လေးစားရပါသော ပြည်သူ့လွှတ်တော် ဥက္ကဋ္ဌကြီးနှင့် ပြည်သူ့လွှတ်တော်ကိုယ်စားလှယ်များ၊ ဖိတ်ကြားထားသော ဧည့်သည်တော်များ မင်္ဂလာအပေါင်းနှင့် ပြည့်စုံပါစေလို့ ဆုတောင်းမေတ္တာပို့သ ဂါရဝပြုအပ်ပါတယ်။ ကျွန်တော်ကတော့ ကယားပြည်နယ်၊ ဖာဆောင်းမဲဆန္ဒနယ်မှ ပြည်သူ့လွှတ်တော်ကိုယ်စားလှယ် ဦးရဲထွဋ်တင်ဖြစ်ပါတယ်။ ဥက္ကဋ္ဌကြီးခင်ဗျား။ ကျွန်တော့်အနေနဲ့ ပြည်သူများကိုယ်စား အခွန်ဆိုင်ရာဥပဒေများနှင့် ပတ်သက်တဲ့ မေးခွန်းမေးမြန်းတင်ပြသွားမှာဖြစ်ပါတယ်။ နိုင်ငံတစ်နိုင်ငံတွင် ဖွံ့ဖြိုးတိုးတက်ရန်အတွက် နိုင်ငံပိုင် ငွေကြေးအင်အားတောင့်တင်းဖို့လိုအပ်ပါတယ်။ နိုင်ငံပိုင်ငွေကြေးအများစုကို အခွန်ရငွေများမှ ရရှိခြင်းဖြစ်ပါတယ်။ နိုင်ငံသားတိုင်းဟာ နိုင်ငံတော်ကို အခွန်ပေးဆောင်ရန် တာဝန်ရှိသလို နိုင်ငံသား တိုင်းဟာလည်း အခွန်ဆိုင်ရာ ဥပဒေ၊ နည်းဥပဒေနှင့် အမိန့်၊ ညွှန်ကြားချက်များကို ရှင်းလင်း လွယ်ကူစွာ သိရှိနိုင်ရန်လည်း လိုအပ်ပါတယ်ခင်ဗျား။ ဥက္ကဋ္ဌကြီးခင်ဗျား။ ယနေ့ ကျွန်တော်တို့နိုင်ငံမှာ ပြည်သူ အများစုဟာ အခွန်ဆိုင်ရာ ဥပဒေ၊ နည်းဥပဒေနှင့် အမိန့်၊ ညွှန်ကြားချက်များကို ရှင်းလင်း လွယ်ကူစွာ မသိရှိကြပါဘူး။ ဒါကြောင့် အခွန်ပေးဆောင်ရန် ကြောက်ရွံ့ကြပြီး အခွန်ရှောင်တိမ်းမှုကို ဖြစ်ပေါ် စေပါတယ်။ သို့ပါ၍ နိုင်ငံသားတိုင်း အခွန်ပေးဆောင်လာစေရန်အတွက် အခွန်ဆိုင်ရာဥပဒေ၊ နည်းဥပဒေနှင့် အမိန့်၊ ညွှန်ကြားချက်များကို ပြည်သူများအလွယ်တကူသိရှိနိုင်ရေး စီစဉ်ဆောင်ရွက် ပေးရန် အစီအစဉ် ရှိ၊မရှိနှင့် ရှိပါက မည်သည့်အချိန်တွင် ဆောင်ရွက်ပေးမည်ကိုသိလိုပါကြောင်း မေးမြန်းထားပါသည် ။
လေးစားအပ်ပါသော ပြည်သူ့လွှတ်တော်ဥက္ကဋ္ဌကြီးနှင့် ပြည်သူ့လွှတ်တော်ကိုယ်စားလှယ်များခင်ဗျား။ ကယားပြည်နယ်၊ ဖာဆောင်းမဲဆန္ဒနယ်မှ ပြည်သူ့လွှတ်တော်ကိုယ်စားလှယ် ဦးရဲထွဋ်တင်ရဲ့ အခွန်ဆိုင်ရာဥပဒေများ၊ နည်းဥပဒေများနှင့် အမိန့်၊ ညွှန်ကြားချက်များ ပြည်သူများအလွယ်တကူသိရှိနိုင်ရေးစီစဉ်ဆောင်ရွက် ပေးရန် အစီအစဉ်ရှိ၊မရှိ ရှိပါကမည်သည့်အချိန်တွင် ဆောင်ရွက်ပေးမည်ဖြစ်ကြောင်း သိလိုကြောင်း