(ဌ) ရပ်စောက်-ပင်းတယလမ်းနှင့်စပ်လျဉ်းသည့်မေးခွန်း

ပထမအကြိမ် ပြည်သူ့လွတ်တော် တတိယပုံမှန်အစည်းအဝေး ပထမနေ့ (၉.၁.၂၀၁၂)

 လေးစားအပ်ပါသော ပြည်သူ့လွှတ်တော်ဥက္ကဋ္ဌကြီး နှင့် ပြည်ထောင်စုဝန်ကြီးများ၊ ပြည်သူ့လွှတ်တော်ကိုယ်စားလှယ်များ၊ ဖိတ်ကြားထားသော ဧည့်သည်တော်များအားလုံး စိတ်၏ချမ်းသာခြင်း၊ ကိုယ်၏ကျန်းမာခြင်းနှင့်ပြည်‌့စုံပြီး မင်္ဂလာအပေါင်းနဲ့ ပြည့်စုံကြပါစေလို့နှုတ်ခွန်းဆက်သဂါရဝပြုအပ်ပါတယ်။ ကျွန်တော်ကတော့ ရှမ်းပြည်နယ်တောင်ပိုင်း၊ ရပ်စောက်မဲဆန္ဒနယ်မှ ပြည်သူ့လွှတ်တော်ကိုယ်စားလှယ် ဦးခင်မောင်မြင့်ဖြစ်ပါတယ်။ ကျွန်တော့် အနေနဲ့ ရှမ်းပြည်နယ်တောင်ပိုင်း၊ ရပ်စောက်မြို့နှင့် ပင်းတယမြို့ဆက်သွယ်သောလမ်းပိုင်းအား အဆင့်မြှင့်တင်ဆောင်ရွက်ပေးရေးဆိုင်ရာမေးခွန်းကို မေးမြန်းသွားမှာဖြစ်ပါတယ်။ လေးစားအပ် ပါသော ဥက္ကဋ္ဌကြီးခင်ဗျား။ ရှမ်းပြည်နယ်တောင်ပိုင်းရှိ ရပ်စောက်မြို့၊ ပင်းတယမြို့၊ အောင်ပန်းမြို့များ သို့ဆက်သွယ်ထားသော လမ်းတံတားများကောင်းမွန်ပြီး ခရီးသည်များသွားလာမှုအဆင်ပြေချောမွေ့ စေရန်နှင့် ကုန်စည်စီးဆင်းမှုလျင်မြန်လွယ်ကူစေရန်အတွက် မြို့နယ်အချင်းချင်းဆက်သွယ်သော လမ်းတံတားများကောင်းမွန်ရန်လိုအပ်လျက်ရှိပါတယ်။ ရပ်စောက်-ပင်းတယ-အောင်ပန်းလမ်းအပိုင်းရှိ ရပ်စောက်-ပင်းတယလမ်းအရှည် ၃၂ မိုင်တွင် ကတ္တရာလမ်း ၅ မိုင်ခင်းပြီးဖြစ်၍ ကျန် ၂၇ မိုင်ကို ကျောက်ကြမ်းလမ်းမှ ကတ္တရာလမ်းအဖြစ်သို့ အဆင့်မြှင့်တင်ဆောင်ရွက်ပေးနိုင်ပါရန် အစီအစဉ် များကိုသိရှိလိုပါ၍ အစီအစဉ်ရှိ၊ မရှိ လေးစားစွာတင်ပြမေးမြန်းထားပါသည်။

