(ဆ) အင်းမအင်းအတွင်းရှိ ရေထိန်းဆည်နှင့်စပ်လျဉ်းသည့်မေးခွန်း

ပထမအကြိမ်ပြည်သူ့ လွှတ်တော် တတိယပုံမှန် အစည်းအဝေး ဒုတိယနေ့ (၂၇.၁.၂၀၁၂)

 လေးစားအပ်ပါသော ပြည်သူ့လွှတ်တော်ဥက္ကဋ္ဌကြီးနှင့် လွှတ်တော်ကိုယ်စားလှယ်များခင်ဗျား။ ကျွန်တော်တို့ ယနေ့ သဲကုန်းမြို့နယ်မှာ တောင်သူလယ်သမားများ ရေနစ်မှုအန္တရာယ်ဖြစ်လို့ နှစ်ပေါင်းများစွာအခက်အခဲများနဲ့ကြုံတွေ့ပြီးတော့ ယခင်အစိုးရလက်ထက် မှာလည်းပဲ သက်ဆိုင်ရာနေပြည်တော်အထိရောက်အောင် ဗွီစီဒီခွေများ၊ တင်ပြလွှာများနှင့် လယ်သမားများ ကိုယ်တိုင်တင်ပြထားတာရှိပါတယ်။ ဒီရေထိန်းတမံနှင့်ပတ်သက်ပြီးတော့ ကျွန်တော်တို့မတင်ပြမီမှာ ရွေးကောက်ပွဲစည်းရုံးရေးကာလမှာကတည်းက ကျေးရွာတောင်သူလယ်သမား ၁၁ အုပ်စုမှာရှိတဲ့ ကျေးရွာ ၃၀ ကျော်က ရပ်မိရပ်ဖတွေကသူတို့ရဲ့ အခက်အခဲကို ကူညီဆောင်ရွက်ပေးဖို့ဆိုတဲ့ လိုလားချက်တစ်ခုတည်းနဲ့ပဲ ကျွန်တော်တို့ကို တင်ပြသွားခဲ့ကြပါတယ်။ ဒီတင်ပြချက်အပေါ်မှာ မူတည် ပြီးတော့ပဲ သက်ဆိုင်ရာ တိုင်းဒေသကြီးကိုယ်စားလှယ်၊ ပြည်သူ့လွှတ်တော်ကိုယ်စားလှယ်၊ အမျိုးသား လွှတ်တော်ကိုယ်စားလှယ်တို့ဟာ မြို့နယ်ခန်းမကြီးမှာစုဝေးပြီး ဒီတောင်သူလယ်သမားတွေရဲ့ အခက်အခဲတွေကို ကျွန်တော်တို့ အစိုးရဆီမှာ တင်ပြပေးပါမယ်လို့ ကတိကဝတ်လည်းခံခဲ့ပြီးဖြစ်ပါ တယ်။ ဒါကြောင့်လည်းပဲ ဒီကနေ့ ဒီအစီအစဉ်ကို ပထမအကြိမ် ပြည်သူ့လွှတ်တော်မှာတင်ဖို့ ဖြစ်သော်လည်းပဲ ပထမအကြိမ်မှာကတည်းက တင်ပြရန်အတွက် ကျွန်တော့်မှာ လေ့လာဖို့အချိန် ယူနေတဲ့အတွက် ယခုအချိန်မှတင်ပြနိုင်ခြင်းဖြစ်ပါတယ်။ ဒီလိုတင်ပြတဲ့နေရာမှာလည်းပဲ ၁၁ အုပ်စု မှာရှိတဲ့ ကျေးရွာရပ်မိရပ်ဖပြည်သူများဆီသို့ ကျွန်တော် ကွင်းဆင်းဆောင်ရွက်ခဲ့ပါတယ်။ သက်ဆိုင်ရာ ကျေးရွာအုပ်ချုပ်ရေးမှူးများနှင့်လည်း