(ဂ)ရေကျော်တံတားတည်ဆောက်ပေးရန်နှင့်စပ်လျဉ်းသည့်မေးခွန်း

ပထမအကြိမ် ပြည်သူ့လွှတ်တော် တတိယပုံမှန်အစည်းအဝေး သတ္တမနေ့ (၂၁-၂-၂၀၁၂ )

 လေးစားအပ်ပါသော ပြည်သူ့လွှတ်တော်ဥက္ကဋ္ဌကြီးနဲ့ ပြည်သူ့လွှတ်တော်ကိုယ်စားလှယ်တော်များ၊ ပြည်ထောင်စုဝန်ကြီးများနှင့် ဖိတ်ကြားထားသော ဧည့်သည်တော်များခင်ဗျား။ မင်္ဂလာအပေါင်းနဲ့ ပြည့်စုံကြပါစေလို့ ဆုမွန်ကောင်းတောင်းရင်း နှုတ်ခွန်း ဆက်သဂါရဝပြုအပ်ပါတယ်ခင်ဗျား။ ကျွန်တော်ကတော့ စစ်ကိုင်းတိုင်းဒေသကြီး၊ ထီးချိုင့်မဲဆန္ဒနယ် ပြည်သူ့လွှတ်တော်ကိုယ်စားလှယ် ဦးစိုးစိုးဖြစ်ပါတယ်။ ကျွန်တော့်အနေနဲ့ ဒေသဖွံ့ဖြိုးရေးအတွက် ထီးချိုင့်-ကျောင်းကုန်းလမ်းအပိုင်း ကွမ်းတုံ-ကျောက်အိုက်ရွာအနီးမှာရှိတဲ့ ကွမ်းဘောင်ချောင်းမကြီး နေရာမှာ ဖြတ်သန်း‌တဲ့ ရေကျော်တံတားတည်ဆောက်ပေးရေးကိစ္စ  တင်ပြမေးမြန်းသွားမှာဖြစ် ပါတယ်။
    ဥက္ကဋ္ဌကြီးခင်ဗျား။ ထီးချိုင့်-ကျောင်းကုန်းလမ်းအပိုင်းဟာ အရှည် ၂၀ မိုင် ၂ ဖာလုံဖြစ်ပါတယ်။ ရွှေဘို-မြစ်ကြီးနားမဟာဗျူဟာလမ်းမကြီးပေါ်မှာရှိတဲ့အင်းတော်မြို့နယ်၊ကျောင်းကုန်းရွာသို့ဆက်သွယ် ဖောက်လုပ်ထားပါတယ်။ ၁၉၉၂ခုနှစ်က နိုင်ငံတော်က ကတ္တရာလမ်းမကြီးအဖြစ် ဆောင်ရွက် ပေးခဲ့တာဖြစ်ပါတယ်။ ကာလကြာမြင့်ခဲ့ပြီးဖြစ်တဲ့အတွက် တချို့နေရာများမှာ ပျက်စီးမှုများရှိနေပြီး ဖြစ်ပါတယ်။ ဒါကြောင့် ၂၀၁၁-၁၂ ဘဏ္ဍာရေးနှစ်မှာ နိုင်ငံတော်ကခွင့်ပြုရန်ပုံငွေကျပ် ၂၁၅၅ သိန်း ချမှတ်ပေးခဲ့ပြီး ဆောက်လုပ်ရေးဝန်ကြီးဌာနက ကတ္တရာခင်းခြင်းလုပ်ငန်းကို တာဝန်ယူဆောင်ရွက် လျက်ရှိပါတယ်။ ထီးချိုင့်-ကျောင်းကုန်းလမ်းအပိုင်းဟာ အနောက်မဟာဗျူဟာ လမ်းမကြီးဖြစ်တဲ့ ရွှေဘို-မြစ်ကြီးနားလမ်းမကြီးကို ဆက်သွယ်တဲ့လမ်းဖြစ်တဲ့အတွက် ဆက်သွယ်မှုလမ်းကြောင်းဟာ အရေးပါတဲ့ လမ်းအပိုင်းဖြစ်ပါတယ်။ ဥက္ကဋ္ဌကြီးခင်ဗျား။ ထီးချိုင့်-ကျောင်းကုန်း လမ်းအပိုင်းမှာ ကွမ်းတုံ-ကျောက်အိုက်ရွာအနီးမှာရှိတဲ့ ကွမ်းဘောင်ချောင်းမကြီးအား ဖြတ်သန်းရမယ့် နေရာတစ် နေရာရှိနေပါတယ်။ ၎င်းချောင်းမကြီးဟာ မိုးရာသီကာလမှာ ရေစီးသန်ပြီး ရေကြီးမြင်‌့မှုကြောင့် ဖြတ်သန်းသွားလာမှု အခက်အခဲရှိနေတာကို တွေ့နေရပါတယ်။ ဒီလိုတံတားတည်ဆောက်ပေးမယ် ဆိုရင် ပိုမိုသင်‌့တော်ပြီးသွားလာမှု အဆင်ပြေစေမှာဖြစ်ပါတယ်။ ဒေသခံမိဘပြည်သူများကလည်း ရေကျော်တံတား တည်ဆောက်ပေးရန်ဆန္ဒရှိကြပါတယ်။ ချောင်းမကြီးဟာ ရေကျော်တံတား         တည်ဆောက်မယ်ဆိုရင် ခန့်မှန်းအလျားပေ ၆၀၀ ခန့်ရှိပါတယ်။ ရေနည်းချိန်မှာ အနိမ့်ဆုံးရေမှတ် ၂ ပေ၊ ရေများချိန်မှာ အမြင့်ဆုံးရေမှတ် ၅ ပေခန့်ရှိကြောင်းသိရပါတယ်။ သို့ပါ၍ သွားလာမှုအဆင်ပြေ စေရန်အတွက် ရေကျော်တံတားတည်ဆောက် ပေးနိုင်ပါရန်နှင့် ဆောင်ရွက်ပေးရန် အစီအစဉ် ရှိ၊ မရှိ သိလိုတဲ့အတွက် မေးမြန်း‌ထားပါသည် ။

ဖြေကြားသူ
ဦးစိုးတင့် ဒုတိယဝန်ကြီး
ဖြေကြားသည့် ဝန်ကြီးဌာန
အဖြေ

ရိုသေလေးစားအပ်ပါသော ပြည်သူ့လွှတ်တော်ဥက္ကဋ္ဌကြီးခင်ဗျား။ ဆောက်လုပ်ရေးဝန်ကြီးဌာနအနေနဲ့ စစ်ကိုင်းတိုင်းဒေသကြီး၊ ထီးချိုင့်မဲဆန္ဒနယ် ပြည်သူ့လွှတ်တော်ကိုယ်စားလှယ် ဦးစိုးစိုးမှ ပြည်သူ့လွှတ်တော်သို့ မေးမြန်းသော ထီးချိုင့်-ကျောင်းကုန်း လမ်းမကြီးပေါ်ရှိ ကွမ်းတုံ-ကျောက်အိုက်၊ ကွမ်းဘောင်ချောင်းမကြီးအား  ရေကျော်တံတားဆောက်လုပ်ပေးရန် အစီအစဉ် ရှိ၊ မရှိ သိရှိလိုသည့် မေးခွန်းအား ရှင်းလင်း‌ြဖေကြား သွားမှာဖြစ်ပါတယ်။
