(ခ)-၂၁-၂-၂၀၁၈ ရက်နေ့ထုတ် မြန်မာ့အလင်းသတင်းစာတွင် မည်သည်‌့အတွက် Zero Line, Zero Line Area, No Man Land စကားလုံးများ သုံးစွဲရသည်ကို ရှင်းပြပါရန်နှင်‌့ အဆိုပါ Zero Line Area တွင် နေထိုင်သူများမရှိစေရေး မည်ကဲ့သို့ ဆောင်ရွက်သွားမည်ကိုသိလိုခြင်းနှင်‌့ စပ်လျဉ်း

ဒုတိယအကြိမ် ပြည်သူ့လွှတ်တော် အဋ္ဌမပုံမှန်အစည်းအဝေး (၁၄) ရက်မြောက်နေ့ (၁၃.၆.၂၀၁၈)

မိမိတို့နိုင်ငံတွင် အိမ်နီးချင်းငါးနိုင်ငံရှိပြီး နယ်နိမိတ်တိုင်းတာမှုများကို ထိုင်းကလွဲပြီး အားလုံးပြီးစီးနေပြီ ဖြစ်ပါကြောင်း၊ အချို့က ကုန်းနယ်နိမိတ်ဖြစ်ပြီး၊ အချို့က မြစ်၊ ချောင်းများအတိုင်း သတ်မှတ်ကြ ပါကြောင်း၊ ကုန်းနယ်နိမိတ်ဆိုရာတွင် (Water Ship) ဟု ခေါ်သော ရေဖြူကြောကို အခြေခံသည်မှာ များပါကြောင်း၊ မြစ်၊ ချောင်းများအတိုင်းသတ်မှတ်သည့်အခါ ချောင်း၏အရှေ့ဘက်ကို ထိုင်း၊ အနောက်ဘက်ကို မြန်မာပိုင်ဆိုင်သည်ဟု သတ်မှတ်သည့် နယ်နိမိတ်ရှိသကဲ့သို့ တာချီလိတ်အနီးက မယ်ဆိုင်ချောင်းနှင့် မယ်ဟောင်ချောင်းတွင် Fix Boundary သတ်မှတ်ထားပါကြောင်း၊ ဘင်္ဂလားဒေ့ရှ် နှင့် တိုင်းတာရာတွင် ကုန်းနယ်နိမိတ် ၁၂၈.၅ မိုင်နှင့် နတ်မြစ်အတိုင်း ရေနယ်နိမိတ်က ၃၉.၈ မိုင် ဖြစ်ပါကြောင်း၊ နတ်မြစ်အတိုင်းကို ရေနက်စီးချောင်းဟုခေါ်သည့်အတွက် သဲဝက်သတ်မှတ် ထားပါကြောင်း၊ သဲဝက်၏အရှေ့ကို မိမိတို့ပိုင်ပါကြောင်း၊ ဘင်္ဂလားဒေ့ရှ်နိုင်ငံက ရှမ်းပြည်နယ်ခန့်သာ ကျယ်ပြီးလူဦးရေက သန်း ၁၆၀ ကျော်ရှိသည့်အတွက် Space Over Effect အရ ၎င်းတို့လူများ မြန်မာနိုင်ငံ၊ ရခိုင်ပြည်နယ်ဘက်စိမ်‌့ဝင်သည့် သဘာဝတရားကြီးက မဆန်းပါကြောင်း၊  ၎င်းတို့နှင့် နယ်နိမိတ်ထိစပ်နေသော အိန္ဒိယဘက်ကို စိမ့်ဝင်မှုမရှိနိုင်မည်လားဟု မေးစရာရှိပါကြောင်း၊ သို့သော်လည်း အိန္ဒိယဘက်က နယ်နိမိတ်ကြောင်းတစ်လျှောက် ခြံစည်းရိုးကာရံထားပြီး တပ်ရင်း ၃၀၀ ကျော်ဖြင့် စောင်‌့ကြပ်နေသည့်အတွက် အခွင်‌့မသာပါကြောင်း၊ မိမိတို့ဘက်ကို စိမ့်ဝင်နေသည်ကို ကာကွယ်ရန် တပ်မတော်အစိုးရလက်ထက်တွင် ဘင်္ဂလားဒေ့ရှ်နှင့် မြန်မာကြား ခြံစည်းရိုးကာရံသည့် လုပ်ငန်းကိုစတင်ခဲ့ပါကြောင်း၊ ရေထဲတွင် နယ်နိမိတ်မှတ်တိုင်စိုက်၍ မရသည့်အတွက် ကမ်းစပ် ကနေပြီး ၁၅ ကိုက်ခန့်ကွာသည့်နေရာတွင် မြေပြင်အနေအထားအရ ဆောက်လုပ်ရပါကြောင်း၊ ကုန်းပေါ်တွင်လည်း အလားတူ ခြံစည်းရိုးမကာရံထားသည့်နေရာက မိုင် ၃၀ ခန့် ကျန်ရှိနေပါကြောင်း၊ ကာရံပြီးသော်လည်း မလုံခြုံသည့်အတွက် လူသာမက ကျွဲ၊ နွားပါ ခိုးသွင်း၊ ခိုးထုတ် လုပ်နေပါကြောင်း၊ ၂၀၁၇ ခုနှစ် သြဂုတ်လတွင် ဖြစ်ပေါ်ခဲ့သော ARSA အကြမ်းဖက်တို့၏ စခန်း ၃၀ ကျော် တိုက်ခိုက်မှု နောက်ပိုင်းတွင် ၎င်းတို့နောက်ကွယ်က လက်မည်းကြီးများ၏ အစီအမံအတိုင်း တစ်ဘက်နိုင်ငံကို လူသိန်းချီ ထွက်ခွာသွားပါကြောင်း၊ တာဝန်ရှိသူများက မသွားရန်တားဆီးသော်လည်း လက်မည်းကြီး၏ အမိန့်အတိုင်း တစ်သွေမတိမ်းလိုက်နာခဲ့ကြပါကြောင်း၊ မိမိတို့ကစိစစ်ပြီး ပြန်လည်လက်ခံရန် ဆောင်ရွက်နေသည့်ကာလတွင် တစ်ဖက်က ပြဿနာပေါ်ပြဿနာဆင်‌့ပြီး တက်လာအောင် အကွက်ကျကျစီမံလာပါကြောင်း၊ နှစ်နိုင်ငံနယ်စပ်အဆောက်အဦ မဆောက်ရ၊ လူမနေရဆိုသည့် နေရာတွင် လူအင်အား ၆၀၀၀ ခန့်လာရောက်ပြီး အခြေချနေထိုင်ပါကြောင်း၊ မြန်မာ၊ ဘင်္ဂလားဒေ့ရှ် ခရိုင်အဆင်‌့နယ်စပ် အာဏာပိုင်များအဖွဲ့တွေ့ဆုံ ကွင်းဆင်းကြည်‌့ရှုဆိုသော သတင်းစာတွင် နယ်နိမိတ်စာချုပ်တွင် မပါဝင်သော အသုံးအနှုန်းဖြစ်သည့် Zero Line တွင် ဘင်္ဂါလီများက နေထိုင်ကြသည်ဟု မြန်မာ့အလင်းသတင်းစာက ၂၁-၂-၂၀၁၈ ရက်နေ့က အတိအလင်း ရေးသား ထားသည့်အပြင် Zero Line Area, No Man Land ဟုလည်း သုံးနှုန်း ထားပါကြောင်း၊ နှစ်နိုင်ငံအကြား ချုပ်ဆိုသော နယ်နိမိတ်စာချုပ်ပါ စကားလုံးအသုံးအနှုန်းများကိုသာ သုံးနှုန်းကြရန် လိုအပ်ပါကြောင်း၊ အလွယ်သုံး၍ မရပါကြောင်း၊ ယခုကဲ့သို့သုံးနှုန်းသည်မှာ Revocation ဝင်နိုင်ပါကြောင်း၊ အဓိကအနေဖြင့် No Man Land အသုံးအနှုန်းဖြစ်ပါကြောင်း၊ လူမနေရနယ်မြေ၊ လတ်တလော သူမပိုင်၊ ကိုယ်မပိုင်အနေအထားကို ဖော်ပြခြင်းဖြစ်ပါကြောင်း၊ မြန်မာနှင့်ထိုင်း အကြားတွင် ကော့သောင်းဘက်က ကျွန်းသုံးကျွန်းနှင့် မြဝတီကရေလက်ကျွန်းတို့ကို နှစ်နိုင်ငံ သဘောတူညီချက်အရ No Man Land အဖြစ် သတ်မှတ်ထားသည်မှလွဲပြီး မည်သည့်နိုင်ငံနှင့်မျှ No Man Land သတ်မှတ်မထားပါကြောင်း၊ အမှန်တကယ် ဘင်္ဂါလီများယခုနေသည့်နေရာသည် များသောအားဖြင့် မိမိတို့ပိုင်သော