လေးစားအပ်ပါသော ပြည်သူ့လွှတ်တော်ဥက္ကဋ္ဌကြီးနှင့် ပြည်သူ့လွှတ်တော်ကိုယ်စားလှယ်များ၊ ဖိတ်ကြားပြီးတက်ရောက်လာကြတဲ့ ဧည့်သည်တော်များ အားလုံးမင်္ဂလာပါလို့နှုတ်ခွန်းဆက်သအပ်ပါတယ်။ ကျွန်တော်ကတော့ စစ်ကိုင်းတိုင်းဒေသကြီး၊ မြောင် မဲဆန္ဒနယ်မှ ပြည်သူ့လွှတ်တော်ကိုယ်စားလှယ် ဦးအုန်းငွေဖြစ်ပါတယ်။ ကျွန်တော့်အနေနဲ့ မြို့နယ် အတွင်းမှာရင်ဆိုင်နေရတဲ့ မြေနုကျွန်းပြဿနာကို မေးမြန်းသွားမှာ ဖြစ်ပါတယ်။ ဥက္ကဋ္ဌကြီးရဲ့ မိန့်ကြားချက်အရ တိုတိုမေးရမှာဖြစ်ပေမယ့် ကျွန်တော်မေးမယ့် မြေနုကျွန်းပြဿနာဟာ ဒေသတိုင်းမှာ ဖြစ်ပေါ်နေတဲ့အနေအထားတင်မကဘဲနဲ့ လောလောဆယ်ပြည်ထောင်စုလွှတ်တော်မှာ အတည်ပြုဖို့ ရေးဆွဲနေတဲ့ မြေယာဥပဒေမှာလည်း ဒီလိုကိစ္စမျိုးကို ထည့်သွင်းစဉ်းစားနိုင်အောင် ကျွန်တော် အနည်းငယ်တင်ပြလိုပါတယ်။ ကျွန်တော်တို့ မြောင်မြို့နယ်ဟာ ဧရာဝတီမြစ်နှင့် ချင်းတွင်းမြစ် နှစ်သွယ်ကြားမှာရှိတာဆိုတော့ မြစ်ကမ်းနဖူးမှာရှိတဲ့ ကျေးရွာအားလုံးဟာမြေနုကျွန်းပြဿနာနဲ့ တစ်နည်းမဟုတ်တစ်နည်း ရင်ဆိုင်နေရတာရှိပါတယ်။ တစ်ခါပြန်ကြည့်ရင်လည်း တိုင်းသုံးတိုင်း ဆုံရာဖြစ်တဲ့ တစ်ချိန်ကလေးကိုင်းကွေ့လို့ခေါ်တဲ့ မန္တလေး၊ စစ်ကိုင်း၊ မကွေးတိုင်းသုံးတိုင်းဆုံတဲ့ အဆုံမှာလည်း ကျွန်တော်တို့မြို့နယ်က တည်ရှိနေတာဖြစ်ပါတယ်။ ဒီဘက်မှာ ဧရာဝတီဘက်မှာဖြစ်ရင် မန္တလေးတိုင်းနဲ့ဖြစ်၊ ချင်းတွင်းဘက်မှာဖြစ်ရင် မကွေးတိုင်းနဲ့ဖြစ် အဲ့ဒီတော့ ဖြစ်လာတဲ့ ပြဿနာ အပေါ်မှာ ခေတ်အဆက်ဆက်ကတော့ သူ့နည်းသူ့ဟန်၊ ညွှန်ကြားချက်၊ လုပ်ထုံးလုပ်နည်းတွေနဲ့ ဖြေရှင်းခဲ့ကြတာဖြစ်ပါတယ်။ ဒါပေမယ့်လို့ ၂၀၀၇ ခုနှစ်ရောက်တဲ့အခါမှာပေါ်တဲ့ ပြဿနာက ကျွန်တော်တို့ မြောင်မြို့နယ်နှင့် ငါန်းဇွန်မြို့နယ်ဟာ တစ်ချိန်ကတစ်တိုင်းတည်းမှာရှိတုန်းကတော့ စီမံခန့်ခွဲမှုတစ်ခုတည်းအောက်၊ အုပ်ချုပ်မှုတစ်ခုတည်းအောက်မှာပြေလည်ခဲ့ကြပေမယ့် ၂၀၀၇ ခုနှစ် ရောက်တဲ့အခါမှာ ငါန်းဇွန်က မန္တလေးတိုင်းအောက်ရောက်သွားပြီး မြေနုကျွန်းပြဿနာစဖြစ်တာ ဖြစ်ပါတယ်။ အဲ့တော့ ဖြစ်ရပ်အခြေအနေအပြည့်အစုံကိုလည်း ကျွန်တော်တို့ လယ်ယာစိုက်ပျိုးရေး နှင့်ဆည်ြမောင်းဝန်ကြီးဌာန ဝန်ကြီးထံ မြေပုံ၊ မြေညွှန်း၊ မြေပုံညွှန်း၊ စာညွှန်း၊ ဓာတ်ပုံများနှင့်တကွ မှတ်တမ်းမှတ်ရာအပြည့်အစုံစာဖြင့် တင်ပြခဲ့ပြီးလည်းဖြစ်ပါတယ်။ အဲ့ဒီဖြစ်ခဲ့တဲ့ ပြဿနာမှာ နှစ်ဖက် တောင်သူများထိန်းသိမ်းမရဖြစ်ပြီးတော့ တိုင်းအဆင့်ကနေဆင်းပြီး လုံခြုံရေးတွေချပြီး အဓိကရုန်း ဆန်ဆန်ဖြစ်လို့ ထိန်းခဲ့ရတဲ့အနေအထားမှာ အဆုံးအဖြတ်ပေးဖို့ကိစ္စကျတော့ တိုင်းနှစ်တိုင်း ခြားနေတာဆိုတော့ ဗဟိုအဆင့်ကပဲ အဆုံးအဖြတ်ပေးမှရမှာ ဖြစ်ပါတယ်။ ဆုံးဖြတ်တဲ့အခါမှာလည်း ယခင်ကဆုံးဖြတ်ခဲ့ကြတာက မြေနုကျွန်းဆိုရင်ဖြတ်တန်း၊ တစ်နည်းပြောရင် မျှော်မှန်းလမ်းကြောင်း၊ အမာခံဘယ်သစ်ပင်နှင့် ဘယ်သစ်ပင်၊ ဘယ်ဘုရားနှင့် ဘယ်ဘုရား၊ ဒါမျှော်မှန်းလမ်းကြောင်း ချပြီးတော့ မြေကိုခွဲခဲ့ကြတာဖြစ်ပေမယ်လို့ အခု ၂၀၀၇ ခုနှစ်မှာ ပေါ်ခဲ့တဲ့ပြဿနာကျတော့ ဗဟိုထိ တက်သွားပြီး မြေစာရင်းဦးစီးဌာန ညွှန်ကြားရေးမှူးချုပ်ကိုယ်တိုင်ဆင်းပြီး တိုင်းနယ်ခြား နယ်နိမိတ် အတိုင်းခွဲရမယ်ဆိုပြီး ဆင်းလာပါတယ်။ ဆင်းလာလို့ နှစ်ဖက်တောင်သူများဟာ လူကြီးတွေဆုံးဖြတ်တဲ့ အတိုင်းလက်ခံမယ်ဆိုပြီး နေလိုက်တဲ့အခါမှာ ကျီကုန်းနဲ့ ဖြစ်တဲ့နေရာကိုပဲ တိုင်းနယ်ခြားလုပ်သွား ပြီးတော့ တစ်ဖက်က ငမြာကြီးနဲ့ ဖြစ်တဲ့နေရာကျတော့ တိုင်းနယ်ခြား မဟုတ်ဘူး။ အရင်တုန်းက ၂၀၀၇ ခုနှစ်တုန်းကဖြတ်တန်းအတိုင်း လုပ်ဆိုပြီးတော့ နှစ်နည်းဖြတ်သွားတဲ့ အခါ ကျွန်တော်တို့ မြောင်မြို့နယ်က ရွှေပေါက်ပင်ကျေးရွာက တောင်သူတွေဟာ တိုင်းနယ်ခြားနဲ့ ဖြတ်လိုက်တော့ ဧက ၂၀၀ ကျော်လောက်နစ်နာခဲ့ပါတယ်။ တစ်ဖက်က ငမြာကြီးဘက်မှာ တိုင်းနယ်ခြားနဲ့ ဆက်ဖြတ်ရင် ဧက ၁၃၀ လောက်ပြန်ရနိုင်သေးပေမယ့်။ အဲ့ဒီဘက်ကျတော့ အရင်ဖြတ်ထားတဲ့ ၂၀၀၇ ခုနှစ်ကဖြတ်တန်း အတိုင်းလုပ်ပါဆိုတော့ ကျွန်တော်တို့ဆီက ‘‘မိအေး နှစ်ခါနာ’’ ဖြစ်ခဲ့ရပါတယ်။ အဲ့တော့ ဒီအပေါ်မှာ နောက်တဖန် ထပ်ပြီးတော့အဓိကရုန်းမဖြစ်အောင် တောင်သူတွေကို ကျွန်တော်တို့ လူကြီးတွေကို တင်ပြထားပါတယ်။ စိတ်ရှည်ရှည်သည်းခံကြပါ။ နှစ်ဖက်လုံးကိုလည်း အကုန်လုံးညှိနှိုင်းနေပါတယ်။ ဒီလိုထိန်းခဲ့ရတာ ဒီနေ့အထိဖြစ်ပါတယ်။ ဒီလိုကိစ္စမျိုးကို နောက်နောင်မဖြစ်အောင် ကျွန်တော်တို့က မူတစ်ခုနဲ့ တိတိကျကျ သတ်မှတ်ပြဋ္ဌာန်း ပေးမှသာ တောင်သူတွေကို စည်းကမ်းတကျထိန်းသိမ်းနိုင်မှာ ဖြစ်တဲ့အတွက် ကျွန်တော် ဒီမေးခွန်းကို မေးရခြင်းဖြစ်ပါတယ်။ ဥက္ကဋ္ဌကြီးခင်ဗျား။ ပြည်ထောင်စု လွှတ်တော်ကနေပြီးတော့ မြေယာဥပဒေသစ် ပြဋ္ဌာန်းအတည်မပြုနိုင်သေးမီကာလအတွင်းမှာ တည်ဆဲ ဥပဒေ၊ နည်းဥပဒေ၊ လုပ်ထုံးလုပ်နည်း၊ အမိန့်၊ ညွှန်ကြားချက်များနှင့်အညီ အဆိုပါ မြေနုကျွန်း ပြဿနာကို တိကျပြတ်သားတဲ့ ဆုံးဖြတ်ချက် ချမှတ်ပေးနိုင်ပါရန် သက်ဆိုင်ရာကအစီအစဉ်ရှိ၊ မရှိ သိလိုပါကြောင်းနှင့် အစီအစဉ်ရှိပါက ဘယ်လိုဆောင်ရွက်ပေးမယ်ဆိုတာကို သိရှိလိုပါကြောင်း ဒေသခံမဲဆန္ဒရှင် တောင်သူလယ်သမားများရဲ့ ကိုယ်စားမေးမြန်းထားပါသည် ။
လေးစား အပ်ပါသော ပြည်သူ့လွှတ်တော်ဥက္ကဋ္ဌကြီးနှင့် ပြည်သူ့လွှတ်တော်ကိုယ်စားလှယ်များခင်ဗျား။ စစ်ကိုင်းတိုင်းဒေသကြီး၊ မြောင်မဲဆန္ဒနယ်မှ ပြည်သူ့လွှတ်တော်ကိုယ်စားလှယ် ဦးအုန်းငွေရဲ့မေးခွန်းကို ကျွန်တော်ကပဲ ဖြေကြားသွားမှာ ဖြစ်ပါတယ်ခင်ဗျား။ စစ်ကိုင်းတိုင်းဒေသကြီး၊ မြောင်မြို့နယ်၊ ရွှေပေါက်ပင်ကျေးရွာနှင့် မန္တလေးတိုင်းဒေသကြီး၊ ငါန်းဇွန်မြို့နယ်၊ ကျီကုန်းကျေးရွာတို့မှာရှိတဲ့ ရွာသူရွာသားတွေဟာ ဧရာဝတီမြစ်ကြီးရဲ့ မြေနုကျွန်းပေါ်မှာ စိုက်ပျိုးလုပ်ကိုင်မှုနှင့် ပတ်သက်ပြီး ၂၀၀၇ ခုနှစ်ကစပြီးတော့ အငြင်းပွားမှုတွေ ဖြစ်ပေါ်လာတာဖြစ်ပါတယ်။ ဒီလို ဖြစ်ပေါ်လာတာ ကလည်း ခုနက လွှတ်တော်ကိုယ်စားလှယ်ကြီးတင်ပြသွားသလိုပဲ ငါန်းဇွန်မြို့နယ်ကို စစ်ကိုင်းတိုင်း ဒေသကြီးအတွင်းမှ မန္တလေးတိုင်းဒေသကြီးအတွင်းသို့ လွှဲပြောင်းဖွဲ့စည်းပေးခဲ့တဲ့ကာလဖြစ်ပါတယ်။ ဒီလိုအငြင်းပွားရာကနေပြီးတော့မှ နှစ်ဖက်တောင်သူတွေကြားမှာ အုပ်စုဖွဲ့ခိုက်ရန်ဖြစ်ပွားကြလို့ ထိခိုက်ဒဏ်ရာရမှုလည်းရှိတဲ့အတွက် သက်ဆိုင်ရာအာဏာပိုင်တွေကလည်း ဖြေရှင်းထိန်းသိမ်း ပေးခဲ့ရတာတွေရှိခဲ့ပါတယ်။ ဒီလို မြေနုကျွန်းအငြင်းပွားမှုကြောင့် ၂၉-၁၀-၂၀၀၈ ရက်နေ့တွင် မန္တလေးတိုင်းဒေသကြီး၊ မြင်းခြံခရိုင်နှင့် စစ်ကိုင်းတိုင်းဒေသကြီး၊ စစ်ကိုင်းခရိုင်တို့က ယခင်က ခရိုင်အေးချမ်းသာယာရေးနှင့်ဖွံ့ဖြိုးရေးကောင်စီ ဥက္ကဋ္ဌတို့ကဦးဆောင်ပြီး ခရိုင်မြေစာရင်း ဦးစီးဌာနတွေ မြို့နယ်အုပ်ချုပ်ရေးမှူးတွေ၊ မြို့နယ်မြေစာရင်းဦးစီးမှူးတွေနဲ့ သက်ဆိုင်ရာ ကျေးရွာတွေရဲ့ ရပ်ကွက်/ကျေးရွာအုပ်ချုပ်ရေးမှူးတွေ၊ တောင်သူတွေပါတဲ့အဖွဲ့ဟာ ကွင်းဆင်း စစ်ဆေးပြီးတော့ တစ်ဖက်နဲ့တစ်ဖက် ကျူးကျော်ထွန်ယက်မှုမရှိစေရေး၊ မြေနုကျွန်းအငြင်းပွားမှု မရှိစေရေး၊ အငြင်းပွားမှုတွေထပ်မံပြီးတော့မှ ပဋိပက္ခမဖြစ်ရေးအတွက် ဆုံးဖြတ်ခဲ့ကြောင်း သိရပါတယ်။ ၁၉၇၁ ခုနှစ်မှာ သတ်မှတ်ထားတဲ့ ဖြတ်မျဉ်း၊ အမျှော်လိုင်းဟာ ယာယီနယ်နိမိတ် အဖြစ်သတ်မှတ်လုပ်ကိုင်ရန် ဒီဖြတ်မျဉ်းမှာ အငြင်းပွားမှုဖြစ်တဲ့ ဦးကျော်နှင့် ဦးဇော်လွင်ဦးတို့ကို နယ်ခြားနယ်နိမိတ်အဖြစ် ယာယီသတ်မှတ်ပေးရန်၊ အငြင်းပွားတဲ့နေရာကို ၂၀၀၈ ခုနှစ်၊ အောက်တိုဘာလ ၂၉ ရက် နေ့မှစပြီး ဝင်ရောက်လုပ်ကိုင်ခွင့်ရသူက ဆက်လက်လုပ်ကိုင်ပြီးတော့မှ သီးနှံရိတ်သိမ်းခွင့်ရရန်၊ နောင်တွင် မြေစာရင်းဦးစီးဌာနရုံးချုပ်နှင့် မြေတိုင်းအဖွဲ့တို့က ကွင်းဆင်း တိုင်းတာဖော်ထုတ်တဲ့ နယ်နိမိတ်အတိုင်းသတ်မှတ်ရန်ဆိုပြီး အဲ့ဒီတုန်းက ဆောင်ရွက်ခဲ့တာ ရှိပါတယ်။ ဒီလိုသတ်မှတ်ဆောင်ရွက်တဲ့နေရာမှာ တာဝန်ရှိသူတွေကယာယီ ညှိနှိုင်းဆောင်ရွက်ပေးခဲ့ ပေမယ့်လည်း ၂၀၀၉ ခုနှစ်၊ ဧပြီလနှင့် မေလတွေမှာ မြောင်မြို့နယ် ရွှေပေါက်ပင်ကျေးရွာ တောင်သူတွေနဲ့ ငါန်းဇွန်မြို့နယ် ကျီကုန်းကျေးရွာကတောင်သူတွေဟာ ယာယီသတ်မှတ်ထားတဲ့ ၁၉၇၁ ခုနှစ်က အမျှော်လိုင်းနယ်နိမိတ်ကို ကျူးကျော်ပြီးတော့မှ ဝင်ရောက်လုပ်ကိုင်ခဲ့တဲ့ အတွက်လည်း နှစ်ဖက်တာဝန်ရှိသူတွေက ဖြေရှင်းဆောင်ရွက်ပေးခဲ့ရတာလည်း ရှိပါတယ်။ ဒါ့အပြင် မြေစာရင်းဦးစီးဌာန(ရုံးချုပ်)က ဖွဲ့စည်းပေးခဲ့တဲ့ခရိုင်နှင့် မြို့နယ်မြေစာရင်းဦးစီးဌာနကတာဝန် ရှိသူတွေ အဖွဲ့နဲ့ ၂၀၀၉ ခုနှစ်၊ ဇွန်လ ၂၇ ရက်နေ့မှာ ပီ ၆ မှ ပီ ၂၂ အထိ နယ်နိမိတ်မှတ်တိုင်တွေကို GPS အသုံးပြုပြီး ပြန်လည်ရှာဖွေစိုက်ထူပေးခဲ့ပြီးတော့ မြေနု၊ မြေရင့်ခွဲခြားမှတ်ပုံတင်ခြင်း၊ တောင်သူ တွေလုပ်ကိုင်တဲ့ မြေဧရိယာတွေကို တိုင်းတာပေးခဲ့ခြင်းများ ဆောင်ရွက်ပေးခဲ့ပါတယ်။ ဒီလိုခရိုင်၊ မြို့နယ်၊ ကျေးရွာတာဝန်ရှိသူတွေပါတဲ့ နယ်နိမိတ်ခွဲခြားသတ်မှတ်ခဲ့ပေမယ့်လည်း ၂၀၁၀ ခုနှစ်၊ ဒီဇင်ဘာလ ၆ ရက်နေ့မှာ တစ်ခါထပ်ပြီးတော့ ဒီရွာတွေမှာ အငြင်းပွားမှုတွေ ဖြစ်တဲ့အတွက် တာဝန်ရှိသူတွေကထိန်းသိမ်းခဲ့ရကြောင်းသိရှိခဲ့ရပါတယ်။ ဒီလို အကြိမ်ကြိမ်အငြင်းပွားမှုကြောင့် သက်ဆိုင်ရာ တိုင်းအေးချမ်းသာယာရေးနှင့် ဖွံ့ဖြိုးရေးကောင်စီတို့က ညှိနှိုင်းပေးခြင်း၊ မြေတိုင်းတာ ပေးခြင်းကိစ္စရပ်တွေကို အုပ်ချုပ်ရေး နည်းလမ်းအရအကြိမ်ကြိမ်ဆောင်ရွက်ပေးခဲ့ရာမှ ကြေးတိုင်နှင့် မြေစာရင်းဦးစီးဌာန(ရုံးချုပ်)ကလည်း ပူးပေါင်းဆောင်ရွက်ပေးခဲ့ပါတယ်။ ဒီအငြင်းပွားမှုဖြစ်နေတဲ့ ပီ ၆ မှ ပီ ၂၂ ထိ မြေနုကျွန်းမြေနေရာကို တာဝန်ရှိသူတွေပါဝင်တဲ့အဖွဲ့နဲ့ မြေတိုင်းတာရေးအဖွဲ့တို့က ဆက်လက်ဆောင်ရွက်ခဲ့တဲ့နေရာမှာ ၂၀၁၀ ခုနှစ်၊ ဒီဇင်ဘာလ ၉ ရက်နေ့အထိ နယ်နိမိတ် မှတ်တိုင် ပီ ၆ မှ ပီ ၂၂ ထိ တိုင်းတာပေးခဲ့ပြီးဖြစ်ပါတယ်။ ထပ်မံပြီးတော့ တိုင်းဒေသကြီးနှစ်ခု ညှိနှိုင်းချက်အရ ၂၀၁၀ ခုနှစ်၊ ဒီဇင်ဘာလ ၂၃ ရက်နေ့မှ ၂၇ ရက်နေ့အထိ သက်ဆိုင်ရာ တာဝန်ရှိသူတွေ ပါဝင်တဲ့အဖွဲ့က ပီ ၂၃ ကနေ ပီ ၃၂ အထိ တိုင်းတာခြင်းကို ဆောင်ရွက်ခဲ့တဲ့ နေရာမှာတော့ ဒီကွက်ကျဲပတ်လမ်းအတွင်းမှာ ကျရောက်နေတဲ့မြေဧရိယာ ၅၁၅.၅၄ ဧကမှ ၁၁၇.၅၀ ဧကကို မြောင်မြို့နယ်ကရပါတယ်။ ငါန်းဇွန်မြို့နယ်က မြေဧရိယာ ၁၇၀.၅၄ ဧက၊ အင်းအိုင်ဧရိယာ ၂၂၇.၅ ဧကအသီးသီး တိုင်းတာပေးပြီးတော့မှ ဒီမြေနုကျွန်းအငြင်းပွားမှုအပေါ်မှာ ဖြေရှင်းဆောင်ရွက် ပေးထားကြောင်း တွေ့ရှိရပါတယ်။ စစ်ကိုင်းတိုင်းဒေသကြီး၊ စစ်ကိုင်းခရိုင်၊ မြောင်မြို့နယ်၊ ရွှေပေါက်ပင်ကျေးရွာအုပ်စုနှင့် မန္တလေးတိုင်းဒေသကြီး၊ မြင်းခြံခရိုင်၊ ငါန်းဇွန်မြို့နယ်၊ ငမြာ ကျေးရွာအုပ်စု၊ ကျီကုန်းကျေးရွာတို့အကြားမှာ မြေနုကျွန်းဟာ ကျွန်းဟောင်းဖြစ်ပြီး ဆက်စပ်နေတဲ့ မြေနုကျွန်းမှာလည်း အစွယ်အပွားကျွန်းစွယ်တွေသာဖြစ်တဲ့အတွက် စီမံခန့်ခွဲမှုနှင့် လုပ်ကိုင်မှုတွေကို အရင်အတိုင်းဆက်လက်ထားရှိဖို့ လုပ်ပိုင်ခွင့်တွေပေးခဲ့တဲ့နေရာမှာလည်း ရေနက်ကြောင်းမူအရ သုံးပုံ တစ်ပုံ၊ သုံးပုံနှစ်ပုံအချိုးအတိုင်း ခွဲဝေသွားဖို့၊ မလိုလားအပ်တဲ့ပြဿနာတွေ ထပ်မံမဖြစ်ပွားစေဖို့ အတွက် စိုက်ထူရန်ကျန်နေတဲ့ နယ်နိမိတ်တွေဖြစ်တဲ့ ပီ ၁ မှ ပီ ၅ အထိလည်းကောင်း၊ ပီ ၂၃ မှ ပီ ၃၁ အထိလည်းကောင်း စိုက်ထူခြင်းမပြုဖို့ ၂၀၁၀ ခုနှစ်၊ ဒီဇင်ဘာလ ၂၇ ရက်နေ့မှာ ကြေးတိုင်နှင့် မြေစာ ရင်းဦးစီးဌာန၊ သီးစားအယူခံမှု စိစစ်ရေးအဖွဲ့အစည်းအဝေး ၇/၂၀၁၀ က ဆုံးဖြတ်ခဲ့ကြောင်း