(စ)လျှပ်စစ်ဓာတ်အားခွဲဝေသုံးစွဲမှုကွန်ရက်စနစ်နှင်‌့စပ်လျဉ်းသည့်မေးခွန်း

ပထမအကြိမ် ပြည်သူ့လွှတ်တော်တတိယပုံမှန်အစည်းအဝေးဆဋ္ဌမနေ့ (၂၀-၂-၂၀၁၂)

 လေးစားရပါသောပြည်သူ့လွှတ်တော်ဥက္ကဋ္ဌကြီး နှင့် ပြည်သူ့လွှတ်တော်ကိုယ်စားလှယ်များ ကြွရောက်လာသော ပြည်ထောင်စုဝန်ကြီးများ အားလုံးကို မင်္ဂလာပါလို့ နှုတ်ခွန်းဆက်သဂါရဝပြုအပ်ပါတယ်။ ကျွန်တော်ကတော့ စစ်ကိုင်းတိုင်းဒေသကြီး၊ မြင်းမူမဲဆန္ဒနယ်မှ ပြည်သူ့လွှတ်တော်ကိုယ်စားလှယ် ဦးဇော်ဝင်းအောင် ဖြစ်ပါတယ်။ ကျွန်တော့် အနေနဲ့ လျှပ်စစ်ဓာတ်အားခွဲဝေသုံးစွဲ ကွန်ရက်စနစ်နဲ့ပတ်သက်ပြီး မေးမြန်းလိုခြင်းဖြစ်ပါတယ်။ လေးစားရပါသော ပြည်သူ့လွှတ်တော်ဥက္ကဋ္ဌကြီးခင်ဗျား။ စစ်ကိုင်းတိုင်းဒေသကြီး၊ စစ်ကိုင်းခရိုင်၊ မြင်းမူမြို့သို့ ဆက်သွယ်ပေးထားသော ၃၃ ကေဗွီ လျှပ်စစ်ဓာတ်အားလိုင်းဟာ စစ်ကိုင်းခရိုင်၊ ကန်တလူအနီးမှာ တည်ဆောက်ထားတဲ့ အုန်းတောဓာတ်အားခွဲရုံနဲ့ ၂၆ မိုင်ကွာဝေးပါတယ်။ အဆိုပါ ၃၃ ကေဗွီ လျှပ်စစ်ဓာတ်အားလိုင်းမှ ကန်တလူဘုရား၊ ရွှေတောင်လမ်းဖြတ်ဂိတ်၊ အမှတ် ၇၂ သံချပ်ကာ စစ်ဆင်ရေးနှင့် ကွပ်ကဲမှုတပ်မဌာနချုပ်၊ စစ်ကိုင်းမြို့နယ်အတွင်းရှိ ကျေးရွာ ၆ ရွာ၊ မြင်းမူမြို့နယ် အတွင်းရှိ ကျေးရွာ ၂ ရွာ၊ စုစုပေါင်း ကျေးရွာ ၈ ရွာအား လျှပ်စစ်ဓာတ်အားပေးပြီးမှ မြင်းမူမြို့သို့ လျှပ်စစ်ဓာတ်အား ရောက်ရှိဖြန့်ဖြူးပေးလျက်ရှိကြောင်း သိရှိရပါတယ်။ မြင်းမူမြို့သို့ ရောက်ရှိလာတဲ့ လျှပ်စစ်ဓာတ်အားကို မြင်းမူမြို့မှာရှိတဲ့ ၃၃/ ၁၁ ကေဗွီ  ၅၀၀၀ ကေဗွီအေ၊ ၅ အမ်ဗွီအေ လျှပ်စစ်ဓာတ်အားခွဲရုံမှ မြင်းမူမြို့အတွင်း ၁၁ ကေဗွီလိုင်း နှစ်ဖီဒါ၊ မြောင်မြို့သို့ တစ်ဖီဒါနှင့် မြင်းမူမြို့အတွင်းမှာရှိတဲ့  ဝမ်းမြစ်ကျေးရွာနဲ့ အာလက်ကဝကျေးရွာများသို့ လျှပ်စစ်ဓာတ်အားဖြန့်ဖြူး ပေးထားလျက်ရှိပါတယ်။ ပြည်သူ့လွှတ်တော်ဥက္ကဋ္ဌကြီးခင်ဗျား။ စစ်ကိုင်းခရိုင်၊ ကန်တလူအနီးရှိ အုန်းတောဓာတ်အားခွဲရုံမှ မြင်းမူမြို့သို့ လျှပ်စစ်ဓာတ်အားပေးပို့ဖြန့်ဖြူးရာမှာ လျှပ်စစ်ဓာတ်အားလိုင်း ချို့ယွင်း၍သော်လည်းကောင်း၊သဘာဝဘေးအန္တရာယ်ကြောင့်သော်လည်းကောင်း၊ လျှပ်စစ်ဓာတ်အား ရယူသုံးစွဲသော ကျေးရွာတစ်ရွာမှသော်လည်းကောင်း၊ နေရာတစ်နေရာမှသော်လည်းကောင်း ဓာတ်အားချို့ယွင်းမှုဖြစ်ခဲ့လျှင် လျှပ်စစ်ဓာတ်အားလိုင်း