(င)-စိုက်ပျိုးရေး၊ မွေးမြူရေးနှင့် ရေလုပ်ငန်းထွက်ကုန်များကိုအခြေခံပြီး ကုန်ထုတ်လုပ်ငန်းများ ဖွံ့ဖြိုးတိုးတက်စေရေးနှင့် နိုင်ငံတကာဈေးကွက်တွင် ယှဉ်ပြိုင်နိုင်စွမ်းရှိစေရေးအတွက် မည်ကဲ့သို့စီမံ ဆောင်ရွက်လျက်ရှိသည်ကို သိလိုခြင်းနှင့်စပ်လျဉ်းသည့်မေးခွန်း

ဒုတိယအကြိမ် ပြည်သူ့လွှတ်တော် အဋ္ဌမပုံမှန်အစည်းအဝေး (၁၃) ရက်မြောက်နေ့ (၁၁.၆.၂၀၁၈)

 

မြန်မာနိုင်ငံသည် စိုက်ပျိုးရေး၊ မွေးမြူရေးကို အခြေခံထားသောနိုင်ငံဖြစ်ပြီး မိမိတို့လွှတ်တော်က သီးနှံနှင့် ပတ်သက်သောအာမခံစနစ်  စသည့်အဆိုများကိုလည်း အတည်ပြုပြီးသားဖြစ်ပါကြောင်း၊ စိုက်ပျိုးရေး၊ မွေးမြူရေးလုပ်ငန်း ဆောင်ရွက်ချက်များကို လုပ်ကိုင်ဆောင်ရွက်သည့်အခါ Infrastructure ပိုင်းဆိုင်ရာ များကို ဖြည့်ဆည်းဆောင်ရွက်ရန် လိုအပ်ပါကြောင်း၊ ဘဏ္ဍာငွေအပါအဝင် သတင်းအချက်အလက်များကို မျှဝေပေးနိုင်ရန်လည်းလိုအပ်ပါကြောင်း၊ ကုန်သွယ်ရေးမူဝါဒများကို ပြန်လည်ဆန်းစစ်ရန်လိုအပ်သကဲ့သို့ ငွေကြေးလွယ်ကူစွာလည်ပတ်စီးဆင်းနိုင်ရန် Banking System များကိုလည်း ပြန်လည်စိစစ်သုံးသပ်ရန် လိုအပ်ပါကြောင်း၊ အထူးသဖြင့် ဒေသအလိုက် လိုက်လျောညီထွေမှုရှိသောသီးနှံနှင့်  စိုက်ပျိုးရေး နည်း စနစ်များ၊ သွင်းအားစုများ၊ မျိုးစေ့များကို ထောက်ပံ့ပေးရန်လိုအပ်ပါကြောင်း၊ အထူးသဖြင့် ရှားတော မဲဆန္ဒနယ်တွင် သဘာဝမြေဆီမြေလွှာသည် အလွန်ကောင်းမွန်ပါကြောင်း၊ ၎င်းသဘာဝအခြေအနေ ပေါ်မူတည်ပြီး Organic Farming ကို Pilot Project အနေဖြင့် သို့မဟုတ် GAP စနစ် အစရှိသည့် စိုက်ပျိုးနည်းစနစ်များကို Pilot Project အနေဖြင့် စီမံဆောင်ရွက်လိုက်ပါက ဒေသထွက်ကုန်များသည် ရောင်းတန်းမီသော၊ စံနှုန်းမီသော ဒေသထွက်ကုန်များဖြစ်လာနိုင်မည် ဖြစ်ပါကြော်း၊ ဒေသအလိုက် Pilot Project အနေဖြင့် စီမံဆောင်ရွက်ပေးစေလိုပါကြောင်း၊ ထို့အတူ စိုက်ပျိုးရေး၊ မွေးမြူရေးတွင် လိုအပ်နေသော သွင်းအားစုများနှင့်ပတ်သက်သော မျိုးစေ့များနှင့်ပတ်သက်သော ဥပဒေများ၊ ဓာတ်မြေသြဇာများနှင့် ပတ်သက်သော ဥပဒေများ၊ မွေးမြူရေးနှင့်ပတ်သက်သော ကုန်သွယ်မှုဆိုင်ရာကိစ္စရပ်များတွင် လိုအပ် လျက်ရှိနေသည့် ဥပဒေများ စသည့်ထောက်ပံ့မှုများကိုလည်း လိုအပ်နေမည် ဖြစ်ပါကြောင်း၊ မိမိတို့ မြန်မာနိုင်ငံသည် စိုက်ပျိုးရေးကိုအခြေခံသည့်နိုင်ငံဖြစ်ပါကြောင်း၊ ရေလုပ်ငန်းများကိုလည်း တွင်ကျယ်စွာ လုပ်ကိုင်ဆောင်ရွက်လျက်ရှိပါကြောင်း၊ အထူးသဖြင့် တနင်္သာရီတိုင်းဒေသကြီးတွင် လုပ်ကိုင်ဆောင်ရွက်နေ သည့် ရေလုပ်ငန်းများသည် မိမိတို့နိုင်ငံ၏ရေလုပ်ငန်းအတွက် များစွာအထောက်အပံ့ဖြစ်စေသည့်  လုပ်ငန်း များ ဖြစ်ပါသော်လည်း တန်ဖိုးမြှင့်ထုတ်ကုန်များထုတ်လုပ်ပါက တနင်္သာရီတိုင်းဒေသကြီးတွင် လိုအပ် လျက်ရှိသော Infrastructure ပိုင်းဆိုင်ရာများ များစွာရှိနေပါကြောင်း၊ ၎င်းကိစ္စရပ်များကိုလည်း ပံ့ပိုးပေးရန် လိုအပ်နေမည် ဖြစ်သည့်အတွက် WTO အဖွဲ့ဝင်နိုင်ငံအဖြစ်လည်း ၁၉၉၅ ခုနှစ်ကတည်းက ဝင်ခဲ့ပြီး ဖြစ်ပါကြောင်း၊ WTO ၏စံနှုန်းများနှင့်လည်း ကိုက်ညီစွာလုပ်ကိုင်ဆောင်ရွက်ရန်လိုအပ်ပါကြောင်း၊ ကျေးလက် နေပြည်သူဘဝများကို ဖွံ့ဖြိုးတိုးတက်ရန်အတွက် မဟာဗျူဟာများလည်း ချမှတ်ဆောင်ရွက်လျက် ရှိသည်ကိုလည်း သိရှိရပါကြောင်း၊ အလားတူ ဈေးကွက်စီးပွားရေးစနစ်ကိုလည်း ကျင့်သုံးသည့်နိုင်ငံ ဖြစ်ပါကြောင်း၊ ပို့ကုန်/သွင်းကုန်ပမာဏများလည်း အချိုးညီမျှရန်လိုအပ်လျက်ရှိနေပါကြောင်း၊ ဘတ်ဂျက် လိုငွေများ ပြနေသောအနေအထားများကိုလည်း လျှော့ချရန်လိုအပ်နေပါကြောင်း၊ ဘတ်ဂျက်လိုငွေများ လျှော့ချရန်လိုအပ်သည့်အချိန်တွင် တန်ဖိုးမြှင့်ကုန်ထုတ်လုပ်ငန်းများဖွံ့ဖြိုးတိုးတက်ပြီး အသေးစား၊ အလတ်စား၊ စီးပွားရေးလုပ်ငန်းများ ခိုင်မာအားကောင်းစေပြီး နိုင်ငံ၏ဘတ်ဂျက်လိုငွေများလျှော့ချနိုင်မည် ဖြစ်ပါကြောင်း၊ နိုင်ငံ၏စီးပွားရေးဖွံ့ဖြိုးတိုးတက်ရေးကို အထောက်အပံ့ဖြစ်စေရန်အတွက် စိုက်ပျိုးရေး၊ မွေးမြူရေးနှင့် ရေလုပ်ငန်းထွက်ကုန်များကိုအခြေခံပြီး ကုန်ထုတ်လုပ်ငန်းများ ဖွံ့ဖြိုးတိုးတက်စေရေးနှင့် ထုတ်ကုန်ပစ္စည်းများ နိုင်ငံတကာဈေးကွက်တွင် ယှဉ်ပြိုင်နိုင်စွမ်းရှိစေရေးအတွက် မည်ကဲ့သို့စီမံ ဆောင်ရွက်လျက်ရှိသည်ကို သိရှိလိုပါကြောင်း မေးမြန်းပါသည်။


 

ဖြေကြားသူ
စိုက်ပျိုးရေး၊ မွေးမြူရေးနှင့် ဆည်မြောင်းဝန်ကြီးဌာန၊ ဒုတိယဝန်ကြီး ဦးလှကျော်
အဖြေ

မေးခွန်းအပေါ် စိုက်ပျိုးရေး၊ မွေးမြူရေးနှင့် ဆည်မြောင်းဝန်ကြီးဌာအနေဖြင့် စီးပွားရေးနှင့် ကူးသန်းရောင်းဝယ် ရေးဝန်ကြီးဌာန၏ ဖြေကြားချက်နှင့်အတူ ပေါင်းစပ်ဖြေကြားပေးမည်ဖြစ်ပါကြောင်း၊ မိမိတို့နိုင်ငံသည် စိုက်ပျိုးရေးကဏ္ဍအနေဖြင့် ပြည်သူလူထုအားလုံး စားနပ်ရိက္ခာနှင့်အာဟာရ ဖူလုံမှုရရှိစေရေး၊ လုပ်ကွက်ငယ် တောင်သူလယ်သမားများ ထုတ်လုပ်နိုင်မှုစွမ်းအားမြင့်ပြီး ဈေးကွက်လိုအပ်ချက်နှင့်အညီ တန်ဖိုးမြှင့် ထုတ်လုပ်ကုန်ပစ္စည်းများ အမယ်စုံထုတ်လုပ်ပေးနိုင်ခြင်းဖြင့် ဝင်ငွေမြင့်မားလာစေရေးနှင့် ထုတ်ကုန်ပစ္စည်းများ နိုင်ငံတကာနှင့်ယှဉ်ပြိုင်ပြီး ပြည်ပပို့ကုန်တိုးမြှင့်တင်ပို့နိုင်ရေးကို ဖြည့်ဆည်းပေးနိုင်ရန်အတွက် မူဝါဒများ ချမှတ်ဆောင်ရွက်လျက်ရှိပါကြောင်း၊ မိမိဝန်ကြီးဌာနအနေဖြင့်  အရည်အသွေးကောင်းပြီး တန်ဖိုးမြှင့် စိုက်ပျိုးရေးထုတ်ကုန်ထုတ်လုပ်နိုင်ရန် အရေးပါသည့်ရိတ်သိမ်းချိန်လွန်နည်းပညာ ယင်းနှင့်စပ်လျဉ်းပြီး သင်တန်းကျောင်းများ၊ သုတေသနဌာနများ တည်ထောင်မှုနှင့်အတူ ရိတ်သိမ်းပြီးနောက်ပိုင်း သီးနှံလေလွင့် ဆုံးရှုံးမှု လျော့နည်းစေရန်နှင့် သီးနှံများ၏အရည်အသွေး ထိန်းသိမ်းပြီး ပြည်ပဈေးကွက်ထိုးဖောက် နိုင်ရန်အတွက် ရိတ်သိမ်းချိန်လွန်နည်းပညာသင်တန်းများကိုလည်း မိမိဝန်ထမ်းများအပြင် စိုက်ပျိုးသူ တောင်သူလယ်သမားများ၊ ပုဂ္ဂလိကကဏ္ဍမှရောင်းဝယ်ဖောက်ကားသူများအတွက် လွန်ခဲ့သည့် ၂၀၁၄ ခုနှစ်မှစပြီး နှစ်စဉ်ဖွင့်လှစ်ပို့ချပေးလျက်ရှိပါကြောင်း၊

