လေးစားရပါသော ပြည်သူ့လွှတ်တော်ဥက္ကဋ္ဌကြီး နှင့် ဖိတ်ကြားထားတဲ့ ပြည်ထောင်စုဝန်ကြီးများ၊ ပြည်သူ့လွှတ်တော်ကိုယ်စားလှယ်များအားလုံးကို မင်္ဂလာပါလို့ နှုတ်ခွန်းဆက်သအပ်ပါတယ်။ ကျွန်တော်ကတော့ ကချင်ပြည်နယ်၊ နောင်မွန်းမဲဆန္ဒနယ်မှ ပြည်သူ့လွှတ်တော်ကိုယ်စားလှယ် ဦးဂျီဖုန်ဆားရ် ဖြစ်ပါတယ်။ ကျွန်တော့်အနေနဲ့ ခါကာဘိုရာဇီ အမျိုးသားဥယျာဉ်အတွင်းမှာနေထိုင်ကြသော ဒေသခံလူထုရဲ့စားဝတ်နေရေးနဲ့သက်ဆိုင်တဲ့ မေးခွန်း ကို မေးမြန်းတင်ပြသွားမှာဖြစ်ပါတယ်။ ဥက္ကဋ္ဌကြီးခင်ဗျား။ ခါကာဘိုရာဇီအမျိုးသားဥယျာဉ်ဟာ မြန်မာနိုင်ငံ မြောက်ဘက်စွန်း နောင်မွန်းမြို့နယ်၊ ပန်နန်းဒင်မြို့နယ်ခွဲမှာတည်ရှိပြီးတော့ ဧရိယာ အကျယ်အဝန်း ၁၄၇၂ စတုရန်းမိုင် ကျယ်ဝန်းကြောင်းသိရှိရပါတယ်။ ဥယျာဉ်ရဲ့ဧရိယာအတွင်းမှာ ကျေးရွာပေါင်း ၁၅ ရွာရှိပြီးတော့ လူဦးရေ ၁၀၀၀ ကျော်ခန့်နေထိုင်ကြပါတယ်။ ၎င်းဒေသဟာ ပင်လယ်ရေမျက်နှာပြင်အထက် ပေ ၃၀၀၀ ကျော်လောက်မှာတည်ရှိပြီးမှ အလွန်အေးတဲ့ ရာသီဥတုကြောင့် ဆန်စပါးမစိုက်ပျိုးနိုင်ဘဲဒေသထွက်ဖြည့်စွက်သီးနှံများသာ စိုက်ပျိုးစားသုံးနေထိုင် ကြပါတယ်။ ဒါ့အပြင် သဘာဝသစ်တောထွက်ပစ္စည်းများကိုသာ အဓိကထားပြီးမှ ပင်ပန်းခက်ခဲစွာ အသက်မွေးဝမ်းကျောင်း ပြုကြရတဲ့နေရာဖြစ်ပါတယ်။ ဥက္ကဋ္ဌကြီးခင်ဗျား။ ၁၉၉၈ ခုနှစ်၊ နိုဝင်ဘာလမှ စပြီး ခါကာဘိုရာဇီအမျိုးသားဥယျာဉ်အဖြစ် သတ်မှတ်ကြေညာခဲ့ပါတယ်။ အမျိုးသားဥယျာဉ်အဖြစ် သတ်မှတ်ကြေညာပြီးတဲ့နောက်ပိုင်းမှာ သားငှက်နဲ့ သဘာဝပတ်ဝန်းကျင်ထိန်းသိမ်းရေးဥပဒေရဲ့ ကန့်သတ်ချက်များကို လိုက်နာဆောင်ရွက်ကြရမှာဖြစ်တဲ့အတွက် ဒေသခံများရဲ့မိရိုးဖလာ နေထိုင် စားသောက်မှုအခက်အခဲများရှိလာကြောင်း လေ့လာတွေ့ရှိရပါတယ်။ နိုင်ငံတော်အတွက် ကောင်းမွန် သောရည်ရွယ်ချက်များဖြင့် အမျိုးသားဥယျာဉ်သတ်မှတ်ပြီးတော့ ထိန်းသိမ်းကာကွယ်ရေးလုပ်ငန်းများ ဆောင်ရွက်ခြင်းကို လှိုက်လှဲစွာကြိုဆိုရမှာဖြစ်ပါတယ်။ တစ်ဖက်မှာလည်းပဲ ဥယျာဉ်အတွင်းမှာ နေထိုင် ကြတဲ့ ဒေသခံများရဲ့စားဝတ်နေရေးအတွက် ထည့်သွင်းစဉ်းစားပေးရန်လည်းပဲ လိုအပ်လာပါတယ်။ ဒါ့ကြောင့် ကျွန်တော့်အနေနဲ့ အောက်ပါမေးခွန်း ၂ ခုကို မေးမြန်းရခြင်းဖြစ်ပါတယ်။ ကျွန်တော် မေးမယ့် မေးခွန်းနံပါတ်(၁)ကတော့ ဒေသခံလူထုရဲ့ စားဝတ်နေရေးအတွက် အထောက်အကူဖြစ်စေ ရန် ဒေသထွက်ဆေးဖက်ဝင်များဖြစ်သော ရှီးပတီး(ခေါ်) ပိုးနွယ်ကောင်၊ မဂျစ်ဥ၊ ခူရှားဥ၊ ခန်းတောက် မြစ်နှင့် ဆားချီ (ခေါ်) ဆေးဘက်ဝင် သစ်ဥများကို ရှာဖွေရောင်းဝယ်ခွင့်ပြုနိုင်၊ မပြုနိုင်သိလိုပါတယ်။
မေးခွန်းနံပါတ် (၂) ကတော့ ဥယျာဉ်ဧရိယာအတွင်းမှာနေထိုင်ကြသော ပြည်သူလူထုရဲ့ စီးပွားရေး၊ လူမှုရေး၊ လမ်းပန်းဆက်သွယ်ရေးများ တိုးတက်ကောင်းမွန်လာစေရန် သက်ဆိုင်ရာမှ ဆောင်ရွက်ပေးမည့် အစီအစဉ် ရှိ၊မရှိ သိလိုပါကြောင်း လေးစားစွာမေးမြန်းတင်ပြထားပါသည် ။
လေးစားအပ်ပါသော ပြည်သူ့လွှတ်တော်ဥက္ကဋ္ဌကြီးနှင့် ပြည်သူ့လွှတ်တော် ကိုယ်စားလှယ်တော်များခင်ဗျား။ ရှေးဦးစွာ ကိုယ်စိတ်နှစ်ဖြာရွှင်လန်းချမ်းမြေ့ကြပါစေကြောင်း ဆုမွန် ကောင်းတောင်းအပ်ပါတယ်။ ကျွန်တော်ကတော့ ကချင်ပြည်နယ်၊ နောင်မွန်းမဲဆန္ဒနယ်မှ ပြည်သူ့ လွှတ်တော်ကိုယ်စားလှယ်ကြီး ဦးဂျီဖုန်ဆားရ်ရဲ့ ခါကာဘိုရာဇီအမျိုးသားဥယျာဉ်အတွင်းမှာရှိတဲ့ ဒေသခံပြည်သူများအတွက် ဆေးဖက်ဝင် ရှီးပတီးပင်နှင့် အခြားဆေးဖက်ဝင် သစ်မြစ်၊ သစ်ဥ၊ သစ်ဖု များရှာဖွေရောင်းဝယ်ခွင့်ရှိ၊မရှိဆိုတဲ့ မေးခွန်းနှင့် အခြားမေးခွန်းတစ်ခုဖြစ်တဲ့ အမျိုးသားဥယျာဉ် အတွင်း မှီတင်းနေထိုင်ကျက်စားလျက်ရှိကြသော ဒေသခံပြည်သူများရဲ့ လူမှုဘဝမြှင့်တင်နိုင်ရေး အတွက်မည်သို့မည်ပုံ နိုင်ငံတော်ဘက်က ဆောင်ရွက်ပေးနိုင်မလဲဆိုတဲ့ မေးခွန်းနှစ်ခုကို ပူးပေါင်း ပြီးတော့ ဖြေကြားသွားမှာဖြစ်ပါတယ်။
