၂၀၁၄ ခုနှစ်၊ ပြည်လုံးကျွတ်ဆန္ဒ ခံယူပွဲနှင့် သန်းခေါင်စာရင်းကောက်ခံသည့်အခါ သန်းခေါင်စာရင်း မကောက်ယူနိုင်ဟု ခန့်မှန်းဖော်ပြရသည့် လူဦးရေသည် ၁.၂ သန်းခန့်ရှိပါကြောင်း၊ မြန်မာနိုင်ငံ လူဦးရေ၏ ၂.၃ ရာခိုင်နှုန်းဖြစ်ပါကြောင်း၊ ကချင်ပြည်နယ်ရှိ ကျေးရွာပေါင်း ၉၇ ရွာတွင် KIO က စာရင်းကောက်ယူမှု ခွင့်မပြုခြင်းကြောင့် ခန့်မှန်းတွက်ချက်ရယူခဲ့သည့် ဦးရေသည် ၄၆၆၀၀ ဦးရှိပါကြောင်း၊ ကရင်ပြည်နယ်တွင် KNU က ပြုစုပေးပို့သည့် စာရင်းကောက်ခံမရသော လူဦးရေစာရင်း ၆၉၇၅၃ ဦးရှိသည်ဟု ဖော်ပြထားသည်ကို တွေ့ရှိရပါကြောင်း၊ ရခိုင်ပြည်နယ်တွင် ဘင်္ဂါလီအချို့သည် နိုင်ငံတော်က အသိအမှတ်မပြုသည့် လူမျိုးအမည်ကို ဖြေဆိုခွင့်မရခြင်းကြောင့် အကောက်မခံသည့်အတွက် ဒေသလူထုအကြား တင်းမာမှုကြောင့် အကြမ်းဖက်မှုများ ရှောင်လွှဲသည့်အနေဖြင့် ခန့်မှန်းတွက်ချက် ကောက်ယူခဲ့ရသည်ဟု သန်းခေါင်စာရင်းအစီရင်ခံစာတွင် ဖော်ပြထားပါကြောင်း၊ စာရင်းအကောက်မခံသည့် ဦးရေသည် ၁၀၉၀၀၀၀ ရှိပြီး ရခိုင်ပြည်နယ် လူဦးရေ၏ ၃၁ ရာခိုင်နှုန်းရှိပါကြောင်း၊ စာရင်းကောက်ခံသည့် ဘင်္ဂါလီဦးရေကို ဖော်ပြမပါရှိပါကြောင်း၊
ပြောလိုသည်မှာ ၂၀၁၄ ခုနှစ် ဧပြီလ သန်းခေါင်စာရင်းကောက်သည့် အချိန်တွင် ARSA အဖွဲ့ဆိုတာ အသံတောင် မကြားမိပါကြောင်း၊ ကရင်ပြည်နယ်၊ ကချင်ပြည်နယ်များတွင် လက်နက်ကိုင်ပဋိပက္ခများ ရှိနေသည့် နေရာဖြစ်သည့်အတွက် အခြေအနေကို နားလည်နိုင်သော်လည်း ရခိုင်ပြည်နယ်တွင် လူတချို့က စာရင်းကောက်မခံသည့် စာရင်းမှန်မဖော်ပြနိုင်ဘူးဆိုသည်မှာ အလွန်ရှက်ဖို့ ကောင်းပါကြောင်း၊ ထို့ကြောင့် ဘင်္ဂါလီများသည် ထိုအချိန်ကစပြီး အစိုးရကိုအာခံပြီး နိုင်ငံတော်၏ စီမံကိန်းများကို ဖျက်ဆီးနိုင်ခဲ့ပါကြောင်း၊ ဒေသတွင်းအုပ်ချုပ်ရေးယန္တရား မလည်ပတ်ခြင်းကြောင့် ဥပဒေစိုးမိုးမှုမရှိသည့် ဒေသအဖြစ်သို့ ကျရောက်နေပြီ ဆိုသည်ကို ညွှန်ပြနေခြင်း ဖြစ်ပါကြောင်း၊
