(ဂ) ဉာဏ်ကန်ချောင်းကူးတံတားနှင့်စပ်လျဉ်းသည့်မေးခွန်း

ပထမအကြိမ်ပြည်သူ့ လွှတ်တော် တတိယပုံမှန် အစည်းအဝေး ဒုတိယနေ့ (၂၇.၁.၂၀၁၂)

 လေးစားအပ်ပါသော ပြည်သူ့လွှတ်တော်ဥက္ကဋ္ဌကြီးနှင့် ပြည်သူ့လွှတ်တော်ကိုယ်စားလှယ်များခင်ဗျား။ ကျွန်တော်ကတော့ မန္တလေးတိုင်းဒေသကြီး၊ သာစည် မဲဆန္ဒနယ်မှ ပြည်သူ့လွှတ်တော်ကိုယ်စားလှယ် ဦးသန်းစိုးဖြစ်ပါတယ်။ ကျွန်တော်မေးမယ့်မေးခွန်း ကတော့  သာစည်-ညောင်ရမ်းလမ်းပေါ်ရှိ ဉာဏ်ကန်တံတားနှင့်ပတ်သက်၍ မေးခွန်းမေးမြန်းမှာ ဖြစ်ပါတယ်။ မိတ္ထီလာခရိုင်၊ သာစည်မြို့နယ်ရှိ ဉာဏ်ကန်တံတားမှာ အလျား ၂၁၀ ပေ၊ အနံ ၂၀ ပေ၊ အမြင့် ၂၇ပေရှိ ချောင်းကူးတံတားတစ်ခုဖြစ်ပါတယ်။ သာစည်မြို့နယ်၏ တောင်ဘက်ပိုင်းကျေးရွာ အုပ်စု ၂၂ အုပ်စုရှိ ကျေးရွာပေါင်း ၇၄ ရွာမှ ဒေသခံပြည်သူများရဲ့ ကျန်းမာရေး၊ ပညာရေး၊ ကူးသန်းရောင်းဝယ်ရေးနှင့် လူမှုကိစ္စအဝဝတို့အတွက် မှီခိုအားထားရသော တံတားတစ်ခု ဖြစ်ပါတယ်။ ကျေးလက်ဒေသများနှင့် သာစည်မြို့ပေါ်သို့ ဆက်သွယ်သွားလာနိုင်ရေးအတွက် မော်တော်ကား၊ ထော်လာဂျီများ ဖြတ်သန်းမောင်းနှင်ရန် အဓိကတံတားတစ်ခုလည်း ဖြစ်ပါတယ်။ အဆိုပါ ဉာဏ်ကန် တံတားဟာ သက်တမ်းကြာမြင့်ပြီး ပျက်စီးယိုယွင်းလာခဲ့သည်မှာ ၂၀၀၅ ခုနှစ်မှစ၍ မော်တော်ကား၊ ထော်လာဂျီများ မောင်းနှင်ဖြတ်သန်း၍ မရတော့ပါ။ တံတားအပေါ်မှ မောင်းနှင်မရသည့်အတွက် တံတားအောက်ရှိချောင်းအတွင်းမှ ဖြတ်သန်းမောင်းနှင်ရသော်လည်း မိုးရာသီတွင် ချောင်းဖြတ်ကူး၍ မရနိုင်သဖြင့် ကျေးလက်ဒေသနှင့် မြို့ပေါ်အဆက်အသွယ် မကြာခဏ ပြတ်တောက်လျက်ရှိပါတယ်။ ၎င်းဉာဏ်ကန်တံတားအား ပြန်လည်ပြုပြင်တည်ဆောက်နိုင်ရန် သာစည်မြို့နယ် စည်ပင်သာယာရေး အဖွဲ့၏ ရန်ပုံငွေဖြင့် မလုံလောက်နိုင်ဟု သိရှိရပါသည်။ သို့ပါ၍ အဆိုပါ ဉာဏ်ကန်တံတားအား ပြည်ထောင်စုအစိုးရ၏ ခွင့်ပြုငွေဖြင့် ပြုပြင်တည်ဆောက်ပေးနိုင်ပါရန် အစီအစဉ် ရှိ၊ မရှိနှင့်အစီအစဉ် ရှိပါက ပြုပြင်တည်ဆောက်ပေးနိုင်မည့် အချိန်ကာလအား သိရှိလိုပါကြောင်း မေးမြန်းထားပါသည်။

