လေးစားရပါသော ပြည်သူ့လွှတ်တော်ဥက္ကဋ္ဌကြီးနှင့် ဖိတ်ကြားထားသော ပြည်ထောင်စုဝန်ကြီးများ၊ ပြည်သူ့လွှတ်တော်ကိုယ်စားလှယ်များနှင့် အထူးဖိတ် ကြားထားသော ဧည့်သည်တော်များအားလုံးကို မင်္ဂလာပါလို့ နှုတ်ခွန်းဆက်သပါတယ်။ ကျွန်တော် ကတော့ နောင်မွန်းမဲဆန္ဒနယ်မှ ပြည်သူ့လွှတ်တော်ကိုယ်စားလှယ် ဦးဂျီဖုန်ဆားရ် ဖြစ်ပါတယ်။ ဥက္ကဋ္ဌကြီးခင်ဗျား။ နောင်မွန်းမြို့နယ်ဟာ ကချင်ပြည်နယ်ရဲ့ မြောက်ဘက်စွန်းမှာတည်ရှိပြီးတော့ လမ်း ပန်းဆက်သွယ်ရေးလည်းပဲ ခက်ခဲနေသေးတဲ့ မြို့နယ်ဖြစ်ပါတယ်။ ဒါပေမယ့်လို့ ၂၀၀၉-၂၀၁၀ မှာ မြန်မာ့ဆက်သွယ်ရေးလုပ်ငန်းများနဲ့ မိုဘိုင်းဆက်သွယ်ရေးစနစ်တပ်ဆင်ထားပေးခဲ့တဲ့အတွက်ကြောင့် ဆက်သွယ်ရေးလုပ်ငန်းမှာ များစွာပဲ အဆင်ပြေလာခဲ့ပါတယ်။ နောင်မွန်းမြို့နယ်မှ ပန်နန်းဒင်မြို့နယ်ခွဲ၊ ခေါင်လန်ဖူးမြို့နယ်၊ နောင်မွန်းမြို့နယ် မြို့နယ် ၃ မြို့နယ်ရဲ့ နိုင်ငံ့ဝန်ထမ်းများရဲ့ လစာနှင့်စရိတ်ကို ထုတ်ပေးနိုင်တဲ့ဘဏ်၊ မြန်မာ့စီးပွားရေးဘဏ်ရှိပါတယ်။ ငွေတိုက်လည်းပဲရှိပါတယ်။ ဒါပေမယ့်လို့ ငွေလွှဲငွေပို့ကိစ္စများကို ဆောင်ရွက်တဲ့နေရာမှာ အမြန်ချောစာပို့တဲ့လုပ်ငန်းပုံစံနဲ့ပဲ သွားနေကြတဲ့ အတွက်ကြောင့် မလိုလားအပ်ဘဲ နှောင့်နှေးကြန့်ကြာမှုများအများကြီးရှိပါတယ်။ ဒါကြောင့် နောင်မွန်း မြို့နယ်မှာ မိုဘိုင်းဆက်သွယ်ရေးစနစ်လည်းပဲရှိနေပြီဖြစ်တဲ့အတွက်ကြောင့် နောင်မွန်းမြို့နယ်မှာရှိတဲ့ မြန်မာ့စီးပွားရေးဘဏ်မှ Fax နဲ့ အမြန်ငွေပို့ငွေလွှဲစနစ်ထားရှိပေးရန် သက်ဆိုင်ရာမှ အစီအစဉ် ရှိ၊ မရှိ ဆိုတာကို သိရှိလိုပါ၍ လေးစားစွာမေးမြန်းထားပါသည် ။
လေးစားအပ်ပါသော ပြည်သူ့လွှတ်တော်ဥက္ကဋ္ဌကြီးနှင့် ပြည်သူ့လွှတ်တော်ကိုယ်စားလှယ်များခင်ဗျား။ နောင်မွန်းမဲဆန္ဒနယ်မှ ပြည်သူ့လွှတ်တော်ကိုယ်စားလှယ် ဦးဂျီဖုန်ဆားရ်ရဲ့ နောင်မွန်းမြို့နယ်မှာ Fax ဖြင့် အမြန်ငွေပို့ငွေလွှဲ စနစ်ထားရှိပေးရန် အစီအစဉ် ရှိ၊ မရှိသိလိုကြောင်း မေးမြန်းချက်ကို ကျွန်တော့်အနေနဲ့ရှင်းလင်း ဖြေကြားသွားမှာဖြစ်ပါတယ်။ ဘဏ္ဍာရေးနှင့်အခွန်ဝန်ကြီးဌာနအနေနဲ့ နိုင်ငံတော်အတွင်းအစိုးရ ဌာနများ၊ အဖွဲ့အစည်းများ၊ ပြည်သူများရဲ့ ငွေကြေးဝန်ဆောင်မှုလုပ်ငန်းများကို ဆောင်ရွက်ပေးရန် နိုင်ငံတော်အစိုးရပိုင်ဘဏ်တစ်ခုဖြစ်တဲ့ မြန်မာ့စီးပွားရေးဘဏ်ကို တစ်နိုင်ငံလုံးမှာ ဖြန့်ကျက်ပြီး ငွေကြေးဝန်ဆောင်မှုလုပ်ငန်းများကို ဆောင်ရွက်ပေးလျက်ရှိပါတယ်။ မြန်မာ့စီးပွားရေးဘဏ်အနေနဲ့ မိမိမှာရှိတဲ့ ဝန်ထမ်းအင်အားအခြေအနေ၊ နယ်မြေဒေသအခြေအနေနဲ့လူဦးရေ၊ ဒေသရဲ့အစိုးရဌာန အဖွဲ့တည်ရှိမှု၊ အခြေခံအဆောက်အအုံများအခြေအနေ၊ နယ်မြေဒေသလုံခြုံမှု၊ လမ်းပန်း ဆက်သွယ်ရေးကောင်းမွန်မှု၊ စီးပွားရေးအလားအလာစတဲ့ အခြေအနေအရပ်ရပ်ကို အသေးစိတ် တွက်ချက်ပြီး နယ်မြေဒေသနဲ့ လျော်ညီတဲ့ မြန်မာ့စီးပွားရေးဘဏ်များကို ဖွင့်လှစ်ပေးလျက်ရှိပါတယ်။ ဒီလို ဖွင့်လှစ်တဲ့နေရာမှာ နယ်မြေဒေသဖွံ့ဖြိုးရေးကို အဓိကထားစဉ်းစားတာဖြစ်ပြီး အမြတ်အစွန်း ရရှိရေးကို အဓိကထားစဉ်းစား ဖွင့်လှစ်ခြင်းမဟုတ်ပါဘူး။ မြန်မာ့စီးပွားရေးဘဏ်မှာ စီမံအုပ်ချုပ်ရေး အတွက် ရုံးချုပ်အပါအဝင် ဌာနကြီး ၆ ခု၊ တိုင်းဒေသကြီး/ပြည်နယ်ရုံး ၁၄ ရုံး၊ ပြည်သူနဲ့ထိတွေ့ပြီး ဝန်ဆောင်မှုပေးဖို့အတွက် ခရိုင်ဘဏ်ခွဲအဆင့် ၇၄ ဘဏ်၊ မြို့နယ်ဘဏ်ခွဲ ၂၀၃ ဘဏ်၊ ဘဏ် ငွေတိုက်ခွဲ အဆင့် ၁၉ ဘဏ်နဲ့ ငွေစုဘဏ်ရုံးခွဲ ၁၀ ရုံး၊ စုစုပေါင်း ၃၂၆ ခုနဲ့ ငွေကြေးဝန်ဆောင်မှုများ ပေးလျက်ရှိပါတယ်။ နယ်မြေဒေသအခြေအနေ၊ လုံခြုံရေးအခြေအနေ၊ လမ်းပန်းဆက်သွယ်ရေး အခြေအနေနဲ့ လုပ်ငန်းပမာဏတို့ကို အြခေခံပြီး နယ်မြေနှင့်ဒေသ၊ တိုင်းဒေသကြီးနှင့်ပြည်နယ်များမှာ ဘဏ်ငွေတိုက်ခွဲ ၁၉ ခု ဖွင့်လှစ်ထားတဲ့အနက် နောင်မွန်းဘဏ်ငွေတိုက်ခွဲဟာလည်း တစ်ခုအပါအဝင် ဖြစ်ပါတယ်။ ဘဏ်ငွေတိုက်ခွဲများကို အုပ်စု (က) နှင့် (ခ) ဆိုပြီး ၂ မျိုးခွဲထားပါတယ်။ နောင်မွန်း ဘဏ်ငွေတိုက်ခွဲဟာ အုပ်စု(ခ)မှာပါဝင်ပါတယ်။ ဒီလိုအုပ်စုခွဲထားရတဲ့အကြောင်းအရင်းဟာ ငွေကြေး သယ်ယူပို့ဆောင်ရာမှာ နယ်မြေဒေသ လုံခြုံရေးအခြေအနေ တစ်ကြိမ်လျှင် ဘဏ္ဍာငွေသယ်ယူ ပို့ဆောင်မှု ပမာဏနှင့် ငွေတိုက်အတွင်း ဘဏ္ဍာငွေများထားရှိပိုင်ခွင့်ပမာဏတို့အပေါ်မှာ မူတည်ပြီး ခွဲခြားသတ်မှတ်ခြင်းဖြစ်ပါတယ်။ (က) အုပ်စုဝင် ငွေတိုက်များသို့ အများပြည်သူက လွှဲပို့ငွေ တစ်ကြိမ်လျှင် ၂ သိန်းအထိ လွှဲပို့ခွင့်ပြုထားပြီး (ခ) အုပ်စုဝင်ငွေတိုက်များကိုတော့ လွှဲပို့လျှင် တစ်ကြိမ်လျှင် ၁ သိန်းအထိသာ ခွင့်ပြုထားပါတယ်။ မြန်မာ့စီးပွားရေးဘဏ်အနေနဲ့ ငွေတိုက်ခွဲများမှာ ငွေစုဘဏ်အပ်ငွေများဆောင်ရွက်ပေးခြင်း၊ အစိုးရဌာနဆိုင်ရာစာရင်းများ ထိန်းသိမ်းဆောင်ရွက်ခြင်း၊ အငြိမ်းစားလစာများထုတ်ပေးခြင်းနှင့် ငွေလွှဲလုပ်ငန်းများကိုဆောင်ရွက်ပေးခြင်းတို့ လုပ်ဆောင် ပေးရပါတယ်။ ငွေလွှဲလုပ်ငန်းမှာ Fax ဖြင့်ငွေလွှဲခြင်း၊ ကြေးနန်းဖြင့်ငွေလွှဲခြင်း၊ ငွေလွှဲလက်မှတ်ဖြင့် ငွေလွှဲခြင်း ၃ မျိုးနဲ့ ငွေတိုက်ခွဲများမှာ ငွေလွှဲလက်မှတ် တစ်ခုတည်းနဲ့သာ ငွေလွှဲလုပ်ငန်းကို ဆောင်ရွက်ပေးလျက်ရှိပါတယ်။ ငွေလွှဲလက်မှတ်ငွေလွှဲပေးမှုမှာ (ခ)အဆင့်ငွေတိုက်ခွဲများအတွက် တစ်ကြိမ်လျှင် ၁ သိန်းအထိ ကန့်သတ်ခွင့်ပြုထားပါတယ်။ နောင်မွန်းမြို့နယ်မှ ပြည်သူ့လွှတ်တော် ကိုယ်စားလှယ်ကြီးက နောင်မွန်းမြို့နယ်မှ Fax ဖြင့်အမြန်ငွေပို့စနစ်ထားရှိရန် အစီအစဉ်နဲ့ ပတ်သက်ပြီးမေးမြန်းချက်အရ နောင်မွန်းမြို့နယ်မှာ ၂၀၁၀ ပြည့်နှစ်မှစပြီး မြန်မာ့ဆက်သွယ်ရေး လုပ်ငန်းမှ မိုဘိုင်းဖုန်းစနစ်တပ်ဆင်ပေးခဲ့ပြီးဖြစ်တဲ့အတွက်ကြောင့် ဆက်သွယ်ရေးမှာ ယခင်က ထက်များစွာ အဆင်ပြေလာကြောင်း သိရှိရပါတယ်။ Fax ဖြင့် ငွေလွှဲလုပ်ငန်း