ဖြေကြားသူ
ဦးခင်မောင်မြင့် ပြည်ထောင်စုဝန်ကြီး
ဖြေကြားသည့် ဝန်ကြီးဌာန
အဖြေ

 လေးစားအပ်ပါ သော ပြည်သူ့လွှတ်တော်ဥက္ကဋ္ဌကြီးနှင့် ပြည်သူ့လွှတ်တော်ကိုယ်စားလှယ်များခင်ဗျား။ ရှမ်းပြည်နယ် တောင်ပိုင်း၊ ရပ်စောက်မဲဆန္ဒနယ်မှ ပြည်သူ့လွှတ်တော်ကိုယ်စားလှယ် ဦးခင်မောင်မြင့်က မေးမြန်း ထားသော ရပ်စောက်-ပင်းတယ-အောင်ပန်းလမ်းအပိုင်း၊ ရပ်စောက်-ပင်းတယလမ်း ၃၂ မိုင်မှာ ကတ္တရာလမ်း ၅ မိုင် ခင်းပြီးဖြစ်ပါတယ်။ ကျန် ၂၇ မိုင်ကျောက်ကြမ်းလမ်းကနေ ကတ္တရာလမ်းအဖြစ် အဆင့်မြှင့်တင်မှုအခြေအနေ မေးမြန်းချက်ကို ဖြေကြားသွားမှာဖြစ်ပါတယ်။ ပြည်သူ့လွှတ်တော် ဥက္ကဋ္ဌကြီးခင်ဗျား။ ရှမ်းပြည်နယ်တောင်ပိုင်း၊ အောင်ပန်း-ပင်းတယ-ရပ်စောက်လမ်းဟာ ပင်းတယ-ရပ်စောက်လမ်းအပိုင်း ၂၄/၀ မိုင်ကနေပြီးတော့ ၅၆/၀ မိုင်အထိစုစုပေါင်း ၃၂ မိုင်ရှည်လျားတဲ့လမ်း ဖြစ်ပါတယ်။ ဒီလမ်းနဲ့ပတ်သက်လို့ ၃၁-၅-၂၀၁၁ ရက်နေ့လမ်းအခြေအနေကို နည်းနည်းတင်ပြလိုပါ တယ်ခင်ဗျား။ ကတ္တရာလမ်းကတော့ ၈ မိုင် ၂ ဖာလုံပဲရှိပါတယ်။ ကျောက်လမ်းကတော့ ၁၃ မိုင် ရှိပါ တယ်။ အမာခံလမ်းကတော့ ၁၀ မိုင်နဲ့ ၆ ဖာလုံရှိပြီး အားလုံး ၃၂ မိုင်ဖြစ်ပါတယ်။ ၂၀၁၁-၂၀၁၂  ဘဏ္ဍာရေးနှစ် ခွဲ‌ဝေရန်ပုံငွေအရ ပြင်ဆင်ထိန်းသိမ်းရေးရန်ပုံငွေနဲ့ လမ်းချောမွေ့စွာ သွားလာနိုင်ရေး အတွက် လမ်းအနိမ့်အမြင့်‌ဖြည့်ညှိခြင်းနှင့် ကတ္တရာရေပိတ်လွှာလောင်းခြင်း၊ လုပ်ငန်းများကို  ၃ မိုင်နှင့်    ၃ ဖာလုံ ဆောင်ရွက်ပေးခဲ့တာ ဖြစ်ပါတယ်။ အောင်ပန်း-ပင်းတယ- ရပ်စောက်လမ်းရဲ့ ပင်းတယ- ရပ်စောက်လမ်းပိုင်းကို ၂၉/၀ မိုင်ကနေပြီးတော့ ၂၉/၄ဖာလုံ ၊ ၃၀/၀ မိုင်ကနေ ၃၀/၄ ဖာလုံအထိ စုစုပေါင်းတစ်မိုင်ဟာ မိုးများတဲ့ဒေသအတွက် မိုးများသောကြောင့် လမ်းပေါ်မှာရေကျော်လေ့ရှိပါ တယ်။ ၎င်းလမ်းဟာလည်း ပျက်စီးမှုများပါတယ်။ ဒါကြောင့် ၂၀၁၂-၂၀၁၃ ဘဏ္ဍာရေးနှစ်မှာ ပြည်ထောင်စုအစိုးရရဲ့ ငွေလုံးငွေရင်းရန်ပုံငွေမှ ကျပ်သန်း ၅၀၀ တင်ပြထားပြီးဖြစ်ပါတယ်။ ၎င်းငွေ ရရှိလာပါက ဆောင်ရွက်သွားမယ့်လုပ်ငန်းတွေကတော့ ရေကျော်သည့်အပိုင်းအား လမ်းတာပေါင် မြှင့်တင်ခြင်း၊ ကျောက်ချောလမ်းအဆင့်မြှင့်တင်ခြင်းက တစ်မိုင်ဆောင်ရွက်မှာ ဖြစ်ပါတယ်။ သတ်မှတ် လမ်းတာပေါင်အကျယ်ရရှိပြီး အမာခံလမ်းအပိုင်းအား ကတ္တရာလမ်းအဖြစ် အဆင့်မြှင့်တင်ခြင်းက         ၃ မိုင် နဲ့ ၅ ဖာလုံ၊ သတ်မှတ်လမ်းတာပေါင် အကျယ်ရရှိပြီး ကျောက်လမ်းအား ကတ္တရာလမ်းအဆင့် မြှင့်တင်ခြင်း က ၃ မိုင် ၄ ဖာလုံ ၊ ယာယီသစ်သားတံတား ၅x၃၀ ပေ၊ကွန်ကရစ်တံတား  တည်ဆောက်ခြင်းက ၈ စင်း၊ ယာယီသစ်သားတံတား ၁၀ x ၃၀ ပေ၊ ကွန်ကရစ်တံတားတည်ဆောက် ခြင်း ၁ စင်း၊ ယာယီသစ်သားတံတား ၁၅ x ၃၀ ပေ၊ ကွန်ကရစ်တံတား ၁ စင်းတို့ တည်ဆောက်ခြင်း ဖြစ်ပါတယ်။ ပြည်သူ့လွှတ်တော်ဥက္ကဋ္ဌကြီးခင်ဗျား။ အောင်ပန်း-ပင်းတယ-ရပ်စောက်လမ်းရဲ့ ပင်းတယ-ရပ်စောက်လမ်းပိုင်းကို ၂၀၁၂-၂၀၁၃ ဘဏ္ဍာရေးနှစ်မှာ တင်ပြတောင်းခံထားတဲ့ ငွေလုံးငွေရင်းရန်ပုံငွေ ခွင့်ပြုချက်ရပါက အမာခံလမ်းကျောက်လမ်းအဆင့် ၇ မိုင် ၁ ဖာလုံကို ကတ္တရာလမ်းအဆင့်သို့ တိုးမြှင့် ဆောင်ရွက်ပေးသွားမည်ဖြစ်ကြောင်း ရှင်းလင်းဖြေကြားထားပါသည်။