(ခ) (Jury) ဂျူရီလူကြီးများ ခန့်အပ်ဆောင်ရွက်ရန်နှင့် စပ်လျဉ်းသည့်မေးခွန်း

ပထမအကြိမ် ပြည်သူ့လွှတ်တော် တတိယပုံမှန်အစည်းအဝေး ဒသမနေ့မှတ်တမ်း ( ၈-၃-၂၀၁၂ )

 လေးစားရပါသော ပြည်သူ့လွှတ်တော် ဥက္ကဋ္ဌကြီးနှင့် ပြည်သူ့လွှတ်တော်ကိုယ်စားလှယ်များ၊ ဖိတ်ကြားထားသော အထူးဧည့်သည်တော်များ အားလုံး စိတ်၏ချမ်းသာခြင်း၊ ကိုယ်၏ကျန်းမာခြင်းနှင့် ပြည့်စုံကြပါစေလို့ ဦးစွာပထမဆုတောင်း မေတ္တာပို့သအပ်ပါတယ်။ ကျွန်တော်ကတော့ ရန်ကုန်တိုင်းဒေသကြီး၊ ကျောက်တံတားမဲဆန္ဒနယ်မှ ပြည်သူ့လွှတ်တော်ကိုယ်စားလှယ် ဦးစိုးဝင်းဖြစ်ပါတယ်။ ကျွန်တော့်အနေနဲ့ မေးမြန်းလိုတဲ့ မေးခွန်း ကတော့ ယခင်ကတရားရုံးများ၊ တရားလွှတ်တော်များ၊ စက်ရှင်တရားရုံးများတွင် တရားစီရင်ရေး လုပ်ငန်းများနှင့်ပတ်သက်ပြီး အမှုကြီးများကို ကြားနာစီရင်ရာ၌ ဂျူရီလူကြီးများကို ရွေးချယ်တာဝန် ပေးပြီး တရားစီရင်ရေးလုပ်ငန်းများ မှားယွင်းတိမ်းစောင်းမှုမရှိစေရေးအတွက် ဝိုင်းဝန်းကူညီအကြံပေး ဆောင်ရွက်လုပ်ကိုင်သည်‌့ပုံစံများ ရှိကြောင်းကိုသိရှိရပါတယ်။ ပြစ်မှုဆိုင်ရာကျင့်ထုံးဥပဒေတွင်လည်း ပုဒ်မ၂၆၇ မှ ပုဒ်မ ၃၃၂ အထိ ဂျူရီလူကြီးများနှင့်ပတ်သက်ပြီး ဥပဒေများပြဋ္ဌာန်းထားရှိပြီးဖြစ်ကြောင်း လည်းသိရှိရပါတယ်။ သို့ပါ၍ တရားရုံးများကို ပြည်သူတွေပိုမိုယုံကြည်အားကိုးလာစေရန် အတွက် ယခုတရားစီရင်ရေးလုပ်ငန်းများတွင်လည်း ဥပဒေနှင့်အညီအားလုံးပူးပေါင်းဆောင်ရွက်နေကြောင်း ပြည်သူများသိသာ မြင်သာစေရန်အတွက် ဥပဒေအရ သတ်မှတ်ထားသောရုံးများတွင် ကြားနာစစ်ဆေး ရာ၌ဂျူရီလူကြီးများကို ရွေးချယ်တာဝန်ပေးဆောင်ရွက်ရန် အစီအစဉ်ရှိ၊ မရှိသိရှိလိုပါသဖြင့် ပြန်လည် ဖြေကြားပေးနိုင်ပါရန် မေးမြန်းထားပါသည် ။

ဖြေကြားသူ
ဦးစိုးညွန် တရားသူကြီး
အဖြေ

 