ဥက္ကဋ္ဌကြီးခင်ဗျား။ ကျွန်တော်တို့ ပတ်ဝန်းကျင်ထိန်းသိမ်းရေးနှင့်သစ်တောရေးရာဝန်ကြီး ဌာနသည် နိုင်ငံတော်စီးပွားဖွံ့ဖြိုးတိုးတက်စေရေး၊ ဒေသခံပြည်သူများရဲ့ လူမှုဘဝမြင့်မားစေရေး၊ နိုင်ငံတော်အတွင်းမှာရှိသော သစ်တောသယံဇာတအရင်းအမြစ်များ ရေရှည်တည်တံ့ပြီး သဘာဝ ပတ်ဝန်းကျင်များပိုမိုကောင်းမွန်လာစေရေး၊ ဇီဝမျိုးစုံမျိုးကွဲများ ထိန်းသိမ်းကာကွယ်ရေးတို့အတွက် ၁၉၉၅ ခုနှစ်တွင် သစ်တောမူဝါဒကိုလည်းကောင်း၊ ၁၉၉၄ ခုနှစ်တွင် တောရိုင်းတိရစ္ဆာန်နှင့် သဘာဝ အပင်များ ကာကွယ်ရေးနှင့်သဘာဝနယ်မြေများ ထိန်းသိမ်းရေးဥပဒေကိုလည်းကောင်း ပြဋ္ဌာန်း ပြီးတော့ ၂၀၀၁-၂၀၀၂ ဘဏ္ဍာနှစ်မှ ၂၀၃၀-၂၀၃၁ ဘဏ္ဍာနှစ်အထိ အမျိုးသားသစ်တောကဏ္ဍ ပင်မ စီမံကိန်းနှစ် ၃၀ ပါစီမံကိန်းကို နှစ်တို၊နှစ်ရှည်စီမံကိန်းများ ချမှတ်ပြီးတော့မှ ထာဝစဉ်တည်တံ့သော သစ်တောအုပ်ချုပ်လုပ်ကိုင်မှုလုပ်ငန်းစဉ်များကိုအခြေခံ၍ သစ်တောသယံဇာတများကို ရေရှည် တည်တံ့နိုင်စေရေးအတွက် ကြိုးဝိုင်းကြိုးပြင်ကာကွယ်တောများ သဘာဝထိန်းသိမ်းရေးနယ်မြေများ တိုးချဲ့ဖွဲ့စည်းတည်ထောင်သတ်မှတ်ခြင်းများကို ရည်မှန်းချက်များအတိုင်း စနစ်တကျပြုစုထိန်းသိမ်း ကာကွယ်ဆောင်ရွက်လျက်ရှိပါတယ်။ ခါကာဘိုရာဇီအမျိုးသားဥယျာဉ်ဟာ ကချင်ပြည်နယ်၊ ပူတာအို ခရိုင်၊ နောင်မွန်းမြို့နယ်အတွင်းတည်ရှိပြီးတော့ ၁၄၇၂ စတုရန်းမိုင်၊ ဧကအားဖြင့် ၉၄၂၀၈၀ ဧက ကျယ်ဝန်းပါတယ်။ ၁၉၉၆ ခုနှစ်မှာ သဘာဝနယ်မြေအဖြစ် သတ်မှတ်တည်ထောင်ကြောင်း ကြေညာခဲ့ ပါတယ်။ ယင်းသဘာဝနယ်မြေအား ၁၉၉၄ ခုနှစ်တွင် ထုတ်ပြန်ထားသော တောရိုင်းတိရစ္ဆာန်နှင့် သဘာဝအပင်များကာကွယ်ရေးနှင့် သဘာဝနယ်မြေများထိန်းသိမ်းရေးဥပဒေပုဒ်မ ၇ ပုဒ်မခွဲ (ခ) နှင့် ပုဒ်မ ၈ ပုဒ်မခွဲ (က) တို့အရ မိမိတို့ဝန်ကြီးဌာနရဲ့ ၁၉၉၈ ခုနှစ်၊ နိုဝင်ဘာလ ၁၀ ရက် နေ့စွဲပါအမိန့် ကြော်ငြာစာအမှတ် ၇၈/၉၈ ဖြင့် ခါကာဘိုရာဇီအမျိုးသားဥယျာဉ်အဖြစ် သတ်မှတ်ကြေညာခဲ့ခြင်း လည်းဖြစ်ပါတယ်။ ခါကာဘိုရာဇီအမျိုးသားဥယျာဉ်ကို ဟိမဝန္တာအရှေ့ဖျားနှင့် ဆက်စပ်နေသော မြန်မာနိုင်ငံမြောက်ဖျားစွန်းဆီးနှင်းဖုံးဒေသရှိ ဇီဝမျိုးစုံမျိုးကွဲများနှင့် ၎င်းတို့၏ ဂေဟစနစ်အား