(ဃ) ပုဂ္ဂလိကဆေးဝါးစက်ရုံများထူထောင်ခြင်းနှင့်စပ်လျဉ်းသည့်မေးခွန်း

ပထမအကြိမ် ပြည်သူ့လွှတ်တော်တတိယပုံမှန်အစည်းအဝေး ပဉ္စမနေ့ (၁၇-၂-၂၀၁၂)

 လေးစားအပ်ပါသော ပြည်သူ့လွှတ်တော် ဥက္ကဋ္ဌကြီးနဲ့ ပြည်သူ့လွှတ်တော်ကိုယ်စားလှယ်တော်များ၊ အထူးဖိတ်ကြားထားသော ဧည့်သည်တော် များအားလုံးကိုယ်စိတ်နှစ်ပါး ကျန်းမာ၊ချမ်းသာကြပါစေလို့ ဦးစွာနှုတ်ခွန်းဆက်သဂါရဝပြုအပ်ပါတယ်။ ကျွန်တော်ကတော့ နမ့်ခမ်းမဲဆန္ဒနယ်မှ ပြည်သူ့လွှတ်တော်ကိုယ်စားလှယ် ဒေါက်တာ စိုင်းကျော်အုန်း ဖြစ်ပါတယ်။ ကျွန်တော်ကတော့ ပုဂ္ဂလိက ဆေးဝါးစက်ရုံနဲ့ ပတ်သက်ပြီးတော့ မေးခွန်းမေးမြန်းသွား မှာဖြစ်ပါတယ်။

 

