(ဂ) စက်ရုံအလုပ်ရုံများမှ ပေါက်ကွဲစေတတ်သောပစ္စည်းများနှင်‌့စပ်လျဉ်းသည့်မေးခွန်း

ပထမအကြိမ် ပြည်သူ့လွှတ်တော်တတိယပုံမှန်အစည်းအဝေး ပဉ္စမနေ့ (၁၇-၂-၂၀၁၂)

 လေးစားအပ်ပါသော ပြည်သူ့လွှတ်တော် ဥက္ကဋ္ဌကြီးနှင့် ပြည်သူ့လွှတ်တော်ကိုယ်စားလှယ်များခင်ဗျား။ ကျွန်တော်မေးမယ့် မေးခွန်းနံပါတ်တစ် ကတော့ အားလုံးသိတဲ့အတိုင်း ပရဆေးဂိုဒေါင်ထဲက သိုလှောင်ထားတဲ့ပစ္စည်းတွေကို အကြောင်းပြုပြီး တော့ ပေါက်ကွဲမှုပြင်းထန်ခဲ့တဲ့ ရန်ကုန်တိုင်းဒေသကြီး၊ မင်္ဂလာတောင်ညွန့်မြို့နယ် ကူးတို့ဆိပ်ရပ်ကွက် တွင် ၂၉-၁၂-၂၀၁၁ ရက်နေ့ကဖြစ်ပွားခဲ့သော မီးလောင်ပေါက်ကွဲမှုနှင့်ပတ်သက်၍ ကော်မရှင် တစ်ရပ်ဖွဲ့စည်းကာ စုံစမ်းစစ်ဆေးမှုပြုလုပ်ပြီး နောင်အလားတူပေါက်ကွဲမှုဖြစ်စေနိုင်တဲ့ ပစ္စည်းများ ထားရှိမှုကို ကာကွယ်သောအားဖြင့် အရေးယူနိုင်ရန်အစီအစဉ်ရှိပါသလား။ နောက် ဒုတိယမေးမယ့် မေးခွန်းကတော့ BBC မှာတော့ ဒီသတင်းပါခဲ့ပါတယ်။ သို့သော် ကျွန်တော်တို့ ပြည်တွင်းသတင်း တွေမှာတော့ပါလား၊ မပါလားမသိပါဘူး။ အဲဒါကတော့ ၂၀၁၁ခုနှစ်၊ စက်တင်ဘာလ ၁၆ ရက်နေ့က သင်္ဃန်းကျွန်းမြို့နယ်၊ င/က ရပ်ကွက်၊ ပန်းရိုက်လမ်းမှာရှိတဲ့ ဟုန်ရှင်ငါးအသားလွှာ အအေး ခန်းစက်ရုံမှာ နမိုးနီးယားပေါက်ကွဲမှုဖြစ်ခဲ့တာပါ။ ဒီစက်ရုံဟာ မကြာခဏပေါက်ကွဲမှုဖြစ်တဲ့အတွက် အဲဒီမှာရှိတဲ့ အထူးသဖြင့်ဆင်းရဲသားတွေ အင်မတန်မှတိုးဝှေ့ထွက်ပြေးရပြီးတော့ ဒဏ်ရာဒဏ်ချက် တွေလည်းမကြာခဏရပါတယ်။ အဲဒါနဲ့ပတ်သက်ပြီး သိပါသလား။ အဲဒီတော့ ပြည်သူတွေကို အန္တရာယ်ပေးနိုင်တဲ့ စက်ရုံ၊ အလုပ်ရုံများမှာ ပေါက်ကွဲစေတတ်သည့်ပစ္စည်းများနှင့် အလှမ်းကွာဝေး သောနေရာများသို့ပြောင်းရွှေ့ပေးရန် အစီအစဉ်ရှိပါသလား။ အစီအစဉ်ရှိပါတယ်ဆိုရင် ရန်ကုန်လို လူနေသိပ်သည်းတဲ့ မြို့ကြီးပြကြီးတွေမှာ ဘယ်အချိန်မှာ ဘယ်လိုဆောင်ရွက်ပေးမယ်ဆိုတာသိလို ကြောင်း လေးစားစွာမေးမြန်းထားပါသည်။