သိရှိရပါတယ်။ ဒီမြေတွေဟာ မြေနုကျွန်းအငြင်းပွားမှုဧရိယာအတွင်း မပါဝင်ခြင်း၊ စိုက်ပျိုးလုပ်ကိုင်မှု တည်ငြိမ်ပြီးဖြစ်နေခြင်း၊ မှတ်တိုင်စိုက်ထူခြင်းကြောင့် မလိုလားအပ်တဲ့ အငြင်းပွားမှုတွေ ထပ်မံ ပေါ်ပေါက်လာနိုင်တာကြောင့် ဒီမှတ်တိုင်တွေကို ဆက်လက် စိုက်ထူခြင်းမပြုဖို့ ဆုံးဖြတ်ခဲ့ကြောင်း သိရှိရပါတယ်။ ယခုလိုမြေနုကျွန်း ပြဿနာအပေါ်မှာ စစ်ကိုင်းတိုင်းဒေသနှင့် မန္တလေးတိုင်းဒေသ အေးချမ်းသာယာရေးနှင့် ဖွံ့ဖြိုးရေးကောင်စီတွေရဲ့ ညှိနှိုင်းပေးထားချက်အရလည်းကောင်း၊ ကြေးတိုင်နှင့်မြေစာရင်းဦးစီးဌာနရုံးချုပ်နှင့် မြေစာရင်းဦးစီးဌာနအဆင့်ဆင့်ရဲ့ တိုင်းတာသတ်မှတ် ပေးထားမှုအရ လည်းကောင်း၊ နှစ်ဖက်သော ခရိုင်နှင့် မြို့နယ်အုပ်ချုပ်ရေးမှူးအဖွဲ့တွေရဲ့ ညှိနှိုင်းထားမှုအရလည်းကောင်း မြေနုကျွန်းပေါ်မှာ အငြင်းပွားမှု ထပ်မံမဖြစ်ပွားစေရေးအတွက် စနစ်တကျ နယ်နိမိတ်တွေကို တိုင်းတာသတ်မှတ်ပေးထားကြောင်း သိရှိရပါတယ်။ မြေပုံထုတ်တိုင်းတာ သတ်မှတ် ပေးထားပြီးတဲ့ နယ်နိမိတ်များအတွင်း တစ်ဖက်နှင့်တစ်ဖက် ကျူးကျော်ဝင်ရောက်မှု မရှိစေရေး အတွက်ကတော့ ကျေးရွာမှာရှိတဲ့ တောင်သူများအနေနဲ့ အလေးဂရုပြုစောင့်ထိန်း လိုက်နာရမယ့် ကိစ္စဖြစ်ကြောင်း တွေ့ရှိရပါတယ်။ ဒီလိုစနစ်တကျ တိုင်းတာသတ်မှတ်ထားတဲ့ နယ်နိမိတ်ခွဲခြားပြီးဖြစ်တဲ့ မြေနုကျွန်းဧရိယာတွေအတွင်းမှာတော့ ကျူးကျော်ဝင်ရောက် လုပ်ကိုင်မှုတွေ ရှိလာပါကလည်း တည်ဆဲဥပဒေ၊ လုပ်ထုံးလုပ်နည်းနှင့်အညီ နစ်နာသူကတရားလိုပြုပြီးတော့ တရားရုံးအဆင့်ဆင့်မှာ တရားစွဲဆိုနိုင်ပါကြောင်း ပြန်လည်ဖြေကြားထားပါသည် ။