ယခုလို အလျော့ပေးလိုက်လျောမှုများကြောင့် သန်းခေါင်စာရင်းကောက်သည့် နေရာတွင် တစ်အိမ်ဝင်တစ်အိမ်ထွက်၊ အိမ်တိုင်းစေ့တိတိကျကျ မကောက်ယူနိုင်ဘဲ ကျေးရွာအဆောက်အဦ၊ မြေပုံများပေါ် ခန့်မှန်းတွက်ချက်ရခြင်း ဖြစ်ခြင်းကြောင့် အစိုးရအနေဖြင့် နောက်ပိုင်းတွင် ကျေးရွာများအတွင်း လူစိမ်းများဝင်/ထွက် သွားလာနေထိုင်ခြင်း၊ အကြမ်းဖက်သမားများက လိုဏ်ခေါင်းများတူးပြီး အကြမ်းဖက်သင်တန်းများ ပေးခြင်းစသည့် အားလုံးကိုမျက်ခြေ ပြတ်သွားရာကစပြီး ၂၀၁၆ ခုနှစ်၊ ၂၀၁၇ ခုနှစ်များတွင် အကြမ်းဖက်မှုများ ဖြစ်လာရန်အတွက် အခွင့်အရေး ပေးသကဲ့သို့ ဖြစ်သွားသည့်အတွက်ကြောင့် ဒေသအတွင်းရေရှည်တည်တံ့တည်ငြိမ် အေးချမ်းနိုင်ရန်အတွက်ဆိုလျှင် ပထမဦးဆုံး လုပ်ဆောင်ရမှာက လူဦးရေစာရင်းကို တိတိကျကျ အသေးစိတ် မှတ်တမ်းတင်ရန် လိုအပ်ပါကြောင်း၊ သို့ဖြစ်ပါ၍ ဘင်္ဂါလီများအား သန်းခေါင်စာရင်း ကောက်ယူရေးလုပ်ငန်း၊ နိုင်ငံသားစိစစ်ရေးလုပ်ငန်းများကို အောင်မြင်စွာ ဆောင်ရွက်နိုင်ရန် မေးခွန်း (၁) ရခိုင်ပြည်နယ်အတွင်းရှိ စာရင်းမကောက်ယူနိုင်သေးသည့် ဘင်္ဂါလီခန့်မှန်းဦးရေ ၁၀၉၀၀၀၀ စာရင်းကို မည်သို့တွက်ချက်ရယူခဲ့ပြီး မည်မျှတိကျမှန်ကန်မှု ရှိပါသနည်း။ ၎င်းမေးခွန်းကို မေးရသည့် အကြောင်းရင်းမှာ သန်းခေါင်စာရင်း အစီရင်ခံစာတွင် စာရင်းကောက်ကွက် မြေပုံနှင့် အဆောက်အဦ စာရင်းပါအချက်အလက်များကို မှီငြမ်းပြီး လူဦးရေစာရင်းကို ခန့်မှန်းနိုင်ခဲ့သည်ဟု ဖော်ပြထားပါကြောင်း၊ ရခိုင်ရွာနှင့်ဘင်္ဂါလီရွာများသည် အိမ်ခြေအရေအတွက်တူလျှင် ဘင်္ဂါလီရွာက လူဦးရေသုံးဆ၊ လေးဆခန့်ပိုပြီးများခြင်းကြောင့် စာရင်းကောက်ကွက်မြေပုံနှင့် အိမ်ခြေစာရင်းအရ ခန့်မှန်းတွက်ချက်ခြင်းသည် ကွဲလွဲမှုရှိနိုင်သည်ဟု ယူဆလို့ဖြစ်ပါကြောင်း၊ မေးခွန်း (၂) ဘင်္ဂါလီများ အနေဖြင့် ၎င်းတို့လိုလားသောအမည်ကို ဖြေဆိုခွင့်မရ၍ ဆက်လက်စာရင်းအကောက်မခံဘဲ ငြင်းဆန်နေမည်ဆိုပါက လူဦးရေစာရင်းအတိအကျ ရနိုင်အောင် မည်သို့ဆက်လက်လုပ်ဆောင် သွားမည်နည်း၊ မေးခွန်း(၃) ဤသို့ စာရင်းအတိအကျ မကောက်ခံခြင်းသည် နိုင်ငံသားစိစစ်ရေး လုပ်ငန်းနှင့် တိုက်ရိုက်ဆက်သွယ် ပတ်သက်နေမည်ဖြစ်ရာ နိုင်ငံသားစိစစ်ရေးလုပ်ငန်းများ အောင်မြင်စွာ ပြီးစီးနိုင်အောင် မည်သို့အရေးယူ ဆောင်ရွက်သွားမည်ကို သိလိုပါကြောင်း၊ ယခုဘင်္ဂလားဒေ့ရှ်ကို ရောက်နေသည့် ဘင်္ဂါလီများကို မိမိတို့ဘက်က လက်ခံရန်အဆင်သင့် ဖြစ်နေပါပြီဟု ပြောထားပါကြောင်း၊ သို့သော်လည်း ဘင်္ဂါလီနှင့်ဘင်္ဂါလီလော်ဘီ အဖွဲ့များက သူတို့ကြိုက်သည့် နာမည်ကိုပေးရမည်၊ နိုင်ငံသားအဖြစ် သတ်မှတ်ရမည်ဆိုသည့် အချက်များ အပါအဝင် တောင်းဆိုချက်များစွာကို ရရှိမှပြန်လာနိုင်မည်ဟု တင်းခံနေကြပါကြောင်း၊ ထိုအချိန်တွင် အစိုးရအနေဖြင့် ဘင်္ဂါလီအလိုကျ လျှော့ဈေးနှင့် Discount ချပြီး လက်ခံလိုက်မည်လားဆိုပြီး စိုးရိမ်သည့်အတွက် မေးမြန်းပါသည်။
၂၀၁၄ ခုနှစ်၊ လူဦးရေနှင့် အိမ်အကြောင်းအရာ သန်းခေါင်စာရင်းတွင် ရခိုင်ပြည်နယ်အတွင်း စာရင်းမကောက်နိုင်သော လူဦးရေသည် ၁၀၉၀၀၀၀ ခန့် ရှိကြောင်းခန့်မှန်း တွက်ချက်ထားပါကြောင်း၊ သန်းခေါင်စာရင်း လုပ်ငန်းကို ၂၀၁၂ ခုနှစ် မှစတင်၍ စီမံချက်ရေးဆွဲပြီး အကောင်အထည်ဖော် ဆောင်ရွက်ခဲ့ခြင်း ဖြစ်ပါကြောင်း၊ ယခုလို ကြိုတင်အကောင်အထည်ဖော် ဆောင်ရွက်သည့်နေရာတွင် ကြိုတင်ပြင်ဆင်ခြင်း၊ စာရင်းကောက်ယူခြင်း၊ စာရင်းပြုစုခြင်းနှင့် စာရင်းထုတ်ပြန်ခြင်းဟူသည့် အဆင့်လေးဆင့် အကောင်အထည်ဖော် ဆောင်ရွက်ခဲ့ပါကြောင်း၊ သန်းခေါင်စာရင်းများ ကောက်ယူရာတွင် လူဦးရေကျန်ရှိခြင်း၊ ထပ်ခြင်းမရှိစေရန်အတွက်ကို တိကျမှန်ကန်မှုရှိစေရန် မြေပုံရေးဆွဲခြင်း၊ အဆောက်အဦစာရင်း တင်ခြင်းတို့ကို ကြိုတင်ပြင်ဆင်ခြင်း လုပ်ငန်းစဉ် တစ်ရပ်အနေဖြင့် ၂၀၁၂ ခုနှစ် ဇွန်လအတွင်းမှ စာရင်းမကောက်ခင် အချိန်အထိ ဆောင်ရွက်ခဲ့ပါကြောင်း၊ ၎င်းအချိန်အထိ အဆိုပါ ပုဂ္ဂိုလ်များအနေဖြင့် အသာတကြည် စာရင်းများကောက်ခံသည့်အတွက် မြေပုံရေးဆွဲခြင်းလုပ်ငန်းမှ ရခိုင်ပြည်နယ်အတွင်းရှိ လူဦးရေ စုစုပေါင်းကျား/မနှင့် အိမ်ထောင်စုအရေအတွက်ကို ရရှိခဲ့သည့်အပြင် ယခင် န.က.