    လေးစားအပ်ပါသော ဥက္ကဋ္ဌကြီးခင်ဗျား။ စစ်ကိုင်းတိုင်းဒေသကြီး၊ ကသာခရိုင်၊ ထီးချိုင့်မြို့နယ် ရှိ ထီးချိုင့်-ကျောင်းကုန်းလမ်းသည် အရှည် ၂၀ မိုင် ၂ ဖာလုံရှိပြီး ထီးချိုင့်မြို့နယ်နှင့် ရွှေဘို-မြစ်ကြီးနားလမ်းကို ဆက်သွယ်ထားသော လမ်းဖြစ်ပါတယ်။ ၂၀၁၁-၂၀၁၂ ဘဏ္ဍာရေးနှစ်အတွင်းမှာ စစ်ကိုင်းတိုင်းဒေသကြီးရဲ့ ပြင်ဆင်ထိန်းသိမ်းခြင်းရန်ပုံငွေနဲ့ လုပ်ငန်းများကို ဆောင်ရွက်ခဲ့ပါတယ်။ အဲ့ဒီလုပ်ငန်းများကတော့ (၁) ကတ္တရာထပ်ပိုးလွှာတင်ခြင်း ၅ မိုင် ၁ ဖာလုံ၊ (၂) ကတ္တရာလမ်း မျက်နှာပြင်ညှိ၍ ရေပိတ်လွှာခင်းခြင်း ၆ မိုင် ၇ ဖာလုံ၊ (၃) လမ်းချောစေရန် ဂျင်းကျောက် ၃ လက်မ ထုခင်းခြင်း ၇ မိုင်၊ (၄) လမ်း‌ြမေသားတာပေါင် ၄၀ ပေ အကျယ်ချဲ့ခြင်း ၄ မိုင်၊ (၅) လမ်းဘေး ရေ‌ြမောင်းတူးခြင်း ၃ မိုင်၊ (၆) ကွန်ကရစ်တံတားတည်ဆောက်ခြင်း ၄ စင်း၊ (၇) အုတ်စီ‌ြမေကာနံရံ တည်ဆောက်ခြင်း/ရေပြွန်တိုးချဲ့ခြင်း ၁ ခု၊ (၈) တံတားများပြုပြင်ခြင်း ၅ စင်းတို့ကို တိုင်းဒေသကြီးရဲ့ ပြင်ဆင်ထိန်းသိမ်းရေးရန်ပုံငွေနဲ့ ဆောင်ရွက်လျက်ရှိပါတယ်။ ဆောက်လုပ်ရေးဝန်ကြီးဌာနအနေဖြင့် တံတားများကို အမြဲတမ်းတံတားများအဖြစ် အဆင့်မြှင့်တင်ဆောက်လုပ်ရန်အတွက် မူဝါဒရေးဆွဲရာမှာ တံတားပေအရှည်အလိုက် ဦးစားပေးဆောင်ရွက်မှာဖြစ်ကြောင်းကိုလည်း ကျွန်တော်တင်ပြခဲ့ပြီးဖြစ်ပါ တယ်။  
    ပြည်သူ့လွှတ်တော်ဥက္ကဋ္ဌကြီးခင်ဗျား။ ထီးချိုင့်-ကျောင်းကုန်းလမ်းဟာ တိုင်းဒေသကြီးအစိုးရ အဖွဲ့မှ စီမံခန့်ခွဲသောလမ်းဖြစ်ပါတယ်။ အဆိုပါလမ်းပေါ်ရှိ ကွမ်းဘောင်ချောင်းမကြီးဟာ မိုးရာသီမှာ အမြဲရေစီးဆင်းလျက်ရှိပြီး မိုးများချိန်မှာ ရေစီးသန်သော ချောင်းဖြစ်ခြင်းကြောင့် ရေကျော်တံတား ဆောက်လုပ်ခြင်းထက် သံကူကွန်ကရစ်တံတားဆောက်လုပ်မှသာ သင်‌့တော်မှာဖြစ်ပါတယ်။ သို့ပါ၍ ကွမ်းဘောင်ချောင်းတံတားအား အရှည်ပေ  ၂၅၀  သံကူကွန်ကရစ်တံတား တည်ဆောက်ရန် ၂၀၁၂-၂၀၁၃ ဘဏ္ဍာရေးနှစ်တွင် တိုင်းဒေသကြီးအစိုးရအဖွဲ့သို့ ရန်ပုံငွေတင်ပြတောင်းခံပြီး ဆောင်ရွက်သွား မည်ဖြစ်ပါကြောင်းဖြေကြားထားပါသည် ။