ဥက္ကဋ္ဌ။ ။ ပြည်ထောင်စုဝန်ကြီး ရှင်းလင်းတင်ပြတာနှင့် ပတ်သက်လို့ ဦးအုန်းငွေ သဘောပေါက်မယ်လို့ ထင်ပါတယ်။ မြေနုကျွန်းကိစ္စများဟာ မြစ်ကြောင်းတစ်လျှောက် နေထိုင်တဲ့ နယ်မြေများမှာ မကြာခဏဖြစ်ပေါ်ပါတယ်။ တိုင်းတစ်တိုင်းအတွင်းမှာ ဖြစ်တဲ့ကိစ္စက လွယ်ကူစွာ ရှင်းလင်းနိုင်ပေမယ့် တိုင်းခြားလာလို့ရှိရင် အင်မတန်မှ ခက်ခဲတဲ့ကိစ္စဖြစ်ပါတယ်။ မိမိလည်း တ.ယ.ကဥက္ကဋ္ဌဘဝက ကြုံတွေ့ခဲ့တဲ့ မြေနုကျွန်းကိစ္စများစွာအတွေ့အကြုံရှိခဲ့ပါတယ်။ ဧရာဝတီတိုင်း နှင့်ဆက်စပ်နေတဲ့ ပဲခူးတိုင်း၊ ရန်ကုန်တိုင်းမှာလည်း အခု ဦးအုန်းငွေတင်ပြသလိုကိစ္စများ များစွာ ရှိခဲ့ပါတယ်။ သို့ရာတွင် ဒီလို ပေါ်ပေါက်လာတဲ့အခါမှာ သက်ဆိုင်ရာဝန်ကြီးဌာနများ ပူးပေါင်း ဖြေရှင်းတဲ့နည်းလမ်းနှင့် စနစ်များရှိပြီး ဖြစ်ပါတယ်။ အခုလည်း သက်ဆိုင်ရာဝန်ကြီးက ဒီအကြောင်းပဲ ရှင်းလင်းတင်ပြသွားတာလို့ မိမိမှတ်ယူပါတယ်။ အဲ့ဒီလို နှစ်ဦးနှစ်ဖက် ဆောင်ရွက်ဖို့ကိစ္စတွေကို သက်ဆိုင်ရာတိုင်းဒေသကြီးများနှင့် ပြည်ထောင်စုအဆင့်က ဆွေးနွေးဆုံးဖြတ်၊ ချမှတ်ထားတဲ့ အပေါ် မူတည်ပြီးတော့ လိုက်နာဆောင်ရွက်သွားရမှာ ဖြစ်ပါတယ်။ အဲ့လိုမလိုက်နာဘူး။ မဆောင်ရွက်ဘူး ဆိုလို့ရှိရင် တည်ဆဲဥပဒေများကို ဖောက်ဖျက်ကျူးလွန်တဲ့အတွက် တည်ဆဲဥပဒေအရ အရေးယူ ခံရမယ်ဆိုတာလည်း သိရှိပြီးဖြစ်ပါတယ်။ ဒါကြောင့်မို့လို့ ပြန်ပြီးတော့ ထပ်ဆင့် ရှင်းပြောရမယ်ဆိုရင် ကျွန်တော်တို့နိုင်ငံမှာ မြေနုကျွန်းပြဿနာပေါ်လာရင် ရှင်းလင်းဖို့နည်းလမ်းတွေ၊ စည်းကမ်းတွေ ရှိခဲ့ပြီး ဖြစ်ပါတယ်။ သို့ရာတွင် ဒီနည်းလမ်း၊ ဒီစည်းကမ်း၊ ဒီ ဥပဒေတွေဟာ လောလောဆယ် အခြေအနေနဲ့ ကိုက်ညီမှုမရှိဘူးလို့ ယူဆတယ်ဆိုရင်တော့ ဒီဥပဒေကို ပြန်လည်ပြင်ဆင်နိုင်ဖို့ တင်ပြနိုင်ပါတယ်။ ဒီလိုမတင်ပြသေးဘဲနဲ့ဆိုရင်တော့ တည်ဆဲဥပဒေများအရသာ လိုက်နာဆောင်ရွက် ရမှာ ဖြစ်ကြောင်းလည်း မိမိရဲ့အတွေ့အကြုံနဲ့ ယှဉ်ပြီးတော့ ဦးအုန်းငွေနှင့် သက်ဆိုင်တဲ့ နိုင်ငံသား များကို ပြန်လည်ပြောကြားဖို့လိုမယ်လို့ ယူဆတဲ့အတွက် ဒီလိုထပ်ဆင့်ရှင်းလင်းပြောကြားခြင်းဖြစ် ပါတယ်။
