လေးစားရပါသောဥက္ကဋ္ဌကြီးနှင့် အစည်းအဝေး တက်ရောက်လာကြသော လူကြီးမင်းများ မင်္ဂလာပါခင်ဗျား။ ကျွန်တော့်မဲဆန္ဒနယ်ဖြစ်သော အင်းတော် မြို့နယ်ဟာ စစ်ကိုင်းတိုင်းဒေသကြီးရဲ့ အထက်ပိုင်းက မြို့နယ်တစ်မြို့နယ် ဖြစ်ပါတယ်။ မြောက်ဘက် မှာ ကချင်ပြည်နယ်၊ မိုးညှင်းမြို့နယ်နဲ့ ဆက်စပ်နေတဲ့ မြို့နယ်လည်းဖြစ်ပါတယ်။ ကျွန်တော်တို့ မြို့နယ် အတွင်းမှာ ကချင်ပြည်နယ်၊ မိုးညှင်းမြို့နယ်အတွင်းကနေ စီးဆင်းလာတဲ့ လေးတန်လို့ခေါ်တဲ့ ချောင်း တစ်ချောင်းရှိပါတယ်။ အဲဒီချောင်းဟာ မဲဇာချောင်းထဲကိုစီးဝင်သွားပြီး ဧရာဝတီမြစ်ထဲကို မဲဇာချောင်း ကြီးစီးဆင်းသွားတာ အများအသိဖြစ်ပါတယ်ခင်ဗျား။ ကျွန်တော် အဓိကတင်ပြလိုတဲ့အချက်ကတော့ အဲဒီ မြို့နယ်ထဲမှာ စီးဆင်းနေတဲ့ လေးတန်ချောင်းဟာ ၁၂ ရာသီပတ်လုံးရေများနောက်ကျိလို့နေပါ တယ်။ ကျွဲ၊ နွားတိရစ္ဆာန်တောင်မှ သောက်သုံးလို့မရတဲ့အဆင့်အထိတောင် ရေရဲ့အရည်အသွေးဟာ အင်မတန်ကိုပျက်စီးနေပါတယ်။ ဒီလိုတွေဖြစ်ရတဲ့အကြောင်းဟာ ဘာကြောင့်လဲလို့ လေ့လာကြည့် တဲ့အခါမှာ ကချင်ပြည်နယ်၊ မိုးညှင်းမြို့နယ်အတွင်းမှာ နမ့်မချီဆိုတဲ့ မှော်မှာရွှေနဲ့ကျောက်မျက်များကို တူးဖော်နေတဲ့အတွက်ကြောင့်လို့ ကြားသိရပါတယ်။ ဒီအတွက် ပျက်စီးနေတဲ့ချောင်းရေများကို ဖြေရှင်း ပေးနိုင်ခြင်းရှိ၊မရှိသိလို၍ မေးမြန်းထားပါသည် ။
လေးစားအပ်ပါသော ပြည်သူ့လွှတ်တော်ဥက္ကဋ္ဌကြီးနှင့် ပြည်သူ့လွှတ်တော်ကိုယ်စားလှယ်တော်ကြီးများခင်ဗျား။ ကျွန်တော် ကတော့ သတ္တုတွင်းဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးသိန်းထိုက်ဖြစ်ပါတယ်။ ကျွန်တော်အခု ဖြေကြားရမှာတော့ဖြင့် စောစောကမေးခွန်းရှင်ဖြစ်တဲ့ ကချင်ပြည်နယ်၊ အင်းတော်မဲဆန္ဒနယ်က ပြည်သူ့လွှတ်တော်ကိုယ်စားလှယ် ဦးကျော်နိုင်ဌေးရဲ့မေးခွန်းဖြစ်တဲ့ ကချင်ပြည်နယ်၊ မိုးညှင်းမြို့နယ် နမ့်မချီမှော်မှာ ရွှေသတ္တုနှင့်ကျောက်မျက်တူးဖော်ခြင်းလုပ်ငန်းများ လုပ်ကိုင်နေတဲ့အတွက်ကြောင့် လေးတန်ချောင်းဟာ ၁၂ လရာသီလုံး ရေတွေနောက်ကျိပျက်စီးပြီးတော့မှ ကျေးရွာပြည်သူများ ဒုက္ခ ခံစားနေရသည့်အတွက် ဖြေရှင်းဆောင်ရွက်ပေးနိုင်ခြင်း ရှိ၊ မရှိဆိုတဲ့မေးခွန်းကို ကျွန်တော်ရှင်းလင်း ဖြေကြားတင်ပြသွားမှာဖြစ်ပါတယ်။ ဥက္ကဋ္ဌကြီးနှင့် ပြည်သူ့လွှတ်တော်ကိုယ်စားလှယ်များခင်ဗျား။ သတ္တုတွင်းဝန်ကြီးဌာနသည် အခြေခံဥပဒေအရ ပြည်ထောင်စုအစိုးရက တာဝန်ပေးတဲ့အတွက် ရတနာနယ်မြေတွေမှာ ရတနာများတူးဖော်ခြင်းလုပ်ငန်းများကို တာဝန်ယူဆောင်ရွက်လျက်ရှိပါတယ်။ အလားတူ တခြားသတ္တုမျိုးစုံကိုလည်း သတ္တုတူးဖော်ရေးလုပ်ငန်းများအတွက် တာဝန်ယူစစ်ဆေး ဆောင်ရွက်ခြင်း၊ လုပ်ငန်းဆောင်ရွက်ခွင့်ပြုခြင်း၊ အခွန်အခများကောက်ခံခြင်းတို့ကို ဆောင်ရွက်လျက် ရှိပါတယ်။ ဒီလို သတ္တုမျိုးစုံဆိုတဲ့နေရာမှာ အဖိုးတန်သတ္တုတွေပါပါတယ်။ ရွှေလည်းပါပါတယ်။ အလားတူပဲ သံနှင့် သံမဟုတ်သော စက်မှုလုပ်ငန်းသုံးသတ္တုတွေပါပါတယ်။ ဒါ့အပြင် စက်မှု ကုန်ကြမ်းသုံးသတ္တုတွေလည်းပါ ပါတယ်။ ဒါတွေကိုအခြေခံဥပဒေနှင့်အညီ ပြည်ထောင်စုအစိုးရက တာဝန်ပေးတဲ့အတွက် ဆောင်ရွက်နေရတာဖြစ်ပါတယ်။ အဲဒီတော့ ဦးကျော်နိုင်ဌေးတင်ပြတဲ့ မေးခွန်းမှာပါတဲ့ ကချင်ပြည်နယ်၊ မိုးညှင်းမြို့နယ် နမ့်မချီမှော်မှာ သတ္တုတွင်းဝန်ကြီးဌာနရဲ့ တာဝန်ပေးချက်အရ ဘာတွေလုပ်နေလဲဆိုတာ ကျွန်တော်ရှင်းပြသွားမှာဖြစ်ပါတယ်။ ရတနာနယ်မြေ ၇ ခုထဲမှာ မိုးညှင်းရတနာမြေဟာ တစ်ခုအဖြစ်ပါဝင်ပါတယ်။ အဲဒီတော့ ဒီမိုးညှင်းရတနာနယ်မြေရှိတဲ့ လေးတန်ချောင်းအဖျားမှာတော့ဖြင့် နယူးရတနာဦးကုမ္ပဏီ၊ ရွှေပတ္တမြားကုမ္ပဏီ၊ ကျောက်စိမ်း ရှေ့ဆောင်ကုမ္ပဏီ၊ တပ်ဟိန်းကုမ္ပဏီနှင့် မြန်မာစိမ်းလဲ့အောင်ကုမ္ပဏီအစရှိတဲ့ ဒီကုမ္ပဏီတွေကို သတ္တုတွင်းဝန်ကြီးဌာန၊ မြန်မာ့ကျောက်မျက်ရတနာရောင်းဝယ်ရေးလုပ်ငန်းက ကျောက်စိမ်း၊ ကျောက်မျက်များတူးဖော်ခွင့်ထုတ်ပေးထားပါတယ်။ သို့သော် ရွှေတူးဖော်ခွင့်ပေးထားခြင်းမရှိပါဘူး။ ဒီကျောက်စိမ်းတူးဖော်ရေးကုမ္ပဏီတွေဟာ သူတို့ရဲ့ကျောက်စိမ်းတူးဖော်တဲ့လုပ်ငန်းကို ဆောင်ရွက်တဲ့ အခါမှာလည်း စာချုပ်စာတမ်းကတိကဝတ်များနှင့် အညီဆောင်ရွက်စေလျက်ရှိပါတယ်။ ဒီကုမ္ပဏီတွေ တူးဖော်တဲ့နေရာကတော့ လေးတန်ချောင်းဆုံရဲ့တောင်ဘက် ပေ ၁၅၀၀ အကွာမှာရှိတဲ့ လုပ်ကွက် တွေမှာ ကျောက်စိမ်းတူးဖော်လုပ်ကိုင်လျက်ရှိပါတယ်။ တွေ့ရှိတဲ့ကျောက်ကြောတွေကို ယန္တရားများ အထူးသဖြင့်ဘက်ဟိုးတွေနဲ့တူးဖော်ပြီးဆောင်ရွက်ပါတယ်။ ဒီကျောက်ကြောကထွက်တဲ့ မြေစာတွေကို ရေပန်းထိုးပြီးတော့မှ ရေမှုံစုပ်စက်ဖြင့်မျှောစင်တင်ပြီးတော့ ဆေးကြောတာတွေလုပ်ပါတယ်။ ဒီမျှောစင်ကထွက်ရှိတဲ့ ရေနောက်များကိုတော့ အနည်ထိုင်တဲ့ကန်တွေပြုလုပ်ပြီးတော့မှ ဒါတွေကို သုံးစွဲစေလျက်ရှိပါတယ်။ ရေနောက်တွေဟာ အနည်ကျစေမယ့် အနည်ဆင်းကန်တွေကနေပြီးတော့မှ ကျိုးပေါက်ခြင်း၊ လျှံကျခြင်းများဖြစ်နိုင်ပါတယ်။ ရာသီဥတုကြောင့်သော်လည်းကောင်း၊ အသုံးပြုတာ များသောကြောင့်လည်းကောင်းဖြစ်နိုင်စရာရှိပါတယ်။ သို့သော်လည်း ဒီလိုနောက်ကျိတဲ့ရေတွေကို အနည်ထိုင်ထားပြီးဖြစ်တဲ့အတွက် ကျလာတဲ့ရေများကတော့ သဘာဝကြောင့် အပြင်းအထန်မိုးရွာတဲ့ အတွက်ကြောင့်၊ မိုးများတဲ့အတွက်ကြောင့်မှအပ ပုံမှန်အားဖြင့်တော့ ဒီရေတွေဟာ နောက်ကျိခြင်း မရှိနိုင်ပါဘူး။ နောက်တစ်ခါ ဒီလုပ်ကွက်တွေကလည်း လေးတန်ချောင်းအဖျားရောက်ဖို့ဆိုရင် တောင်ကြောများနှင့်ခံနေပြီးတော့မှ အကွာအဝေးအားဖြင့် ၁၅ မိုင်ခန့်အကွာလည်းရှိကြောင်း သိရပါတယ်။ အခုလိုဖြစ်စဉ်မျိုးနှင့်ပတ်သက်ပြီးတော့မှ ယခင်အစိုးရအဖွဲ့ ၂၀၁၁ ခုနှစ်၊ ဇန်နဝါရီလ ၂၁ ရက်နေ့မှာ ဒီလိုဖြစ်စဉ်မျိုးရှိတယ်လို့ ပြောကြားမှု၊ တိုင်ကြားမှုများအရ မိုးညှင်းခရိုင်၊ အေးချမ်း သာယာရေးနှင့် ဖွံ့ဖြိုးရေးကောင်စီဥက္ကဋ္ဌ ဦးစီးပြီးတော့မှ မြန်မာ့ကျောက်မျက်ရတနာရောင်းဝယ်ရေး လုပ်ငန်းက လက်ထောက်ညွှန်ကြားရေးမှူး၊ အခြားတာဝန်ရှိသော မြေစာရင်းဦးစီးဌာနများ၊ သက်ဆိုင်ရာရပ်ကွက် / ကျေးရွာအေးချမ်းသာယာရေးနှင့် ဖွံ့ဖြိုးရေးကောင်စီများကပါဝင်ပြီးတော့မှ အဖွဲ့အစည်းဖွဲ့စည်းပြီး ကွင်းဆင်းစစ်ဆေးသွားရောက်ကြည့်ရှုခဲ့ပါတယ်။ ဒီတွေ့ရှိတဲ့နေရာမှာ တွေ့ရှိချက်ပေါ်မူတည်ပြီးတော့မှ လေးတန်ချောင်းနှင့် လေးတန်ချောင်းကိုစီးဝင်နေတဲ့ ချောင်းတက် တွေအနီးမှာ ကျောက်စိမ်းတူးဖော်ထုတ်လုပ်တဲ့ ကုမ္ပဏီတွေကြောင့် လေးတန်ချောင်းရဲ့ သဘာဝ ပတ်ဝန်းကျင်၊ ချောင်းရေရဲ့အရည်အသွေးထိခိုက်ပျက်စီးမှုမရှိစေရေးကို စနစ်တကျလုပ်ဖို့ဆောင်ရွက် ခဲ့ပါတယ်။ ဒီလိုလုပ်ခဲ့တဲ့အတွက် ၂၀၁၁ ခုနှစ်အတွင်းမှာပင် နုံးစစ်ကန်တွေစနစ်တကျလုပ်ခဲ့တဲ့ အတွက် လေးတန်ချောင်းအတွင်းကို အဲဒီဒေသကရေကြည်များ၊ ရေလျှံလျှင်လည်း အနည်းငယ် အနည်အနောက်ပါသောရေများသာ စီးဝင်စေရေးအလေးထားဆောင်ရွက်ခဲ့ပြီးဖြစ်ကြောင်း တင်ပြ အပ်ပါတယ်။ ဒါ့အပြင် ၂၀၁၁ ခုနှစ်၊ မတ်လ ၁၅ ရက်နေ့မှာ ဒီလုပ်ငန်းတွေကို နှစ်လအကြာ လုပ်ပြီးတဲ့အခါမှာလည်း ဒီကော်မတီကပဲပြန်ပြီးတော့ စစ်ဆေးပြီးတော့ သတ်မှတ်တာတွေလုပ်ခဲ့ ပါတယ်။ မိုးညှင်းရတနာနယ်မြေ လေးတန်ချောင်းပတ်ဝန်းကျင်မှာရှိတဲ့ လုပ်ကွက်တွေကထွက်တဲ့ မြေစာနှင့် ကျောက်များကို ဒီချောင်းအတွင်းကို လုံးဝစီးဝင်စေခြင်းမရှိစေရေးအတွက် တခြားသော နေရာတွေမှာ မြေစာစွန့်ပစ်ရေးနေရာ ၄ နေရာကိုသတ်မှတ်ပြီးတော့ ဆောင်ရွက်ခဲ့ပါတယ်။ အဲ့ဒီနေရာ မှအပ အခြားသောနေရာတွေမှာ ခွင့်ပြုချက်မရှိဘဲ မြေစာစွန့်ပစ်ခြင်း လုံးဝမပြုလုပ်ဖို့ကိုလည်း ဆောင်ရွက်ထားပါတယ်။ ဒါတွေကိုလည်း ကတိကဝတ်နှင့် စာချုပ်စာတမ်းများပြုလုပ်ပြီးတော့မှ ဆောင်ရွက်ထားတာဖြစ်ပါတယ်။ ဒါ့အပြင် ချောင်းတွေအတွင်းကိုစီးဝင်တဲ့ တောင်ကျရေဆင်းလမ်း တွေလည်းရှိပါတယ်။ လျှိုမြောင်တွေလည်းရှိပါတယ်။ သူနဲ့ဆက်စပ်တဲ့မြေလည်းရှိပါတယ်။ အကယ်၍ မလွှဲမရှောင်သာစွန့်ပစ်ရမည်ဆိုပါကလည်း ဒီချောင်းတွေထဲကို တိုက်ရိုက်စွန့်ပစ်မြေတွေရောက် မသွားဖို့အတွက် သင့်တော်တဲ့နေရာတွေမှာ နုံးစုကန်ထပ်တူးဖော်ပြီးတော့မှ ဒီနုံးစုကန်အတွင်းမှာ နုံးတွေကိုထားပြီးမှ ဒီနုံးတွေက သန့်တဲ့ရေများကိုသာ စီးဝင်သွားနိုင်ဖို့လည်း ဆောင်ရွက်ထားဖို့ဖြစ်ပါ တယ်။ ဒါကိုလည်း သဘာဝပတ်ဝန်းကျင်ထိန်းသိမ်းရေးကိစ္စများနှင့် ပတ်သက်ပြီးတော့မှ မြန်မာ့ကျောက်မျက်ရတနာဥပဒေနှင့် ထုတ်ပြန်ထားသောအမိန့်နှင့်ညွှန်ကြားချက်များကို လိုက်နာ ဆောင်ရွက်ဖို့အတွက် တင်ပြပါကုမ္ပဏီ ၅ ခုကိုလည်း စနစ်တကျဆောင်ရွက်စေလျက်ရှိပါတယ်။ ဒီလိုဆောင်ရွက်တဲ့နေရာမှာ ဒီကုမ္ပဏီ ၅ ခုရဲ့လုပ်ငန်းဆောင်ရွက်မှုကြောင့် ချောင်းရေညစ်ညမ်းမှု ဖြစ်တယ်ဆိုတာကိုလည်း ပထမအကြိမ်စစ်ဆေးတုန်းက တွေ့ရှိရတဲ့အတွက် သတိပေးထားပါတယ်။ သတ်မှတ်စည်းမျဉ်းစည်းကမ်းတွေအတိုင်း လိုက်နာဆောင်ရွက်ဖို့ ညွှန်ကြားထားတာဖြစ်ပါတယ်။ ဒါကိုမလုပ်လာလို့ရှိရင် လုပ်ငန်းလုပ်ကိုင်ခွင့်တွေပိတ်သိမ်းသွားမည်ဖြစ်ကြောင်း ထုတ်ပြန်ထားပြီးဖြစ် ပါတယ်။ ၂၀၁၁ ခုနှစ်၊ မေလကတော့ စစ်ဆေးနိုင်ခဲ့ပါတယ်။ ဒီနောက်ပိုင်းမှာတော့ နယ်မြေဒေသရဲ့ အခြေအနေအရ အဲဒီဒေသများကိုသွားရောက်ပြီး ကွင်းဆင်းစစ်ဆေးနိုင်ခြင်းတော့ မရှိသေးပါဘူး။ ကျောက်စိမ်းသတ္တုတူးဖော်ရေးလုပ်ငန်းနဲ့ ပတ်သက်ပြီးတော့မှ ရှင်းလင်းတင်ပြခြင်းဖြစ်ပါတယ်။ ကချင်ပြည်နယ်၊ မိုးညှင်းမြို့နယ် နမ့်မချီမှော်နှင့် အင်းတော်ကြီးမြို့နယ်တွင်းတွေမှာ သတ္တုတွင်းဝန်ကြီး ဌာနက ရွှေသတ္တုတူးဖော်ခြင်းနဲ့ပတ်သက်ပြီးတော့မှ လုပ်ငန်းများကို ချပေးထားခြင်းမရှိပါဘူး။ ဆက်စပ်ပြီးတော့ မိုးညှင်းမြို့နယ်အတွင်းမှာ ရွှေသတ္တုတူးဖော်ရေးလုပ်ကွက် ၄ ကွက်ကိုတော့ ပေးထား ပါတယ်။ ဒီကုမ္ပဏီ ၄ ခုက မြန်မာအောင်နိုင်ရေးမုခ်ဦးကုမ္ပဏီ၊ ရွှေထိန်နုသတ္တုတူးဖော်ရေးကုမ္ပဏီ၊ ရွှေမိုးသွန်းအောင်ကုမ္ပဏီနှင့် ရွှေလင်းမာစက်မှုနှင့် ထုတ်လုပ်မှုကုမ္ပဏီတို့ဖြစ်ပါတယ်။ ဒီကုမ္ပဏီတွေ ကတော့ မိုးညှင်းမြို့နယ်နှင့် အင်းတော်ကြီးမြို့နယ်ကြားမှာရှိတဲ့ လေးတန်ချောင်းနှင့်အနီးဆုံး မိုင် ၂၀ ခန့်ကွာဝေးပြီးတော့မှ အဝေးဆုံးလုပ်ကွက်က မိုင် ၅၀ ခန့်ကွာဝေးကြောင်းသိရှိရပါတယ်။ ဒါကြောင့်မို့လို့ ဒီလုပ်ကွက်များကတော့ ရွှေတူးတဲ့လုပ်ကွက်များက ရေနောက်ရေကြည်များ လေးတန် ချောင်းအတွင်း စီးဝင်ခြင်းမရှိနိုင်ကြောင်း တင်ပြအပ်ပါတယ်။ ဒါ့အပြင် ကျွန်တော်တို့ဟာ ၂၀၁၁ ခုနှစ်၊ အောက်တိုဘာလ ၁၃ ရက်နေ့မှာ သတ္တုတွင်းဝန်ကြီးဌာန စီမံခန့်ခွဲရေးကော်မတီက ဆုံးဖြတ်ပြီးတော့မှ ဧရာဝတီမြစ်၊ ချင်းတွင်းမြစ်နှင့် ဒီဧရာဝတီမြစ်နှင့်ချင်းတွင်းမြစ်ကို စီးဝင်နေတဲ့ချောင်းလက်တက်များ၊ မြောင်းလက်တက်များ၊ ဒါ့အပြင် ဥရုချောင်းနှင့် ချောင်းအတွင်းစီးဝင်နေသော ချောင်းလက်တက်များ၊ မြောင်းလက်တက်များမှာ ရွှေသတ္တု၊ အခြားသတ္တုများတူးဖော်ခြင်း လုံးဝခွင့်မပြုပါဘူး။ ဒီနေ့ထိလည်း ခွင့်ပြုမိန့်ချထားပေးခြင်းမရှိပါဘူး။ ယခင် ၂၀၁၁ ခုနှစ်၊ ဧပြီလ ၁ ရက်နေ့ မတိုင်ခင်တုန်းက ချထား ပေးခဲ့တဲ့ လုပ်ပိုင်ခွင့်နှင့် လုပ်ကွက်များကိုလည်း ပြန်လည်သိမ်းယူပြီးတော့မှ ဖျက်သိမ်းပြီးဖြစ်ပါတယ်။ ဒါ့အပြင် မည်သည့်ကျောက်လုပ်ငန်းဖြစ်စေ ချောင်းနှင့်ချောင်းချောက်တွေ ကနေပြီးတော့မှ ပေ ၃၀၀ အတွင်းမှာ တူးဖော်ခွင့်မရှိရေး အမိန့်၊ လုပ်ထုံးလုပ်နည်းများ ညွှန်ကြားပြီးတော့မှဆောင်ရွက်လျက်ရှိ ပါတယ်။ ကျွန်တော်တို့မှာ အားနည်းချက်တစ်ခုရှိပါတယ်။ အဲဒါကတော့ဖြင့် နယ်မြေဒေသအခြေအနေ အရ ၂၀၁၁ ခုနှစ်၊ မေလနောက်ပိုင်းမှ ယနေ့အထိ အမှန်တကယ် အမိန့်နှင့်ညွှန်ကြားချက်အတိုင်း လက်တွေ့ကျကျဆောင်ရွက်နေခြင်းရှိ၊မရှိကို သွားရောက်စစ်ဆေးနိုင်ခြင်းမရှိသေးပါဘူး။ ဒါကြောင့် မို့လို့ နယ်မြေဒေသလုံခြုံမှုအခြေအနေ တိုးတက်ကောင်းမွန်လာသည်နှင့်အမျှ ကျွန်တော်တို့ဝန်ကြီး ဌာနကဖွဲ့စည်းထားတဲ့စစ်ဆေးရေးအဖွဲ့များ စေလွှတ်ပြီးတော့မှ မြေပြင်ကွင်းဆင်းစစ်ဆေးပြီး လိုအပ် တာများကိုလည်း ကြပ်မတ်ဆောင်ရွက်ခြင်း၊ ပြုပြင်လုပ်ဆောင်ခြင်းများကို ဆောင်ရွက်သွားမည်ဖြစ် ကြောင်းတင်ပြအပ်ပါတယ်။ ဥက္ကဋ္ဌကြီးနှင့် ပြည်သူ့လွှတ်တော်ကိုယ်စားလှယ်တော်ကြီးများခင်ဗျား။ သတ္တုများကိုတူးဖော်တဲ့နေရာမှာ သတ္တုတွင်းဝန်ကြီးဌာနကတော့ အမိန့်များ၊ ညွှန်ကြားချက်များနှင့် အညီ တိတိကျကျထိထိရောက်ရောက်ဖြစ်အောင် ဆောင်ရွက်လျက်ရှိပါတယ်။ ကျွန်တော်တို့လိုပဲ ကျွန်တော်တို့ ဝန်ကြီးဌာနတစ်ခုတည်းသာမကဘဲနဲ့ ဒေသခံတိုင်းဒေသကြီးအစိုးရနဲ့ ပြည်နယ် အစိုးရများ ဒေသခံလူထုများကလည်း ဝိုင်းဝန်းကြပ်မတ်ထိန်းသိမ်းပေးဖို့ လိုအပ်ပါကြောင်းတင်ပြအပ် ပါတယ်။ ဒီလုပ်ငန်းတွေလုပ်တဲ့အခါမှာ ကျွန်တော်တို့ ဝန်ကြီးဌာနကတော့ တင်ပြပါအတိုင်း အမိန့်နှင့် ညွှန်ကြားချက်များ ထုတ်လုပ်ပြီးဆောင်ရွက်နေသကဲ့သို့ အချို့သော တိုင်းဒေသကြီး/ ပြည်နယ်တွေမှာ သက်ဆိုင်ရာအစိုးရအဖွဲ့တွေဟာ ဥပဒေအရလုပ်ရမယ့်လုပ်ငန်းစဉ်တွေကို လုပ်နေသလို ရွှေသတ္တု တူးဖော်ခြင်းနဲ့ပတ်သက်လို့ အသေးစားလက်လုပ်လက်စား လုပ်ငန်းတွေကို ဥပဒေမပါဘဲနဲ့ လုပ်ကွက် များချထားပေးနေတာတွေရှိတယ်လို့ သိရပါတယ်။ ဒီလို ရွှေသတ္တုလက်လုပ်လက်စားတူးဖော်ခွင့် ပေးခြင်းဟာ လက်လုပ်လက်စားသာဆိုသော်လည်းပဲ မြေပြင်မှာကတော့ဖြင့် စက်ကိရိယာတွေ၊ ယန္တရားတွေအသုံးပြုပြီးတော့မှ ပတ်ဝန်းကျင်ထိန်းသိမ်းရေးကို အလေးမထားဘဲ ဆောင်ရွက်နေ တဲ့အတွက် သဘာဝပတ်ဝန်းကျင်ထိခိုက်မှုရှိတယ်။ စောစောက လွှတ်တော်ကိုယ်စားလှယ်ကြီးတင်ပြ သလို မြစ်ချောင်းများရဲ့ရေအရည်အသွေးကျဆင်းစေခြင်းကိုလည်း ဖြစ်လျက်ရှိကြောင်း သိရှိရပါ တယ်။ ဒါကြောင့်မို့လို့ ကျွန်တော်တို့တွေသာမက တိုင်းဒေသကြီးနဲ့ ပြည်နယ်အစိုးရတွေမှာလည်း အထူးသဖြင့် ရွှေသတ္တုတူးဖော်ခြင်းနှင့်ပတ်သက်ပြီးတော့မှ လက်လုပ်လက်စားပြုခွင့်များကို ဥပဒေ အရပေးခွင့်မရှိကြောင်း၊ အခွင့်အာဏာမရှိကြောင်း သိရှိထားပါရန်လိုအပ်ပါကြောင်းနှင့် ပြည်သူ့ လွှတ်တော်ကိုယ်စားလှယ်ကြီးများကလည်း မိမိတို့တိုင်းဒေသကြီး/ပြည်နယ်အလိုက်တင်ပြပါကိစ္စနှင့် ပတ်သက်ပြီးတော့ ဝိုင်းဝန်းထိန်းသိမ်းဆောင်ရွက်ပေးကြပါရန် တိုက်တွန်းနှိုးဆော်ဖြေကြားထားပါသည် ။