Boundary Line နှင့် ခြံစည်းရိုးအကြားနယ်မြေဖြစ်ပြီး မိမိတို့က ပိုင်သည်ကို No Man Land ဟုခေါ်သည်မှာ ကိုယ့်နယ်မြေကို သူများပေးလိုက်သည့်သဘော သက်ရောက်နေပါကြောင်း၊ ၎င်းကိစ္စကို Zero Line ဆိုပြီး Private Media ၊ Facebook တို့တွင် ရေးသားတင်ပြခဲ့ဖူးပါကြောင်း၊

နောက်ပိုင်းတွင် ပြန်ကြားရေးဝန်ကြီးဌာနက Zero Line စကားလုံးကို မသုံးနှုန်းဘဲ Media များ ကိုလည်း မသုံးရန်အတွက် လမ်းညွှန်သည်ကို တွေ့ရသည့်အတွက် ဝမ်းသာပါကြောင်း၊ မိမိတို့က အစိုးရအမှားများကို ထောက်ပြရာတွင် အပျက်သဘောမဟုတ်ဘဲ အပြုသဘောဆောင်ပြီး အမျိုးသား အကျိုးစီးပွားကို ရှေးရှု၍ အပင်ပန်းခံဆောင်ရွက်နေကြသည်ကို အားလုံးနားလည်ကြရန် လိုအပ်ပါကြောင်း၊ နှစ်နိုင်ငံနယ်နိမိတ်ကြောင်းအနီး လူမနေရသည့်နေရာတွင် ယခုချိန်ထိ အချို့က ဆက်ရှိနေပါကြောင်း၊ ဘန်ကာပါ‌တည်ဆောက်ထားသည်ဟု သိရပါကြောင်း၊ တပ်ရင်းမှူးအဆင်‌့ အလံတင် အစည်းအဝေးတွင်လည်း အဆိုပါကိစ္စများ ဆွေးနွေးသကဲ့သို့ ဝန်ကြီးဦးကျော်တင်က တစ်ကြိမ်၊ ဝန်ကြီးဦးသာထွန်းကတစ်ကြိမ် ဘင်္ဂလားဒေ့ရှ်သံအမတ်ကြီးကို ခေါ်ယူပြီးပြောကြား သော်လည်း ဖယ်ရှားခြင်းမရှိသေးသည်ကို သိရပါကြောင်း၊ လူ၊ အဆောက်အဦများ၊ ဘန်ကာများ တားမြစ်နေရာက ပျောက်ကွယ်သွားအောင် သံတမန်နည်းလမ်းကို အသုံးပြုပြီး ကြိုးပမ်းဆောင်ရွက် ကြရန်လိုအပ်ပါကြောင်း၊ နိဂုံးချုပ်အားဖြင့် မည်သည်‌့အတွက်ကြောင်‌့ မိမိတို့အတွက် အကျိုးမရှိ ရုံသာမက အကျိုးပါယုတ်လျော့စေမည့် Zero Line, Zero Line Area, No Man Land စကားလုံးများ သုံးစွဲခဲ့သည်ကို ရှင်းပြပေးပါရန်နှင့် အဆိုပါနယ်စပ်မျဉ်းအနီးတွင် နေထိုင်သူများမရှိစေရေးအတွက် မည်ကဲ့သို့ ဆက်လက်ဆောင်ရွက်သွားမည်ကို သိရှိလိုပါကြောင်း မေးမြန်းပါသည်။


ဖြေကြားသူ
ပြန်ကြားရေးဝန်ကြီးဌာန၊ ဒုတိယဝန်ကြီး ဦးအောင်လှထွန်း
ဖြေကြားသည့် ဝန်ကြီးဌာန
အဖြေ