တစ်ဖက်တွင်လည်း ရိတ်သိမ်းချိန်လွန်နည်းပညာသင်တန်းများအပြင် စားသုံးသူများ ဘေးအန္တရာယ်ကင်းရှင်း ရေးနှင့် အရည်အသွေးကောင်းပြီး အာဟာရပြည့်ဝသည့်သီးနှံများ စိုက်ပျိုးထုတ်လုပ်နိုင်ရန်၊ ပြည်ပဈေးကွက်ကို ယှဉ်ပြိုင်ထိုးဖောက်နိုင်ရန်အတွက် စိုက်ပျိုးရေးဆိုင်ရာ အလေ့အကျင့်ကောင်းများ ယနေ့ခေတ်စား လာသော (Good Agriculture Practices-GAP) စနစ် ပညာသင်တန်းများကိုလည်း ဆောင်ရွက်ပေးလျက်ရှိပါကြောင်း၊ သီးနှံများ၏ အရည်အသွေးကောင်းမွန်ရန်၊ ဘေးအန္တရာယ်ကင်းရှင်းရန်အတွက် လယ်ယာကဏ္ဍအခြေခံ စိုက်ပျိုးသီးနှံများနှင့် စပါးအပါအဝင် သီးနှံ ၁၅ မျိုး၏ (GAP) Guide Line ကိုလည်း မိမိတို့အနေဖြင့် ထုတ်ပြန်အကောင်အထည်ဖော် ဆောင်ရွက်လျက်ရှိပါကြောင်း၊  ယခုအချိန်တွင် GAP ဆိုင်ရာသင်တန်း စုစုပေါင်း ၈၈ ကြိမ် ဖွင့်လှစ်သင်ကြားခဲ့ပြီး မိမိဝန်ကြီးဌာနမှဝန်ထမ်းများနှင့်အတူ စိုက်ပျိုးထုတ်လုပ်သူ တောင်သူများကိုလည်း လေ့ကျင့်သင်ကြားပေးလျက် ဖြစ်ပါကြောင်း၊

ပြည်တွင်းပုဂ္ဂလိကကဏ္ဍ၏အားကို ရယူအကောင်အထည်ဖော်နိုင်ရန် စိုက်ပျိုးထုတ်လုပ်မှုမှသည် ဝယ်ယူ ကြိတ်ခွဲသိုလှောင်မှုမှ ဈေးကွက်အထိ အရည်အသွေးကောင်းသည့် စိုက်ပျိုးရေးထုတ်ကုန်၊ ထွက်ကုန်များကို တန်ဖိုးမြှင့်ထုတ်ကုန်များအဖြစ် နိုင်ငံတကာဈေးကွက် ယှဉ်ပြိုင်ထိုးဖောက်နိုင်ရန် ပုဂ္ဂလိကပိုင်းကိုလည်း နည်းပညာများ၊ ခေတ်မီစက်ကိရိယာများ အသုံးပြုထုတ်လုပ်နိုင်ရေးအတွက် ကူညီပံ့ပိုးပေးမှုများကိုလည်း ဆောင်ရွက်ပေးလျက်ရှိကြောင်း၊ တောင်သူများအတွက်လည်း ဝင်ငွေပိုမိုရရှိစေသည့်အပြင် ပုဂ္ဂလိက လုပ်ငန်းများကိုလည်း ဖွံ့ဖြိုးတိုးတက်လာမည် ဖြစ်ပါကြောင်း၊ တစ်ဖက်တွင်လည်း တန်ဖိုးမြှင့်ကွင်းဆက် (Value Chain) နည်းပညာများ ဖွံ့ဖြိုးတိုးတက်လာစေရေးအတွက် မိမိတို့ပြည်တွင်း အရင်းအမြစ်စွမ်းအား များဖြင့် တည်ဆောက်နေပြီး နိုင်ငံတကာအကူအညီအထောက်အပံ့နှင့် ချေးငွေစီမံကိန်းများကိုလည်း နိုင်ငံတကာအဖွဲ့အစည်းများဖြစ်သော JICA, OISCA, ADB, KRC, KOICA, KSVS, Netherland စသည့် အဖွဲ့အစည်းများ၏ နည်းပညာနှင့် ငွေကြေးအကူအညီများ ရယူပူးပေါင်းအကောင်အထည်ဖော် ဆောင်ရွက် လျက်ရှိပါကြောင်း၊

အသားကဏ္ဍတွင်လည်း အခြေခံထုတ်ကုန် ကြက်၊ ဝက် စသော တိရစ္ဆာန်မွေးမြူရေးအတွက် ကောင်းမွန်သော တိရစ္ဆာန်မွေးမြူရေးကျင့်စဉ်ဖြစ်သည့် (Good Animal Husbandry Practices-GAHP) ငါးမွေးမြူရေး ကဏ္ဍတွင်လည်း ကောင်းမွန်သည့်ရေသတ္တဝါမွေးမြူရေးကျင့်စဉ် (Good Aquaculture Practices-GAP) များနှင့်အညီ  မွေးမြူသူများ လက်တွေ့လိုက်နာကျင့်သုံးရေးအတွက် မိမိတို့ဝန်ကြီးဌာနတွင် Website နှင့် နိုင်ငံပိုင်သတင်းစာများ၊ ဂျာနယ်များ၊ စာစောင်များတွင် အခါအားလျော်စွာ ပညာပေးပြီး အလားတူ သင်တန်းများ၊ စည်းရုံးလှုံ့ဆော်မှုများနှင့် အကောင်အထည်ဖော်ဆောင်ရွက်လျက်ရှိပါကြောင်း၊

ငါးကဏ္ဍအနေဖြင့်လည်း ရေထွက်ကုန်ပစ္စည်း တန်ဖိုးမြှင့်ထုတ်ကုန်များကို ရန်ကုန်တိုင်းဒေသကြီးရှိ စက်ရုံ လေးရုံ၊ ဧရာဝတီတိုင်းဒေသကြီးတွင် တစ်ရုံနှင့် တနင်္သာရီတိုင်းဒေသကြီးတွင် တစ်ရုံ စုစုပေါင်း ခြောက်ရုံက ထုတ်လုပ်လျက်ရှိပါကြောင်း၊ ပြုပြင်ထုတ်လုပ်သော ရေထွက်ပစ္စည်းများ အရည်အသွေးပြည့်မီပြီး၊ လူအများ စားသုံးရန်သင့်လျော်ကြောင်းနှင့် ထောက်ခံချက်လက်မှတ် (Health Certificate) ထုတ်ပေးနိုင်ရေး အတွက်လည်း မိမိတို့ငါးလုပ်ငန်းဦးစီးဌာန၏ နိုင်ငံတကာအသိအမှတ်ပြုလက်မှတ် (ISO) ရရှိထားကြသည့် ဓာတ်ခွဲခန်းများတွင် ဆောင်ရွက်ပေးလျက်ရှိကြပါကြောင်း၊ ဥရောပသမဂ္ဂ အဖွဲ့ဝင်နိုင်ငံများ (EU) ကို တင်ပို့ခွင့် ရရှိသော စက်ရုံပေါင်း ၂၀ ရှိပြီဖြစ်ပါကြောင်း၊ နိုင်ငံအတွင်း SME လုပ်ငန်းများဖွံ့ဖြိုးတိုးတက်ရေးကိုလည်း အထောက်အကူပေးနိုင်သော လယ်ယာအခြေခံထုတ်ကုန်ကို အခြေပြုဆောင်ရွက်သည့် အသေးစားစက်မှု လက်မှုစားသောက်ကုန် ထုတ်လုပ်မှုလုပ်ငန်းပိုင်းတွင်လည်း သီးနှံအခြေခံတန်ဖိုးမြှင့်ထုတ်ကုန်ပစ္စည်း အမယ်သစ်များ ထုတ်လုပ်နိုင်ရန်အတွက် သုတေသနလုပ်ငန်းများနှင့်အတူ သင်တန်းများဖွင့်လှစ်ပို့ချ ဆောင်ရွက်ပေးလျက်ရှိပါကြောင်း၊  (Good Manufacturing Practice) စားသုံးသူများ ဘေးအန္တရာယ် ကင်းရှင်းစေရန်နှင့် အစားအသောက်များပျက်စီးမှုကို ကာကွယ်ရန်အတွက် (Good Hygiene Practice) စသည့် နည်းစနစ်များဖြင့် သင်ကြားပို့ချမှုများအကောင်အထည်ဖော် ဆောင်ရွက်လျက်ရှိပါကြောင်း၊ 

