(ဈ) မက်မန်းမြို့နှင့်ဆွတ်ဝိုးကျေးရွာအုပ်စုရှိ ဆေးရုံနှင့်စပ်လျဉ်းသည့်မေးခွန်း

ပထမအကြိမ်ပြည်သူ့လွှတ်တော် တတိယပုံမှန် အစည်းအဝေး တတိယနေ့ (၃၀.၁.၂၀၁၂)

 လေးစားအပ်ပါသော ပြည်သူ့လွှတ်တော် ဥက္ကဋ္ဌကြီးနှင့်  ပြည်သူ့လွှတ်တော်ကိုယ်စားလှယ်ကြီးများခင်ဗျား။ ကျွန်တော်ကတော့ ရှမ်းပြည်နယ်၊ မြောက်ပိုင်း၊ "ဝ" ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရတိုင်း၊ မက်မန်းမဲဆန္ဒနယ်မှ ပြည်သူ့လွှတ်တော်ကိုယ်စားလှယ် ဦးအိုက်ယွန်းမွန်း ဖြစ်ပါတယ်။ ကျွန်တော့်အနေနဲ့ မက်မန်းမြို့နယ်နှင့် ဆွတ်ဝိုးကျေးရွာအုပ်စုတွင် ဆေးရုံ၊ တိုက်နယ်ဆေးရုံ ဖွင့်လှစ်ထားသော်လည်း ဆရာဝန်နှင့်သူနာပြုဆရာမ လုံလောက်မှုမရှိသည့် အပြင် ခွဲစိတ်ကိရိယာနှင့် ဆေးဝါးပစ္စည်းများ လုံလောက်မှုမရှိကြောင်း ပြည်သူများက ကျွန်တော့်အား တင်ပြစေခဲ့ပါတယ်။ ပြည်သူ့လွှတ်တော် ဥက္ကဋ္ဌကြီးခင်ဗျား။ မက်မန်းမြို့နယ်နှင့် ဆွတ်ဝိုးကျေးရွာအုပ်စု ရှိ ဆေးရုံတို့ကို ဆရာဝန်၊ သူနာပြုဆရာမ၊ ခွဲစိတ်ကိရိယာနှင့် ဆေးဝါးပစ္စည်းများ လုံလောက်မှုရှိရေး ကို သက်ဆိုင်ရာဝန်ကြီးဌာနမှ ဆောင်ရွက်ပေးနိုင်ရန် အစီအစဉ် ရှိ၊ မရှိ။ အစီအစဉ်ရှိပါက မည်သည့် အချိန်တွင် ပြုလုပ်ဆောင်ရွက်မည်ကို သိလိုကြောင်းမေးမြန်းထားပါသည်။