ဖြေကြားသူ
ဒုတိယဝန်ကြီး ဗိုလ်ချုပ်ဇော်ဝင်း
ဖြေကြားသည့် ဝန်ကြီးဌာန
အဖြေ

 လေးစားအပ်ပါသော ပြည်သူ့လွှတ်တော်ဥက္ကဋ္ဌကြီးနှင့် ပြည်သူ့လွှတ်တော်ကိုယ်စားလှယ်များအားလုံး ကိုယ်စိတ်နှစ်ဖြာ ကျန်းမာ၊ချမ်းသာကြပါစေကြောင်း ဆုမွန်ကောင်းတောင်းရင်း နှုတ်ခွန်းဆက်သအပ်ပါတယ်။ ကျွန်တော် ကတော့ နယ်စပ်ရေးရာဝန်ကြီးဌာနမှ ဒုတိယဝန်ကြီးဗိုလ်ချုပ်ဇော်ဝင်း ဖြစ်ပါတယ်။ ကိုယ်စားလှယ်ကြီး များ၏ မေးခွန်းများအားမဖြေကြားမီ ပထမအကြိမ်ပြည်သူ့လွှတ်တော် ဒုတိယပုံမှန်အစည်းအ‌ဝေးမှာ လွှတ်တော်ကိုယ်စားလှယ်ကြီးများ၏ တင်ပြချက်များအပေါ် နယ်စပ်ရေးရာဝန်ကြီးဌာနမှ အကောင်အထည်ဖော်ဆောင်ရွက်နေမှုများကို အကျဉ်းမျှ ဦးစွာတင်ပြလိုပါတယ်။ နိုင်ငံတော်မှ အကောင်အထည်ဖော် ဆောင်ရွက်ပေးလျက်ရှိသော ကျေးလက်ဒေသဖွံ့ဖြိုးရေးနဲ့ ဆင်းရဲနွမ်းပါးမှု လျှော့ချရေးလုပ်ငန်းစဉ် ၈ ရပ်မှာ ကျေးလက်လူမှုစီးပွားဖွံ့ဖြိုးတိုးတက်ရေး လုပ်ငန်းစဉ်နှင့်အညီ နယ်စပ်ဒေသဖွံ့ဖြိုးရေးလမ်းလုပ်ငန်းများအနေဖြင့် စုစုပေါင်း ကျောက်လမ်း ၃၁၉ မိုင် ၂ ဖာလုံနှင့် တံတား ၆ စင်းအတွက် ရန်ပုံငွေ ကျပ် ၈၃၁ သန်း၊ ကျေးလက်ဒေသဖွံ့ဖြိုးရေးလမ်းအနေဖြင့် ‌ြမေလမ်း မိုင် ၅၀၊ ကျောက်လမ်း ၅၉ မိုင်၊ ကတ္တရာလမ်း ၂ မိုင် ၃ဖာလုံနဲ့ ကွန်ကရစ်လမ်း ၂ မိုင်  ၆ ဖာလုံ၊ စုစုပေါင်း ၁၁၄ မိုင် ၁ဖာလုံ၊ တံတား ၁၆ စင်းအတွက် ရန်ပုံငွေစုစုပေါင်း ကျပ် ၃၂၂၈.၃၈သန်း ဖြင့်လည်းကောင်း၊ မြို့ပြရေရရှိရေးလုပ်ငန်း  ၇ ခု၊ ကျေးလက်ရေရရှိရေးလုပ်ငန်း ၁၂ ခု၊ စုစုပေါင်း လုပ်ငန်း ၁၉ ခုအတွက် ရန်ပုံငွေ ၃၄၀.၈၂ သန်း ဖြစ်ရာ စုစုပေါင်းရန်ပုံငွေပေါင်း ၄၄၀၀.၂၀ သန်း သုံးစွဲအကောင်အထည်ဖော်လျက် ရှိပါကြောင်း တင်ပြအပ်ပါတယ်။

