(ဂ) သာစည်-တောင်ပေါ်မီးရထားလမ်းပိုင်းနှင်‌့စပ်လျဉ်းသည့်မေးခွန်း

ပထမအကြိမ် ပြည်သူ့လွတ်တော် တတိယပုံမှန်အစည်းအဝေး ပထမနေ့ (၉.၁.၂၀၁၂)

လေးစားအပ်ပါသော ပြည်သူ့လွှတ်တော်ဥက္ကဋ္ဌကြီးနှင့် ပြည်သူ့လွှတ်တော်ကိုယ်စားလှယ်များခင်ဗျား။ ကျွန်တော်ကတော့ မန္တလေးတိုင်းဒေသကြီး၊ သာစည် မဲဆန္ဒနယ်မှ ပြည်သူ့လွှတ်တော်ကိုယ်စားလှယ် ဦးသန်းစိုးဖြစ်ပါတယ်။ ကျွန်တော့်အနေဖြင့် သာစည်-တောင်ပေါ်ရထား ပြေးဆွဲမည့်ကိစ္စနှင့်ပတ်သက်၍ မေးခွန်းမေးမြန်းမှာဖြစ်ပါတယ်။ မိတ္ထီလာခရိုင်၊ သာစည်မြို့နယ်ရှိ သာစည်ဘူတာသည် မြန်မာနိုင်ငံ၏ အလယ်ပိုင်းနှင့်အောက်ပိုင်း မြေပြန့်တောင်ပေါ် ဒေသများအား ချိတ်ဆက်ပေးသည့် မြန်မာ့မီးရထားများဖြတ်သန်းပြေးဆွဲခဲ့သည့် နေရာဖြစ်ပါတယ်။ မီးရထားလမ်းဆုံဘူတာလည်းဖြစ်ပါတယ်။ သာစည်ဘူတာနှင့်တောင်ပေါ်ဒေသများအား ဆက်သွယ်ရာ မီးရထားလမ်းပိုင်းတွင် ယခင်က သာစည်-လွိုင်ကော်၊ သာစည်-ရပ်စောက်၊ သာစည်- ရွှေညောင် စသဖြင့် အစုန်၊အဆန်ရထားသုံးစီးဖြင့် နေ့စဉ်ပြေးဆွဲခဲ့ပါတယ်။ ၂၀၀၉ ခုနှစ်မှစ၍ သာစည်-ရပ်စောက် ရထားတစ်စီးသာ သာစည်ဘူတာမှ ထွက်ခွာပြေးဆွဲခဲ့ပြီး ကျန်ရထားများကို နေပြည်တော်ဘူတာမှ တိုက်ရိုက်ပြေးဆွဲခဲ့ပါတယ်။ သို့ဖြစ်ပါ၍ တောင်ပေါ်မြေပြန့် ခရီးသွားပြည်သူများသွားလာနိုင်ရေး အတွက်လည်းကောင်း၊ ဒေသထွက်ကုန်များ အချိန်မီရောင်းဝယ်နိုင်ခြင်းဖြင့် ကုန်စည်စီးဆင်းမှု ချောမွေ့စေရေးအတွက်လည်းကောင်း သာစည်-တောင်ပေါ်မီးရထားလမ်းပိုင်းအတွက် မီးရထား တစ်စီး ထပ်မံပြေးဆွဲပေးနိုင်ခြင်း ရှိ၊ မရှိကို သိရှိလိုပါ၍ မေးမြန်းထားပါသည်။

ဖြေကြားသူ
ဦးအောင်မင်း ပြည်ထောင်စုဝန်ကြီး
အဖြေ

သာစည်မဲဆန္ဒနယ် ပြည်သူ့လွှတ်တော်ကိုယ်စားလှယ်  ဦးသန်းစိုးမှ သာစည်ဘူတာနှင့် တောင်ပေါ်ဒေသများအား ယခင်အစုန်၊ အဆန်ရထားသုံးစီးဖြင့် နေ့စဉ်ပြေးဆွဲပေးခဲ့သော်လည်း ၂၀၀၉ ခုနှစ်မှစတင်၍ ရထားသုံးစီးအနက်မှ သာစည်-ရပ်စောက်ရထားတစ်စီးသာ သာစည်ဘူတာမှ ထွက်ခွာပြေးဆွဲပြီး ကျန် ရထားများကို နေပြည်တော်ဘူတာမှ တိုက်ရိုက်ပြေးဆွဲခဲ့ပါကြောင်း၊ သာစည်ဘူတာမှ တောင်ပေါ်ဒေသ များသို့ နေ့စဉ်တင်ပို့ရောင်းချသော ဒေသထွက်ကုန်များနှင့် ခရီးသွားများအဖို့ သာစည်-ရပ်စောက် ရထားတစ်စီးဖြင့် မလုံလောက်သည်ကိုတွေ့ရှိရပါကြောင်း၊ သာစည်-တောင်ပေါ်မီးရထားလမ်းအတွက် မီးရထားတစ်စီး ထပ်မံပြေးဆွဲပေးနိုင်ရန် အစီအစဉ် ရှိ၊ မရှိ သိရှိလိုပါကြောင်း မေးမြန်းထားပါတယ်။