ဖြေကြားသူ
ပြည်ထောင်စုဝန်ကြီး ဒေါက်တာဖေသက်ခင်
ဖြေကြားသည့် ဝန်ကြီးဌာန
အဖြေ

 လေးစားအပ်ပါတဲ့ ပြည်သူ့လွှတ်တော်ဥက္ကဋ္ဌကြီးနှင့်  ပြည်သူ့လွှတ်တော်ကိုယ်စားလှယ်ကြီးများခင်ဗျား။ ရှမ်းပြည်နယ်၊ "ဝ" ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရတိုင်း၊ မက်မန်းမဲဆန္ဒနယ်မှ ပြည်သူ့လွှတ်တော်ကိုယ်စားလှယ် ဦးအိုက်ယွန်းမွန်း ရဲ့မေးခွန်းကို ကျန်းမာရေးဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီးအနေနဲ့ ကျွန်တော် ပြန်လည်ဖြေကြား ပါမယ်။ ရှမ်းပြည်နယ်၊ "ဝ" ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရတိုင်း၊ မက်မန်းမြို့နယ်၊ ဆွတ်ဝိုးတိုက်နယ်ဆေးရုံမှာ ၁၅-၉-၂၀၁၀ ရက်နေ့မှစပြီးတော့ လက်ထောက်ဆရာဝန်စတင်ခန့်ထား ထမ်းဆောင်လျက်ရှိပါကြောင်း ဖြေကြားလိုပါတယ်။ မက်မန်းတိုက်နယ်ဆေးရုံမှာ တိုက်နယ်ဆရာဝန်တစ်ဦးကိုတော့ လက်ရှိဝန်ထမ်း ရေးရာသင်တန်းတက်နေတဲ့ သင်တန်းသား ၅၀၀ ဆင်းတဲ့အခါမှာ အမြန်ဆုံးခန့်ထားပေးမှာ ဖြစ်ပါ တယ်။ မက်မန်းမြို့နယ် ပြည်သူ့ဆေးရုံမှာ အထက်တန်းသူနာပြု ခွင့်ပြုငါးဦးရှိရာမှာ ခန့်ထား ငါးဦး ခန့်ထားပြီးဖြစ်ပါတယ်။ သူနာပြုခွင့်ပြု ၁၀ ဦးရှိရာမှာ ခန့်ထား ၂ ဦးနဲ့ လစ်လပ် ၈ ဦးရှိရာမှာ သစ်လွင် သူနာပြု ၈ ဦးကို ကျန်းမာရေးဦးစီးဌာနရဲ့ ၂၂-၁၂-၂၀၁၁ ရက်စွဲပါစာအမှတ်၊ ၁၀က/သနပ(ခန့်)/ ၂၀၁၁-၇၂၁ ဖြင့် ခန့်ထားပြီးဖြစ်ပါတယ်။ ဆွတ်ဝိုးတိုက်နယ်ဆေးရုံမှာ လက်ရှိဖွဲ့စည်းပုံအရ သူနာပြု ခွင့်ပြု ၂ ဦးရှိရာမှာ ခန့်ထား ၂ ဦးခန့်ထားပြီးဖြစ်ပါတယ်။ သားဖွားဆရာမလည်း ခွင့်ပြု ၂ ဦးမှာ ခန့်ထား ၂ ဦးခန့်ထားပြီး ဖြစ်ပါတယ်။ မက်မန်းမြို့နယ်ဆေးရုံအတွက် Auto Clave (TabLe Top) တစ်ခုကို ၂၀၀၉ ခုနှစ် ဇွန်လမှာလည်းကောင်း၊ Suction Machine တစ်ခုကို ၆-၁၀-၂၀၀၉ ရက်နေ့ မှာလည်းကောင်း၊ Ceiling Lamp တစ်ခုကို ၁၂-၅-၂၀၁၀ ရက်နေ့မှာ လည်းကောင်း၊ Air Sep တစ်ခု ကို ၄-၂-၂၀၁၁ ရက်နေ့မှာလည်းကောင်း၊ ဆွတ်ဝိုးတိုက်နယ်ဆေးရုံအတွက် Labour Bed, Examination Bed, Medicine Trolley တစ်ခုစီကို ၂၀၁၀ခုနှစ်၊ ဇွန်လမှာလည်းကောင်း ကျန်းမာရေးဦးစီးဌာန၊ ဗဟိုဆေးသိုလှောင်ရေးဌာနအသီးသီးက ထောက်ပံ့ပေးခဲ့ပြီးဖြစ်ပါတယ်။ ကျန်းမာရေးဝန်ကြီးဌာန အနေနဲ့ ဆေးရုံများမှာ ဆေးရုံသုံးပစ္စည်းများတောင်းခံတဲ့အခါမှာ သက်ဆိုင်ရာဆေးရုံရဲ့ အဆင့်အတန်း နှင့် ကိုက်ညီသောပစ္စည်းများကို လုပ်အား၊ လုပ်ငန်းလိုအပ်ချက်နှင့်အညီ ဦးစားပေးအစီအစဉ်အတိုင်း ဖြည်‌့ဆည်းဆောင်ရွက်ပေးလျက်ရှိရာမှာ သက်ဆိုင်ရာဆေးရုံအနေနဲ့ လိုအပ်တဲ့ဆေးရုံသုံးပစ္စည်း တောင်းခံခြင်းအတွက်ကို သတ်မှတ်ပုံစံမှာ ပြည့်စုံစွာဖြည်‌့စွက်ပြီးတော့ မြို့နယ်ကျန်းမာရေးဦးစီးဌာန အနေနဲ့ ပြည်နယ်ဦးစီးဌာနမှတစ်ဆင့် ထပ်ဆင့်ထောက်ခံချက်နှင့် တောင်းခံလာပါက အစီအစဉ် အတိုင်း စိစစ်ထောက်ပံ့ပေးလျက်ရှိပါကြောင်း ဖြေကြားထားပါသည်။