မေးမြန်းတဲ့မေးခွန်းနဲ့ပတ်သက်ပြီး ကျွန်တော်က ဆက်လက်ရှင်းလင်းတင်ပြသွားမှာ ဖြစ်ပါတယ်။ နိုင်ငံတော်နဲ့ ပြည်သူတို့၏ လူမှုရေး၊ စီးပွားရေးအြခေအနေများကို ဖွံ့ဖြိုးတိုးတက်ရန် အဓိကကျသော အသုံးစရိတ်များသုံးစွဲရန်အတွက် ဘဏ္ဍာငွေရှာဖွေရေးတာဝန်ကို တာဝန်ယူဆောင်ရွက်နေသော ပြည်တွင်းအခွန်များဦးစီးဌာနအနေဖြင့် အခွန်အရပ်ရပ်လျာထားချက် ပြည့်မီကျော်လွန်ရုံသာမက ဥပဒေနှင့်အညီ ရသင့်ရထိုက်သောအခွန်များကို အပြည့်အဝစည်းကြပ်ကောက်ခံရရှိရေး၊ အခွန်ထမ်း ပြည်သူများမှရသင့်ရထိုက်သည့်အခွန်များကို လိုလားကြည်ဖြူစွာပေးဆောင်လာကြစေရေး၊ ပြည်သူ များမှ အခွန်ဆိုင်ရာကိစ္စရပ်များကို နားလည်သဘောပေါက်ပြီး ပူးပေါင်းဆောင်ရွက်လာစေရေးနှင့် အခွန်ထမ်းပြည်သူများအား အခွန်၏သဘောသဘာဝ၊ အခွန်ငွေများအသုံးပြုပုံ၊ အခွန်ဆိုင်ရာ ဥပဒေများ၊ နည်းဥပဒေများနှင့် အမိန့်၊ ညွှန်ကြားချက်များကို အလွယ်တကူသိရှိနိုင်ရေးအတွက် အခွန်ပညာပေးရေးလုပ်ငန်းများ စီမံချက်ကိုရေးဆွဲဆောင်ရွက်လျက်ရှိပါတယ်။ အခွန်ပညာပေးရေး လုပ်ငန်းစီမံချက်ကိုရေးဆွဲပြီး အကောင်အထည်ဖော်ဆောင်ရွက်လျက်ရှိရာမှာ တိုင်းဒေသကြီးနှင့် ပြည်နယ်များရှိ မြို့နယ်အသီးသီးမှာ အခွန်ပညာပေးဆွေးနွေးပွဲများကို ဘဏ္ဍာနှစ်တစ်နှစ်မှာ အနည်း ဆုံးနှစ်ကြိမ်၊ သုံးကြိမ်ကျင်းပခြင်း၊ အခွန်ထမ်းအမျိုးအစားကို အုပ်စုလိုက်ဖိတ်ကြား၍ ရှင်းလင်း ဆွေးနွေးခြင်း၊ ဌာနဆိုင်ရာများအားဖိတ်ကြား၍ ရှင်းလင်းဆွေးနွေးခြင်း၊ အခွန်ဆိုင်ရာပြုပြင်ပြောင်းလဲ မှုများ၊ ကင်းလွတ်ခွင့်၊ သက်သာခွင့်များကို နေ့စဉ်ထုတ်သတင်းစာများမှာ ထည့်သွင်းဖော်ပြခြင်းများကို ဆောင်ရွက်လျက်ရှိပါတယ်။ အဲ့ဒီလို အခွန်ပညာပေးဆွေးနွေးပွဲများကျင်းပရာမှာ အခွန်ထမ်းပြည်သူ များစိတ်ဝင်စားစေရန် Powerpoint များ၊ Vedio Clip များဖြင့် ကာတွန်းများပါထည့်သွင်းစေပြီး အောက်ပါအချက်များကို ထည့်သွင်းဖော်ပြဆွေးနွေးလျက်ရှိပါတယ်။ (က) တိုင်းပြည်ဖွံ့ဖြိုးတိုးတက် ရေးကိစ္စရပ်များဆောင်ရွက်ရာမှာ အခွန်အကောက်အရေးပါမှုနှင့် အခွန်အကောက်ဆိုင်ရာကောက်ခံ ခြင်း၏ ရည်ရွယ်ချက်၊ (ခ) အခွန်၏ အဓိပ္ပာယ်၊ အခွန်အခနှင့် အခွန်နှင့်အခကွဲပြားခြားနားမှု၊ အခွန် စတင်ပေါ်ပေါက်လာပုံနှင့် မြန်မာမင်းများလက်ထက်ကအခွန်ကောက်ခံမှုများ၊ မျက်မှောက်ခေတ်လွန် အခွန်ကောက်ခံမှုများအကြောင်း၊ (ဂ) မြန်မာနိုင်ငံ၏အခွန်စနစ်နှင့် ပြည်တွင်းအခွန်များဦးစီးဌာနမှ တာဝန်ယူကောက်ခံလျက်ရှိသော အခွန်အမျိုးအစားများ၊ (ဃ) လုပ်ငန်းအမျိုးအစားအလိုက် စည်းကြပ်ကောက်ခံဆောင်ရွက်ပုံ၊ (င) ထူးခြားစွာဆောင်ရွက်သော လုပ်ငန်းစီမံချက်များ၊ (စ) ဥပဒေ ပြင်ဆင်မှုများ၊ (ဆ) ထုတ်ပြန်ခဲ့သော အခွန်ဆိုင်ရာကင်းလွတ်ခွင့်နှင့် သက်သာခွင့်များ၊ (ဇ) အခွန်ထမ်း များလိုက်နာဆောင်ရွက်ရမည့် ဥပဒေပါပြဋ္ဌာန်းချက်များနှင့် အခွန်ထမ်း၏အခွင့်အရေး၊ (ဈ) အိမ်နီးချင်းနိုင်ငံများ၏ အခွန်ကောက်ခံမှုနှုန်းများနှင့် နှိုင်းယှဉ်ဆွေးနွေးပြောကြားခြင်းတို့ကို ဆောင်ရွက်ခဲ့ပါတယ်။ ဒါ့အပြင် အခွန်ဆိုင်ရာဥပဒေများ၊ နည်းဥပဒေများနှင့် အမိန့်၊ ညွှန်ကြားချက်များ၊ အခွန်ဆိုင်ရာပညာပေးဆောင်းပါးများကို ပြည်တွင်းအခွန်များဦးစီးဌာနက တစ်လကို နှစ်ကြိမ်ထုတ်ဝေ ပြီး အခွန်ထမ်းပြည်သူများကို ဖြန့်ဝေပေးလျက်ရှိတဲ့ Revenue ဂျာနယ်နှင့် ပြည်တွင်းအခွန်များ ဦးစီးဌာနက လွှင့်တင်ထားတဲ့ Website မှာလည်း အချိန်နှင့်တစ်ပြေးညီဖော်ပြပေးထားပါတယ်။ ပြည်တွင်းအခွန်များဦးစီးဌာနက ရုံးချုပ်မှာ အခွန်ထမ်းပြည်သူများသိလိုတဲ့ အခွန်ဆိုင်ရာကိစ္စများ အလွယ်တကူသိရှိနိုင်ရေးအတွက် စုံစမ်းမေးမြန်းနိုင်ရန် ဌာနစိတ်တစ်ခု သီးခြားဖွင့်လှစ်ပေးပြီး ဆောင်ရွက်လျက်ရှိတဲ့အပြင် မြို့နယ်ရုံးအသီးသီးမှာ ဖွင့်လှစ်ထားတဲ့ ပြည်သူ့ဆက်ဆံရေးဌာနစိတ် မှာလည်း အခွန်ထမ်းပြည်သူများ သိလိုတဲ့ကိစ္စ၊ အခွန်ကိစ္စရပ်များကိုအလွယ်တကူသိရှိနိုင်ပါတယ်။ ဒါကြောင့် နိုင်ငံသားတိုင်း အခွန်ပေးဆောင်ရန်အတွက် အခွန်ဆိုင်ရာဥပဒေများ၊ နည်းဥပဒေများ၊ အမိန့်၊ ညွှန်ကြားချက်များ အလွယ်တကူသိရှိနိုင်ရေးအတွက် ပြည်တွင်းအခွန်များဦးစီးဌာနက အခွန် ပညာပေးရေး လုပ်ငန်းစီမံချက်များကို ချမှတ်ဆောင်ရွက်လျက်ရှိကြောင်းနှင့် ဆက်လက်ဆောင်ရွက် သွားမှာဖြစ်ပါကြောင်း ရှင်းလင်းဖြေကြားထားပါသည် ။