၂၀-၂-၂၀၁၈ ရက်နေ့တွင်ပြုလုပ်ခဲ့သည်‌့ မြန်မာ၊ ဘင်္ဂလားဒေ့ရှ်နှစ်နိုင်ငံ ခရိုင်အဆင်‌့နယ်စပ် အာဏာပိုင်များ တွေ့ဆုံဆွေးနွေးပွဲကို နောက်တစ်နေ့ထုတ် သတင်းစာတွင် Zero Line, Zero Line Area, No Man Land စကားလုံးများကို သုံးစွဲဖော်ပြခဲ့ခြင်းနှင့်ပတ်သက်၍ စိစစ်ခဲ့ပါကြောင်း၊ သတင်းရယူခဲ့သော သတင်းထောက်အပါအဝင် အယ်ဒီတာအဖွဲ့အဆင်‌့ဆင်‌့က စိစစ်၊ ထောက်ပြ၊ ပြင်ဆင်ရန် အားနည်း ခဲ့ခြင်းကြောင့် တရားဝင်အသုံးအနှုန်းဖြစ်သော နယ်နိမိတ်စည်းမျဉ်း (Boundary Line) ကို မဖော်ပြနိုင်ခဲ့ပါကြောင်း၊ နောင်တွင်အလားတူ မဖြစ်စေရန်အတွက် စီစဉ်ဆောင်ရွက် ထားရှိပြီးဖြစ်ပါကြောင်း၊ တရားဝင်အသုံးအနှုန်းဖြစ်သော နယ်နိမိတ်မျဉ်းကို နိုင်ငံပိုင်မီဒီယာများ အပါအဝင် ပုဂ္ဂလိကမီဒီယာအဖွဲ့အစည်းအသီးသီး သိရှိစေနိုင်ရန်အတွက်လည်း အသိပေး အကြောင်းကြားထားပြီး ဖြစ်သည့်အပြင် မှန်ကန်သောအသုံးအနှုန်းကို အများပြည်သူ သိရှိစေနိုင်ရေးအတွက် ဝေါဟာရအသုံးအနှုန်းများနှင်‌့ နိုင်ငံတော်၏ အချုပ်အခြာအာဏာအမြင်ရှိ ပညာပေးဆောင်းပါး တစ်ပုဒ်ကို ၂၇-၂-၂၀၁၈ ရက်နေ့ထုတ် နိုင်ငံပိုင်သတင်းစာများတွင် ဖော်ပြခဲ့ပြီး ဖြစ်ပါကြောင်း၊

Zero Line, Zero Line Area, No Man Land အသုံးအနှုန်းများနှင့်ပတ်သက်၍ မြန်မာ၊ ဘင်္ဂလားဒေ့ရှ် နယ်နိမိတ်တွင် အပိုင်းနှစ်ပိုင်းရှိသည့်အနက် နတ်မြစ်ပုံသေနယ်နိမိတ် သတ်မှတ်ခြင်းဆိုင်ရာ သဘောတူစာချုပ်ကို ၉-၅-၁၉၆၆ ရက်နေ့တွင်ချုပ်ဆိုခဲ့ပြီး နတ်မြစ်မြောက်ဘက် ကုန်းပိုင်းနယ်နိမိတ် သတ်မှတ်ခြင်းဆိုင်ရာ စာချုပ်ကို ၁၂-၁၁-၁၉၉၈ ရက်နေ့တွင် လက်မှတ်ရေးထိုးခဲ့ပါကြောင်း၊ အဆိုပါ ကုန်းတွင်းနယ်နိမိတ်စာချုပ် အပိုင်း (၄) အပိုဒ် ၁၄ တွင် နှစ်နိုင်ငံနယ်နိမိတ်ကို လွယ်ကူစွာ စီမံခန့်ခွဲ အုပ်ချုပ်နိုင်ရန်နှင်‌့ပတ်သက်ပြီး အောက်ပါအတိုင်း ပြဋ္ဌာန်းထားပါတယ်။ “In order to make the boundary line easily indentifiable and prevent the emergence of boundary-line intersected villages, neither High Contracting Party shall allow to build new houses or other structures of permanent or temporary nature, within a zone of 150 feet on each side of the boundary line.” အထက်ပါပြဋ္ဌာန်းချက်အရ နယ်နိမိတ်မျဉ်းကို အလွယ်တကူ ခွဲခြားနိုင်ရန်နှင်‌့ နယ်စပ်ဖြတ်ကျော်ကျေးရွာများ တည်ဆောက်ခြင်းကို ဟန့်တားနိုင်ရန်အတွက် စာချုပ်ဝင်နိုင်ငံများနေဖြင်‌့ နယ်နိမိတ်မျဉ်းမှ ပေ ၁၅၀ အကွာ ဇုန်အတွင်းမည်သည်‌့ အဆောက်အဦ ကိုမျှ ဆောက်လုပ်ခွင်‌့မရှိသည်‌့အပြင် ဆောက်လုပ်မှုများတွေ့ရှိရပါက ပြန်ဖျက်ပေးရန် တာဝန်ရှိပါကြောင်း၊ သို့သော်လည်း ထိုနိုင်ငံ၏အချုပ်အခြာ အာဏာသည် နယ်နိမိတ်မျဉ်းအထိ သက်ရောက်မှု ရှိပါကြောင်း၊ ဆိုလိုသည်မှာ မြန်မာ၊ ဘင်္ဂလားဒေ့ရှ်နယ်နိမိတ်တစ်လျှောက် နယ်နိမိတ်မျဉ်းမှ ပေ ၁၅၀ အကွာတွင် ခြံစည်းရိုးကာရံထားသော်လည်း မြန်မာနိုင်ငံ၏ အချုပ်အခြာအာဏာသည် ခြံစည်းရိုးရှေ့ ပေ ၁၅၀ နယ်နိမိတ်မျဉ်းသွယ်တန်းထားသည့် နေရာထိ သက်ရောက်မှု ရှိပါကြောင်း၊ ထိုသို့အဆောက်အဦ ဆောက်လုပ်ခွင်‌့မပြုသည့် နေရာတွင် အလို အလျောက် လူနေထိုင်မှုကိုလည်း တားမြစ်ထားသကဲ့သို့ ဖြစ်နေသည့်အတွက် ဒေသခံပြည်သူများက အဆောက်အဦ မဆောက်လုပ်ရဇုန်ကို No Man Land ဟု မှားယွင်းစွာဖြင်‌့ အရပ်အခေါ် သုံးစွဲပြုနေကြခြင်း ဖြစ်ပါကြောင်း၊

Zero Line နှင့် Zero Line Area အသုံးအနှုန်း တွင်ကျယ်လာရခြင်းကို အနည်းငယ် ရှင်းလင်းတင်ပြလိုပါကြောင်း၊ နယ်နိမိတ်မှတ်တိုင်များနှင့် နယ်နိမိတ်မျဉ်းသွယ်တန်းမှုကို နှစ်ဖက် မြေတိုင်းကျွမ်းကျင်သူများက ပူးတွဲစစ်ဆေးသည့်အခါ နည်းပညာအခေါ်အဝေါ်အဖြစ် နယ်နိမိတ်မျဉ်း ကို Zero Line ဟု အသုံးပြုလေ့ရှိပါကြောင်း၊ နည်းပညာရပ်ပိုင်းဆိုင်ရာ အခေါ်အဝေါ် သက်သက်သာဖြစ်ပြီး ထိုသို့သုံးစွဲခြင်းမှာ အဆောက်အဦမဆောက်လုပ်ရ ဇုန်မျဉ်းကြောင်း 150 feet non-construction line နှင့် နယ်နိမိတ်မျဉ်း (Boundary Line) တို့ကို ကွဲပြားစေရန်လည်းကောင်း၊ non-construction Zone ကို ပိုမိုပေါ်လွင်စေရန်လည်းကောင်း ခေါ်ဝေါ်ကြခြင်းသာ ဖြစ်ပါကြောင်း၊ ဆိုလိုသည်မှာ နယ်နိမိတ်မျဉ်း (Boundary Line) မှ တစ်ဖက်တစ်ချက် 150 feet line အထိသည် non-construction Zone ဖြစ်သည်ဟု ပေါ်လွင်စေရန်သာ ဖြစ်ပါကြောင်း၊ နှစ်နိုင်ငံနယ်နိမိတ်ကို ပူးတွဲ စစ်ဆေးရာတွင် မြေပြင်၌ တိုင်းတာရေးကိရိယာများ အသုံးပြုပြီး မျဉ်းကြောင်းများ၊ ဇုန်များဖြင်‌့ ပုံဖော်ကာ မြေပြင်ရှိ အဆောက်အဦများ နယ်နိမိတ်မျဉ်းကို ကျော်လွန်ခြင်း ရှိ/မရှိနှင့် non-construction Zone  အတွင်းဝင်ရောက်နေခြင်း ရှိ/မရှိကို စစ်ဆေးလေ့ရှိကြပါကြောင်း၊ ထိုသို့စစ်ဆေး ရာတွင် မြန်မာဘက်မှ ဒေသအာဏာပိုင်များ၊ လုံခြုံရေးအရတာဝန်ရှိ သူများသည်လည်း မြန်မာဘက် မြေတိုင်းကျွမ်းကျင်သူများနှင့် လိုက်ပါလေ့ရှိပြီး ၎င်းတို့အနေဖြင်‌့ Zero Line ဟူသည်‌့ အသုံးအနှုန်းကို ယဉ်ပါးလျက် ရှိနေကြပါကြောင်း၊

