လေးစားအပ်ပါတဲ့ ပြည်သူ့လွှတ်တော်ဥက္ကဋ္ဌကြီးနှင့် လွှတ်တော်ကိုယ်စားလှယ်များ၊ ဖိတ်ကြားထားတဲ့ ဧည့်သည်တော်များ မင်္ဂလာပါလို့ နှုတ်ခွန်းဆက်သ ဂါရဝပြုအပ်ပါတယ်။ ကျွန်တော်ကတော့ ပဲခူးတိုင်းဒေသကြီး၊ ပြည်မဲဆန္ဒနယ်က ဦးဝင်းမြင့် ဖြစ်ပါတယ်။ လေးစားအပ်သော ဥက္ကဋ္ဌကြီးခင်ဗျား။ ပဲခူးတိုင်းဒေသကြီး၊ ပြည်မြို့နယ် ပြည်မြို့ပေါ်မှာ ရွှေဘုန်းပွင့်ဘုရားကြီးဝင်းအတွင်းမှာ ရွှေဘုန်းပွင့်ပိဋကတ်စာကြည့်တိုက်နှင့် ယဉ်ကျေးမှုပြတိုက်ကို ၁၉၃၁ ခုနှစ်ကစတင်ပြီး တည်ထောင်ခဲ့ပါတယ်။ အလှူရှင်များ၊ ဝါသနာရှင်များ၊ စာရေးဆရာကြီးများ၊ မြို့မိမြို့ဖ ပြည်သူများက အလုပ်အမှုဆောင်အဖွဲ့များ ဖွဲ့စည်းပြီး ခေတ်အဆက်ဆက် ထိန်းသိမ်း လာခဲ့ရာ အခုဆိုရင် နှစ်ပေါင်း ၈၀ ကျော်ခဲ့ပါပြီ။ ရွှေဘုန်းပွင့်ပိဋကတ်စာကြည့်တိုက်နှင့်ယဉ်ကျေးမှု ပြတိုက်လို့ ခေါ်ရခြင်းကလည်း ဘာသာရပ်မျိုးစုံ၊ စာအုပ် ၁၀၀၀၀ ကျော်နှင့် ဂျာနယ်မဂ္ဂဇင်းများကို နေ့စဉ်ငှားရမ်းဖတ်ရှုနေကြတဲ့ စာကြည့်တိုက်တစ်ခု ဖြစ်သည့်အပြင် ရှေးဟောင်းယဉ်ကျေးမှုများဖြစ်တဲ့ ရှင်မဟာရဋ္ဌသာရကျောက်စာတိုင်၊ စာဆိုတော်ရဟန်းရှင်လူအများတို့ရဲ့ ပုံတူပန်းချီကားတွေ၊ လက်ရေးမူတွေ၊ ခေတ်တစ်ရာမြို့ဟောင်းက တူးဖော်ရရှိတဲ့ ခေတ်အဆက်ဆက်က ရှေးဟောင်းပစ္စည်း ပေစာ၊ ပရပိုက်များ၊ ငွေသားပရပိုက်များ ထားရှိပြသထားတဲ့အတွက် သုသေသီများ၊ နိုင်ငံခြားသား များက နေ့စဉ်ဝင်ရောက်လေ့လာနေကြတဲ့ ပြတိုက်ကြီးတစ်ခုလည်း ဖြစ်ပါတယ်။ ထိုကဲ့သို့ သမိုင်း အစဉ်လာကြီးမားလှတဲ့ ပြတိုက်နှင့်စာကြည့်တိုက်ဟာ ယခုအခါ ခေတ်မီ ဖွံံဖြိုးတိုးတက်တဲ့ နိုင်ငံတော် နှင့်အတူ အဆင့်တိုးမြှင့်ပေးရန် လိုအပ်နေကြောင်း တွေ့ရှိရပါတယ်။ ဒါကြောင့်မို့လို့ အောက်ပါ မေးခွန်းကို မေးခွင့်ပြုပါခင်ဗျား။ ပဲခူးတိုင်းဒေသကြီး၊ ပြည်မြို့ရှိ ပိဋကတ်စာကြည့်တိုက်နှင့် ယဉ်ကျေးမှု ပြတိုက်အား အဆောင်များတိုးချဲ့ပေးရန်၊ အင်တာနက်များတပ်ဆင်ပေးရန်၊ E-Library အဆင့်တိုးမြှင့် ပေးရန် အစီအစဉ် ရှိ၊ မရှိ သိလိုပါတယ်။ အစီအစဉ်ရှိပါက မည်သည့်ကာလတွင် တိုးမြှင့်ဆောင်ရွက် ပေးမည်ကိုလည်းသိလိုပါကြောင်း မေးမြန်းထားပါသည် ။