ဖြေကြားသူ
ဒုတိယဗိုလ်ချုပ်ကြီးကိုကို ပြည်ထောင်စုဝန်ကြီး
ဖြေကြားသည့် ဝန်ကြီးဌာန
အဖြေ

 လေးစား အပ်ပါသော ပြည်သူ့လွှတ်တော်ဥက္ကဋ္ဌကြီးနှင့် လွှတ်တော်ကိုယ်စားလှယ်များ အားလုံးမင်္ဂလာပါလို့ နှုတ်ခွန်းဆက်သအပ်ပါတယ်။ ဒီမေးခွန်းနဲ့ပတ်သက်ပြီးတော့လည်း ကျွန်တော် ပြည်ထဲရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒုတိယဗိုလ်ချုပ်ကြီးကိုကိုမှ ဖြေကြားသွားမှာဖြစ်ပါတယ်။ ရန်ကုန်တိုင်းဒေသကြီး၊ သင်္ဃန်းကျွန်းမဲဆန္ဒနယ်မှ ပြည်သူ့လွှတ်တော်ကိုယ်စားလှယ် ဦးသိန်းညွန့်ရဲ့ မေးခွန်းနဲ့ပတ်သက် ပြီးတော့ ဖြေကြားရမယ်ဆိုလို့ရှိရင် ပထမဆုံးအချက်ဖြစ်တဲ့ ရန်ကုန်တိုင်းဒေသကြီး၊ မင်္ဂလာတောင် ညွန့်မြို့နယ်၊ ကူးတို့ဆိပ်ရပ်ကွက်မှာ ၂၀၁၁ ခုနှစ်၊ ဒီဇင်ဘာလ ၂၉ ရက်နေ့ကဖြစ်ပွားခဲ့တဲ့ မီးလောင် ပေါက်ကွဲမှုနှင့်ပတ်သက်ပြီးတော့ စုံစမ်းစစ်ဆေးဖို့အတွက် ပြည်ထောင်စုအစိုးရအဖွဲ့က ပြည်ထဲရေး ဝန်ကြီးဌာနကိုတာဝန်ပေးခဲ့ပါတယ်။ အလားတူပဲ ရန်ကုန်တိုင်းဒေသကြီးအစိုးရအဖွဲ့ကလည်း ရန်ကုန် မြို့တော် စည်ပင်သာယာရေးကော်မတီ အတွင်းရေးမှူးခေါင်းဆောင်တဲ့ စုံစမ်းစစ်ဆေးရေးအဖွဲ့ကို ဖွဲ့စည်းပြီးတော့မှစစ်ဆေးခဲ့ပါတယ်။ စုံစမ်းစစ်ဆေးရေးအဖွဲ့တွေရဲ့တွေ့ရှိချက်အရ တာဝန်ရှိသူ ၅ ဦး ကိုတော့ မင်္ဂလာတောင်ညွန့်ရဲစခန်းမှ ၂၉-၁၂-၂၀၁၁ ရက်နေ့မှာ အမှုအမှတ် (ပ)၇၇၈/၂၀၁၁ နှင့် ပြစ်မှုဆိုင်ရာဥပဒေပုဒ်မ ၂၈၅၊ ၂၈၆၊ ၃၃၇၊ ၃၃၈ နှင့် ၃၀၄ (က) တို့အရ အမှုဖွင့်လှစ်ထားပြီးဖြစ်ပါ တယ်။ ၂၀၁၂ ခုနှစ်၊ ဇန်နဝါရီလ ၂၇ ရက်နေ့မှာတော့ မင်္ဂလာတောင်ညွန့်မြို့နယ်တရားရုံးကို တရားစွဲ တင်ပို့တဲ့နေရာမှာ မြို့နယ်တရားရုံးက စတင်စစ်ဆေးမည်ဖြစ်ပါတယ်။ ဒါ့အပြင် တာဝန်ရှိတယ်လို့ သတ်မှတ်တဲ့တရားခံ ၃ ဦးကိုလည်း မင်္ဂလာတောင်ညွန့်ရဲစခန်းမှ ၂၀၁၂ ခုနှစ်၊ ဇန်နဝါရီလ ၇ ရက် နေ့မှာ (ပ) ၁၂/၂၀၁၂ ခုနှစ်၊ ၁၉၀၈ ခုနှစ် ပေါက်ကွဲစေတတ်သောအရာဝတ္ထုများအက်ဥပဒေပုဒ်မ ၃ အရ အမှုဖွင့်လှစ်ပြီးတော့မှ ၂၀၁၂ ခုနှစ်၊ ဖေဖော်ဝါရီလ ၇ ရက်နေ့မှာတော့ ရန်ကုန်တိုင်းဒေသကြီး၊ အရှေ့ပိုင်းခရိုင်ဥပဒေရုံးရဲ့ အကြံပြုချက်တောင်းပြီးတော့ တရားစွဲဆိုဆောင်ရွက်နေပြီဖြစ်ပါတယ်။ ယခုလို လူအများအပြားသေဆုံးဒဏ်ရာရတဲ့ မီးလောင်ပေါက်ကွဲမှုနှင့်ပတ်သက်ပြီးတော့ ထိရောက် ဟန့်တားတဲ့ ပြစ်ဒဏ်ချမှတ်နိုင်ရေးအတွက်လည်း ခိုင်လုံတဲ့သက်သေအထောက်အထားများနှင့်အတူ တရားစွဲတင်ပြီးဖြစ်ရာ သက်ဆိုင်ရာတရားရုံးများမှ စတင်စစ်ဆေးနေပြီဖြစ်ကြောင်း ဖြေကြားအပ်ပါ တယ်။ ဒုတိယအချက်နှင့်ပတ်သက်ပြီးတော့ ရန်ကုန်တိုင်းဒေသကြီး၊ သင်္ဃန်းကျွန်းမြို့နယ်၊ င/က ရပ်ကွက်၊ ပန်းရိုက်လမ်းက မုတ္တမပင်လယ်ကုမ္ပဏီ ငါးအသားလွှာအအေးခန်းစက်ရုံ အမိုးနီးယား ပေါက်ကွဲမှုကိစ္စဖြစ်ပါတယ်။ ဒါနဲ့ပတ်သက်ပြီး အဲဒီဖြစ်စဉ်ဟာ အအေးခန်းစက်ရုံ အမိုးနီးယား ပေါက်ကွဲမှုမဟုတ်ဘဲ ၂၀၁၁ ခုနှစ်၊ စက်တင်ဘာလ ၁၆ ရက်နေ့ ညနေ ၅ နာရီခန့်မှာ အဆိုပါစက်ရုံ အတွင်းသွယ်တန်းထားတဲ့ အမိုးနီးယားဓာတ်ငွေ့ပိုက်လိုင်းဟာ ပိုက်လိုင်းပိုက်ဆက်ဟပြီး အမိုးနီးယား ဓာတ်ငွေ့ယိုစိမ့်မှုဖြစ်ပါတယ်။ ဒါကို စက်ရုံအလုပ်သမားတွေရဲ့ပြုပြင်မှုကြောင့် မိနစ် ၃၀ ခန့်အကြာ မှာပြုပြင်ပြီးဖြစ်ပါတယ်။ ဒီကိစ္စနှင့်ပတ်သက်ပြီးတော့ မွေးမြူရေးနှင့်ရေလုပ်ငန်းဝန်ကြီးဌာနက စစ်ဆေးခဲ့ရာမှာ အမိုးနီးယားယိုစိမ့်မှုဟာ ဓာတ်ငွေ့အအေးပေး Unit ဖြစ်တဲ့ Condenser မှာရှိတဲ့ Safety