          လေးစားအပ်ပါသော ပြည်သူ့လွှတ်တော်ဥက္ကဋ္ဌကြီးခင်ဗျား။ ယခုလက်ရှိအချိန်မှာ MPF မှ ပြည်တွင်းထုတ်နိုင်ငံခြားဆေးဝါးများ လုံလောက်မှုမရှိခြင်းကြောင့် အမေရိကန်ဒေါ်လာသန်းပေါင်း မြောက်မြားစွာသုံးစွဲကာ ပြည်ပမှဆေးဝါးများ တင်သွင်းနေရခြင်းကြောင့် ပြည်သူများ ဈေးနှုန်း မြင့်မားစွာ ပေး၍သုံးစွဲနေရသည်သာမက ဆေးဝါးအတုများလည်း များစွာတွေ့ရှိနေရသည့်အတွက် ပြည်သူများအတွက် ရင်လေးရပါတယ်။ တကယ်လို့ ပြည်တွင်းမှာ ပုဂ္ဂလိကဆေးဝါးစက်ရုံများ တည်ထောင်ခွင့်ပြုမယ်ဆိုရင် (၁) ပြည်သူများဈေးနှုန်းသက်သာစွာ ဝယ်ယူသုံးစွဲနိုင်ခြင်း၊ (၂)ဆေးဝါး အတုအန္တရာယ်ကင်းဝေးနိုင်ခြင်း၊ (၃) ပြည်သူများအတွက် အလုပ်အကိုင်အခွင့်အလမ်းတိုးပွားစေခြင်း၊ (၄) နိုင်ငံခြားသုံးငွေ FE(foreign Exchange)ပြည်ပသို့ စီးထွက်မှုမရှိခြင်းကြောင့် နိုင်ငံတော်၏ ဓန အင်အားကို ထိခိုက်မှုမရှိခြင်း စတဲ့အကျိုးစီးပွားတွေ ရရှိမှာဖြစ်ပါတယ်။ ဥက္ကဋ္ဌကြီးခင်ဗျား။ အနောက် တိုင်းဆေးဝါးစက်ရုံတည်ဆောက်ရာမှာ အချိန်နဲ့ ငွေကြေးရင်းနှီးမြှုပ်နှံမှု မြောက်မြားစွာ လိုအပ်သည် သာမက ကျွမ်းကျင်ပညာရှင် Expert, Qulified Technician များဖြင့် သတ်မှတ်ထားတဲ့ ကောင်းမွန် သော ထုတ်လုပ်နည်းစဉ် GMP(Good Manufacturing Products Approach Practices for Many Communicate Products )တိတိကျကျလိုက်နာရန် အထူးလိုအပ်ပါတယ်။ ဒါ့အပြင် အာနိသင်ရှိမှုနဲ့ ဘေးအန္တရာယ်ကင်းရှင်းမှု(Safety)၊ အရည်အသွေးပြည့်မီမှု(Quality) ဆိုင်ရာအချက် များကိုလည်း သိရှိရန်လိုအပ်ပါတယ်။ ပုဂ္ဂလိကဆေးဝါးစက်ရုံများ ရှိလာမယ်ဆိုရင် ကျန်းမာရေး ဝန်ကြီးဌာနရဲ့ FDA ဌာနမှာ ဝန်ထုပ်ဝန်ပိုးကြီးမားလာမှာကို တွေ့ရှိရမှာပါ။ ဥပမာအားဖြင့် ချောင်းဆိုးရင်ကြပ်ဝေဒနာများမှာ အသုံးပြုတဲ့ Aftimine အဖြစ်သို့ Hydrochlorideကို စိတ်ကြွဆေး Aftimine အဖြစ်သို့ ပြောင်းလဲထုတ်လုပ်နိုင်တဲ့အတွက် ဆေးဝါးစက်ရုံများကို စနစ်တကျကြပ်မတ် ကွပ်ကဲရန် အထူးလိုအပ်ပါတယ်။ အခုလက်ရှိ FDA အစားအစာနှင့် ဆေးဝါးများကွပ်ကဲရေးဌာနရဲ့ ဝန်ထမ်းဦးရေ နည်းပါးနေသေးတယ်လို့ ထင်မြင်ယူဆမိပါတယ်။ အကြောင်းကတော့ သောက်ရေသန့် အတွက် ကျန်းမာရေးမှတ်ပုံတင်အမှတ် Registration Number ရယူနိုင်ဖို့ တစ်လကျော်ကျော် အချိန်ကြန့်ကြာခဲ့တာကို ကိုယ်တွေ့ကြုံခဲ့ရခြင်းဖြစ်ပါတယ်။ လာမယ့် ၂၀၁၂-၂၀၁၃ ဘဏ္ဍာရေး နှစ် ရသုံးခန့်မှန်းခြေငွေစာရင်းမှာ အသုံးစရိတ်စုစုပေါင်း ကျပ်သန်းပေါင်း ၃၆၇၉၇၀.၃၇၅ သန်း လျာထားပြီး ၂၀၁၁-၂၀၁၂ ဘဏ္ဍာရေးနှစ်ထက် လေးဆတိုးတက်လျာထားတွေ့ရှိခဲ့ရတဲ့အတွက် FDA ဌာနဝန်ထမ်းများ ထပ်တိုးပြီး ခန့်ထားနိုင်တော့မှာ ဖြစ်ပါတယ်ခင်ဗျား။

 

          ဒီအတွက်ကြောင့် ဥက္ကဋ္ဌကြီးခင်ဗျား။ ပြည်သူများရဲ့အကျိုး၊ နိုင်ငံတော်ရဲ့အကျိုးကို မျှော်ကိုးပြီး ပုဂ္ဂလိဆေးဝါးစက်ရုံများကို အချိန်အခါနဲ့ လိုက်လျောညီထွေမှုရှိသင်‌့ပြီလို့  ထင်မြင်ယူဆမိတဲ့အတွက် ကြောင့် အောက်ပါမေးခွန်းများကို မေးမြန်းလိုပါတယ်။ (၁) ပြည်တွင်း၌ ပုဂ္ဂလိကဆေးဝါးစက်ရုံများ တည်ထောင်ခြင်းကို ခွင့်ပြု‌ပေးနိုင်ရန် အစီအစဉ်ရှိပါသလား။ (၂) အစီအစဉ်ရှိပါက မည်သို့သော အချိန်ကာလတွင် စီစဉ်ဆောင်ရွက်ပေးပါမည်နည်း။ (၃) အစီအစဉ်မရှိပါက အဘယ်ကြောင့်နည်း။ မေးမြန်းထားပါသည်။