လယ်တီပိဋကတ်စာကြည့်တိုက်နှင့်စပ်လျဉ်းသည့်မေးခွန်း
လေးစားအပ်ပါသော ပြည်သူ့လွှတ်တော် ဥက္ကဋ္ဌကြီးနှင့် ဒုတိယဥက္ကဋ္ဌ၊ ပြည်ထောင်စုဝန်ကြီးများ၊ အထူးဖိတ်ကြားထားသော ဧည့်သည် တော်များနှင့် ပြည်သူ့လွှတ်တော်ကိုယ်စားလှယ်များအားလုံးကို ကျွန်မ မင်္ဂလာပါလို့ နှုတ်ခွန်းဆက်သ အပ်ပါတယ်။ ဥက္ကဋ္ဌကြီးရှင့် ။ ပဲခူးတိုင်းဒေသကြီး၊ ရွှေတောင်မြို့ရှိ လယ်တီပိဋကတ်စာကြည့်တိုက်၊ ပိဋကတ်တိုက်ဆိုတာ စတင်ပြီးတော့ရင် ဒီစာကြည့်တိုက်ကို တည်ထောင်စဉ်အခါတုန်းက ရှေးအခေါ်နဲ့ ပိဋကတ်တိုက်လို့ပဲ ခေါ်ခဲ့တာ ဖြစ်ပါတယ်။ အခုနောက်ပိုင်းမှာတော့ ပိဋကတ်စာကြည့်တိုက်ဆိုပြီးတော့ စာကြည့်တိုက်ကိုပါတွဲပြီးခေါ်တာဖြစ်ပါတယ်။ အဲဒီ လယ်တီပိဋကတ်စာကြည့်တိုက်ကို လယ်တီ ဆရာတော်ဘုရားကြီး ပျံလွန်တော်မူပြီး ၁၀ နှစ်အကြာ ခရစ်သက္ကရာဇ် ၁၉၃၃ ခုနှစ်မှာ ရွှေတောင်မြို့ ၊ ဒီရင်တပုန်ရွာမှ ဦးမှတ်ကြီးနှင့် ဒကာ၊ ဒကာမ အများ ကောင်းမှုအဖြစ်နဲ့ ဆောက်လုပ်တည်ထောင်ခဲ့ ကြပါတယ်။ ဤပိဋကတ်စာကြည့်တိုက်ကို ဂျပန်ခေတ်၌ ကင်ပေတိုင်ရုံးအဖြစ်လည်းကောင်း၊ ထို့နောက် ပိုင်း၌ ဆေးရုံအဖြစ်လည်းကောင်း၊ မြို့နယ်သံဃာ့နာယကရုံးအဖြစ်လည်းကောင်း၊ လဝကရုံး အမှုတွဲ ထိန်းရာဌာနအဖြစ်လည်းကောင်း ခေတ်အဆက်ဆက်မှာ စာကြည့်တိုက်အဖြစ်နဲ့ မအပ်စပ်တဲ့ အသုံးချ မှုများကိုခံခဲ့ရပါတယ်။ ရှေးဟောင်းအဖိုးတန်စာပေတွေ၊ ပေစာတွေဆိုရင်လည်း အကုန်ပျက်စီးကုန် ပါပြီ။ နောက်စာအုပ်စာတမ်းများလည်း ဆုံးရှုံးပျောက်ကွယ်ခဲ့ရပါတယ်။ ခရစ်သက္ကရာဇ် ၂၀၀၄ ခုနှစ် ကိုရောက်လာတဲ့အခါမှာ ဒီစာကြည့်တိုက်ကြီးရဲ့အစိတ်အပိုင်းအချို့ကို၊ အဆောက်အဦကြီးတစ်ခုလုံး ကိုပြုပြင်ဖို့ရာအတွက် ငွေကြေးမတတ်နိုင်တဲ့အတွက်ကြောင့် တချို့သုံးလို့ရရင် အစိတ်အပိုင်းတချို့ ကိုပဲပြင်နိုင်ခဲ့တာပါ။ အဲဒီတော့ ကော်မတီဝင် ၁၅ ဦးပါဝင်တဲ့အဖွဲ့ကပြုပြင်ပြီး စာကြည့်တိုက်အဖြစ်နဲ့ ပြန်လည်ဖွင့်လှစ်ခဲ့ရာ ယခုလက်ရှိအချိန်မှာ ရသ၊ သုတစာပေ၊ စာအုပ်စာတမ်းပေါင်း ၁၂၀၀၀၊ ဥက္ကဋ္ဌ၊ ဒုတိယဥက္ကဋ္ဌ၊ အတွင်းရေးမှူး၊ ဘဏ္ဍာရေးမှူး၊ စာကြည့်တိုက်မှူး၊ စာရေး ၂ ဦး၊ စာကြည့်တိုက်အသင်း ဝင် ၂၈၀၀ တို့ဖြင့် နေ့စဉ် ညနေ ၃ နာရီကနေ ည ၈ နာရီအထိ စာငှား၊ စာကြည့်ဖွင့်ကာ ပုံမှန်လှုပ်ရှား ဆောင်ရွက်လျက်ရှိကြပါတယ်။ သို့ဖြစ်ပါ၍ ရှေးဟောင်းသမိုင်းဝင် ဤလယ်တီစာကြည့်တိုက်ကို စာကြည့်တိုက်ဆိုင်ရာ ခေတ်မီနည်းစနစ်များ ပံ့ပိုးတိုးမြှင့်ပေးရန် အစီအစဉ်ရှိ၊ မရှိ သိလိုပါတယ်။ အစီအစဉ်ရှိရင်လည်း မည်သည့်အချိန်တွင် ဆောင်ရွက်ပေးနိုင်မည်ကို သိလိုပါကြောင်းမေးမြန်းရခြင်း ဖြစ်ပါသည် ။
လေးစားအပ်ပါသော ပြည်သူ့လွှတ်တော်ဥက္ကဋ္ဌကြီးခင်ဗျား။ ကျွန်တော့်အနေနဲ့ ပြည်သူ့လွှတ်တော်ကိုယ်စားလှယ် ဦးဝင်းမြင့် နှင့် ဒေါက်တာဒေါ်အေးမြင့်တို့ရဲ့ မေးမြန်းတဲ့မေးခွန်း ၂ ခုစလုံးဟာ စာကြည့်တိုက်များနှင့်ပဲသက်ဆိုင် နေတဲ့အတွက် တစ်ပေါင်းတစ်စည်းတည်း ြဖေကြားသွားမှာ ဖြစ်ပါတယ်။ ပြန်ကြားရေးဝန်ကြီးဌာနဟာ ၂၀၀၄ ခုနှစ်ကစတင်ပြီး ကျေးရွာကိုယ့်အားကိုယ်ကိုးစာကြည့်တိုက်များ ထူထောင်ရေးကို စတင် ဆောင်ရွက်ခဲ့ပါတယ်။ ဒီလိုဆောင်ရွက်တဲ့အခါမှာ ကျွန်တော်တို့အနေနဲ့ ရည်ရွယ်ချက် ၃ ခုထားရှိ ဆောင်ရွက်ခဲ့တာဖြစ်ပါတယ်။
ပထမရည်ရွယ်ချက်ကတော့ ကျေးလက်ပြည်သူများ အသိပညာဗဟုသုတ ကြွယ်ဝရေး ဖြစ်ပါတယ်။ ကျွန်တော်တို့နိုင်ငံဟာ စိုက်ပျိုးရေးနိုင်ငံဖြစ်ပြီး နိုင်ငံလူဦးရေရဲ့ ၇၀ ရာခိုင်နှုန်းခန့်ဟာ ကျေးလက်ဒေသများမှာ နေထိုင်သူများဖြစ်ပါတယ်။ ဒါ့ကြောင့် ကျေးလက်ပြည်သူတွေရဲ့ ပညာရေး၊ ကျန်းမာရေး၊ စီးပွားရေး၊ လူမှုရေးများ ဖွံ့ဖြိုးတိုးတက်လာတာနဲ့အမျှ နိုင်ငံစီးပွားရေးဟာလည်း ဖွံ့ဖြိုးတိုးတက်လာမှာ ဖြစ်ပါတယ်။ ဒီလိုကျေးလက်ပြည်သူများ ဖွံ့ဖြိုးတိုးတက်ဖို့အတွက် အဓိက လိုအပ်ချက်ကတော့ အသိပညာ ဗဟုသုတပဲ ဖြစ်ပါတယ်။ အသိပညာ ဗဟုသုတရရှိဖို့အတွက် အခြေခံ ကတော့ စာပေပဲဖြစ်ပါတယ်။ ဒါကြောင့် ကျေးလက်ပြည်သူများအနေနဲ့ စာအုပ်စာစောင်များကို လက်လှမ်းမီဖတ်ရှုနိုင်ဖို့အတွက် ကျေးရွာကိုယ့်အားကိုယ်ကိုးစာကြည့်တိုက်များကို တည်ထောင် ဖွင့်လှစ်ပေးခဲ့ခြင်းဖြစ်ပါတယ်။