ပြည်သူ့လွှတ်တော်ဥက္ကဋ္ဌကြီးနှင့် လွှတ်တော်ကိုယ်စားလှယ်များခင်ဗျား။ သာစည်-ရွှေညောင် လမ်းပိုင်းတွင် ဆင်ခြေလျှောကန့်သတ်ချက်နှင့် စက်ခေါင်းဆွဲအားအရ သာစည်မှလယ်ပြင်အထိ လူစီး တွဲငါးတွဲ၊ တပ်ရိက္ခာတွဲတစ်တွဲ၊ ဆီလုံးတွဲတစ်တွဲ၊ ဘရိတ်တွဲတစ်တွဲသာ ချိတ်ဆက်နိုင်ပါတယ်။ ထို့ကြောင့် သာစည်မှလူစီးတွဲငါးတွဲဖြင့်ထွက်ခွာပြီး လယ်ပြင်ရောက်သည့်အခါ လူစီးတွဲနှစ်တွဲ ဖြုတ်ကာ ကျန်သုံးတွဲဖြင့် ရွှေညောင်သို့ ဆက်လက်ထွက်ခွာပါတယ်။ ထိုသို့ သာစည်နှင့်လယ်ပြင်ကြား တွင် အပိုလူစီးတွဲနှစ်တွဲချိတ်ဆက်ပေးနိုင်သဖြင့် လယ်ပြင်ဒေသရှိ ရွှေတွင်းများသို့ သွားရောက်သည့် ခရီးသည်များ အဆင်ပြေခဲ့ကြောင်း တွေ့ရှိရပါတယ်။ ၁၄၃ အဆန်ရထားတွင် လက်ရှိသာစည်ဘူတာမှ စီးနင်းသည့်ခရီးသည် တစ်ရက်ပျမ်းမျှ ၁၅၀ ဦးခန့်အနက် လယ်ပြင်/လွန်းထိုး (ရွှေတွင်းဒေသ)သို့ သွားရောက်သည့် ခရီးသည်မှာ တစ်ရက်ပျမ်းမျှ ၁၀၀ ခန့်ရှိပါတယ်။ ထို့ကြောင့် လက်ရှိလူစီးတွဲ အရေ အတွက်ဖြင့် လုံလောက်ကြောင်းတွေ့ရှိရပါတယ်။ တောင်ပေါ်ဒေသသို့ သာစည်ဒေသထွက်ကုန်များ တင်ပို့မှုနည်းပါးပြီး ရန်ကုန်၊ မန္တလေး၊ မြင်းခြံဒေသများမှ သာစည်သို့ရောက်ရှိပြီး တောင်ပေါ်သို့ ထပ်ဆင့်တင်ပို့သော ပစ္စည်းများသာ များပြားပါတယ်။ ထိုကုန်စုစုပေါင်း လက်ရှိတင်ပို့မှုမှာ တစ်ရက် ပျမ်းမျှ ၁၅.၅၄ တန်ခန့်သာရှိသဖြင့် အမှတ် ၁၄၃ အဆန်လူစီးရထားမှ ဘရိတ်တွဲဖြင့် လုံလောက်စွာ တင်ပို့နိုင်ခဲ့ပါတယ်။ အကယ်၍ သာစည်ဘူတာ၌ တောင်ပေါ်ဒေသသို့တင်ပို့မည့်ကုန်များ စုပုံလာပါက နောက်ထပ် ၃၂ တန်တင်နိုင်သော ပါဆယ်တွဲစီစဉ်၍ ဖြေရှင်းဆောင်ရွက်ပေးနိုင်ခဲ့ပါတယ်။ လက်ရှိ ခရီးသည်စီးနင်းမှုနှင့် ကုန်စည်တင်ပို့မှုအခြေအနေများအရ ၁၄၃ အဆန်ရထားတစ်စီးဖြင့် လုံလောက်မှုရှိပါ၍ နောက်ထပ်လူစီးရထားတစ်စင်း ထပ်မံပြေးဆွဲရန် မလိုအပ်သေးပါကြောင်း ကုန်စည်စီးဆင်းမှုကို အမြဲမပြတ်စောင့်ကြည်‌့လျက်ရှိပြီး လိုအပ်က ထပ်မံဖြည့်စွက်ပေးမည်ဖြစ် ပါကြောင်း ပြန်ကြားအပ်ပါတယ်။