စ လက်ထက်ကစပြီး နှစ်စဉ်သုံးမျိုးစာရင်း ကောက်ယူခြင်းကိုလည်း ရခိုင်ပြည်နယ်အတွင်း ဆောင်ရွက်ခဲ့ပါကြောင်း၊ သုံးမျိုးစာရင်း ကောက်ယူခြင်းဆိုသည်မှာ မြေပုံရေးဆွဲခြင်း၊ မှတ်တမ်းတင်ခြင်းနှင့် လူဦးရေစာရင်းစစ်ဆေးခြင်းတို့သာ ဖြစ်ပါကြောင်း၊ ၎င်းတို့တွင်ရှိသည့် အိမ်ထောင်စု၏ တစ်ဦးချင်းစီအလိုက် တစ်ခုခြင်းရှိ တာဝန်နှင့်ပုဂ္ဂိုလ်များ အားလုံးကို ဓာတ်ပုံနှင့်တကွ မှတ်တမ်းတင်ထားရှိခြင်း ဖြစ်ပါကြောင်း၊ ၂၀၁၄ ခုနှစ်၊ သန်းခေါင်စာရင်း ကောက်ယူခြင်းလုပ်ငန်း ဆောင်ရွက်ရာတွင် နိုင်ငံတော်မှ အသိအမှတ်မပြုသည့် လူမျိုးအမည်ကို ဖြေဆိုခွင့်မရရှိသည့်အတွက် စာရင်းအကောက်မခံသည့် ဒေသများမှ လူဦးရေကိုခန့်မှန်းရာ မြေပုံရေးဆွဲခြင်း လုပ်ငန်းမှရရှိသည့် လူဦးရေကိုအခြေခံ၍ ခန့်မှန်းခဲ့ခြင်းဖြစ်ပါကြောင်း၊ အပြည်ပြည်ဆိုင်ရာနိုင်ငံများတွင် ၎င်းအတိုင်း ဆောင်ရွက်သည့် အလေ့အထပင် ဖြစ်ပါကြောင်း၊ နိုင်ငံတစ်နိုင်ငံလုံး အတိုင်းအတာအနေဖြင့် မြေပုံရေးဆွဲခြင်း လုပ်ငန်းမှရရှိသည့် လူဦးရေနှင့်သန်းခေါင်စာရင်းကို ကောက်ယူပြီး ရရှိလာသော လူဦးရေနှင့် နှိုင်းယှဉ်သည့်အခါ လူဦးရေ ၄ ရာခိုင်နှုန်း တိုးလာကြောင်း စိစစ်တွေ့ရှိရပါသည်။ ယခုလိုဖြစ်သည့်အတွက် ရခိုင်ပြည်နယ်တွင် စာရင်းမကောက်ယူနိုင်သော ဒေသများအတွက် မြေပုံရေးဆွဲခြင်း လုပ်ငန်းမှရရှိခဲ့သည့် လူဦးရေကို ၄ ရာခိုင်နှုန်းတိုးမြှင့်ပြီး ခန့်မှန်းခဲ့ခြင်းဖြစ်ပါကြောင်း၊ စာရင်းမကောက်ခံသူများအတွက် လူဦးရေစာရင်းအတိအကျ ရရှိနိုင်ရန်အတွက်ကို ၎င်းဒေသရှိ မိမိတို့ဝန်ကြီးဌာနအနေဖြင့် နှစ်စဉ်ပြုလုပ်နေသည့် မြေပုံရေးဆွဲခြင်း၊ အဆောက်အဦစာရင်းပြုစု တင်သွင်းခြင်း၊ အိမ်ထောင်စုလူဦးရေစာရင်း စစ်ဆေးခြင်းများကိုလည်း နှစ်စဉ်ဆောင်ရွက် နေပါကြောင်း၊ လူဦးရေစာရင်းကိုလည်း အနီးစပ်ဆုံးတိကျစွာရရှိအောင် ဆောင်ရွက်လျက်ရှိပါကြောင်း၊ မိမိတို့ဝန်ကြီးဌာနအနေဖြင့် ရခိုင်ပြည်နယ်အတွင်းရှိ အိမ်ထောင်စုလူဦးရေစာရင်းအား ယခင်ကပင် စာရင်းမကောက်ခံသည့် လူမျိုးများအတွက် အိမ်ထောင်စုအလိုက် အမည်စာရင်းနှင့်တကွ သက်ဆိုင်ရာမြို့နယ် ဦးစီးရုံးများတွင် စာရင်းများအသေးစိတ် ပြုစုထားရှိပြီး ဖြစ်ပါကြောင်း၊ အဆိုပါ အိမ်ထောင်စုလူဦးရေ စာရင်းများကို အခြေခံပြီး နှစ်စဉ်အိမ်ထောင်စုလူဦးရေ စာရင်းစစ်ဆေးခြင်း လုပ်ငန်းကိုလည်း ဆောင်ရွက်ခဲ့ပါကြောင်း၊ မောင်တောမြို့နယ်၊ ဘူးသီးတောင်မြို့နယ်နှင့် ရသေ့တောင်မြို့နယ်များရှိ အမှတ် (၁) နယ်ခြားစောင့်ရဲကွပ်ကဲမှု အဖွဲ့အောက်ရှိ နယ်မြေဒေသများတွင်လည်း နေထိုင်သူများ၏ အိမ်ထောင်စုနှင့် လူဦးရေစာရင်းစစ်ဆေးခြင်း လုပ်ငန်းကို နှစ်စဉ်ဆောင်ရွက်နိုင်ခဲ့ပါကြောင်း၊ ၂၀၁၆ ခုနှစ်အတွက်လည်း အိမ်ထောင်စု လူဦးရေစာရင်း စစ်ဆေးခြင်း လုပ်ငန်းများကိုလည်း ဆောင်ရွက်ခဲ့ပြီး ဖြစ်ပါကြောင်း၊ လူဦးရေစာရင်း အတိအကျရရှိအောင် ကောက်ခံနိုင်ရေးအတွက် ဖြစ်နိုင်သည့် နည်းလမ်းများကို အသုံးပြု၍ ဆက်လက်ပြီး ဆောင်ရွက်သွားမည် ဖြစ်ပါကြောင်း၊ ကျန်ရှိသည့်ဒေသများတွင် မိမိတို့ဦးစီးရုံးရှိ လူဦးရေဦးစီးစာရင်းကို အခြေပြုပြီး နိုင်ငံသားစိစစ်ခံရမည့် သူ၏သက်သေခံကတ်ပြား ထုတ်ပေးခြင်းနှင့် အိမ်ထောင်စုလူဦးရေ စစ်ဆေးခြင်းများကိုလည်း ၁၉၈၂ ခုနှစ်၊ မြန်မာနိုင်ငံသား ဥပဒေနှင့်အညီ နိုင်ငံသားစိစစ်ရေးလုပ်ငန်းများကိုလည်း ဆက်လက်ဆောင်ရွက်လျက် ရှိပါကြောင်း၊ နိုင်ငံသားစိစစ်ရေးလုပ်ငန်းများ အောင်မြင်စွာ ပြီးစီးနိုင်ရန်အတွက် ဆောင်ရွက်ချက်အနေနှင့် မိမိတို့ဝန်ကြီးဌာနသည် ရခိုင်ပြည်နယ်တည်ငြိမ်အေးချမ်းရေးနှင့် ဖွံ့ဖြိုးတိုးတက်မှု အကောင်အထည် ဖော်ရေး ဗဟိုကော်မတီတွင် ဝန်ကြီးသည် ဗဟိုကောင်မတီအဖွဲ့ဝင်အဖြစ် ပါဝင်ပါကြောင်း၊ လူဝင်မှုကြီးကြပ်ရေးနှင့် နိုင်ငံသားစိစစ်ရေးလုပ်ငန်းကော်မတီ ဥက္ကဋ္ဌအဖြစ်လည်း ပါဝင်ပြီး ၎င်းဗဟိုကော်မတီ၏ လမ်းညွှန်ချက်နှင့်အညီ တိကျစွာဆောင်ရွက်လျက်ရှိပါကြောင်း၊ ရခိုင်ပြည်နယ် အတွင်းရှိ လူဝင်မှုကြီးကြပ်ရေးနှင့် နိုင်ငံသားစိစစ်ရေး လုပ်ငန်းများနှင့် နိုင်ငံသားစိစစ် ခံရမည့်လူများ၏ သက်သေခံ (NV Card) ကတ်ထုတ်ပေးရေး လုပ်ငန်းများကိုလည်း အချိန်အဟုန်မြှင့်တင်ပြီး ဆောင်ရွက်လျက်ရှိပါကြောင်း၊ လိုအပ်သည့်အစည်းအဝေးများ၊ ကွင်းဆင်းစစ်ဆေးမှုများနှင့် လုပ်ဆောင်မှုများကိုလည်း အရှိန်အဟုန်ဖြင့် ဆောင်ရွက်လျက်ရှိပါကြောင်း၊