ပြတ်တောက်ခဲ့ရပါတယ်။ ပြတ်တောက် သွားသည့် ဓာတ်အားလိုင်းပြုပြင်ခြင်း လုပ်ငန်းများဆောင်ရွက်ရာမှာလည်း တစ်ခါတစ်ရံမှာ နှစ်ရက် သို့မဟုတ် သုံးရက် ကြာမြင့်ခဲ့ရပါတယ်။ လျှပ်စစ်ဓာတ်အားလိုင်း ပြတ်တောက်ပါက အချိန်တိုအတွင်း လျှပ်စစ်ဓာတ်အား အမြန်ပြန်လည်ရရှိရန်အတွက် မြင်းမူမြို့နှင့် မိုင် ၂၀ သာ ဝေးကွာတဲ့ မုံရွာခရိုင်၊ ချောင်းဦးမြို့မှာရှိတဲ့ ၃၃ ကေဗွီ လျှပ်စစ်ဓာတ်အားခွဲရုံမှ လျှပ်စစ်ဓာတ်အားလိုင်းအား ချိတ်ဆက် အသုံးပြုမည်ဆိုပါလျှင် လျှပ်စစ်ဓာတ်အား အဆက်မပြတ်ရရှိပြီး မြင်းမူမြို့နဲ့ မြောင်မြို့တို့မှာ စက်ရုံ၊ အလုပ်ရုံများ တည်ဆောက်နိုင်မှု အခြေအနေရှိလာနိုင်သလို ဒေသအတွင်းမှာရှိတဲ့ အိမ်တွင်းစက်မှု လက်မှုလုပ်ငန်းများလည်း လုပ်ကိုင်နိုင်ကြမှာဖြစ်လို့ ပြည်သူများဟာလည်း စိတ်ဝင်စားလျက်ရှိကြ ပါတယ်။ သို့ပါ၍ စစ်ကိုင်းခရိုင်၊ မြင်းမူမြို့နှင့် မုံရွာခရိုင်၊ ချောင်းဦးမြို့တို့မှ ၃၃ ကေဗွီ လျှပ်စစ် ဓာတ်အားလိုင်းအား လျှပ်စစ်ဓာတ်အားခွဲဝေသုံးစွဲကွန်ရက်စနစ် ချိတ်ဆက်တည်ဆောက်ပေးနိုင်ခြင်းရှိ၊ မရှိကို မေးမြန်းထားပါသည် ။

ဖြေကြားသူ
ဦးအောင်သန်းဦး ဒုတိယဝန်ကြီး
ဖြေကြားသည့် ဝန်ကြီးဌာန
အဖြေ

 လေးစား အပ်ပါသော ပြည်သူ့လွှတ်တော်ဥက္ကဋ္ဌကြီးခင်ဗျား။ ပြည်သူ့လွှတ်တော်ကိုယ်စားလှယ်များအားလုံး မင်္ဂလာပါခင်ဗျား။ စစ်ကိုင်းတိုင်းဒေသကြီး၊ မြင်းမူမဲဆန္ဒနယ်မှ ပြည်သူ့လွှတ်တော်ကိုယ်စားလှယ် ဦးဇော်ဝင်းအောင်၏မေးမြန်းထားသော မေးခွန်းနှင့်ပတ်သက်၍ ဖြေကြားသွားမှာဖြစ်ပါတယ်ခင်ဗျား။ မြင်းမူမြို့မှာ မူလက ၃၃/၆.၆ ကေဗွီ၊ ၂ အမ်ဗွီအေဓာတ်အားခွဲရုံတစ်ခုတည်ဆောက်ပြီး မန္တလေးမြို့ရှိ တံခွန်တိုင်ဓာတ်အားခွဲရုံမှ ၃၃ ကေဗွီဓာတ်အားလိုင်းတည်ဆောက်၍ စစ်ကိုင်းရွာသစ်ကြီးတို့ကို ဖြတ်လျက် မြင်းမူအထိဓာတ်အားပေးထားခဲ့ပြီးဖြစ်ပါတယ်။ အုန်းတောပင်မဓာတ်အားခွဲရုံအား    ၂၀၁၀ ခုနှစ်၊ ဇန်နဝါရီလ ၂၀ ရက်နေ့မှာ တည်ဆောက်ပြီးစီးသည့်အခါ မြင်းမူမြို့သို့ မန္တလေး (တံခွန်တိုင်)ဓာတ်အားခွဲရုံမှ ဓာတ်အားမပေးတော့ဘဲ အုန်းတောခွဲရုံမှ ၃၃ ကေဗွီ ဓာတ်အားလိုင်းဖြင့် ပို့လွှတ်ဓာတ်အားပေးခဲ့သဖြင့် ဓာတ်အားလိုင်းမိုင် ၂၀ မိုင်လျော့နည်းသွားခဲ့ပါတယ်။ ဗို့အားလည်း တိုးတက်ကောင်းမွန်လာခဲ့ပြီး ထို့ထက်ပိုမိုကောင်းမွန်စေရန် မြင်းမူမြို့တွင် ၃၃/၆.