ဖြေကြားသူ
ဒေါက်တာဖေသက်ခင် ပြည်ထောင်စုဝန်ကြီး
အဖြေ

 လေးစားအပ်ပါ သော ပြည်သူ့လွှတ်တော်ဥက္ကဋ္ဌကြီးနဲ့ ပြည်သူ့လွှတ်တော်ကိုယ်စားလှယ်များခင်ဗျား။ ရှမ်းပြည်နယ်၊ နမ့်ခမ်းမဲဆန္ဒနယ်မှ ပြည်သူ့လွှတ်တော်ကိုယ်စားလှယ်ဒေါက်တာစိုင်းကျော်အုန်း၏ ကြယ်ပွင့်ပြမေးခွန်း နှင့်ပတ်သက်၍ အောက်ပါအတိုင်းပြန်လည် ရှင်းလင်းဖြေကြားအပ်ပါတယ်-

(က)    မြန်မာနိုင်ငံရင်းနှီးမြှုပ်နှံမှုကော်မရှင်အနေဖြင့် နိုင်ငံခြားငွေအသုံးပြု၍ ပြည်ပမှ အနောက်တိုင်းဆေးဝါးများတင်သွင်းနေမှုအား လျော့ပါးစေရေး၊ နိုင်ငံခြားငွေသုံးစွဲမှု လျော့နည်းစေရေးနှင့် ခေတ်မီအနောက်တိုင်းဆေးဝါးထုတ်လုပ်သည့် နည်းပညာများ ရရှိစေရေးရည်ရွယ်ပြီး ပြည်တွင်း၌ အနောက်တိုင်းဆေးဝါးထုတ်လုပ်သည့် စက်ရုံများ တည်ထောင်နိုင်ရန် စီမံဆောင်ရွက်ပေးလျက်ရှိပါတယ်။

(ခ)     ရန်ကုန်တိုင်းဒေသကြီးနယ်‌ြမေအတွင်း အနောက်တိုင်းဆေးဝါးထုတ်လုပ်သည့်စက်ရုံ   ၇ ရုံအားတည်ထောင်နိုင်ရန် မြန်မာနိုင်ငံရင်းနှီးမြှုပ်နှံမှုကော်မရှင်မှ အောက်ဖော်ပြပါ ကုမ္ပဏီလီမိတက် ၇ ခုသို့ မူအားဖြင့်သဘောတူခွင့်ပြုထားပြီးဖြစ်ပါတယ်။ (၁) အောင်မြင်မှုဆေးဝါးထုတ်လုပ်ရေးကုမ္ပဏီလီမိတက်၊ (၂) မြန်မာ့ရွှေကမ္ဘာ‌ြမေကုမ္ပဏီ လီမိတက်၊ (၃) သက်ရှည်ဆေးဝါးကုမ္ပဏီလီမိတက်၊ (၄) ပစိဖိတ်ဆေးပစ္စည်းလုပ်ငန်း ကုမ္ပဏီလီမိတက်၊ (၅) မြန်မာ့စွမ်းအားအရင်းအမြစ်ပေါင်းစည်းမှုကုန်ထုတ်စက်မှု လုပ်ငန်းကုမ္ပဏီလီမိတက်၊ (၆) ဖော်ကျူးအင်တာနေရှင်နယ်လီမိတက်၊ (၇) ASP Pharmaceutical Corporation တို့ဖြစ်ပါတယ်။

(ဂ)     အနောက်တိုင်းဆေးဝါးထုတ်လုပ်မှုဆောင်ရွက်ရာမှာ သက်ဆိုင်ရာကုမ္ပဏီလီမိတက်များ အပေါ် အောက်ပါအချက်အလက်များအတိုင်း စိစစ်ဆောင်ရွက်သွားမှာဖြစ်ပါတယ်။ (၁) စက်ရုံ‌ြမေနေရာရွေးချယ်မှု၊ (၂) စက်မှုသုံးရေသန့်ရှင်းမှုနဲ့ လုံလောက်မှု၊ (၃) ပတ်ဝန်းကျင်နယ်‌ြမေအတွင်းရှိ အခြားစက်ရုံများတည်ရှိမှု၊ (၄) အသိအမှတ်ပြုပြီးသော Brand အမှတ်တံဆိပ်ပါဆေးဝါးများဖြစ်စေမှု၊ (၅) ငွေကြေးခိုင်မာမှု၊ (၆) ဘဏ်များတွင် ငွေစာရင်းဖွင့်လှစ်ပြီး တရားဝင်ငွေအဝင်အထွက်ဆောင်ရွက်စေမှုတို့ဖြစ်ပါတယ်။