ဆောင်ရွက်ရန် အတွက်လည်း မြန်မာ့ဆက်သွယ်ရေးလုပ်ငန်းနဲ့ ညှိနှိုင်းဆောင်ရွက်ထားပြီးဖြစ်ပါတယ်။ နောင်မွန်း ငွေတိုက်ခွဲမှာ မြန်မာ့စီးပွားရေးဘဏ်က CDMA မိုဘိုင်းဖုန်းတစ်လုံး တပ်ဆင်ထားပေးပြီးဖြစ်ပါတယ်။ ဒါကြောင့်မို့လို့ ငွေလွှဲပို့ခြင်း၊ လက်ခံခြင်းတို့ကို Fax စနစ်ဖြင့် ဆောင်ရွက်ပေးသွားဖို့ စီစဉ်ထားပြီး ဖြစ်ပါတယ်။ ဒါကြောင့် နောင်မွန်းဒေသတစ်ဝိုက်မှ ဒေသခံပြည်သူများဟာ တခြားမြို့ကြီးများကို သွားရောက်ပညာသင်ကြားနေသော မိမိတို့ရဲ့သားသမီးများထံ ငွေလွှဲပေးပို့နိုင်ခြင်း၊ အခြားသော လူမှုရေး၊ စီးပွားရေးလုပ်ငန်းများအတွက် အခြားမြို့များသို့ ငွေလွှဲပေးပို့ခြင်းတို့ကို လျင်မြန်လွယ်ကူစွာ ဆောင်ရွက်နိုင်တော့မှာဖြစ်ပါတယ်။ ဒီလို Fax ဖြင့် ငွေလွှဲခြင်းကို စီမံဆောင်ရွက် ပေးသွားမှာဖြစ်တဲ့ နောင်မွန်းငွေတိုက်ခွဲရဲ့ လက်ရှိအခြေအနေအရ ငွေကြေးလက်ကျန်ထားရှိခွင့်နှင့် ဘဏ္ဍာငွေ သယ်ဆောင်ခြင်းတို့အပေါ်မူတည်ပြီးတော့မှ နောင်မွန်းဘဏ်ခွဲငွေတိုက်ကနေပြီးတော့ အခြားမြန်မာ့ စီးပွားရေးဘဏ်ခွဲများသို့ Fax ဖြင့်ငွေလွှဲပေးပို့မှုကိုသာ အကန့်အသတ်မရှိ လွှဲပို့နိုင်မှာဖြစ်ပြီး နောင်မွန်းဘဏ်ခွဲသို့ ငွေပေးပို့တဲ့နေရာမှာတော့ ယခင်အတိုင်း တစ်ကြိမ်လျှင် ၁ သိန်းအထိ ကန့်သတ် ဆောင်ရွက်ပေးနေဆဲဖြစ်ပါတယ်။ ဒါလည်းပဲ နောက်တစ်ချိန်မှာ ထပ်မံပြီးတော့ ငွေကြေးလက်ကျန်ကို ဖြည့်တင်းဆောင်ရွက်ပေးနိုင်တဲ့အပေါ်မှာ မူတည်ပြီးတော့ တိုးမြှင့်ဆောင်ရွက်နိုင်ဖို့ စီစဉ်ထားပါတယ်။ သို့အတွက်ကြောင့် ငွေကြေးသေတ္တာလက်ကျန် ကန့်သတ်ထားရှိမှုကို တိုးမြှင့်ပြီးတဲ့နောက်ပိုင်းမှာ ငွေကြေးဘဏ်ဝန်ဆောင်မှုလုပ်ငန်းများ တစ်ဆင့်ထက်တစ်ဆင့်တိုးမြှင့်ပြီး နောင်မွန်းဘဏ် ငွေတိုက်ခွဲ ရဲ့ ငွေလွှဲလုပ်ငန်းများကို တိုးချဲ့ဆောင်ရွက်ပေးသွားမှာဖြစ်ကြောင်း ပြန်လည် ရှင်းလင်းဖြေကြားထားပါသည် ။