ထိန်းသိမ်းကာကွယ်ရန် ဧရာဝတီမြစ်ဖျားရေဝေဒေသနှင့် သဘာဝပတ်ဝန်းကျင်အား ထိန်းသိမ်း ကာကွယ်ရန်၊ သဘာဝအခြေခံခရီးသွားလုပ်ငန်း တိုးမြှင့်ဆောင်ရွက်ခြင်းဖြင့် နိုင်ငံတော်နှင့်ဒေသခံ ပြည်သူများရဲ့အကျိုးစီးပွားကို အထောက်အကူပြုစေရန် ရည်မှန်းချက်များထားရှိပြီးတော့ ဖွဲ့စည်းခဲ့ ခြင်းဖြစ်ပါတယ်။ ခါကာဘိုရာဇီအမျိုးသားဥယျာဉ်ဟာ ဟိမဝန္တာအရှေ့ဖျားနှင့်ဆက်စပ်နေသော မြန်မာ့ မြောက်ဖျားဆက်စပ်သစ်တောများ (Northern Forest Complex) ဟုအသိအမှတ်ပြုခြင်းခံရတဲ့ ဇီဝမျိုးစုံမျိုးကွဲများ ပေါကြွယ်ဝပြီးတော့ ယင်းဒေသမှမျိုးစိပ် (Species) အသစ်များထပ်မံတွေ့ရှိရပြီး ကမ္ဘာ့သုတေသီများ၊ သိပ္ပံပညာရှင်များ၊ ဆွဲဆောင်မှုအလွန်ကောင်းတဲ့ သဘာဝနယ်မြေတစ်ခု ဖြစ်လျက်ရှိပါတယ်။ ပတ်ဝန်းကျင်ထိန်းသိမ်းရေးနှင့် သစ်တောရေးရာဝန်ကြီးဌာန စီမံခန့်ခွဲအုပ်ချုပ် လျက်ရှိသော ခါကာဘိုရာဇီအမျိုးသားဥယျာဉ်အပါအဝင် သဘာဝနယ်မြေအားလုံးအတွင်းမှာရှိသော တောရိုင်းတိရစ္ဆာန်များနှင့်အပင်များကို ဥပဒေပုဒ်မ ၂၉ ပုဒ်မခွဲ (င) ယင်းဥပဒေပုဒ်မ ၃၀ ပုဒ်မခွဲ (က) နှင့် ပုဒ်မခွဲ (ဂ) တို့ဖြင့် သဘာဝအပင်များကိုတူးယူခြင်း၊ ဆွတ်ခူးခြင်း၊ စုဆောင်းခြင်း၊ ချိုးဖဲ့ခြင်း၊ တစ်စုံတစ်ရာ ပြုလုပ်ခြင်းတို့မှကာကွယ်ထားပါတယ်။ ခါကာဘိုရာဇီအမျိုးသားဥယျာဉ်အတွင်းမှာ ရှိတဲ့ ရှီးပတီးနှင့် အခြားဆေးဖက်ဝင်သစ်မြစ်၊ သစ်ဥများဖြစ်သော မဂျစ်ဥ၊ ခူရှားဥ၊ ခန်းတောက် မြစ်နှင့် ဆားချီ(ခေါ်)သစ်ဥများကို သဘာဝထိန်းသိမ်းရေးနယ်မြေအတွင်း စီးပွားဖြစ်ထုတ်လုပ်ရန် တားမြစ်ထားပါတယ်။ သို့ရာတွင် ၂၀၀၂ ခုနှစ်၊ အောက်တိုဘာလ ၂၄ ရက်နေ့တွင် ထုတ်ပြန်ခဲ့သော တောရိုင်းတိရစ္ဆာန်နှင့် သဘာဝအပင်များကာကွယ်ရေးနှင့် သဘာဝနယ်မြေများ ထိန်းသိမ်းရေး နည်းဥပဒေ ပုဒ်မ ၁၄ ပုဒ်မခွဲ (ခ) အရ ခါကာဘိုရာဇီအမျိုးသားဥယျာဉ်သည် ဥယျာဉ်သဘာဝနယ်မြေ အတွင်း နယ်နိမိတ်အစပ်တွင်လည်းကောင်း၊ အတွင်းတွင်လည်းကောင်း လိုအပ်ပါက ကြားခံနယ်မြေ သတ်မှတ်၍ ယင်းကြားခံနယ်မြေမှ ဖော်ပြပါဆေးဘက်ဝင်အပင်များကို စည်းကမ်းချက်များ သတ်မှတ် ကာ အကန့်အသတ်ဖြင့် ထုတ်ယူသုံးစွဲခွင့်ပြုနိုင်မည်ဖြစ်ပါတယ်။ ပတ်ဝန်းကျင်ထိန်းသိမ်းရေးနှင့် သစ်တောရေးရာဝန်ကြီးဌာနအနေဖြင့် သဘာဝနယ်မြေနှင့် အမျိုးသားဥယျာဉ်များအတွင်းရှိ ဒေသခံ ပြည်သူများ၏ စားဝတ်နေရေးနှင့် လူနေမှုအဆင့်အတန်းမြင့်မားလာစေရေးအတွက် နိုင်ငံတကာ အစိုးရမဟုတ်သော အဖွဲ့အစည်းများ (INGO) များဖြစ်သော ကမ္ဘာ့သားငှက်ထိန်းသိမ်းရေးအဖွဲ့ (Wildlife Conservation Society-WCS) နှင့်ကျေးရွာဖွံ့ဖြိုးရေးလုပ်ငန်းများကို ခါကာဘိုရာဇီ အမျိုးသားဥယျာဉ်အတွင်းတွင်၂၀၀၇-၂၀၀၈ ဘဏ္ဍာနှစ်မှ ၂၀၁၀-၂၀၁၁ ဘဏ္ဍာနှစ်အထိ စိုက်ပျိုးရေး လုပ်ငန်းသုံးများ၊ လုပ်ငန်းသုံးပစ္စည်းများပံ့ပိုးပေးခြင်း၊ နှစ်ရှည်သီးပင်များကိုင်းဆက်နည်းဖြင့် စိုက်ပျိုး နည်းများ သရုပ်ပြသင်တန်းပေးခြင်း၊ သဘာဝမြေသြဇာပြုလုပ်နည်းများသရုပ်ပြခြင်း၊ ကျောင်းသား၊ ကျောင်းသူများနှင့် ဆရာ၊ ဆရာမများအတွက် အခြေခံလိုအပ်ချက်ဖြစ်သော ဆန်များထောက်ပံ့ ပေးခြင်း၊ လမ်းပန်းဆက်သွယ်ရေးအတွက် လိုအပ်သော ကူညီပံ့ပိုးမှုများပြုလုပ်ပေးခြင်း၊ ခါကာဘိုရာဇီ အမျိုးသားဥယျာဉ်အတွင်းမှာရှိသော ကျေးရွာ ၁၇ ရွာအား ဖွံ့ဖြိုးရေးဇုန်အဖြစ် သတ်မှတ်ခြင်းလုပ်ငန်း များကို ဆောင်ရွက်ပြီးတော့ ဖွံ့ဖြိုးရေးလုပ်ငန်းများကို ဆက်လက်ဆောင်ရွက်ပေးလျက်ရှိပါတယ်။ မိမိတို့ဝန်ကြီးဌာနအနေဖြင့် ဒေသခံများရေရှည်ဝင်ငွေရရှိရေးအတွက် ကချင်ပြည်နယ်၊ ပူတာအိုခရိုင် နောင်မွန်းဒေသနှင့် လိုက်လျောညီထွေဖြစ်မည့် စိုက်ပျိုးရေးလုပ်ငန်းများ၊ အခြားဝင်ငွေတိုးလုပ်ငန်း များအား နိုင်ငံတော်ကချမှတ်ထားတဲ့ စည်းမျဉ်းစည်းကမ်းမူဘောင်များအတွင်းမှ နည်းလမ်းရှာဖွေ ပြီးတော့ ဝန်ကြီးဌာနအနေဖြင့်သော်လည်းကောင်း၊ ကူညီပံ့ပိုးလိုသော NGO အဖွဲ့အစည်းများနှင့် သော်လည်းကောင်း ဆက်လက်ပူးပေါင်းပြီးတော့ ကြိုးပမ်းအကောင်အထည်ဖော်သွားမှာဖြစ် ပါကြောင်းပြန်လည်၍ဖြေကြားအပ်ထားပါသည် ။