ထို့ကြောင်‌့ နယ်နိမိတ်မျဉ်းကို ကိစ္စရပ်တစ်ခုအတွက် ရည်ညွှန်းပြောဆိုကြသည့်အခါ နှုတ်ကျိုးနေပြီး နှစ်နိုင်ငံမြေတိုင်းကျွမ်းကျင်သူများ အသုံးပြုလျက်ရှိသော Zero Line ဟု အလွယ်တကူ ရည်ညွှန်း ပြောဆိုကြရာမှ တွင်ကျယ်လာရခြင်း ဖြစ်ပါကြောင်း၊ ထို့အတူ Zero Line အနီးနေရာကိုလည်း Zero Line Area ဟု ဆက်စပ်သုံးစွဲလာခဲ့ကြခြင်း ဖြစ်ပါကြောင်း၊ ယင်းအသုံးအနှုန်းကို မြန်မာ၊ ဘင်္ဂလားဒေ့ရှ်နှင့် မြန်မာ၊ အိန္ဒိယမြေတိုင်းသူများ (Technical Level) အစည်းအဝေးများတွင် အသုံးပြုခဲ့သည်မှာ ကြာမြင်‌့ပြီဟု သိရပါကြောင်း၊ ဥပမာ ၂၀၀၆ ခုနှစ်၊ မြန်မာ၊ အိန္ဒိယနှစ်နိုင်ငံမြေတိုင်း ညွှန်ကြားရေးမှူးအဆင်‌့ အစည်းအဝေးမှတ်တမ်းနှင်‌့ ၂၀၁၁ ခုနှစ်၊ မြန်မာ၊ ဘင်္ဂလားဒေ့ရှ်မြေတိုင်း ညွှန်ကြားရေးမှူးချုပ်အဆင်‌့ အစည်းအဝေးမှတ်တမ်းတို့ ဖြစ်ကြပါကြောင်း၊ နည်းပညာကျွမ်းကျင် သူများက နယ်နိမိတ်မျဉ်းကို (Zero Line) ဟု သုံးစွဲခြင်းမှာ နယ်နိမိတ်တိုင်းတာရေးဆိုင်ရာနှင်‌့ ပတ်သက်ပြီး အသုံးပြုခြင်းဖြစ်သည့်အတွက် ပြဿနာမရှိနိုင်သော်ငြားလည်း ဒေသဆိုင်ရာ အာဏာပိုင်များနှင့် အများပြည်သူက အသုံးပြုခဲ့ပါက နားလည်မှုလွဲမှားပြီး ရှုပ်ထွေးမှုများရှိလာ နိုင်ပါကြောင်း၊ ထို့ကြောင့် မြန်မာနိုင်ငံအနေဖြင့် မြန်မာ၊ ဘင်္ဂလားဒေ့ရှ်နယ်နိမိတ် သဘော တူညီချက်စာချုပ်ပါ  အသုံးအနှုန်းအတိုင်း နယ်နိမိတ်မျဉ်း (Boundary Line) ဆိုသည့် စကားလုံးကိုသာ သုံးစွဲရမည် ဖြစ်ပါကြောင်း ယင်းသို့သုံးစွဲမှသာ မှန်ကန်မည်ဖြစ်ပါကြောင်း၊ ဒုတိယပိုင်း မေးခွန်းပါ Zero Line Area အမှန်အသုံးအနှုန်း နယ်နိမိတ်မျဉ်း (Boundary Line) သတ်မှတ် ဧရိယာအတွင်း နေထိုင်သူများ မရှိစေရေးအတွက် ပြည်ထဲရေးဝန်ကြီးဌာန၊ နိုင်ငံခြားရေးဝန်ကြီးဌာန၊ ရခိုင်ပြည်နယ်အစိုးရအဖွဲ့ အပါအဝင် သက်ဆိုင်ရာအစိုးရအဖွဲ့အစည်းများက တည်ဆဲဥပဒေများနှင်‌့ အညီ ညှိနှိုင်းဆောင်ရွက်လျက်ရှိပါကြောင်း ရှင်းလင်းဖြေကြားပါသည်။