စီးပွားရေးနှင့် ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာနအနေဖြင့် အရည်အသွေးမီ ထုတ်ကုန်ပစ္စည်းများ နိုင်ငံတကာ ဈေးကွက်ယှဉ်ပြိုင်နိုင်ပြီး၊ ကုန်သွယ်မှု ကဏ္ဍဖွံ့ဖြိုးတိုးတက်ရန်အတွက် ဆန်၊ နှမ်း၊ ရာဘာ၊ ကြက်သွန်၊ ငရုတ်၊ ဝါဂွမ်းတို့ကိုသာ ပို့ကုန်လိုင်စင်ရယူစေပြီး ကျန်စိုက်ပျိုးရေး ထွက်ကုန်၊ ရေထွက်ကုန်ပစ္စည်းများကို လိုင်စင်ရယူရန်မလိုဘဲ ပြည်ပသို့ တင်ပို့ခွင့်ပြုလျက်ရှိပါကြောင်း၊ တစ်ဖက်တွင်လည်း ဈေးကွက်လိုအပ်ချက် နှင့်အညီ အဓိကသီးနှံ ဆန်စပါးနှင့်စပ်လျဉ်းပြီး ပေါင်းဆန်ထုတ်လုပ်တင်ပို့ခြင်းနှင့် ဆန်စက်များအား အဆင့်မြှင့်ကြိတ်ခွဲသန့်စင်ခြင်း၊ အရောင်တင်ခြင်း၊ ကိုယ်ပိုင်အမှတ်တံဆိပ်များဖြင့် အဆင့်မီထုတ်ပိုးစနစ်များ အသုံးပြုတင်ပို့စေခြင်းတို့ တိုးမြှင့်ပြီး နိုင်ငံတကာဈေးကွက်ထိုးဖောက်နိုင်ရေး ဆောင်ရွက်လျက်ရှိသလို  အဆင့်မီသန့်စင်စက်များ တင်သွင်းခွင့်ပြုပေးပြီး ကုန်ဝယ်နိုင်ငံများနှင့် နှစ်ဖက်ညှိနှိုင်းပေးမှုတို့ကို ယခင် သတ်မှတ်ချက် အရည်အသွေးမီအမျိုးအစားအဆင့်မှ ယခုအထူးအမျိုးအစားအဆင့်အထိ ဝယ်သူအကြိုက် အဆင့်မြှင့်တင်ပို့လာနိုင်ခဲ့အောင် ဆောင်ရွက်နိုင်ခဲ့ပြီး ဖြစ်ပါကြောင်း၊ လက်ရှိတွင် ပို့ကုန်ဝင်ငွေတိုးမြှင့် ဖြည့်ဆည်းနိုင်ရန် သိုး၊ ဆိတ်၊ ဝက်တိရစ္ဆာန်အရှင်များ တင်ပို့ခွင့်ပြုမှုနှင့်အတူ လိုအပ်သောမျိုးသားပေါက်များ၊ မျိုးချောင်းများ၊ အဆင့်မြင့်ကိရိယာများ တင်သွင်းခွင့်ပြုပေးပြီး နည်းပညာရရှိရေး ညှိနှိုင်းဆောင်ရွက်ပေးလျက် ရှိပါကြောင်း၊

ဖွံ့ဖြိုးပြီးနိုင်ငံများက တစ်ဖက်သတ်ပေးထားသော အကောက်ခွန်သက်သာခွင့်ဆိုင်ရာ အစီအစဉ်များဖြစ်သည့် Generalized System of Preferences (GSP) အစီအစဉ်နှင့် အိန္ဒိယ၊ ကိုရီးယားနှင့်‌ တရုတ်ပြည်သူ့ သမ္မတနိုင်ငံတို့မှ ဖွံ့ဖြိုးမှုအနည်းဆုံးနိုင်ငံများအတွက် သီးသန့်ပေးသည့် အစီအစဉ်ကတစ်ဆင့် အကောက်ခွန် သက်သာခွင့်၊ ကင်းလွတ်ခွင့်များ ရရှိတင်ပို့နိုင်ရေး ဆောင်ရွက်ပေးလျက်ရှိပါကြောင်း၊ ကုန်သွယ်ဖက် နိုင်ငံများကို ဈေးကွက်အခွင့်အလမ်းရရှိရေးအတွက် အကောက်ခွန်သက်သာခွင့်ဆိုင်ရာ ပင်ရင်းနိုင်ငံ သက်သေခံလက်မှတ်များကိုလည်း လုပ်ထုံးလုပ်နည်းနှင့်အညီ ခွင့်ပြုထုတ်ပေးလျက်ရှိပါကြောင်း၊ တစ်ဆက် တည်းတွင် နိုင်ငံတကာကုန်စည်ပြပွဲများနှင့်လည်း ဈေးကွက်ယှဉ်ပြိုင်ထိုးဖောက်နိုင်ရန်အတွက် လုပ်ငန်းများ စီမံဆောင်ရွက်လျက်ရှိပါကြောင်း၊