တွေ့ဆုံညှိနှိုင်းခဲ့ပါတယ်။ ထို့အပြင်မြို့နယ်အဆင့်မှာရှိကြသော ဌာနဆိုင်ရာအရာရှိများနှင့် မြို့နယ်အုပ်ချုပ်‌ရေးမှူးတို့ရဲ့ သဘောဆန္ဒကိုပါရယူပြီးတော့မှ ယနေ့ တင်ပြခြင်း ဖြစ်ပါတယ်။ ဒီလိုမတင်ပြမီမှာလည်း သက်ဆိုင်ရာတိုင်းဒေသကြီးလွှတ်တော်ကိုလည်း တင်ပြပြီးတော့ တိုင်းဒေသကြီးလွှတ်တော်ရဲ့ အဖြေကိုလည်းရယူခဲ့ပါတယ်။ သို့သော်လည်း လယ်သမားများရဲ့ဆန္ဒအရ ကျွန်တော့်ကို ပြည်‌့ပြည့်စုံစုံနှင့် ပြည်ထောင်စုအစိုးရကို တင်ပြပေးပါလို့ ဆိုတဲ့အတွက် ဒီနေ့မေးခွန်းကို မေးမြန်းရခြင်းဖြစ်ပါတယ်။ ဒီမေးခွန်းမှာ အဓိကအကြောင်းရင်းကတော့ ရေနစ်တဲ့ကိစ္စ ဖြစ်ပါတယ်။ ဒီရေနစ်တဲ့အကြောင်းရင်းကို ပြည်‌့ပြည်‌့စုံစုံတင်ပြနေမယ်ဆိုရင် အချိန် ကြန့်ကြာနေမှာဖြစ်တဲ့အတွက် ကျွန်တော်ဟာ ရေထိန်းဆည်ဖြစ်ပေါ်လာပုံ၊ ရေထိန်းဆည်မတည် ဆောက်မီအ‌ြခေအနေ၊ ရေထိန်းဆည်တည်ဆောက်ပြီးအ‌ြခေအနေ၊ ရေနစ်မြုပ်ရသည်‌့ အကြောင်းရင်းနဲ့ ရေနစ်မြုပ်မှုမှကာကွယ်ရန် မြစ်မခချောင်းရေစီးရေလာ ကောင်းမွန်စေရန်တင်ပြခြင်းနှင့် ကျွန်တော့်ရဲ့ အကြံပြုတင်ပြချက်များကိုပါ ပူးတွဲပြီးတော့ တင်ပြခဲ့ပါတယ်။ ဒါကြောင့်မို့လို့ ဒီနေ့ရေနစ်မြုပ်ရတဲ့ အကြောင်းရင်းထဲမှာ ကျွန်တော့်ရဲ့လေ့လာတွေ့ရှိမှု အချက်လေးချက်ပဲရှိပါတယ်။ တစ်ကတော့ ရေနုတ်တူးမြောင်းများ၊ ရေထွက်ချောင်းများကောခြင်း၊ ပိတ်ဆို့ခြင်းနှင့် အင်းမအင်းရဲ့အင်းနဖူးဧရိယာ၊ အင်းလယ်ဧရိယာတွေမှာ တူးဖော်ထားတဲ့ ငါးကန်များဟာ ရေနုတ်မြောင်းများစနစ်တကျမရှိခြင်း၊ ရေထိန်းတမံကြီးကိုပိတ်ဆို့ပြီးတော့ ငါးမွေးကန်တွေဟာ ကုန်ထုတ်လမ်းကြောင်းအဖြစ် အသုံးပြု နေခြင်း၊ အချို့အင်းသားကြီးတွေဟာ မြစ်မခချောင်းအတွင်း ကျဉ်းမြောင်းတဲ့နေရာတွေမှာ ကျားထောင် ပြီး ငါးဖမ်းတာ၊ အင်းမအင်းအတွင်းမှာရှိတဲ့ ရေတွေကိုနုတ်ယူစီးဆင်းတဲ့ မြစ်မခချောင်းဟာ အကွေ့ အကောက်များပြီးကျဉ်းမြောင်းကာ တိမ်ကောမှုဖြစ်တဲ့အတွက် ဒိုက်တွေ၊ ဗေဒါတွေပိတ်ဆို့ပြီး ရေစီးဆင်းမှု နှောင့်နှေးခြင်းတို့ကြောင့် ရေနစ်မြုပ်ရတဲ့အကြောင်းရင်း ဖြစ်ပါတယ်။ သို့သော် လယ်သမားများက ဒီတမံကြီးမဖြစ်ထွန်းခင်တုန်းက ရေနစ်မြုပ်မှုမရှိဘူး။  လယ်တွေစိုက်လို့ အောင်မြင် တယ်။ ဒီရေတမံကြီးပေါ်ထွန်းလာပြီးကာမှ သူတို့လယ်တွေဟာ ရေအောက်မြေတွေဖြစ်သွားပြီးတော့ လယ်တွေစိုက်လို့မရဘူး။ မိုးပြီးလို့ဆက်ပြီး စိုက်မယ်ကြံပြန်တော့လည်းပဲ ဒီတမံကြီးဟာရေတုပ်ထားတဲ့ အတွက် ဆည်ရေအနည်းငယ်ဝင်ရုံနဲ့ပဲ စိုက်ထားတဲ့လယ်တွေပျက်တယ်ဆိုပြီးတော့ ဒီတမံကိုရိုးမယ် ဖွဲ့ပြီး ဝိုင်းပြီးတင်ပြရခြင်းဖြစ်ပါတယ်။ ဒါကြောင့်ကျွန်တော့်ရဲ့မေးခွန်းမှာ သဲကုန်းမြို့နယ်မှာရှိတဲ့ ရေထိန်းဆည်ကြီးကို ၁၉၈၁-၈၂ ခုနှစ်တွင် တည်ဆောက်ခဲ့ပြီး လယ်မြေဧက ၂၂၆၀ အား ရေပေး ဝေနိုင်ရန် ရေစုပ်စက်ရုံ(ရွှေတော)နှင့် ရေပေးတူးမြောင်းများ တည်ဆောက်၍ ဆောင်ရွက်ခဲ့ပါတယ်။ ယခုအခါ ထိုရေပေးစီမံကိန်းမှာ မဆောင်ရွက်နိုင်တော့ပါ။ ရေထိန်းဆည်တည်ဆောက်ပြီးနောက် ရေစီးရေလာလျော့ကျမှု နှေးကွေးလာပါတယ်။ ရေလွှမ်းဧရိယာမှာ တစ်သောင်းကျော်အထိ ပေါ်ထွက် လာပါတယ်။ သို့ဖြစ်ပါ၍ ယခုအခါဒေသခံ တောင်သူလယ်သမားများက ထိုရေထိန်းဆည်ကြီးအား ပယ်ဖျက်ပေးပါရန်နှင့် ပယ်ဖျက်ပေးနိုင်ခြင်းမရှိပါက ရေထိန်းတံခါးများ တိုးချဲ့ဖွင့်လှစ်ပေးနိုင်ခြင်းရှိ၊ မရှိသိရှိလိုပါတယ်လို့ မေးမြန်းရခြင်းဖြစ်ပါတယ်။ ရေထိန်းတံခါးများတိုးချဲ့ဖွင့်လှစ်ပေးနိုင်ခြင်းရှိ၊ မရှိ ဆိုတဲ့နေရာမှာ မူလစတင်တပ်ဆင်တုန်းက ရေထိန်းတံခါးလေးခုရှိခဲ့ပြီးတော့ ၂၀၀၀ ခုနှစ်မှာ ရေနုတ် တဲ့ အခြေအနေနည်းတယ်ဆိုပြီးတော့ နောက်ထပ် Stop Lock ရေတံခါးခြောက်ခု ထပ်မံတပ်ဆင် ပေးခဲ့ပါတယ်။ သို့သော်လည်းပဲ ကျွန်တော်တို့ရဲ့ ဒီတမံကြီးဟာ ၁၆၉ ပေ၊ အမြင့် ၈.