(စ) ကဒဲချောင်းကူးမီးရထားတံတားနှင့်စပ်လျဉ်းသည့်မေးခွန်း

ပထမအကြိမ် ပြည်သူ့လွတ်တော် တတိယပုံမှန်အစည်းအဝေး ပထမနေ့ (၉.၁.၂၀၁၂)

 လေးစားအပ်ပါသော ပြည်သူ့လွှတ်တော် ဥက္ကဋ္ဌကြီးနှင့်  ပြည်ထောင်စုဝန်ကြီးများ၊ ပြည်သူ့လွှတ်တော်ကိုယ်စားလှယ်များနှင့် ဧည့်သည်တော်များအားလုံး မင်္ဂလာပါလို့ နှုတ်ခွန်းဆက်သအပ်ပါတယ်။ ကျွန်တော်ကတော့ တနင်္သာရီတိုင်းဒေသကြီး၊ ပုလော မဲဆန္ဒနယ်မှ ပြည်သူ့လွှတ်တော်ကိုယ်စားလှယ် ဦးမောင်လှ ဖြစ်ပါတယ်။ ကျွန်တော်တို့ တနင်္သာရီတိုင်း ဒေသကြီးတွင် ထားဝယ်-မြိတ် ရထားလမ်းဖောက်လုပ်ရာတွင် လမ်းအရှည် ၁၃၂ မိုင် ၅ဖာလုံ ဆောက်လုပ်ရာ၌ ထားဝယ်နှင့် သရက်ချောင်းရထားလမ်းပိုင်းသည် ရထားလမ်းပြီးစီး၍ ရထား သွားလာနိုင်ပြီဖြစ်ပါသည်။ သရက်ချောင်းမှပုလောသို့ ရထားလမ်းဖောက်လုပ်ရာတွင် မြဒေါင်ကျေးရွာ၊ လက္ကူးကျေးရွာအုပ်စုနှင့် တိုကျေးရွာအုပ်စု၊ ပိဒက်ကျေးရွာကြား ကဒဲမြစ်ကူးတံတားအပေါ် ရထားကူး တံတားတစ်စင်း ပါရှိကြောင်းသိရှိရပါသည်။ ၎င်းမြစ်ကူးတံတား မရှိသည့်အတွက် လက္ကူးကျေးရွာအုပ်စု ရှိ ကျောင်းသူ ကျောင်းသားများသည် တိုကျေးရွာအထကခွဲ၊ ဗလကျေးရွာ အထကသို့ ကူးတို့လှေဖြင့် လည်းကောင်း၊ ဝါးလုံးဖောင်များဖြင့်လည်းကောင်း၊ စက်ဘီး၊ ဆိုင်ကယ်များဖြင့်လည်းကောင်း သွားလာ နေကြရာ မိုးရာသီတွင် အန္တရာယ်ရှိနေပါသောကြောင့် မြဒေါင်-ပိဒက် ချောင်းကူးတံတား တည်ဆောက် ရာတွင် စက်ဘီး၊ ဆိုင်ကယ်၊ ထော်လာဂျီများ သွားလာနိုင်ရန်အတွက် မော်တော်ကားလမ်းများ ပူးတွဲဆောက်လုပ်ပေးရန် ပါ၊ မပါနှင့် မပါပါက စက်ဘီး၊ ဆိုင်ကယ်၊ သုံးဘီး၊ ထော်လာဂျီများ သွားလာနိုင်သည့် လမ်းတစ်လမ်းတွဲလျက်တည်ဆောက်ပေးရန် အစီအစဉ် ရှိ၊ မရှိ သိလိုပါကြောင်း မေးမြန်းထားပါသည်။

ဖြေကြားသူ
ဦးအောင်မင်း ပြည်ထောင်စုဝန်ကြီး
အဖြေ

 ပြည်သူ့လွှတ်တော် ဥက္ကဋ္ဌကြီးနှင့် လွှတ်တော်ကိုယ်စားလှယ်များခင်ဗျား။ ပုလောမဲဆန္ဒနယ်မှ ပြည်သူ့လွှတ်တော် ကိုယ်စားလှယ် ဦးမောင်လှ(ခ)ဦးလှမြင့်မှ ထားဝယ်-မြိတ်ရထားလမ်းတွင် တိုကျေးရွာအုပ်စု၊ ပိဒက်ရွာနှင့် လက္ကူး ကျေးရွာအုပ်စု၊ မြဒေါင်ရွာ ကဒဲမြစ်ကူးတံတားတစ်စင်း ဆောက်လုပ်ရန် စီမံကိန်းရှိပါကြောင်း၊ ရထားတံတားတစ်ကြောင်းတည်းမလုပ်ဘဲ စက်ဘီး၊ ဆိုင်ကယ်၊ ထော်လာဂျီ သွားလာနိုင်အောင် ရထားတံတားများ၊ မော်တော်ကားသွား တံတားများအား ပူးတွဲဆောက်လုပ်ပေး လျှင် ပြည်သူများအတွက် အကျိုးရှိကြောင်း မြစ်ကူးတံတားဆောက်လုပ်ရာတွင် မော်တော်ကားလမ်း ပါ၊ မပါ မေးမြန်းထားပါတယ်။  ထားဝယ်-မြိတ်ရထားလမ်း ဖောက်လုပ်ရေးစီမံကိန်းရှိ ဘုတ်ခြံ-ပုလောလမ်းပိုင်းတွင် မြဒေါင်ရွာ နှင့် ပိဒက်ရွာကြားတွင်  ၃၆၀ ပေအရှည်ရှိသော ပိဒက်ချောင်းရှိပြီး  ၎င်းချောင်းကို ကြိုတင် အားဖြည့်ကွန်ကရစ်တံတားပေါင်များကို အသုံးပြုကာ ၄၀၄ ပေ အရှည်ရှိ တံတားတစ်စင်းကို တည်ဆောက်ရန် လျာထားပါတယ်။ ထိုရထားလမ်း တံတားဖောက်လုပ်သည့်အခါ စက်ဘီး၊ ဆိုင်ကယ်၊ ထော်လာဂျီသွားလာနိုင်အောင် တံတားကို ဒီဇိုင်းရေးဆွဲတည်ဆောက်သွားမည် ဖြစ်ပါတယ်။ ဖြည့်စွက်တင်ပြလိုသည်မှာ ၁၉၈၈ ခုနှစ်နောက်ပိုင်း မြန်မာ့မီးရထားမှ တည်ဆောက်ခဲ့ သည့်တံတားများမှာ ကွန်ကရစ်တံတား၊ သံပေါင်တံတားများဖြစ်ပြီး ရထားရောကားပါ ဖြတ်သန်းနိုင် အောင် ရည်ရွယ်တည်ဆောက်လျက်ရှိပါကြောင်း ဖြေကြားထားပါသည်။