(စ) တက္ကသိုလ်ပညာသင် ထောက်ပံ့ချီးမြှင့်ငွေများ တိုးမြှင့်ပေးရန်နှင့် တက္ကသိုလ်အသီးသီးတွင် ကိုယ်ပိုင် Website များ ထားရှိရန်နှင့် စပ်လျဉ်းသည့်မေးခွန်း

ပထမအကြိမ် ပြည်သူ့လွှတ်တော် တတိယပုံမှန်အစည်းအဝေး အဋ္ဌမနေ့ (၂၉-၂-၂၀၁၂ )

လေးစားအပ်ပါသော ပြည်သူ့လွှတ်တော်ဥက္ကဋ္ဌကြီးနှင့် ဖိတ်ကြားထားသော ဧည့်သည်တော်များ၊ ပြည်သူ့လွှတ်တော် ကိုယ်စားလှယ်တော်ကြီးများ ကိုယ်စိတ် နှစ်ဖြာကျန်းမာ၊ ချမ်းသာကြပါစေလို့ ဂါရဝပြု နှုတ်ခွန်းဆက်သ အပ်ပါတယ်။ ကျွန်တော်ကတော့ စစ်ကိုင်းတိုင်းဒေသကြီး၊ ဘုတလင်မဲဆန္ဒနယ် ပြည်သူ့လွှတ်တော်ကိုယ်စားလှယ် ဦးသန်းနွယ် ဖြစ်ပါတယ်။ ကျွန်တော့်အနေနဲ့ ကျောင်းသား၊ ကျောင်းသူများရဲ့ အကျိုးကို ရှေးရှုပြီး ဥက္ကဋ္ဌကြီးရဲ့ ခွင့်ပြုချက်အရ ဤလွှတ်တော်သို့ မေးခွန်း ၂ ခုကို မေးမြန်းတင်ပြသွားမှာ ဖြစ်ပါတယ်။ လေးစားအပ်ပါ သော ပြည်သူ့လွှတ်တော်ဥက္ကဋ္ဌကြီးခင်ဗျား။ ၁၉၉၃ ခုနှစ်၊ ဧပြီလမှ စပြီးတော့ တက္ကသိုလ်ပညာသင် ထောက်ပံ့ကြေးကို မြို့ပေါ်မှာနေတဲ့ ကျောင်းသားများအတွက် တစ်လ ၁၈၇ ကျပ် ၅၀ ပြား၊ နယ်တွင် နေထိုင်သော ကျောင်းသားအတွက် တစ်လ ၃၀၀ ကျပ်ထိ တိုးမြှင့်ချီးမြှင့်ပေးခဲ့ပါတယ်။ ထိုအချိန်မှ စပြီးတော့ ၂၀၁၁-၂၀၁၂ ခုနှစ် ပညာသင်နှစ်အထိ တက္ကသိုလ်ပညာသင်ထောက်ပံ့ကြေးများမှာ တိုးမြှင့်ပေးခြင်းမရှိတော့ဘဲ မြို့ပေါ်နေကျောင်းသားများမှာ ချီးမြှင့်ခံရလျှင် တစ်လ ၁၈၇ ကျပ် ၅၀ ပြား၊ တစ်နှစ်စာ ၂၂၅၀ ကျပ်ရရှိပြီးတော့ နယ်ကျောင်းသားတွေကတော့ တစ်လ ၃၀၀ ကျပ်ဖြင်‌့ တစ်နှစ်စာ ၃၆၀၀ ကျပ်ရရှိလျက်ရှိကြောင်း တွေ့ရှိရပါတယ်။ ယခုအခါ ၂၀၁၂-၂၀၁၃ ဘဏ္ဍာရေးနှစ်မှာ ပညာရေး ဝန်ကြီးဌာနအနေဖြင့် ဘတ်ဂျက်များ တိုးမြှင့်ရရှိသည့်အတွက် ပညာသင်ထောက်ပံ့ကြေးများ တိုးမြှင့်ထားရှိမည်ဟုလည်း မျှော်လင့်ယူဆမိပါတယ်။