၆ ကေဗွီ၊                 ၂ အမ်ဗွီအေထရန်စဖော်မာအစား ၃၃/၁၁ ကေဗွီ၊ ၅ အမ်ဗွီအေထရန်စဖော်မာတစ်လုံးကို ၉/၂၀၁၀ လအတွင်းက တိုးချဲ့တပ်ဆင်ပေးခဲ့ပြီးဖြစ်ပါတယ်။ မြို့တွင်းရှိ ဖြန့်ဖြူးရေးထရန်စဖော်မာများကိုလည်း ၆.၆/ဝ.၄ ကေဗွီအေအစား ၁၁/ဝ.၄ ကေဗွီအေထရန်စဖော်မာများဖြင့် လဲလှယ်တပ်ဆင်ပေးခဲ့ပါတယ်။ အကြောင်းကြောင်းကြောင့် ဓာတ်အားပြတ်တောက်မှုများရှိသော်လည်းပဲ ၂ ရက် ၃ ရက်နေ့/ည တစ်ဆက်တည်း ဓာတ်အားပြတ်တောက်မှုမျိုးမရှိဘဲ ဓာတ်အားလိုင်းအသစ်များ တည်ဆောက်ရာ၌ မလွတ်ကင်း၍ နေ့ပိုင်းဓာတ်အားပိတ် အလုပ်လုပ်ပြီး ညပိုင်းဓာတ်အား ပြန်လည်ဖြန့်ဖြူးပေးသည်‌့ အခြေအနေမျိုးသာရှိခဲ့ပါတယ်။ မြင်းမူမြို့ဟာ ချောင်းဦးမြို့ရှိ ၃၃ ကေဗွီ ဓာတ်အားခွဲရုံမှ မိုင် ၂၀ သာကွာဝေးသော်လည်း ပင်မဓာတ်အားခွဲရုံမှာ မုံရွာမြို့တွင်တည်ရှိသဖြင့် မြင်းမူမြို့ဟာ ပင်မဓာတ်အား ခွဲရုံမှ ၃၇ မိုင်ခန့်ကွာဝေးပါတယ်။ မုံရွာနှင့် ချောင်းဦးမြို့ကြားရှိ ဓာတ်အားလိုင်းကြိုးမှာ ချောင်းဦးမြို့ တစ်မြို့တည်းအတွက်သာ ရည်ရွယ်တည်ဆောက်ထားခြင်းကြောင့် ကြိုးအရွယ်အစားသေးငယ်ပါ တယ်။ မြင်းမူမြို့ကို ချောင်းဦးမြို့နှင့် ချိတ်ဆက်ရန်အတွက်  ၃၃ ကေဗွီ ဓာတ်အားလိုင်းအသစ်မိုင် ၂၀ တည်ဆောက်ပေးရမည်ဟု သာမန်အားဖြင့် သုံးသပ်ထင်မှတ်ရသော်လည်း ကြိုးအရွယ်အစားကြီးကြီး ဖြင့် ၃၃ ကေဗွီဓာတ်အားလိုင်းတစ်လိုင်းကို မုံရွာမြို့ရှိ အောင်ချမ်းသာပင်မဓာတ်အားခွဲရုံမှ ၃၇ မိုင် တည်ဆောက်ရမည့်အနေအထားဖြစ်နေပြီး နည်းပညာပိုင်းအရလည်း သင့်လျော်မှုမရှိကြောင်း တွေ့ရှိ ရပါတယ်။ အဆိုပါ ၃၃ ကေဗွီဓာတ်အားလိုင်းတည်ဆောက်ခြင်းအတွက် အကြမ်းဖျင်းကုန်ကျစရိတ်မှာ စုစုပေါင်းကျပ်သိန်း ၈၀၀၀ ခန့်ကုန်ကျမည်ဖြစ်ပါတယ်။ နိုင်ငံတော်အတွင်းဓာတ်အားစနစ်မရောက် ရှိသေးသည်‌့ နေရာဒေသများအတွက် ဓာတ်အားလိုင်းများစွာတည်ဆောက်ရဦးမှာ ဖြစ်ပါတယ်။ အဆိုပါ လုပ်ငန်းများမှာ ငွေကြေးများစွာလည်း ကုန်ကျရဦးမှာဖြစ်ပါတယ်။ သို့ဖြစ်ပါ၍ စစ်ကိုင်းတိုင်း ဒေသကြီး၊ မြင်းမူမြို့နှင့် မုံရွာခရိုင်၊ ချောင်းဦးမြို့တို့မှ ၃၃ ကေဗွီလျှပ်စစ်ဓာတ်အားလိုင်းဟာ ဓာတ်အား ခွဲဝေသုံးစွဲမှုကွန်ရက်စနစ် တည်ဆောက်ပေးရန်မလိုအပ်သေးပါသဖြင့် ဆောင်ရွက်ပေးနိုင် ခြင်းမရှိသေးပါကြောင်း ဖြေကြားထားပါသည် ။