ဒုတိယရည်ရွယ်ချက်ကတော့ ကျေးလက်နေပြည်သူများအနေနဲ့ အသိပညာ ဗဟုသုတ ပြည့်ဝပြီး အမှားနှင့် အမှန်ကို ခွဲခြားနိုင်ဖို့၊ မိမိအမျိုးသားယဉ်ကျေးမှုကို ထိန်းသိမ်းနိုင်ဖို့ပဲ ဖြစ်ပါတယ်။ ဒီကနေ့အချိန်မှာ နည်းပညာတိုးတက်လာတာနဲ့အမျှ မီဒီယာများရဲ့ ထိုးဖောက်နိုင်မှုဟာလည်း ကြီးမားကျယ်ပြန့်လာပါတယ်။ ဒီလို ကျယ်ပြန့်လာနေတဲ့ ပုံနှိပ်မီဒီယာ၊ အီလက်ထရောနစ် မီဒီယာတွေမှာ အကျိုးရှိတဲ့ တင်ပြချက်တွေပါသလို လူမျိုးရေး၊ ဘာသာရေးအရ အစွန်းရောက် အတွေးအခေါ်များကို ဖြန့်ဝေနေမှုတွေ၊ ပုဂ္ဂိုလ်စွဲ၊ ဝါဒစွဲအရ လိုရာဆွဲပြီး ရေးသားမှုတွေ၊ ညစ်ညမ်းစာနဲ့ ရုပ်ပုံတွေ၊ အကြမ်းဖက်မှုကို အားပေးတဲ့ တင်ပြချက်တွေလည်း ပါရှိနေပါတယ်။ ဒီလိုတင်ပြမှုတွေထဲက အမှား၊ အမှန်ကို ရွေးချယ်နိုင်ဖို့ နိုင်ငံ၊ လူမျိုးနဲ့ မိမိအတွက် အကျိုးရှိအောင် အသုံးချနိုင်ဖို့ဆိုရင် ပြည်သူများအနေနဲ့ အသိပညာဗဟုသုတကြွယ်ဝဖို့လိုပါတယ်။ အဲဒီလို အသိပညာဗဟုသုတကြွယ်ဝဖို့ အတွက် အဓိကလိုအပ်ချက်ဖြစ်တဲ့ စာဖတ်နိုင်အောင် ရည်ရွယ်ပြီး ကျေးရွာကိုယ့်အားကိုယ်ကိုး စာကြည့်တိုက်များကို ထူထောင်ပေးခဲ့တာဖြစ်ပါတယ်။
တတိယအချက်အနေနဲ့ အရေးအကြီးဆုံး ရည်ရွယ်ချက်ဖြစ်ပါတယ်။ ရည်ရွယ်ချက်ကတော့ မြန်မာနိုင်ငံမှာ ဒီမိုကရေစီစနစ်ကို မှန်မှန်ကန်ကန်နဲ့ အနှစ်သာရရှိရှိ ကျင့်သုံးနိုင်ဖို့အတွက် ဖြစ်ပါတယ်။ မြန်မာနိုင်ငံမှာ ဒီမိုကရေစီထွန်းကားဖို့ဆိုရင် အုပ်ချုပ်ရေးနဲ့ ဥပဒေပြုရေးအဖွဲ့အစည်း များအတွင်းမှာသာမက မြန်မာ့လူ့ဘောင်အဖွဲ့အစည်းတစ်ခုလုံးမှာ ဒီမိုကရေစီကျင့်စဉ်များ ထွန်းကားဖို့ လိုပါတယ်။ ဒါမှသာ ပြည်သူတွေအနေနဲ့ မိမိတို့ရဲ့ အခွင့်အရေးများကို ဥပဒေနဲ့အညီ ကျင့်သုံးနိုင်မှာ ဖြစ်သလို ကျန်တဲ့မဏ္ဍိုင်ကြီးများကိုလည်း