လေးစားအပ်ပါသော ပြည်သူ့လွှတ်တော် ဥက္ကဋ္ဌကြီးခင်ဗျား။ တက္ကသိုလ်ကျောင်းလခမှာ ၁၉၉၉-၂၀၀၀ ပညာသင်နှစ်ထိ တစ်လမှာ ၁၅ ကျပ်ဖြစ်ပါတယ်။ ၂၀၀၀-၂၀၀၁ ပညာသင်နှစ်တွင် တစ်လမှာ ၃၅ ကျပ်ဖြစ်ပါတယ်။ ၂၀၀၁-၂၀၀၂ ပညာသင်နှစ်တွင် တစ်လ ၅၀၀ ကျပ်ထိ တိုးမြှင်‌့ခဲ့ပြီး ယခုအချိန်ထိ ၎င်းနှုန်းအတိုင်း ကောက်ခံလျက်ရှိပါတယ်။ ဒါကြောင့် ငွေကြေးချို့တဲ့ပြီး ပညာတော် သော ကျောင်းသားမှာ ပညာသင်ထောက်ပံ့ကြေး တစ်လ ၃၀၀ ကျပ်ရရှိပြီး မိဘက ပညာသင်စရိတ် အတော်အတန်ထောက်ပံ့နိုင်တဲ့ ကျောင်းသားကတော့ ကျောင်းလခ လွတ်ငြိမ်းခွင့် တစ်လ ၅၀၀ ကျပ် ရရှိနေသဖြင့် သဘာဝမကျကြောင်း တွေ့ရှိရပါတယ်။ ယခုအခါတွင် ပညာရေးဖောင်ဒေးရှင်းများက ပညာသင်ထောက်ပံ့ကြေး စီမံပေးရာတွင် တစ်လ ၂၅၀၀၀ ကျပ်မှ ၅၀၀၀၀ ကျပ်ထိ ချီးမြှင့် ပေးနေကြာင်း တွေ့ရှိရပါတယ်။ သို့ဖြစ်ပါ၍ ၂၀၁၂-၂၀၁၃ ပညာသင်နှစ် တက္ကသိုလ် ပညာသင် ထောက်ပံ့ကြေးများပေးရာတွင် ယနေ့ခေတ်ကာလနှင့်လျော်ညီစွာ ထောက်ပံ့ချီးမြှင့်ငွေများ တိုးမြှင့် ပေးရန် အစီအစဉ်ရှိ၊ မရှိ တိုးမြှင့်ပေးပါက ယခု ပညာသင်ထောက်ပံ့ကြေးခံစားနေရသော ကျောင်းသားကျောင်းသူများပါ တိုးမြှင့်ချီးမြှင့်သည့်နှုန်းထားအတိုင်း ခံစားခွင့် ရှိ၊ မရှိကို သိရှိ လိုပါ ကြောင်း ပထမမေးခွန်းအဖြစ် မေးမြန်းအပ်ပါတယ်။
ဒုတိယမေးခွန်းကတော့ ယခုအခါမှာ နိုင်ငံတော်အစိုးရသည် E-Government ဖြစ်အောင် ဆောင်ရွက်လျက်ရှိရာ မြန်မာ့တက္ကသိုလ်အသီးသီးတွင် ကိုယ်ပိုင် Website များ ထားရှိ၍ သက်ဆိုင်ရာ တက္ကသိုလ်ရဲ့ စီမံခန့်ခွဲရေး၊ သင်ကြားရေးနှင့် သုတေသနဆိုင်ရာ သတင်းအချက်အလက်များ တင်ပေး ထားခြင်းဖြင့် နိုင်ငံတကာတက္ကသိုလ်များမှ မြန်မာ့တက္ကသိုလ်များအကြောင်း လေ့လာနိုင်ခြင်း၊ အဆိုပါ တက္ကသိုလ်သို့ တက္ကသိုလ်ဝင်ခွင့်လျှောက်ထားမည့် ကျောင်းသားမိဘများသည် တက္ကသိုလ်အကြောင်း ကို ဝင်ရောက်ကြည့်ရှုလေ့လာနိုင်ပြီး မိမိ သားသမီးအတွက် လိုအပ်သည်များကို ဆောင်ရွက် ပေးနိုင်ခြင်း၊ တက္ကသိုလ်ကျောင်းသားများအနေဖြင့်လည်း မိမိနှစ်သက်ရာ ဘာသာရပ်ကို ရွေးချယ် သင်ယူနိုင်ခြင်း လျှောက်လွှာပုံစံများကို အလွယ်တကူ Down Load လုပ်ပြီး ရယူနိုင်ခြင်း စသည့် အခွင့်အလမ်းများ ရရှိလာမည် ဖြစ်ပါတယ်။ အဝေးသင်ကျောင်းသားများအနေဖြင့်လည်း ဘာသာရပ် ဆိုင်ရာ E-Book များကို လေ့လာဖတ်ရှုနိုင်ခြင်း၊ ကျောင်းဝင်ခွင့်များကို On Line မှ တစ်ဆင့် လျှောက်ထားခြင်းတို့ကို ပြုလုပ်နိုင်မည်ဖြစ်တဲ့အတွက် မြန်မာ့တက္ကသိုလ်အသီးသီးတွင် ကိုယ်ပိုင် Websiteများထားရှိရန် အစီအစဉ်ရှိ၊ မရှိနဲ့ အကယ်၍ ဆောင်ရွက်ပေးမည်ဆိုပါက မည်သည့် အချိန်တွင် စတင်ဆောင်ရွက်ပေးမည်ကို သိလိုပါကြောင်း မေးမြန်းထားပါသည် ။

 

ဖြေကြားသူ
ဒေါက်တာမြအေး ပြည်ထောင်စုဝန်ကြီး
ဖြေကြားသည့် ဝန်ကြီးဌာန
အဖြေ

လေးစားအပ်ပါသော ပြည်သူ့လွှတ်တော်ဥက္ကဋ္ဌကြီးနှင့် ပြည်သူ့လွှတ်တော်ကိုယ်စားလှယ်ကြီးများ ခင်ဗျား။ ကျွန်တော် ကတော့ ပညာရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒေါက်တာမြအေး ဖြစ်ပါတယ်။ အခု စစ်ကိုင်းတိုင်းဒေသကြီး၊ ဘုတလင်မဲဆန္ဒနယ်မှ ပြည်သူ့လွှတ်တော်ကိုယ်စားလှယ် ဦးသန်းနွယ်ရဲ့ ပညာရေး ကဏ္ဍဆိုင်ရာ မေးခွန်း ၂ ခုကို ‌ကျွန်တော် တစ်ဆက်တည်း ြဖေသွားပါ့မယ်။ ပထမမေးမြန်းချက်ကတော့ ၂၀၁၂-၂၀၁၃ ပညာသင်နှစ် တက္ကသိုလ်ပညာသင်ထောက်ပံ့ကြေးများ ပေးရာတွင် ယနေ့ခေတ်ကာလ နှင့် လျော်ညီစွာ ထောက်ပံ့ချီးမြှင့်ငွေများ တိုးမြှင့်ပေးရန် အစီအစဉ် ရှိ၊ မရှိ တိုးမြှင့်ပေးပါက ယခု ပညာသင်ထောက်ပံ့ကြေး ခံစားနေသော ကျောင်းသားကျောင်းသူများပါ ချီးမြှင့်သည့် နှုန်းထားအတိုင်း ခံစားခွင့် ရှိ၊ မရှိ ဆိုတဲ့ မေးခွန်း ဖြစ်ပါတယ်။ အဲဒီတော့ ကျွန်တော့်အနေနဲ့ဖြေကြားရမယ်ဆိုရင် ပထမဆုံးဖြေမှာကတော့ ပညာသင်ဆုပဲ အရင်ဖြေပါမယ် ခင်ဗျား။ အဲဒါကို ဖြေခွင့်ပြုပါခင်ဗျား။ နိုင်ငံတော်အတွက် အရည်အချင်းပြည့်ဝတဲ့ လူ့စွမ်းအား အရင်းအမြစ်များ လေ့ကျင့်မွေးထုတ် ပေးနိုင်ရန် တက္ကသိုလ် ပညာသင်ဆု (Scholar Ship) ချီးမြှင့်ပေးနိုင်ရေးအတွက် တက္ကသိုလ်စာမေးပွဲ တွင် တိုင်းဒေသကြီး/ ပြည်နယ်အလိုက် သိပ္ပံဘာသာတွဲ အုပ်စုတွင် ပထမရရှိသူ ၁၄ ဦးနှင့် ဝိဇ္ဇာဘာသာတွဲအုပ်စုတွင် ပထမရရှိသူ  ၁၄ ဦး၊ စုစုပေါင်း ၂၈ ဦးကို စိစစ်ရွေးချယ်၍ တက္ကသိုလ် ပညာသင်ဆုများကိုလည်းကောင်း၊ တစ်နိုင်ငံလုံး အတိုင်းအတာအရ တက္ကသိုလ်ဝင် စာမေးပွဲတွင် အဆင့် ၁ မှ ၁၀ အတွင်း ထူးချွန်စွာ အောင်မြင်ကြသည့် သိပ္ပံဘာသာတွဲမှ ကျောင်းသားကျောင်းသူ ၁၀ ဦးနှင့် ဝိဇ္ဇာဘာသာတွဲမှ ကျောင်းသားကျောင်းသူ ၁၀ ဦး၊ စုစုပေါင်း ၄၈ ဦးတို့ကို နိုင်ငံတော်၏ အစီအစဉ်ဖြင့် သီးခြားဂုဏ်ပြုဆုများကို လည်းကောင်း ချီးမြှင့်ပေးသွားမှာ ဖြစ်ပါတယ်။ ၂၀၁၂-၂၀၁၃ ပညာသင်နှစ်မှ စတင်၍ အဆင့်မြင့်ပညာအဆင့်တွင် တစ်နှစ်လျှင် ၁၀ လအတွက် ချီးမြှင့်သွားမည့် ပညာသင်ဆုများမှာ အောက်ပါအတိုင်းဖြစ်ပါတယ်-

(က)    တက်ရောက်ခွင့် ရရှိသည့် တက္ကသိုလ်အလိုက် ချီးမြှင့်မည့် ပညာသင်ဆုငွေဖြစ်ပါတယ်-
(၁)    ကျန်းမာရေးဝန်ကြီးဌာနရှိ ဆေးတက္ကသိုလ်သို့မဟုတ် သွားဘက်ဆိုင်ရာ      ဆေးတက္ကသိုလ်သို့ တက်ရောက်သူအတွက် လစဉ်ချီးမြှင့်ငွေ ကျပ် ၁၀၀၀၀၀၊
(၂)    ပို့ဆောင်ရေးဝန်ကြီးဌာနရှိ တက္ကသိုလ်/ကောလိပ်သို့ တက်ရောက်သူ အတွက် လစဉ်ချီးမြှင့်ငွေကျပ် ၈၀၀၀၀ ၊
(၃)    ဆေးတက္ကသိုလ်နှင့် သွားဘက်ဆိုင်ရာဆေးတက္ကသိုလ်မှအပ ကျန်းမာရေး  ဝန်ကြီးဌာနရှိ ကျန်တက္ကသိုလ်များ ၊ သိပ္ပံနှင့်နည်းပညာဝန်ကြီးဌာန၊  လယ်ယာ စိုက်ပျိုးရေးနှင့် ဆည်‌ြမောင်းဝန်ကြီးဌာန၊ ပတ်ဝန်းကျင်ထိန်းသိမ်းရေးနှင့် သစ်တောရေးရာဝန်ကြီးဌာန၊ မွေးမြူရေးနှင့်ရေလုပ်ငန်းဝန်ကြီးဌာနတို့ရှိ  တက္ကသိုလ်/ ဒီဂရီကောလိပ်များသို့ တက်ရောက်သူအတွက်  လစဉ်ချီးမြှင့်ငွေ ကျပ် ၇၀၀၀၀ ၊
(၄)    ကာကွယ်ရေးဝန်ကြီးဌာန၊ ပညာရေးဝန်ကြီးဌာန၊ နယ်စပ်ရေးရာဝန်ကြီး ဌာန၊ သမဝါယမဝန်ကြီးဌာန၊ ယဉ်ကျေးမှုဝန်ကြီးဌာန၊  ပြည်ထောင်စုရာထူးဝန်အဖွဲ့ တို့ရှိ တက္ကသိုလ်/  ဒီဂရီကောလိပ်များသို့  တက်ရောက်သူအတွက် လစဉ်ချီးမြှင့် ငွေ ကျပ် ၅၀၀၀၀၊