ယနေ့ကမ္ဘာကြီးတွင် တိုးတက်လာသည့်လူဦးရေနှင့်အတူ ရိက္ခာလိုအပ်ချက်ကလည်း မြင့်မားလာခြင်း ရှိပါကြောင်း၊ ၎င်းလိုအပ်ချက်ကိုဖြည့်ဆည်းရန် ကမ္ဘာ့နိုင်ငံများနှင့် ဒေသတွင်းနိုင်ငံများနှင့်နည်းတူ မိမိတို့ နိုင်ငံအနေဖြင့်လည်း မိမိနိုင်ငံ၏ရေမြေသဘာဝကနေ တည်ရှိသည့်အရင်းအမြစ်များအပေါ် အခြေခံပြီး ဆောင်ရွက်လျက် ရှိကြပါကြောင်း၊ တစ်ဖက်တွင်လည်း ပြောင်းလဲလာသောကမ္ဘာကြီး ပူနွေးလာမှုနှင့်အညီ သဘာဝတရားယိုယွင်းလာမှုကလည်း ရိက္ခာထုတ်လုပ်မှုအပိုင်းအတွက် ခြိမ်းခြောက်လာမှုများရှိပါကြောင်း၊ စားနပ်ရိက္ခာလုံခြုံရေး (Food Safety)၊ စားနပ်ရိက္ခာဖူလုံရေး (Food Security) အတွက် အသီးသီး ကြိုးပမ်းအားထုတ်လာကြရာ သုတေသနနှင့်ဖွံ့ဖြိုးရေး (Research  and Development-RND) အပိုင်းသည် မျက်ကွယ်ပြုထား၍မရသည့် အနေအထားဖြစ်ပါကြောင်း၊ ရာသီဥတုနှင့်လိုက်လျောညီထွေဖြစ်မည့် ရိက္ခာ ထုတ်လုပ်မှုအပိုင်း (Climate Friendly) အစီအမံများရှိရန်လည်း လိုအပ်လာရာ နည်းပညာပိုင်း၊ ရင်းနှီးမြှုပ်နှံရမည့် ဘဏ္ဍာငွေကြေးအပိုင်းနှင့် စီမံခန့်ခွဲဆောင်ရွက်မှုတွင် စွမ်းရည်ပြည့်ဝသည့် လူ့စွမ်းအားအရင်းအမြစ်များ ဖန်တီးတည်ဆောက်နိုင်မှုအပိုင်းသည် မရှိမဖြစ် လိုအပ်သည်ထက် ဖွံ့ဖြိုးမှုဒေါက်တိုင်ကြီး သုံးရပ်ဖြစ်ပါကြောင်း၊ ယင်းအပေါ်အခြေပြုပြီး ဖြည့်ဆည်းမှုများနှင့်အတူ မိမိတို့နိုင်ငံ၏ရေအရင်းအမြစ်များကို အကောင်းဆုံးအသုံးချ ဆောင်ရွက်လျက်ရှိပါကြောင်း၊ နိုင်ငံ၏အဓိက မှီခိုရာစီးပွာ‌ရေးကဏ္ဍကြီးလည်းဖြစ်ပြီး ပြည်သူအများစု အမှီသဟဲပြုနေကြသည့် လယ်ယာစိုက်ပျိုး၊ မွေးမြူရေးနှင့် ရေလုပ်ငန်းကဏ္ဍများမှထုတ်ကုန်များ အရည်အသွေးပြည့်မီရေး၊ နိုင်ငံတကာဈေးကွက် ထိုးဖောက်နိုင်ရေးကို ကြိုးပမ်းစီမံဆောင်ရွက်လျက်ရှိပါကြောင်း ဖြေကြားပါသည်။