၂ ပေရှိနေတဲ့ အတွက် ရေထုတ်ဖို့အင်မတန်အားနည်းနေတာကြောင့် အကယ်၍သာ ဒီတမံကြီးကို ဖယ်ရှားမပေးနိုင် သေးဘူးဆိုရင် ရေထိန်းတံခါးများထပ်မံ တိုးချဲ့တပ်ဆင်ပေးသင်‌့တယ်။ ရေတမံကြီးမရှိသကဲ့သို့ ရေများ ထွက်နိုင်တဲ့ရေတံခါးများ တည်ဆောက်ပေးသင်‌့တယ်လို့ မေးမြန်းထားပါသည်။

ဖြေကြားသူ
ပြည်ထောင်စုဝန်ကြီး ဦးမြင့်လှိုင်
အဖြေ

 လေးစားအပ်ပါသော ပြည်သူ့လွှတ်တော်ဥက္ကဋ္ဌကြီးနှင့် လွှတ်တော်ကိုယ်စားလှယ်တော်ကြီးများ ခင်ဗျား။ ပဲခူတိုင်းဒေသကြီး၊ သဲကုန်းမဲဆန္ဒနယ်မှ ပြည်သူ့လွှတ်တော်ကိုယ်စားလှယ် ဦးစိုးအောင်၏ သဲကုန်းမြို့နယ်၊ အင်းမအင်းအတွင်းရှိရေထိန်းဆည်အား ပယ်ဖျက်ပေးပါရန်နှင့် ပယ်ဖျက်ပေးနိုင်ခြင်း မရှိပါက ရေထိန်းတံခါးများတိုးချဲ့ဖွင့်လှစ်ပေးနိုင်ခြင်း၊ တည်ဆောက်ပေးနိုင်ခြင်းရှိ၊ မရှိဟူသော မေးခွန်းနှင့်ပတ်သက်၍ ကျွန်တော် လယ်ယာစိုက်ပျိုးရေးနှင့် ဆည်မြောင်းဝန်ကြီးဌာန ပြည်ထောင်စု ဝန်ကြီးဦးမြင့်လှိုင်မှ ဆက်လက်ရှင်းလင်းဖြေကြားသွားမှာ ဖြစ်ပါတယ်။ ပထမဦးစွာပြည်သူလူထုရဲ့ အကျိုးအတွက် ယခုကဲ့သို့မေးမြန်းခဲ့သော ပြည်သူ့လွှတ်တော်ကိုယ်စားလှယ် ဦးစိုးအောင်အား အထူးပင်ကျေးဇူးတင်ရှိပါကြောင်း ပြောကြားလိုပါတယ်။ ဦးစိုးအောင်ရဲ့ မေးမြန်းချက်အပေါ်မှာ အကြံပြု တင်ပြချက်များလည်းပါဝင်တဲ့အတွက်ကြောင့်မို့လို့ အကြံပြုတင်ပြချက်များအပေါ်မှာလည်းပဲ ပညာရှင်များ စေလွှတ်ပြီးတော့မှ တစ်ပြိုင်တည်းလက်တွေ့လုပ်နိုင်မယ့် နည်းလမ်းများကို ရှာဖွေ ဆောင်ရွက်လျက်ရှိပါကြောင်း ကနဦးတင်ပြလိုပါတယ်။ ပဲခူးတိုင်းဒေသကြီး၊ ပြည်ခရိုင် သဲကုန်းမြို့နယ် အင်းမအင်းအတွင်းမှာရှိတဲ့ ရေထိန်းဆည်ကြီးကို