လူဝင်မှုကြီးကြပ်ရေးနှင့် နိုင်ငံသားစိစစ်ရေးလုပ်ငန်း ကော်မတီအနေဖြင့် ရခိုင်ပြည်နယ် တည်ငြိမ်အေးချမ်းမှုနှင့် ဖွံ့ဖြိုးတိုးတက်မှု အကောင်အထည်ဖော်ရေး ဗဟိုကော်မတီ၏ လမ်းညွှန်ချက်ကို ခံယူပြီး ၁၉၈၂ ခုနှစ်၊ မြန်မာနိုင်ငံသား ဥပဒေနှင့်အညီ နိုင်ငံသားစိစစ်ရေး လုပ်ငန်းစဉ်နှင့် နိုင်ငံသားစိစစ်ရေး လုပ်ငန်းများကို စဉ်ဆက်မပြတ် ဆောင်ရွက်လျက်ရှိပါကြောင်း၊ ၎င်းလုပ်ငန်းများ အောင်မြင်စွာ ဆောင်ရွက်နိုင်ရန်အတွက်ကို စီမံခန့်ခွဲရေးနည်းလမ်း၊ အုပ်ချုပ်ရေးနည်းလမ်း အမျိုးသားအကျိုးစီးပွားကို အမြင့်မားဆုံးဖော်ဆောင်နိုင်မည့် နည်းလမ်းတို့ဖြင့် တည်ဆဲ ဥပဒေများနှင့်အညီ ဆက်လက်ဆောင်ရွက်လျက်ရှိပါကြောင်းဖြင့် ရှင်းလင်းဖြေကြားပါသည်။
ဦးဖေသန်း (မြေပုံမဲဆန္ဒနယ်) က ဆက်စပ်မေးခွန်း မေးမြန်းပါသည်။
မေးခွန်း (၁) က အဖြေကိုနည်းနည်း ဝန်ကြီးဖြေသည့်အပေါ် သဘောပေါက်နားလည်းမိပါကြောင်း၊ မေးခွန်း (၂) က ဘင်္ဂါလီများအနေဖြင့် သူတို့လိုလားသော အမည်ကို ဖြေဆိုခွင့်မရ၍ ဆက်လက် စာရင်းကောက်ခံခြင်းကို ငြင်းဆန်နေမည်ဆိုပါက လူဦးရေစာရင်းကို အတိအကျရရှိအောင် မည်သို့ ဆောင်ရွက်သွားမည်ကို သိလိုပါသည်ဆိုသည့် မေးခွန်းတွင် ၎င်းသည်ထိုကဲ့သို့ ငြင်းဆန်နေမည်ဆိုလျှင် ယခုလည်းငြင်းဆန်ပါကြောင်း၊ ဘင်္ဂါလီဆိုလျှင် အကောက်မခံကြောင်း၊ ရိုဟင်ဂျာဆိုမှ ကောက်ခံပါကြောင်း၊ ယခုလို ဆက်လက်ငြင်းဆန်မည်ဆိုလျှင် မည်ကဲ့သို့ု ကောက်မည်နည်း။ အတိအကျရအောင် မည်ကဲ့သို့ပြုလုပ်မည်နည်း၊ ဆိုသည်ကို မေးခြင်း ဖြစ်ပါကြောင်း၊ မေးခွန်း (၃) က စာရင်းမကောက်ခံခြင်းသည် နိုင်ငံသားစိစစ်ရေးနှင့် တိုက်ရိုက် ပတ်သက်နေသည့်အတွက် နိုင်ငံသားစိစစ်ရေးလုပ်ငန်းများ အောင်မြင်စွာပြီးစီးနိုင်ရန်အတွက် မည်သို့အရေးယူ ဆောင်ရွက်သွားမည်၊ ယခုသူတို့ တောင်းဆိုနေသည် ဆိုကတည်းက နိုင်ငံသားပေးရမည်။ ဘင်္ဂါလီနှင့်ကောက်လျှင် လက်မခံကြောင်း၊ လူမျိုးအမည်ကို မဖော်ပြဘဲ မည်ကဲ့သို့ နိုင်ငံသားကတ်များထုတ်ပေးမည်နည်း။ မည်ကဲ့သို့နိုင်ငံသားစိစစ်မည်နည်း။ လူဦးရေ စာရင်း မည်သို့ရမည်နည်းဆိုသည့် အချက်များအပေါ် မည်ကဲ့သို့ ပြုလုပ်မည်ဆိုသည်ကို သိချင်ပါကြောင်း၊ မိမိတို့နိုင်ငံမှ ဟိုဘက်မှာ ၁၀၉၀၀၀၀ ပြေးသွားပြီ။ စာရင်းကောက်ခံရသည်မှာ ၇၂၀၀၀၀ ပြီးလျှင် ယခင်ရောက်နေခြင်းနှင့် စာရင်းပေါင်းလိုက်လျှင် ၁၀၀၀၀၀၀ ခန့်ရှိပါကြောင်း၊ အိန္ဒိယတွင်လည်း ၄၀၀၀၀ ခန့်ရှိသည်ဟု ပြောပါကြောင်း၊ နောက် ပြည်မနှင့်ရခိုင်ပြည်နယ် ထဲတွင်လည်း မည်မျှခန့်ရှိဦး မည်ဆိုသည်ကို မသိနိုင်ပါကြောင်း၊ မိမိတို့က မည်သည့် အထောက်အထား လက်ဆုပ်လက်ကိုင်မရှိဘဲ ထိုလူများကို မည်ကဲ့သိုစစ်ဆေးမည်နည်း။ နိုင်ငံသားစိစစ်ရေးလုပ်သည့်အခါတွင် ဘင်္ဂါလီဟု လက်မခံဘူးဆိုလျှင် မည်သည့်နာမည်နှင့် စာရင်းသွင်းမည်နည်း ဆိုသည်ကို တိတိကျကျဖြေပေး စေချင်ပါကြောင်း ဆက်စပ်မေးခွန်း မေးမြန်းပါသည်။
အလုပ်သမား၊ လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့အင်အား ဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီး ဦးသိန်းဆွေ
မူလဖြေစဉ်ကတည်းက ၎င်းဒေသတွင်ရှိသည့် စာရင်းအကောက်မခံသည့် ပုဂ္ဂိုလ်များနှင့်ပတ်သက်ပြီး န.က.စ လက်ထက်ကတည်းက နှစ်စဉ်သုံးမျိုး စာရင်းကောက်ခံခဲ့ပါသည်ဟု မိမိမှတင်ပြခဲ့ပါကြောင်း၊ သူတို့၏ အိမ်ဆောက်ထားမှုအနေအထား မြေပုံဆွဲပါကြောင်း၊ သူတို့၏ အိမ်ထောင်စုတစ်ခုတည်းတွင် ပါဝင်သည့် လူဦးရေစာရင်းများ မှတ်ပုံတင်ခြင်း၊ ဓာတ်ပုံရိုက်ပြီး မှတ်တမ်းတင်ခြင်း၊ မြေပုံရေးဆွဲပြီး မှတ်တမ်းတင်ခြင်းစသည်ဖြင့် လူဦးရေစာရင်းစစ်ပါကြောင်း၊ ယခင်က ဆွဲ/တင်/စစ်ဟု ခေါ်ပါကြောင်း၊ ယခု သုံးမျိုးစာရင်း ကောက်ယူသည်ဟု ခေါ်သည့်အတွက် နှစ်စဉ်၊ နှစ်စဉ်လူဦးရေ၏ စာရင်းအတိအကျသည် မိမိတို့လက်ထဲတွင် ရှိပါသည်ဟု နှစ်ကြိမ်ပြောခဲ့ပါကြောင်း၊ ၂၀၁၂ ခုနှစ်အထိ ၎င်းစာရင်းကို တိကျစွာကောက်နိုင်ခဲ့ပြီး ၂၀၁၄ ခုနှစ်၊ သန်းခေါင်စာရင်းကောက်သည့် အချိန်မတိုင်ခင် ကြိုတင်လုပ်ငန်းများ လုပ်ရသည့်အတွက် အတိအကျကောက်နိုင်ခဲ့ပါကြောင်း၊ သို့ရာတွင် ၂၀၁၄ ခုနှစ် ကောက်ခံမည့်အချိန်တွင် အကောက်မခံသည့် ပြဿနာဖြစ်ခဲ့သည့်အတွက် ၎င်းကာလတွင် သန်းခေါင်စာရင်း ထည့်ယူကောက်ခံခြင်း မရှိပါကြောင်း၊ သို့သော် ၂၀၁၂ ခုနှစ်က ကောက်ခံသည့် စာရင်းအပေါ် အခြေခံပြီး တစ်နိုင်ငံလုံးတိုးတက်သည့် ၄ ရာခိုင်နှုန်းကို ပေါင်းစပ်ပြီး ခန့်မှန်းခြင်း