 လေးစားအပ်ပါသော ပြည်သူ့လွှတ်တော်ဥက္ကဋ္ဌကြီးနှင့် ပြည်သူ့လွှတ်တော်ကိုယ်စားလှယ်များအားလုံး မင်္ဂလာပါလို့ နှုတ်ခွန်း ဆက်သအပ်ပါတယ်။  ကျွန်တော်ကတော့ ပြည်ထောင်စုတရားလွှတ်တော်ချုပ် တရားသူကြီး ဦးစိုးညွန့် ဖြစ်ပါတယ်။ ပြည်သူ့လွှတ်တော်ကိုယ်စားလှယ် ဦးစိုးဝင်းမေးမြန်းထားတဲ့ ကြယ်ပွင့်ပြမေးခွန်းနှင့် စပ်လျဉ်းပြီးဖြေကြားသွားမှာဖြစ်ပါတယ်။ ရန်ကုန်တိုင်းဒေသကြီး၊ ကျောက်တံတားမဲဆန္ဒနယ် ပြည်သူ့ လွှတ်တော်ကိုယ်စားလှယ် ဦးစိုးဝင်းက အမှုကြီးများကြားနာစီရင်ရာမှာ ယခင်က(Jury) ဂျူရီလူကြီး များခန့်အပ်တာဝန်ပေးပြီးတော့ တရားစီရင်ရေးလုပ်ငန်းများမှာ မှားယွင်းတိမ်းစောင်းမှုမရှိစေရေး အတွက် ဝိုင်းဝန်းကူညီဆောင်ရွက်တဲ့ပုံစံများရှိပြီးတော့ ပြစ်မှုဆိုင်ရာကျင့်ထုံးဥပဒေမှာလည်း (Jury) ဂျူရီလူကြီးများနှင့်ပတ်သက်ပြီးပြဋ္ဌာန်းချက်တွေရှိတာကို သိရှိရပါကြောင်း၊ သို့ပါ၍ယခုအခါမှာလည်း ဥပဒေအရသတ်မှတ်ထားသောအမှုများမှာ  ဂျူရီလူကြီးများ ခန့်အပ်ဆောင်ရွက်ရန် အစီအစဉ်ရှိ၊ မရှိ သိရှိလိုပါကြောင်းမေးမြန်းခဲ့ပါတယ်။ လေးစားအပ်ပါသော ပြည်သူ့လွှတ်တော်ဥက္ကဋ္ဌကြီးခင်ဗျား။ ယခင် တရားလွှတ်တော်နှင်‌့ စက်ရှင်တရားရုံးများက စစ်ဆေးစီရင်တဲ့ပြစ်မှုဆိုင်ရာအမှုများနှင့် ပတ်သက်ပြီးတော့ ဂျူရီနှင့် စစ်ဆေးစီရင်ခြင်းဆိုင်ရာကိစ္စရပ်များကို ပြစ်မှုဆိုင်ရာကျင့်ထုံးဥပဒေ အခန်း (၂၃)တွင် ပုဒ်မ ၂၆၇ မှ ပုဒ်မ ၃၃၅ အထိပြဋ္ဌာန်းထားပါတယ်။ ပြစ်မှုဆိုင်ရာကျင့်ထုံးဥပဒေ အခန်း(၂၃)ပါ ပြဋ္ဌာန်းချက်များအရ တရားလွှတ်တော်မှာ စစ်ဆေးစီရင်မှုများမှာ ဂျူရီတွင် ဦးရေ ၉ ဦး ပါဝင်ရမည်ဖြစ်ပြီး စက်ရှင်တရားရုံးမှာတော့ ဂျူရီနှင့် စစ်ဆေးစီရင်တဲ့အမှုများမှာ ဂျူရီဦးရေမှာ ၅ ဦးထက်မနည်း ၉ ဦးထက်မပိုသော အရေအတွက်ပါဝင်စေရမည်ဖြစ်ကြောင်းကို ပုဒ်မ ၂၇၄ မှာ ပြဋ္ဌာန်းထားပါတယ်။ တရားခံကို သေဒဏ်ထိုက်သင့်သည့်အမှုနှင့် စွဲချက်တင်ထားသည့်အမှုများ မှာတော့ ဂျူရီအရေအတွက်မှာ ၇ ဦး ထက်မနည်းပါဝင်စေရမှာဖြစ်တယ်လို့ ပြဋ္ဌာန်းချက်များ ရှိပါ တယ်။