စောင့်ကြည့်ထိန်းသိမ်းနိုင်မှာ ဖြစ်ပါတယ်။ ဒီလိုဖြစ်ဖို့ အတွက် မြန်မာနိုင်ငံရဲ့ လူဦးရေအများစုဖြစ်တဲ့ ကျေးလက်ပြည်သူများဟာ အသိပညာ ဗဟုသုတ ကြွယ်ဝဖို့ လိုပါတယ်။ ဒါ့ကြောင့် ကျေးရွာကိုယ့်အားကိုယ်ကိုးစာကြည့်တိုက်များကို တည်ထောင် ပေးနေခြင်းဖြစ်ပါတယ်။ ပြန်ကြားရေးဝန်ကြီးဌာနအနေနဲ့ ကျေးရွာကိုယ့်အားကိုယ်ကိုး စာကြည့်တိုက် များကို နိုင်ငံတော်အစိုးရရဲ့အား၊ ဒေသခံပြည်သူများရဲ့အား၊ စေတနာရှင်ပြည်သူများရဲ့အား စတဲ့ အားသုံးအားနဲ့ စတင်ဆောင်ရွက်ခဲ့ရာ ၂၀၀၇ ခုနှစ်အကုန်မှာ မြန်မာနိုင်ငံမှာ ကျေးရွာပေါင်း ၆၀၀၀၀ ကျော်ရှိတဲ့အနက် ကျေးရွာပေါင်း ၅၀၀၀၀ ကျော်မှာ ကျေးရွာကိုယ့်အားကိုယ်ကိုး စာကြည့်တိုက်များကို ထူထောင်ပေးနိုင်ခဲ့ပြီး ဖြစ်ပါတယ်။ ဒါပေမယ့်လည်း ဒီစာကြည့်တိုက်တွေ အားလုံးဟာ ရေရှည်တည်တံ့နိုင်တဲ့ အခြေအနေမရှိသေးပါဘူး။ ဒါ့ကြောင့်လည်း ၂၀၀၈ ခုနှစ်က စတင်ပြီး နိုင်ငံတော်ရဲ့ပံ့ပိုးမှုနဲ့ ကျေးရွာကိုယ့်အားကိုယ်ကိုး စာကြည့်တိုက်များကို စံ ၅ ရပ်နဲ့ ပြည့်စုံစေတဲ့ စာကြည့်တိုက်များဖြစ်အောင် စတင်ဆောင်ရွက်ခဲ့ရာမှာ ဒီနေ့အချိန်မှာ စာကြည့်တိုက် ပေါင်း ၃၀၀၀၀ ကျော်ဟာ စံ ၅ ရပ်နဲ့ ပြည့်စုံပြီး ရေရှည်တည်တံ့ဖွံ့ဖြိုးအောင် ဆောင်ရွက်နိုင်တဲ့ အခြေအနေကိုရောက်ရှိခဲ့ပြီဖြစ်ပါတယ်။
ဒါပေမယ့်လည်း ကျေးရွာကိုယ့်အားကိုယ်ကိုးစာကြည့်တိုက်တွေအားလုံးဟာ ရေရှည်တည်တံ့ ခိုင်မာဖို့ အတွက်ဆိုရင် နိုင်ငံတော်အား ၊ ဒေသခံပြည်သူများရဲ့အားနဲ့လည်း ဆောင်ရွက်လို့မရနိုင်တဲ့ အတွက် စေတနာရှင်ပြည်သူများရဲ့အားကိုရယူပြီး ပြည်သူများအတွင်း စာဖတ်ရှိန်မြှင့်တင်ရေး လုပ်ငန်းများ စံ ၅ ရပ်နဲ့ ကိုက်ညီသော စာကြည့်တိုက်များ ဖြစ်ပေါ်ရေးလုပ်ငန်းများမှာ ပါဝင်ကူညီ ပံ့ပိုးဖို့အတွက် မြန်မာနိုင်ငံစာကြည့်တိုက်များဖောင်ဒေးရှင်းကိုလည်း စေတနာရှင်များက ၁၅-၅-၂၀၁၀ ရက်နေ့မှာ ဖွဲ့စည်းတည်ထောင်ထားခဲ့ရာမှာ မတည်ငွေ သိန်း ၇၀၀၀ ကျော် ရရှိခဲ့ပြီး အထက်ပါ လုပ်ငန်းများကို ပံ့ပိုးကူညီဆောင်ရွက်လျက်ရှိပါတယ်။ ဒါ့ကြောင့် ဒီကနေ့ ကျေးရွာကိုယ့်အားကိုယ်ကိုး စာကြည့်တိုက်များ ရေရှည်တည်တံ့ခိုင်မြဲရေးလုပ်ငန်းများ ဆောင်ရွက်ရာမှာ မြန်မာနိုင်ငံစာကြည့်တိုက် များဖောင်ဒေးရှင်းနဲ့ ဒေသခံပြည်သူများ ပူးပေါင်းဆောင်ရွက်နေပြီး ပြန်ကြားရေးဝန်ကြီးဌာနအနေဖြင့် နိုင်ငံတော်မှ မတည်ငွေများထုတ်ပေးခြင်း၊ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှတစ်ဆင့် စာကြည့်တိုက်သင်တန်းများပို့ချခြင်း၊ စာအုပ်စာစောင်များ အလှူခံပံ့ပိုးပေးခြင်း၊ စာကြည့်တိုက်အတတ် ပညာဆိုင်ရာများ ကူညီပံ့ပိုးပေးခြင်းတို့ကို လုပ်ဆောင်လျက်ရှိပါတယ်။ ဒီ ကျေးရွာကိုယ့်အားကိုယ်ကိုး စာကြည့်တိုက်များ တည်ထောင်ခဲ့ရာမှာ ၂၀၀၄ ခုနှစ်ကနေ ၂၀၁၁ ခုနှစ် ကုန်အထိ နိုင်ငံတော် မတည်ငွေကျပ်သိန်း ၉၃၅၀ အပါအဝင် စေတနာရှင်ပြည်သူများက ြမေ၊ အဆောက်အဦ၊ စာအုပ် စာစောင် ကျပ် ၁၄.၀၅ ဘီလီယံ အသုံးပြုခဲ့ပြီဖြစ်ပါတယ်။ ဒါပေမယ့် ကျေးရွာကိုယ့်အားကိုယ်ကိုး စာကြည့်တိုက်များ ရေရှည်တည်တံ့ခိုင်မြဲရေးလုပ်ငန်းစဉ်ဟာ ပြီးဆုံးခြင်းမရှိသေးပါဘူး။ စံ ၅ ရပ်နဲ့ ကိုက်ညီပြီး စာကြည့်တိုက်များကိုလည်း ပြန်လည်ပျောက်ပျက်မသွားအောင် ကူညီပံ့ပိုးဖြည့်ဆည်းပေး သွားရမှာဖြစ်ပါတယ်။ အခု ပြည်သူ့လွှတ်တော်ကိုယ်စားလှယ်နှစ်ဦးက ပြုပြင်ပေးရန်၊ ပြတိုက်၊ စာကြည့်တိုက်အဆောင်များတိုးချဲ့ပေးရန်၊ အင်တာနက်တပ်ဆင်ပေးရန် E-Library အဆင့်သို့ တိုးမြှင့်ပေးရန် အစီအစဉ်ရှိ၊ မရှိ မေးမြန်းခဲ့တဲ့ ပြည်မြို့ ရွှေဘုန်းပွင့် ပိဋကတ် စာကြည့်တိုက်နှင့် ရွှေတောင်မြို့လယ်တီပိဋကတ်စာကြည့်တိုက်များဟာ မြို့ပေါ်စာကြည့်တိုက်များ ဖြစ်ပြီး မူလကပင် စေတနာရှင်များက ဖွဲ့စည်းတည်ထောင်ထားတဲ့ စာကြည့်တိုက်များဖြစ်တာကို တွေ့ရပါတယ်။ မြန်မာနိုင်ငံအနှံ့အပြားမှာလည်းရှိပါတယ်။ ဒီလိုမြို့ကြီးများမှာ တည်ရှိနေတဲ့ စာကြည့်တိုက်များဟာ စာအုပ်စာစောင်များ အလွယ်တကူစည်းရုံးရရှိနိုင်တဲ့ အခြေအနေမှာ ရှိတာကို တွေ့ရပါတယ်။ ဒါကြောင့်လည်း မြို့ကြီးများမှာရှိတဲ့ စာကြည့်တိုက်ကြီးများဟာ မိမိတို့ရဲ့ ရန်ပုံငွေ၊ စေတနာရှင်များရဲ့ ပါဝင်လှူဒါန်းမှုများနှင့်ပဲ ဆက်လက်ရပ်တည်နေတာကို တွေ့ရမှာ ဖြစ်ပါတယ်။