(ဃ)    ကုမ္ပဏီများအနေနဲ့ဆေးဝါးထုတ်လုပ်ရန်အဆင်သင်‌့ဖြစ်ပါက ကျန်းမာရေးဝန်ကြီးဌာနမှ တာဝန်ရှိအဖွဲ့အစည်းများ၊ မြန်မာနိုင်ငံရင်းနှီးမြှုပ်နှံမှုကော်မရှင်မှ ဖွဲ့စည်းပေးမည့်အဖွဲ့ အစည်းများဖြင့်အထက်အပိုဒ်ခွဲ(ဃ)ပါ အချက်အလက်များအတိုင်း စိစစ်ဆောင်ရွက် သွားမည်ဖြစ်ပြီး လိုက်နာမှုမရှိပါက လုပ်ငန်းဆောင်ရွက်ခွင့်ကို ပြန်လည်ရုပ်သိမ်း သွားမှာဖြစ်ပါတယ်။

(င)     မြန်မာနိုင်ငံရင်းနှီးမြှုပ်နှံမှုကော်မရှင်မှ ဆေးဝါးထုတ်လုပ်သည့် စက်ရုံတည်ထောင်ရန် မူအားဖြင့်သဘောတူညီပြီးသားဖြစ်သည့် ကုမ္ပဏီ ၇ ခုအနက် အောက်ဖော်ပြပါကုမ္ပဏီ ၄ ခုသည် ဆောင်ရွက်ရမည့်အချက်အလက်များ ပြည့်စုံမှန်ကန်မှုရှိသည့်အတွက် ယာယီဆောင်ရွက်ရန် ခွင့်ပြုချက်ကိုထုတ်ပေးထားပြီးဖြစ်ပါတယ်။ (၁) အောင်မြင်မှု ဆေးဝါးထုတ်လုပ်ရေးကုမ္ပဏီလီမိတက်၊ (၂) မြန်မာ့ရွှေကမ္ဘာ‌ြမေကုမ္ပဏီလီမိတက်၊ (၃) ပစိဖိတ်ဆေးပစ္စည်းလုပ်ငန်းကုမ္ပဏီလီမိတက်၊ (၄) ASP Pharmaceutical Corporation  တို့ဖြစ်ပါတယ်။

(စ)     ၎င်းအပြင် နိုင်ငံပိုင်အနောက်တိုင်းဆေးဝါးထုတ်လုပ်သည့် စက်ရုံများအနေဖြင့် စက်မှုဝန်ကြီးဌာနတွင် မြန်မာနိုင်ငံဆေးဝါးလုပ်ငန်းစက်ရုံ(ရန်ကုန်)၊ မြန်မာနိုင်ငံဆေးဝါး လုပ်ငန်းစက်ရုံ (စစ်ကိုင်း) ၊ မြန်မာနိုင်ငံဆေးဝါးလုပ်ငန်းစက်ရုံ (အင်ယောင်း) နှင့် အသည်းရောင်အသားဝါ(ဘီ)ကာကွယ်ဆေးစက်ရုံတို့ကိုလည်းကောင်း၊ မြန်မာ့စီးပွားရေး ကော်ပိုရေးရှင်းတွင် တပ်မတော်ဆေးဝါးစက်ရုံ(မှော်ဘီ) ကိုလည်းကောင်း၊ မြန်မာ့ စီးပွားရေးဦးပိုင်လီမိတက်တွင် မြန်မာနိုင်ငံဆေးဝါးလုပ်ငန်းစက်ရုံ(ပြင်ဦးလွင်) ကို လည်းကောင်းအသီးသီးဖွင့်လှစ်တည်ထောင်ထားပြီး အနောက်တိုင်းဆေးဝါးများကို ထုတ်လုပ်ဖြန့်ဖြူးလျက် ရှိပါကြောင်း ရှင်းလင်းဖြေကြားထားပါသည်။