    ပြစ်မှုဆိုင်ရာကျင့်ထုံးဥပဒေ ပုဒ်မ အခန်း (၂၃)ပါ တရားလွှတ်တော်နှင်‌့ စက်ရှင်တရားရုံးများမှာ စစ်ဆေးတဲ့အမှုများနှင့်စပ်လျဉ်းပြီးတော့ ဂျူရီနဲ့စစ်ဆေးစီရင်ရန် လုပ်ထုံးလုပ်နည်းများကို မြန်မာ နိုင်ငံမှာရှိတဲ့ တရားလွှတ်တော်နှင့် စက်ရှင်တရားရုံးများမှာ ၁၉၄၆ ခုနှစ်အထိကျင့်သုံးခဲ့တာကိုတွေ့ရှိ ရပါတယ်။ ဒါပေမယ့် ၁၉၄၆ ခုနှစ်မှာတော့ အထူးတရားသူကြီးများအက်ဥပဒေ (The Special Judges Act, 1946)ကို ပြဋ္ဌာန်းပြီးတော့ ယင်းဥပဒေပုဒ်မ ၉ အရ ခန့်အပ်သည့် စက်ရှင်တရားသူကြီး များနှင့် တွဲဖက်စက်ရှင်တရားသူကြီးများကို အထူးတရားသူကြီးများအဖြစ် ခန့်အပ်တာဝန်ပေးပြီးတော့ အမှုများကိုစစ်ဆေးစီရင်ခဲ့တဲ့အတွက် အထူးတရားသူကြီးများအဖြစ် စစ်ဆေးခဲ့ကြတဲ့အတွက် ဂျူရီနဲ့ စစ်ဆေးတဲ့စနစ်ကို ထိုအချိန်မှစပြီးတော့ ကျင့်သုံးခဲ့ခြင်းမရှိတော့ပါဘူး။ အလားတူပဲ တရားလွှတ်တော် မှာလည်း ဂျူရီစနစ်ဖြင့်စစ်ဆေးခြင်းမရှိတော့တာကိုတွေ့ရှိရပါတယ်။ ယခုအခါမှာ ပြည်ထောင်စု သမ္မတမြန်မာနိုင်ငံတော် ဖွဲ့စည်းပုံအခြေခံဥပဒေနှင့် ပြည်ထောင်စုတရားစီရင်ရေးဥပဒေများအရ ပြည်ထောင်စုတရားလွှတ်တော်ချုပ်မှာ တရားလွှတ်တော်ချုပ်တရားသူကြီးများကို ခန့်အပ်၍ လည်းကောင်း၊ တိုင်းဒေသကြီးတရားလွှတ်တော်၊ ပြည်နယ်တရားလွှတ်တော်တို့မှာ တရားလွှတ်တော် တရားသူကြီးများကိုခန့်အပ်၍လည်းကောင်း၊ ခရိုင်တရားရုံးများမှာလည်း ခရိုင်အဆင့်တရားသူကြီး များအားခန့်အပ်ပြီးတော့လည်းကောင်း၊ မြို့နယ်တရားရုံးမှာလည်း မြို့နယ်အဆင့်တရားသူကြီးများ ကိုခန့်အပ်ပြီးတော့လည်းကောင်း အမှုများကိုလွယ်ကူချောမွေ့စွာဖြင့် မှန်မှန်နှင့်မြန်မြန် စစ်ဆေးစီရင် လျက်ရှိပါတယ်။ ယခုအခါမှာ မြန်မာနိုင်ငံတစ်ဝန်းလုံးမှာရှိတဲ့ လူဦးရေဟာ ၁၉၄၆ ခုနှစ်ကထက် ထူထပ်များပြားလာပါတယ်။ ထိုနည်းတူ မှုခင်းများကလည်း ၁၉၄၆ ခုနှစ် အခြေအနေထက် အဆမတန် ပိုမိုများပြားလာတာကိုတွေ့ရှိရပါတယ်။ ဒီလိုအခြေအနေမှာ ပြစ်မှုတွေကို ပြစ်မှုဆိုင်ရာကျင့်ထုံးဥပဒေ အခန်း (၂၃) ပါ ပြဋ္ဌာန်းချက်များအရ ဂျူရီစနစ်ဖြင့်စစ်ဆေးလို့ရှိရင် အမှုရဲ့အကြောင်းခြင်းရာပေါ်မှာ ကောက်ယူဆုံးဖြတ်ရာမှာ အထောက်အကူပြုနိုင်ပေမယ့်လို့ဂျူရီများရွေးချယ်ခန့်ထားရာမှာ နှောင့်နှေး ကြန့်ကြာမှုရှိခြင်း၊ ရွေးချယ်ထားတဲ့ ဂျူရီများက အမှုမှာအစအဆုံးပါဝင်နိုင်မှုမရှိတဲ့ ကိစ္စရပ်တွေ ပေါ်ပေါက်လာတဲ့အခါတိုင်းမှာ ဂျူရီများကို အစားထိုးခန့်အပ်ပြီးတော့ အမှုကိုအစကနေပြန်လည် စစ်ဆေးနေရခြင်းကြောင့် အမှုကို မြန်ဆန်စွာစစ်ဆေးစီရင်နိုင်မှုကို အဟန့်အတားဖြစ်ပြီးတော့ အမှုတွေ ကြန့်ကြာနိုင်ခြင်း၊ ဂျူရီတွေအတွက် စရိတ်စက ကုန်ကျမှုများစွာရှိနိုင်ခြင်း၊ ပြစ်မှုဆိုင်ရာကျင့်ထုံးဥပဒေ ပုဒ်မ ၃၀၆ အရ တရားလွှတ်တော်မှာ ဂျူရီနှင့်စစ်ဆေးစီရင်မှုမှာ ဂျူရီရဲ့ဆုံးဖြတ်ချက်ကို သဘောမတူ လျှင် တရားသူကြီးက ဂျူရီကိုချက်ချင်းဖျက်သိမ်းနိုင်ခြင်း၊ စက်ရှင်တရားသူကြီးစီရင်မှုမှာ ဂျူရီရဲ့ ဆုံးဖြတ်ချက်ကို သဘောမတူပါက တရားလွှတ်တော်သို့ ပုဒ်မ ၃၀၈ အရ တင်ပို့ရခြင်းတို့ကြောင့် ဂျူရီစနစ်နှင်‌့စစ်ဆေး၍ ရရှိနိုင်တဲ့အကျိုးရလဒ်ကနည်းပါးပြီးတော့မှ ယင်းစနစ်ဖြင့်စစ်ဆေးပါက အမှု နှောင့်နှေးကြန့်ကြာမှု၊ စရိတ်အကုန်အကျများပြားမှု၊ အဆင်မပြေနိုင်မှုက ပိုမိုနိုင်ကြောင်းကိုသုံးသပ် တွေ့ရှိရပါတယ်။ ပြည်ထောင်စုတရားစီရင်ရေးဥပဒေအရ ခက်ခဲတဲ့ဥပဒေပြဿနာတွေ ပေါ်ပေါက် လာနိုင်တဲ့အမှုတွေ အများပြည်သူစိတ်ဝင်စားတဲ့ အရေးကြီးတဲ့အမှုတွေကို တရားသူကြီးတစ်ဦးတည်း က ရုံးထိုင်စစ်ဆေးခြင်းမပြုဘဲ တရားသူကြီးအများပါဝင်တဲ့ခုံရုံးကစစ်ဆေးပြီးတော့ တာဝန်ပေး စစ်ဆေးနိုင်ကြောင်းကို အခု ပြည်ထောင်စုတရားစီရင်ရေးဥပဒေမှာ ပြဋ္ဌာန်းထားတာနဲ့အညီ လက်တွေ့ မှာလည်း ဤပြဋ္ဌာန်းချက်အတိုင်း လိုက်နာကျင့်သုံးလျက်ရှိပါတယ်။ ပြည်ထောင်စုတရားလွှတ်တော် ချုပ်မှာ တရားသူကြီးတစ်ဦးထိုင်တဲ့ရုံး၊ တရားသူကြီးနှစ်ဦးထိုင်တဲ့ခုံရုံးနှင့် တရားသူကြီးသုံးဦးထိုင် အထူးအယူခံခုံရုံးတို့ဖွဲ့စည်းပြီးတော့ အမှုများကို စစ်ဆေးလျက်ရှိပါတယ်။ အရေးကြီးတဲ့အမှုများ မှာဆိုလို့ရှိ ရင် တရားသူကြီးအားလုံး ရုံးထိုင်တဲ့ စုံညီခုံရုံးနှင့် စစ်ဆေးနိုင်ခြင်းပဲဖြစ်ပါတယ်။