ပယ်ဖျက်ပေးပါရန်နှင့် ပယ်ဖျက်ပေးနိုင်ခြင်းမရှိပါက ရေထိန်းတံခါးများ တိုးချဲ့ဖွင့်လှစ်ပေးနိုင်ခြင်း ရှိ၊ မရှိ မေးခွန်းနှင့်ပတ်သက်ပြီးတော့မှ ပထမအဆင့် ရေစီးရေလာကောင်းမွန်စေရေးအတွက် ၂၀၁၂-၂၀၁၃ ခုနှစ်တွင် မီးလောင်ချောင်းနှင့် အောင်ကုန်း ချောင်း တူးဖော်ခြင်းလုပ်ငန်းကို ဆောင်ရွက်ပေးနိုင်ရေးအတွက် စီစဉ်ဆောင်ရွက်လျက်ရှိနေပြီ ဖြစ်ပါ ကြောင်း ပြောကြားလိုပါတယ်။ ၎င်းချောင်းနှစ်ချောင်း တူဖော်ပေးခြင်းဖြင့်လည်းကောင်း၊ အင်းမရေလွှဲ ဆည်ရှိ ရေထိန်းတံခါးများကို ဖွင့်ချိန်စော၍ ဖေဖော်ဝါရီလကုန်တွင် ဖွင့်ပေးခြင်းဖြင့်လည်းကောင်း၊ ရေစီးရေလာကောင်းမွန်စေရန် လတ်တလောစီစဉ် ဆောင်ရွက်လျက်ရှိနေပြီ ဖြစ်ပါတယ်။ အသေးစိတ် အချက်အလက်များကို ဆည်မြောင်းဆိုင်ရာတည်ဆောက်ရေးပညာရှင်များ ‌ြမေပြင်ကွင်းဆင်းလေ့လာ တိုင်းတာစေလျက်ရှိပြီး အင်းမအင်းအတွင်းသို့ ရေဝင်ရောက်မှုအခြေအနေ၊ ရေထိန်းဆည်၏ အခြေ အနေ၊ နစ်မြုပ်နေရတဲ့အကြောင်းအရင်းခံများ၊ ရေနစ်မြုပ်မှုကာကွယ်ရန်နှင့် မြစ်မခချောင်းရေစီး ရေလာ ကောင်းမွန်စေရန် ဆောင်ရွက်ပေးရမယ့်လုပ်ငန်းစဉ်များစသည်တို့ကို အသေးစိတ်စူးစမ်း လေ့လာတိုင်းတာမှုများ တစ်ပြိုင်တည်း ဆောင်ရွက်လျက်ရှိပြီးတော့မှ ဆောင်ရွက်တွေ့ရှိရတဲ့အချက် အလက်များအပေါ်မူတည်၍ တင်ပြထားတဲ့ရေထိန်းဆည်ကို ပယ်ဖျက်ပေးရန်သင်‌့၊ မသင့်နဲ့ အခြား သင့်လျော်တဲ့ ရေအားအဆောက်အအုံများကို ဆောင်ရွက်ပေးရန် လိုအပ်ချက်တွေကို ကျွမ်းကျင်သူများ နဲ့ ကွင်းဆင်းညှိနှိုင်းတိုင်ပင်ပြီးတော့မှ ဆုံးဖြတ်အကောင်အထည်ဖော်ဆောင်ရွက်ပေးသွားမှာဖြစ်ပါ တယ်။ စူးစမ်းလေ့လာတွေ့ရှိချက်များအပေါ် မူတည်ပြီးတော့မှ ဆက်လက်ပြီးလုပ်ငန်းစဉ်များကို အစီအစဉ်အလိုက် အကောင်အထည်ဖော်ဆောင်ရွက်ပေးသွားမည်ဖြစ်ကြောင်း ရှင်းလင်းဖြေကြား ထားပါသည်။