(ခ)    တက္ကသိုလ်ပညာသင်နှစ်စတင်ချိန်တွင်ကြိုတင်ပြင်ဆင်စရိတ်အဖြစ်တစ်ဦးလျှင် ငွေကျပ်
၁၀၀၀၀၀ စီ ချီးမြှင့်ရန်ဖြစ်ပါကြောင်း ရှင်းလင်းဖြေကြားအပ်ပါတယ်။
ပညာသင်ထောက်ပံ့ကြေးနဲ့ ပတ်သက်ပြီးတော့ ကျွန်တော့်အနေနဲ့ ပြောရမယ်ဆိုရင် ဒီ       ၂၀၁၂-၂၀၁၃မှစပြီးတော့ သူငယ်တန်းမှ တက္ကသိုလ်ဝင်တန်းအထိ ကျွန်တော်တို့ ပညာသင် ထောက်ပံ့ကြေးလုပ်ပါ့မယ်။ ကျွန်တော်တို့အစီအစဉ်ကတော့ ပထမဆုံး မိဘမဲ့တဲ့ ကလေးဖြစ်ပြီးတော့ စာလည်းအသင့်အတင့် ၆၀ ရာခိုင်နှုန်းလောက်အထိ ရတဲ့ကလေး သို့မဟုတ်ရင် အဖမဲ့ပြီး အမိ ရှိပြီးတော့ ၆၀ မှတ်လောက်ရတဲ့ကလေး၊ မိရောဖရောရှိပေမယ်လို့ သားသမီးများပြီး ဆင်းရဲတဲ့ ကလေးအတွက်လည်း ကျွန်တော်တို့က သူငယ်တန်းမှ တက္ကသိုလ်ဝင်တန်းအထိ လူပေါင်း ၁၁၀၀၀ ကို ထောက်ပံ့ကြေးပေးပါ့ မယ်။ နောက်တခါ စတုတ္ထတန်း Scholar Ship လည်းပေးပါ့မယ်။ စတုတ္ထတန်းမှ အဋ္ဌမတန်းထိ စုစုပေါင်း ၅ နှစ်ကိုပဲ ကျွန်တော်တို့က ၁၀၀၀၀ ဆီ ချီးမြှင့်ပါ့မယ်။ အဋ္ဌမတန်း ဆိုရင်လည်း ၉ တန်း၊ ၁၀ တန်းထိ ၁၅၀၀၀ ချီးမြှင့်ပါ့မယ်။ အဲဒီ ထောက်ပံ့ကြေးတွေကို တက္ကသိုလ် ရောက်သည်ထိ ကျွန်တော်တို့က ဆက်လက်ပြီးတော့ ချီးမြှင့်သွားမည်ဖြစ်ကြောင်း ‌ြဖေကြားအပ်ပါ တယ်ခင်ဗျား။
နောက်ဒုတိယမေးမြန်းချက်ကတော့ စစ်ကိုင်းတိုင်းဒေသကြီး၊ ဘုတလင်မဲဆန္ဒနယ် မှ ပြည်သူ့ လွှတ်တော်ကိုယ်စားလှယ် ဦးသန်းနွယ်ရဲ့ မေးခွန်းဖြစ်ပါတယ်။ မြန်မာ့တက္ကသိုလ်အသီးသီးတွင် ကိုယ်ပိုင် Websiteများ ထားရှိရန် အစီအစဉ်ရှိ၊ မရှိ နှင့် ဆောင်ရွက်ပေးမည်ဆိုပါက မည်သည့် အချိန်တွင် စတင်ဆောင်ရွက်ပေးမည်ကို သိရှိလိုပါကြောင်း ဖြစ်ပါတယ်။ ကျွန်တော်ဖြေကြားရမယ် ဆိုရင် ပညာရေးဝန်ကြီးဌာနရှိ တက္ကသိုလ်အသီးသီးတွင် ကိုယ်ပိုင် Website များထားရှိရန် လောလော ဆယ်အစီအစဉ်မရှိသေးသော်လည်း တက္ကသိုလ်/ဒီဂရီကောလိပ်များအားလုံးတွင် အင်တာနက်၊ အီးမေးလ်တို့ကို အသုံးပြုလျက်ရှိပါကြောင်း ရှင်းလင်းဖြေကြားထားပါသည် ။