ဖြစ်ပါကြောင်း၊ အလားတူ ၎င်းဒေသတွင် တာဝန်ယူထမ်းဆောင်နေသည့် နယ်ခြားစောင့် ကွပ်ကဲမှုအောက်ရှိ နယ်မြေများတွင် ဝန်ထမ်းများနှင့်ပေါင်းစပ်ပြီး ၂၀၁၆ ခုနှစ်တွင်လည်း အလားတူ သုံးမျိုးစာရင်း ကောက်ခံခြင်းကို တိကျစွာဆောင်ရွက်နိုင်ခဲ့ပါကြောင်း၊ ယခု ဘင်္ဂလားဒေ့ရှ်နိုင်ငံက လူ ၈၀၀၀ စာရင်းပေးပို့သည့် အခါတွင်လည်း စာရင်းတွင်ရှိနေသည့် ဓာတ်ပုံများနှင့် တိုက်ဆိုင်ပြီးမှ ဓာတ်ပုံထဲတွင် မှန်ကန်သည့်လူများမှာသာ လက်ခံခြင်းဖြစ်ပါကြောင်း၊ ထိုဒေသရှိ လူဦးရေစာရင်း၊ ဓာတ်ပုံစာရင်းများသည် ရုံးချုပ်၊ ပြည်နယ်၊ ဒေသများတွင်ပါ ရှိနေပါကြောင်း၊ ထို့ကြောင့် ပြန်လည်စိစစ်သည့် အခါတွင်လည်း ကွဲလွဲနိုင်မှုမရှိပါကြောင်း၊ သို့ရာတွင် မွေးဖွားသည့်လူ ရှိနိုင်ပါကြောင်း၊ ယခင်တုန်းက ကြွင်းကျန်ခဲ့သည့် လူများလည်း ရှိနိုင်ပါကြောင်း၊ ထို့ကြောင့် ၎င်းကိစ္စကို ပြန်လည်စိစစ်ပြီး ကျွန်တော်တို့ နိုင်ငံတော်၏ အမျိုးသားအကျိုးစီးပွားအတွက်ကို အလေးထားပြီး ဆောင်ရွက်နေပါကြောင်း၊ နောက်ဆုံးတစ်ချက်က ဆက်လက်အရေးယူ ဆောင်ရွက်မည့် ကိစ္စလည်း မိမိဖြေကြားခဲ့ပါကြောင်း၊ ထိုကိစ္စကိုလည်း တည်ဆဲဥပဒေများနှင့်အညီ ဆောင်ရွက်ပါမည်။ ရခိုင်ပြည်နယ် တည်ငြိမ်အေးချမ်းမှုနှင့် ဖွံ့ဖြိုးတိုးတက်ရေး အကောင်အထည်ဖော်ရေး ဗဟိုကော်မတီ လမ်းညွှန်ချက်နှင့်အညီ ဆောင်ရွက်ပါမည်။ ၁၉၈၂ ခုနှစ်၊ မြန်မာနိုင်ငံသား ဥပဒေနှင့်အညီစိစစ်ပါမည်။ နိုင်ငံသားစိစစ်ရေး လုပ်ငန်းများကိုလည်း စဉ်ဆက်မပြတ် ဆောင်ရွက်နေပါကြောင်း၊ ၎င်းလုပ်ငန်းများကိုအောင်မြင်စွာ ဆောင်ရွက်နိုင်ရန်လည်း ဒေသတွင်ရှိသည့် အာဏာပိုင်များ၊ ဝန်ထမ်းများနှင့်ပူးပေါင်းပြီး မိမိတို့ဆောင်ရွက်လျက်ရှိပါကြောင်း၊ အဓိကအားဖြင့် ဥပဒေနှင့်အညီ ဆောင်ရွက်ပါမည်။ စီမံခန့်ခွဲရေး နည်းလမ်းနှင့်လည်း ဆောင်ရွက်ပါမည်။ အုပ်ချုပ်ရေးနည်းလမ်းနှင့်လည်း ဆောင်ရွက်ပါမည်။ အမျိုးသားအကျိုးစီးပွားကို အမြင့်မားဆုံးဖော်ဆောင်နိုင်မည့် နည်းလမ်းများနှင့် တည်ဆဲဥပဒေများနှင့်အညီ ဆက်လက်ပြီး ဆောင်ရွက်သွားမည် ဖြစ်ပါကြောင်း ရှင်းလင်းဖြေကြားပါသည်။