ပြန်ကြားရေးဝန်ကြီးဌာနက ယခုဆောင်ရွက်နေတဲ့ ကျေးရွာကိုယ့်အားကိုယ်ကိုးစာကြည့်တိုက် များထူထောင်ရေးလုပ်ငန်းစဉ်ဟာ အထက်ကရှင်းပြခဲ့သလိုပဲ စာအုပ်စာစောင်များ လက်လှမ်းမမီ နိုင်တဲ့ အဆောက်အဦများဆောက်လုပ်ရန် ငွေကြေးအခက်အခဲရှိနေတဲ့ ကျေးလက်ဒေသပြည်သူများ အတွက် ရည်ရွယ်ဆောင်ရွက်ပေးနေတာဖြစ်ပါတယ်။ အခုဆိုရင် ပြန်ကြားရေးဝန်ကြီးဌာနရဲ့ ကျေးရွာ ကိုယ့်အားကိုယ်ကိုး စာကြည့်တိုက်များ ထူထောင်ရေးလုပ်ငန်းစဉ်ကို ကျေးလက်ဒေသ ဖွံ့ဖြိုးရေးနဲ့ ဆင်းရဲနွမ်းပါးမှုလျှော့ချရေး လုပ်ငန်းစီမံချက်အောက်မှာ ကျေးလက်လူမှုစီးပွားဖွံ့ဖြိုးတိုးတက်ရေး အထောက်အကူပြုကော်မတီရဲ့ လုပ်ငန်းနယ်ပယ် ၆ ရပ်ထဲမှာ အပါအဝင်ဖြစ်တဲ့ လူ့စွမ်းအား အရင်းအမြစ် ဖွံ့ဖြိုးတိုးတက်ရေး လုပ်ငန်းနယ်ပယ်အတွင်းမှာ ထည့်သွင်းပြီး ကျေးလက်ပြည်သူများ အတွက် အသိပညာဗဟုသုတ ဖြည့်ဆည်းပေးရန်သာမက ကျောင်းပြင်ပပညာရေး Non Formal Education အတွက် ရပ်ရွာပဒေသာပညာဌာနအနေဖြင့်ပါ အသုံးပြုနိုင်အောင် ရည်ရွယ် ဆောင်ရွက်လျက်ရှိပါတယ်။ ဒါကြောင့် လက်ရှိအခြေအနေမှာ ကျေးလက်ဒေသများကိုသာ ဦးစားပေး ဆောင်ရွက်နေရတာဖြစ်တဲ့အတွက် ပြည်သူ့လွှတ်တော်ကိုယ်စားလှယ်များ တင်ပြတဲ့ စာကြည့်တိုက် နှစ်တိုက်အတွက် အဆင့်မြှင့်တင်ရေးလုပ်ငန်းများကို ဆောင်ရွက်ပေးနိုင်ခြင်းမရှိသေးပါဘူး။ သို့သော် အဆိုပါစာကြည့်တိုက်များအတွက် အခါအားလျော်စွာ စာအုပ်၊ စာစောင်များ ပေးပို့လှူဒါန်းပေးမည် ဖြစ်ပါကြောင်းနှင့် စာကြည့်တိုက်ဝန်ထမ်းများအတွက် စာကြည့်တိုက်ပညာဆိုင်ရာ သင်တန်းများ လိုအပ်ရင်တော့ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနက ကျွမ်းကျင်သူများနှင့် သင်တန်းပို့ချ ပေးနိုင်ပါကြောင်း ပြန်လည်ရှင်းလင်းဖြေကြားထားပါသည် ။
