(ခ)ကိုးတန်ချောင်းတံတားအား ကြိုးတံတားအဖြစ်တည်ဆောက်ပေးရန်နှင့်စပ်လျဉ်းသည့်မေးခွန်း

ပထမအကြိမ် ပြည်သူ့လွှတ်တော် တတိယပုံမှန်အစည်းအဝေး သတ္တမနေ့ (၂၁-၂-၂၀၁၂ )

 လေးစားရပါသော ပြည်သူ့လွှတ်တော်ဥက္ကဋ္ဌကြီးနှင်‌့ ပြည်သူ့လွှတ်တော်ကိုယ်စားလှယ်တော်ကြီးများ၊ ဖိတ်ကြားထားသည့် ဧည့်သည်တော်များအားလုံး ကိုယ်၏ကျန်းမာခြင်း၊ စိတ်၏ချမ်းသာခြင်းနှင့် ပြည့်စုံကြပါစေကြောင်း ဆုမွန်ကောင်းတောင်းလျက်  နှုတ်ခွန်းဆက်သအပ်ပါတယ်။ ကျွန်တော်ကတော့ စစ်ကိုင်းတိုင်းဒေသကြီး၊ ခန္တီးမဲဆန္ဒနယ်မှ ပြည်သူ့ လွှတ်တော်ကိုယ်စားလှယ် ဦးလှထွန်းဖြစ်ပါတယ်။ ကျွန်တော့်အနေနဲ့ မော်လိုက်မြို့နယ်ကိုယ်စား ပြုလျက် ဒေသခံပြည်သူလူထုအကျိုးအတွက် အမာခံသံကြိုးတံတားဆောက်လုပ်ရေးနှင့်ပတ်သက်ပြီး မေးခွန်းမေးမြန်းသွားမှာဖြစ်ပါတယ်။ လေးစားရပါသော ပြည်သူ့လွှတ်တော်ဥက္ကဋ္ဌကြီးနှင်‌့ ပြည်သူ့ လွှတ်တော်ကိုယ်စားလှယ်တော်ကြီးများခင်ဗျား။ မုံရွာ-သက္ကယ်ကျင်း-ဖောင်းပြင်-ဟုမ္မလင်း-ခန္တီးလမ်း ဟာ မြန်မာနိုင်ငံအနောက်မြောက်ဘက်ဒေသအတွက် မဟာဗျူဟာမြောက်လမ်းကြောင်းဖြစ်နေသည် ကိုလေ့လာတွေ့ရှိရပါတယ်။ ယင်းလမ်းကြောင်းဖောက်လုပ်ရန် စီမံလမ်းညွှန်မှုပေးခဲ့သော ယခင် တပ်မတော်အစိုးရကိုလည်း အထူးလေးစားဂုဏ်ပြုရမှာဖြစ်သလို လမ်းဖောက်လုပ်ပေးခဲ့တဲ့ ပြည်သူ့ ဆောက်လုပ်ရေးဝန်ကြီးဌာနကိုလည်း များစွာကျေးဇူးတင်ရှိပါကြောင်း ပြည်သူလူထုရဲ့ကိုယ်စား ဒီနေရာကနေ ပြောကြားလိုက်ရပါတယ်။ ချင်းတွင်းမြစ်ရေဟာ တစ်နေ့ထက်တစ်နေ့ ရေနည်းပါးလာပြီး သောင်တွေထွန်းလာတဲ့အတွက်ကြောင့် အထက်ဖော်ပြပါလမ်းကြောင်းဟာ တစ်နှစ်ထက်တစ်နှစ် ပိုမို အသုံးတည့်လာသည်ကို တွေ့ရှိရပါတယ်ခင်ဗျား။ လေးစားရပါသော ပြည်သူ့လွှတ်တော်ဥက္ကဋ္ဌကြီးနှင်‌့ ပြည်သူ့လွှတ်တော်ကိုယ်စားလှယ်တော်ကြီးများခင်ဗျား။ မော်လိုက်မြို့နယ်အတွင်းရှိ ကိုးတန်ချောင်း ဟာ သက္ကယ်ကျင်း-ဖောင်းပြင်-ဟုမ္မလင်း-ခန္တီးလမ်း မိုင်တိုင်အမှတ် ၄၄ မိုင် ၇ ဖာလုံနှင့် ၄၅ မိုင်ကြား သောင်းအင်ကျေးရွာနှင့် သံနန်းတောကျေးရွာအကြား ခန့်မှန်းမြေပုံညွှန်း (SL-020018) ကြားမှာ တည်ရှိပြီးချောင်းရဲ့အကျယ်ဟာ နွေရာသီမှာ ပေ ၂၉၀ ခန့်ရှိပြီး မိုးတွင်းမှာဆိုလို့ရှိရင် ပေ ၄၀၀ ခန့် ကျယ်ပြန့်ပါတယ်။ နွေရာသီမှာ ရေ ၂ ပေခန့်ရှိပြီး မိုးတွင်းမှာနွေရာသီမှာရှိတဲ့ရေထက် ၁၂ ပေ၊ ၁၃ ပေ မြင့်တက်လာသည်ကိုတွေ့ရပါတယ်။ တောင်ကျရေနှင်‌့အတူ သစ်ပင်တွေမျောပါလာပြီး တံတားတိုင် တွေကိုကန့်လန့်ခံကာ တံတားတွေနှစ်စဉ်ပျက်စီးလျက် နိုင်ငံတော်မှလည်း နှစ်စဉ်ငွေအကုန်အကျခံ၍ သံကြိုးတံတားတွေကိုတည်ဆောက်ပေးနေတာကိုတွေ့ရပါတယ်။ ယင်းကိုးတန်ချောင်းဟာ သံကြိုး တံတားဆောက်လုပ်မှသာလျှင် အဆင်ပြေမှာဖြစ်ပါတယ်။ နိုင်ငံတော်မှ အမာခံသံကြိုးတံတား ဆောက်လုပ်မည်ဆိုပါလျှင် မော်လိုက်မြို့နယ် ပြည်သူလူထုအနေနဲ့လည်း ကျပ်သိန်း ၁၂၀ ထည့်ဝင် လှူဒါန်းမည်ဖြစ်ကြောင်းသိရှိရပါတယ်။ သို့ဖြစ်ပါ၍ နိုင်ငံတော်အနေနှင့် မော်လိုက်မြို့နယ်အတွင်းရှိ သောင်းအင်ကျေးရွာနှင့် သံနန်းတောကျေးရွာကြားရှိ ကိုးတန်ချောင်းတံတားအား အမာခံသံကြိုး တံတားဆောက်လုပ်ရန် အစီအစဉ်ရှိပါသလား။ အစီအစဉ်ရှိပါလျှင် မည်သည့်အချိန်ကာလတွင် ဆောက်လုပ်ပေးမည်ကိုသိလိုပါ၍ ယခုလိုမေးမြန်းထားပါသည် ။

ဖြေကြားသူ
ဦးစိုးတင့် ဒုတိယဝန်ကြီး
ဖြေကြားသည့် ဝန်ကြီးဌာန
အဖြေ

ရိုသေလေးစားအပ်ပါသော ပြည်သူ့လွှတ်တော်ဥက္ကဋ္ဌကြီးနှင့် ပြည်သူ့လွှတ်တော်ကိုယ်စားလှယ်များ၊ အထူးဖိတ်ကြားထားသော ပြည်ထောင်စုဝန်ကြီးများအားလုံး မင်္ဂလာအပေါင်းနဲ့ ပြည့်စုံကြပါစေလို့ ဆုမွန်ကောင်းတောင်းရင်း နှုတ်ခွန်းဆက်သပါတယ်။  ကျွန်တော်ကတော့ ဆောက်လုပ်ရေးဝန်ကြီးဌာန ဒုတိယဝန်ကြီး ဦးစိုးတင့် ဖြစ်ပါတယ်။ ကျွန်တော်‌့အနေနဲ့ စစ်ကိုင်းတိုင်းဒေသကြီး၊ ခန္တီးမဲဆန္ဒနယ် ပြည်သူ့လွှတ်တော် ကိုယ်စားလှယ် ဦးလှထွန်းမှ ပြည်သူ့လွှတ်တော်အစည်းအဝေးသို့ မေးမြန်းထားသော မုံရွာမြို့မှ ခန္တီးမြို့ အထိဖောက်လုပ်ထားသော မဟာဗျူဟာလမ်းကြောင်းပေါ်ရှိ သက္ကယ်ကျင်းမှ ခါတွန်ကျေးရွာအကြား လမ်းပေါ်တွင် ကိုးတန်ချောင်းကို ကူးထားသောတံတားမှာ နှစ်စဉ်ချောင်းရေတိုက်စားပြီး ပျက်စီး နေသဖြင့် နိုင်ငံတော်မှ ကြိုးတံတားအဖြစ်တည်ဆောက်ပေးနိုင်ခြင်း ရှိ၊ မရှိ။ ကြိုးတံတားအဖြစ် တည်ဆောက်ပေးမည်ဆိုပါက မော်လိုက်မြို့နယ်မှ ငွေကျပ် သိန်း ၁၂၀ ကို ထည့်ဝင်မည်ဖြစ်ကြောင်း တင်ပြလာသည့်မေးခွန်းအား ရှင်းလင်းဖြေကြားသွားမှာ ဖြစ်ပါတယ်။