ဒေါ်ဝင့်ဝါထွန်း(ရှားတောမဲဆန္ဒနယ်) က ဆက်စပ်မေးခွန်း မေးမြန်းပါသည်။

ပထမအနေဖြင့် သွင်းအားစုများနှင့်ပတ်သက်ပြီး မျိုးစေ့များ၊ ဓာတ်မြေသြဇာများ အစရှိသည့် သွင်းအားစု များနှင့်ပတ်သက်ပြီး မည်ကဲ့သို့စီမံဆောင်ရွက်လျက်ရှိသည်ကို သိရှိလိုပါကြောင်း၊ ထို့အတူ မေးခွန်းတွင် ပါရှိသည့် တန်ဖိုးမြှင့်ထုတ်ကုန်များကိုထုတ်လုပ်သည့်အခါ ဒေသနှင့်လိုက်လျောညီထွေဖြစ်မည့် စိုက်ပျိုးရေး နည်းစနစ်များကို ဒေသအလိုက်စီမံကိန်းများ ဆောင်ရွက်ထားသည့်အခြေအနေကို သိလိုပါကြောင်း၊ ဥပမာ-ဦးစားပေးလျာထားသော မည်သည့်နေရာဒေသများတွင် စီမံဆောင်ရွက်လျက်ရှိသည်ကိုလည်း သိရှိ လိုပါကြောင်း မေးမြန်းပါသည်။

စိုက်ပျိုးရေး၊ မွေးမြူရေးနှင့် ဆည်မြောင်းဝန်ကြီးဌာန၊ ဒုတိယဝန်ကြီး ဦးလှကျော်

မျိုးစေ့ကော်မတီဖွဲ့စည်းပြီး မျိုးစေ့ဥပဒေနှင့်အညီ၊ မြေသြဇာဥပဒေနှင့်အညီ တစ်ဖက်ကလည်း တင်သွင်းပြီး ဖြန့်ဖြူးပေးနိုင်ရန်အတွက် ဖြေလျှော့ပေးမှုများနှင့် အကောင်အထည်ဖော်ဆောင်ရွက်လျက်ရှိပါကြောင်း၊ အသေးစိတ်အနေအထားကိုလည်း လွှတ်တော်ကိုယ်စားလှယ်ကြီးထံကို စာရေးပြီးဖြေကြားပေးမည် ဖြစ်ပါ ကြောင်း၊

ဒေသနှင့်လိုက်လျောညီထွေရှိမည့် စိုက်ပျိုးရေး နည်းစနစ်များနှင့်စပ်လျဉ်းပြီး  One Village One Product ဆိုသည့်အစီအမံကို တိုင်းဒေသကြီးနှင့် ပြည်နယ်အလိုက် မိမိတို့နိုင်နင်းသည့်အင်အားအလျောက် အကောင် အထည်ဖော်ဆောင်ရွက်နေမှုရှိပါကြောင်း၊ အသေးစိတ်အနေအထားကိုလည်း လွှတ်တော်ကိုယ်စားလှယ်ကြီး ထံ ပို့ပေးမည် ဖြစ်ပါကြောင်း၊ ဒေသနှင့်သင့်လျော်မည့် အံဝင်ခွင်ကျနည်းပညာ Appropriate Technology ဒေသရေမြေသဘာဝစိုက်ပျိုးဖြစ်ထွန်းသည့် အခြေအနေပေါ်မူတည်ပြီး တစ်နေရာနှင့်တစ်နေရာ အကောင် အထည်ဖော်ဆောင်ရွက်ခြင်းသည်လည်း အသွင်သဏ္ဍာန်အရ အနည်းငယ်ကွဲပြားမှုလည်းရှိပါကြောင်း၊ ဆောင်ရွက်နိုင်ရန်လိုလားချက်ရှိပါက  သက်ဆိုင်ရာဌာနနှင့် ပြည်နယ်တွင်စိစစ်ပြီး ယင်းနှင့်အံဝင်ခွင်ကျ ဖြစ်မည့် Appropriate ဖြစ်မည့် ထုတ်လုပ်မှုလုပ်ငန်း၊ အရည်အသွေးကောင်း မူလတင်ပြသော Organic စနစ်ဖြင့် ဆောင်ရွက်မည့်လုပ်ငန်းမျိုးကို ညှိနှိုင်းဆောင်ရွက်ပေးသွားနိုင်မည့်အခြေအနေဖြစ်ပါကြောင်း ပြန်လည် ရှင်းလင်းဖြေကြားပါသည်။