Valve က Seal အထိုင်မကျတာကြောင့် အမိုးနီးယားဓာတ်ငွေ့တွေယိုစိမ့်ခြင်းဖြစ်တာကိုတွေ့ ရပါတယ်။ ယခုအခါမှာတော့ Condenser မှာရှိတဲ့ Safety Valve  ကို အသစ်လဲလှယ်အသုံးပြုထား ကြောင်းနဲ့ ဒီလို အမိုးနီးယားဓာတ်ငွေ့ယိုစိမ့်မှုဟာ ယခင်ကဖြစ်ခဲ့ဖူးခြင်းမရှိကြောင်းတွေ့ရှိရပါတယ်။ ဒီလိုဓာတ်ငွေ့ယိုစိမ့်မှုကြောင့် စက်ရုံအနောက်ဘက်မှာရှိတဲ့ ကျူးကျော်ရပ်ကွက်က လူအချို့ကတော့ အထိတ်တလန့်ဖြစ်ခဲ့ပြီးတော့မှ ၎င်းတို့ထဲက နှလုံးရောဂါသည်တစ်ဦးကတော့  ထိတ်လန့်မှုဖြစ်ပွားတဲ့ အတွက် ဆေးရုံတင်ကုသမှုရှိတယ်လို့သိရပါတယ်။ အခြားသောစက်ရုံဝန်ထမ်းနဲ့ အခြားသူတွေတော့ ထိခိုက်မှုမရှိကြောင်း သိရှိရပါတယ်။ အမိုးနီးယားဓာတ်ငွေ့ပေါက်ကွဲမှုဖြစ်ခြင်းမဟုတ်ဘဲနဲ့ ဓာတ်ငွေ့ ယိုစိတ်မှုဖြစ်ခြင်းသာဖြစ်ကြောင်း စစ်ဆေးတွေ့ရှိရပါတယ်။ ဒီအအေးခန်းစက်ရုံဟာ စက်မှုဝန်ကြီး ဌာနရဲ့ ပုဂ္ဂလိကစက်မှုလုပ်ငန်းမှတ်ပုံတင်လက်မှတ်၊ ကျန်းမာရေးဝန်ကြီးဌာနရဲ့ အစားအသောက်     ထုတ်လုပ်ခြင်း ထောက်ခံချက်လက်မှတ်နဲ့ ရန်ကုန်မြို့တော်စည်ပင်သာယာရေးကော်မတီရဲ့လုပ်ငန်း လိုင်စင်တွေကိုင်ဆောင်ပြီးတော့မှ လုပ်ဆောင်လျက်ရှိတာတော့ တွေ့ရှိပါတယ်။ သို့သော်လည်း မွေးမြူရေးနှင့်ရေလုပ်ငန်းဝန်ကြီးဌာနအနေနဲ့ ဒီစက်ရုံဟာ အမိုးနီးယားယိုစိမ့်မှု ပြင်ဆင်ဆောင်ရွက် ထားမှုကို ထပ်မံစစ်ဆေးပြီးမှသာ စက်ရုံလိုင်စင်ကိုတော့ထုတ်ပေးမှာဖြစ်ကြောင်း သိရှိရပါတယ်။ တတိယအချက်အနေနဲ့ ပတ်သက်လို့ကတော့ စက်ရုံအလုပ်ရုံနဲ့ဂိုဒေါင်တွေဟာ ပြည်သူတွေကို အန္တရာယ်ပေးနိုင်တဲ့၊ ပေါက်ကွဲမှုဖြစ်စေနိုင်တဲ့ ဓာတုပစ္စည်းများသိုလှောင်ခြင်း၊ စည်းကမ်းမဲ့အသုံးပြု ခြင်းတွေမဖြစ်စေဖို့အတွက် ပစ္စည်းတွေထားတဲ့ ဂိုဒေါင်များစာရင်းကို ယခုအခါမှာ မြို့နယ်အလိုက် စာရင်းများကောက်ယူပြီးမှ အန္တရာယ်ရှိနိုင်တဲ့သိုလှောင်ရုံတွေကို လူနေရပ်ကွက်နဲ့ အလှမ်းကွာဝေး ပြီးတော့မှ လုံခြုံရေးအရ အကာအကွယ်ပေးနိုင်မယ့်နေရာတွေကို ရွှေ့ပြောင်းခြင်းတွေကို ယခု ရန်ကုန် တိုင်းဒေသကြီးအစိုးရအဖွဲ့က စီစဉ်ဆောင်ရွက်လျက်ရှိပြီး ဖြစ်ပါတယ်။ ဒါ့အပြင် ပေါက်ကွဲစေတတ်တဲ့ ဓာတုဗေဒပစ္စည်းနဲ့ ဆက်စပ်ပစ္စည်းတွေရဲ့ဘေးအန္တရာယ်က ကာကွယ်တားဆီးနိုင်ဖို့အတွက်လည်း စက်မှုဝန်ကြီးဌာနအနေနဲ့ ဓာတုဗေဒပစ္စည်းနဲ့ ဆက်စပ်ပစ္စည်းများအန္တရာယ်မှ တားဆီးကာကွယ်ရေး ဥပဒေမူကြမ်းကိုလည်း ရေးဆွဲထားပြီးတော့ အတည်ပြုပြဋ္ဌာန်းနိုင်ဖို့အတွက် လုပ်ထုံးလုပ်နည်းများနှင့် အညီ ဆောင်ရွက်လျက်ရှိကြောင်းသိရှိရပါတယ်။ နောက်ဆုံးအချက်အနေနဲ့ကတော့ စက်မှုဆိုင်ရာ စီးပွားရေးလုပ်ငန်းတွေ စုဖွဲ့တည်ရှိမှုကို တဖြည်းဖြည်းချင်းကူးပြောင်းပြီးတော့ စက်မှုဇုန်ကြီးတွေ တည်ဆောက်ပေးလျက်ရှိပါတယ်။ ဒီလိုဆောင်ရွက်တဲ့နေရာမှာ မြို့တော်ကြီးတွေမှအပ မြို့များပါ မကျန် သက်ဆိုင်ရာဌာနအဖွဲ့အစည်းများအနေနဲ့ လိုအပ်တဲ့ City Development Plan, Township Development Plan တွေကို ရေးဆွဲဆောင်ရွက်လျက်ရှိတဲ့နေရာမှာ ဒီ Plan တွေမှာ တည်နေရာချ ထားတိုင်းမှာ စက်ရုံ၊ အလုပ်ရုံတွေကို အစုအဖွဲ့အလိုက်နေရာချထားတာကို တွေ့ရှိရမှာဖြစ်ပါတယ်။ ဒါကြောင့်မို့လို့လည်း ဒီအခု မင်္ဂလာတောင်ညွန့်ဖြစ်စဉ်ကြီးကို သင်ခန်းစာရယူပြီးတော့မှ မြို့နယ် အလိုက် စာရင်းကောက်ယူပြီးတော့ အန္တရာယ်ရှိတဲ့သိုလှောင်ရုံတွေကို လူနေရပ်ကွက်တွေနဲ့ အလှမ်း ကွာဝေးတဲ့ လုံခြုံရေးအရ ကြည့်ရှုအကာအကွယ်ပေးနိုင်မယ့်နေရာတွေကို ရွှေ့ပြောင်းပေးဖို့အတွက် သက်ဆိုင်ရာ အစိုးရအဖွဲ့တွေက စီစဉ်ဆောင်ရွက်လျက်ရှိပါကြောင်း ဖြေကြားထားပါသည်။