မန္တလေးတိုင်းဒေသကြီး၊ သာစည်မြို့နယ်မှ ပြည်သူ့လွှတ်တော်ကိုယ်စားလှယ် ဦးသန်းစိုး၏ သာစည်မြို့နယ် ဉာဏ်ကန်ချောင်းကူးသစ်သားတံတား ပြင်ဆင်ပေးရေးနှင့်ပတ်သက်၍ ဆက်လက်ပြီး   ဖြေကြားရှင်းလင်းသွားမှာ ဖြစ်ပါတယ်။ မေးခွန်းမှာ သာစည်မြို့နယ် ဉာဏ်ကန်ချောင်းကူးတံတားသစ် အား ပြည်ထောင်စုအစိုးရ၏ ခွင့်ပြုငွေဖြင့် ပြုပြင်တည်ဆောက်ပေးနိုင်ခြင်း ရှိ၊ မရှိသိလိုပါကြောင်း မေးခွန်းဖြစ်ပါတယ်။ ပြည်ထောင်စုအစိုးရအနေဖြင့် ပြည်နယ်/တိုင်းဒေသကြီးများရဲ့ လမ်းပန်းဆက်သွယ်မှု ချောမွေ့ရေးကို အလေးထားဆောင်ရွက်ပေးလျက်ရှိတာ အားလုံးအသိဖြစ်ပါတယ်။ သာစည်မြို့နယ် စည်ပင်သာယာရေးအဖွဲ့ရဲ့ ၂၀၁၁-၂၀၁၂ ဘဏ္ဍာရေးနှစ် လျာထားဝင်ငွေမှာ ကျပ် ၃၂၅ သန်းဖြစ်ပြီး မြို့ပြ/ကျေးလက် တံတားလုပ်ငန်းများအတွက် ငွေကျပ် ၁၄၃.၂၆ သန်းဖြင့် လျာထားဆောင်ရွက် ပေးလျက်ရှိပါတယ်။ သာစည်မြို့နယ် ဉာဏ်ကန်ချောင်းကူးသစ်သားတံတားမှာ ၁၉၈၈ ခုနှစ်ခန့်မှာ ကိုယ့်အားကိုယ်ကိုး တည်ဆောက်ခဲ့တဲ့ တံတားဖြစ်ပြီး ၂၀o'x၁၄'x၂၇' ခန့်ရှိပါတယ်။ အဆိုပါတံတား ကို ၂၀၁၁-၂၀၁၂ ဘဏ္ဍာရေးနှစ်အတွင်းမှာ မြို့နယ်စည်ပင်သာယာရေးအဖွဲ့ရန်ပုံငွေ ၁၃.၁၆ သန်း၊ ပြည်သူလူထုထည့်ဝင်ငွေကျပ် ၉.၈၃ သန်း၊ စုစုပေါင်းငွေကျပ် ၂၂.၉၉ သန်းဖြင့် သစ်သားကြမ်းခင်း ပြုပြင်ခြင်း၊ ယက်မများပြုပြင်ခြင်း၊ လမ်းလွှဲရေကျော်ပြုလုပ်ခြင်း၊ ချဉ်းကပ်လမ်း ၂၀၀'x၁၂'x၇' ပြုပြင် ခြင်းနှင့်  ၁၅၀၀'x၁၂' x၇'  တိုးမြှင့်ကျောက်ခင်းလမ်းများကို ဆောင်ရွက်ပေးခဲ့ပြီး ဖြစ်ပါတယ်။ ဉာဏ်ကန်ချောင်းကူးသစ်သားတံတား ၁၂၀' x၁၆' x၂၀' ကို ကွန်ကရစ်တိုင်၊ သစ်သားယက်မ၊ သစ်သားကြမ်းခင်းဖြင့် ပြန်လည်ပြုပြင် တည်ဆောက်ခြင်းနှင့် ချဉ်းကပ်လမ်းဆောင်ရွက်ရန်အတွက်ကို ရန်ပုံငွေအားဖြင့် ၁၀၃.၇၃ သန်းခန့် လိုအပ်မည်ဖြစ်ပါတယ်။ ယခု ၂၀၁၁-၂၀၁၂ ဘဏ္ဍာရေးနှစ်မှာ လည်း အဆိုပါလုပ်ငန်းကို မန္တလေးတိုင်းဒေသကြီး ဖြည့်စွက်ရန်ပုံငွေဖြင့် ဆောင်ရွက်ပေးသွားမည် ဖြစ်ကြောင်း ဖြေကြားထားပါသည်။