    လေးစားအပ်ပါသော ပြည်သူ့လွှတ်တော်ဥက္ကဋ္ဌကြီးခင်ဗျား။ ၁၉၄၆ ခုနှစ်ကစပြီးတော့ ယနေ့ အချိန်ထိအောင် ပြစ်မှုကြီးများကို ကြားနာတဲ့နေရာမှာ ဂျူရီလူကြီးများကို ခန့်အပ်တာဝန်ပေးပြီး စစ်ဆေးစီရင်မှုမရှိခဲ့သော်လည်းပဲ အရည်အသွေးနှင့်ပြည့်စုံရန် အကြိမ်ကြိမ်လေ့ကျင့် သင်တန်းပေး ထားပြီး လုပ်သက်အလျောက် အတွေ့အကြုံ၊ ဥပဒေဗဟုသုတများရင့်ကျက်တဲ့တရားသူကြီးများနှင့် စစ်ဆေးစီရင်စေတဲ့ လက်ရှိကျင့်သုံးလျက်ရှိတဲ့ တရားစီရင်ရေးစနစ်ဟာ ထိရောက်ပြီးတော့ အကျိုး ရှိတဲ့စနစ်ဖြစ်ကြောင်း မြန်မာနိုင်ငံတရားစီရင်ရေးသမိုင်းကြောင်းအရ တွေ့ရှိရပါသဖြင့် လက်ရှိအခြေ အနေမှာ ဂျူရီစနစ်ဖြင်‌့စစ်ဆေးရန် လိုမည်မဟုတ်ပါဟုယူဆပါတယ်။ သို့ဖြစ်ပါ၍ တရားစီရင်ရေး လုပ်ငန်းများမှာ ဂျူရီလူကြီးများ ခန့်အပ်ဆောင်ရွက်ရန် အစီအစဉ် မရှိသေးပါကြောင်း ဖြေကြားထားါသည် ။