ပြည်သူ့လွှတ်တော်ဥက္ကဋ္ဌကြီးခင်ဗျား။ စစ်ကိုင်းတိုင်းဒေသကြီး၊ မော်လိုက်ခရိုင်၊ မော်လိုက် မြို့နယ်၊ သက္ကယ်ကျင်း-ဖောင်းပြင်-ဟုမ္မလင်း-ခန္တီးလမ်းပေါ်မှာရှိတဲ့ မိုင်တိုင် ၄၄ မိုင် ၇ ဖာလုံနဲ့         ၄၅ မိုင်ကြားရှိတဲ့ တံတားအမှတ် ၃/၄၅၊ ကိုးတန်ချောင်းကူးတံတားဟာ ပေအရှည် ၂၉၀ ရှိပြီးတော့ ဒီတံတားကို ဘေလီပေ ၂၀၀၊ RSJ  သံပေါင်ပေ ၃၀၊ သစ်သားပေ ၆၀ ၊ အုတ်ကမ်းကပ်ခုံဖြင့်        ၂၀၀၁-၂၀၀၂ ဘဏ္ဍာရေးနှစ်မှာ တည်ဆောက်ပေးခဲ့တာဖြစ်ပါတယ်။ ၁၂-၉-၂၀၀၆ ရက်နေ့ညတွင် မိုးသည်းထန်စွာရွာပြီး တောင်ကျချောင်းရေအမြင့် ၁၃ ပေအထိ စီးဆင်းမှုကြောင့် ရေတိုက်စားပျက်စီး သွားတာဖြစ်ပါတယ်။ ဒီအခါမှာ ရန်ပုံငွေရရှိမှုအခြေအနေအရ တံတားပြန်လည် တည်ဆောက်နိုင်ခြင်း မရှိဘဲ နှစ်စဉ်ပွင့်လင်းရာသီမှာ ယာယီရေနိမ့်တံတားများကိုသာ ဆောင်ရွက်ပေးလျက်ရှိပါတယ်။ ဆောက်လုပ်ရေးဝန်ကြီးဌာနအနေနဲ့ တံတားများအား အမြဲတမ်းတံတားများအဖြစ် အဆင့်မြှင့် ဆောက်လုပ်ရန်အတွက် မူဝါဒများရေးဆွဲထားပါတယ်။ နံပါတ်(၁)ကတော့ ပေ ၅၀ အောက်တံတား များကို ပထမဦးစားပေးဖြစ်ပါတယ်။ နံပါတ်(၂)ကတော့ ပေ ၅၀ နှင့်အထက် ပေ ၁၀၀ အောက်တံတား များကို ဒုတိယဦးစားပေးဖြစ်ပါတယ်။ နံပါတ်(၃)ကတော့ ပေ ၁၀၀ နှင့်အထက် ၁၈၀ ပေအောက် တံတားများကို တတိယဦးစားပေးဖြစ်ပါတယ်။ နံပါတ်(၄)ကတော့ ၁၈၀ ပေနှင့် အထက်တံတားများကို ပြည်ထောင်စုအစိုးရအဖွဲ့သို့ ခွင့်ပြုမိန့်တောင်းခံ၍ တည်ဆောက်သွားမှာ ဖြစ်ပါတယ်။
လေးစားအပ်ပါသော ပြည်သူ့လွှတ်တော်ဥက္ကဋ္ဌကြီးခင်ဗျား။ သက္ကယ်ကျင်း-ဖောင်းပြင်-ဟုမ္မလင်း-ခန္တီးလမ်းပေါ်ရှိ ကိုးတန်ချောင်းကူးတံတားအား အမြဲတမ်းသံကူကွန်ကရစ်တံတား        တည်ဆောက်ရန် နှစ်တို ၅ နှစ်စီမံကိန်းတွင် ထည့်သွင်းရေးဆွဲထားပြီးဖြစ်ပါ၍ ၂၀၁၃-၂၀၁၄ ဘဏ္ဍာရေးနှစ်မှာစတင်ဆောင်ရွက်သွားမှာ ဖြစ်ပါကြောင်းဖြေကြားထားပါသည် ။