှိ၊ မရှိနှင့် ရှိပါကမည်ကဲ့သို့ဆောင်ရွက် ပေးမည်ကို သိလိုပါကြောင်းမေးမြန်းထားပါသည် ။

ဖြေကြားသူ
ဒုတိယဗိုလ်ချုပ်ကြီးသိန်းဌေး ပြည်ထောင်စုဝန်ကြီး၊
ဖြေကြားသည့် ဝန်ကြီးဌာန
အဖြေ

 

 အထက်ပါ ကားလမ်းဟာ အမ်းမြို့နယ် ရှောက်ခြုံကျေးရွာနှင့် မြေပုံမြို့နယ် ကမ်းထောင်းကြီးကျေးရွာကို ဆက်သွယ်တဲ့ ၆ မိုင်အရှည်၊ အကျယ် ၁၂ ပေ ရှိတဲ့ မြေသားလမ်းဖြစ်ပါတယ်။ ဒီလမ်းကို ကျောက်ချော လမ်းအဖြစ် အဆင့်မြှင့်တင်မယ်ဆိုရင်တော့ ကျပ်သန်း ၂၈၀ လောက် ကုန်ကျမှာဖြစ်ပြီးတော့ ရာသီမရွေးသွားလာနိုင်မှာဖြစ်ပါတယ်။ ဒီနှစ် ဘဏ္ဍာငွေမှာတော့ ကျွန်တော်တို့ နိုင်ငံတော် ထောက်ပံ့ငွေ ၁၀ သန်း နဲ့ ရေပြွန်လေးစင်းတည်ဆောက်ပေးသွားမှာ ဖြစ်ပါတယ်။ လာမယ့် ၂၀၁၂-၂၀၁၃ ဘဏ္ဍာနှစ်ကနေ စပြီးတော့ ၂ နှစ်အတွင်း ကျောက်ချောလမ်းအဖြစ် ဒီ ၆ မိုင်ကို ပြီးစီးအောင် ဆောင်ရွက်ပေးသွားမှာ ဖြစ်ကြောင်းတင်ပြအပ်ထားပါသည် ။