(ခ)-ငပလီမြို့ အမှတ်(၃)၊ လင်းသာရပ်ကွက်အတွင်းရှိ ငပလီရေလှောင်တမံ၏ တရားဝင်နယ်နိမိတ် သတ်မှတ်ဧရိယာကို ဒေသခံပြည်သူများ ထင်ရှားစွာသိမြင်နိုင်အောင် သတ်မှတ်ပေးရန်နှင့် သတ်မှတ်ဧရိယာအတွင်း တရားမဝင်ကျူးကျော် ဝင်ရောက်နေထိုင်မှုများကို ရပ်တန့်အောင် မည်ကဲ့သို့ တားဆီးပေးမည်ကို သိလိုခြင်းနှင့်စပ်လျဉ်းသည့်မေးခွန်း
ငပလီမြို့အမှတ် (၃) လင်းသာရပ်ကွက်အတွင်းရှိ နိုင်ငံတော်အစိုးရပိုင် ဆည်မြောင်းဦးစီးဌာနက ၁၉၆၇-၆၈ ခုနှစ်တွင် တာဝန်ယူဆောက်လုပ်ခဲ့သည့် ငပလီရေလှောင်တမံစီမံကိန်းသည် ၁၉၇၀-၇၁ ခုနှစ်တွင် ပြီးစီးခဲ့ပါကြောင်း၊ ၎င်းရေလှောင်တမံကို တည်ဆောက်ရသည့် ရည်ရွယ်ချက်က ငပလီလူရည်ချွန် စခန်းရေရရှိရေးနှင့် ဒေသခံကျေးရွာများသို့ ရေပေးဝေရေး၊ ငပလီကမ်းခြေ တစ်လျှောက်ရှိ ဟိုတယ်များ၊ ရေလုံလောက်စွာ ရရှိရေးနှင့် နွေစပါးစိုက်ပျိုးရေးတို့အတွက် အကောင်အထည်ဖော် ဆောင်ရွက်ခဲ့ခြင်း ဖြစ်ပါကြောင်း၊ ရေလှောင်တမံ၏ ဧရိယာအကျယ်အဝန်းသည် ၂၄၉ ဧကရှိပြီး ဆည်မြောင်းဦးစီးဌာနပိုင် နယ်နိမိတ်အဖြစ် တည်ရှိရာ သတ်မှတ်ထားသော်လည်း ဒေသခံပြည်သူများအနေဖြင့် နယ်နိမိတ်သတ်မှတ်ချက်များ၊ ခြံစည်းရိုးကာရံထားခြင်းများ မရှိသည့်အတွက် ရေလှောင်တမံ၏ နယ်နိမိတ်များကို ကောင်းစွာ မသိရှိကြပါကြောင်း၊
ထိုအခြေအနေကို အခွင့်ကောင်းယူ၍ ဒေသခံပြည်သူအချို့နှင့် ကုမ္ပဏီအချို့က ရေလှောင်တမံ၏ ဧရိယာနယ်နိမိတ်အတွင်း ကျူးကျော်ဝင်ရောက်၍ ခြံကွက်ရိုက်ခြင်း၊ တစ်ဆင့်ပြန်လည်ရောင်းချခြင်း၊ နေထိုင်ခြင်းတို့ ပြုလုပ်နေသည်ကို သိရှိရပါကြောင်း၊ ၎င်းအပြင် ကောင်းမြန်မာအောင် ကုမ္ပဏီလီမိတက်မှ ရေလှောင်တမံဧရိယာအတွင်း ၇၆ ဧကကို ဟိုတယ်နှင့် အပန်းဖြေ Resort လုပ်ငန်းအတွက် နှစ် (၃၀) လုပ်ပိုင်ခွင့်ကို မြေလွတ်၊ မြေလပ်နှင့်မြေရိုင်းများ စီမံခန့်ခွဲရေး ဗဟိုကော်မတီ၏ ၂၄-၁၂-၂၀၁၄ ရက်နေ့ အစည်းအဝေးအမှတ်စဉ် (၆/၂၀၁၄) ဆုံးဖြတ်ချက် ၅(ခ) အရ လက်မှတ်ရေးထိုးပြီး ထုတ်ပေးထားသည်ကိုလည်း သိရှိရပါကြောင်း၊
ငှက်ပျောချောင်းရေလှောင်တမံကို ၆-၃-၂၀၁၅ ရက်နေ့မှစ၍ ဆည်မြောင်းဦးစီးဌာနပိုင် နယ်နိမိတ်အဖြစ် သတ်မှတ်ထားကြောင်းကိုလည်း အခြားဌာနဆိုင်ရာများသို့ အမိန့်ကြော်ငြာစာ ထုတ်၍သတိပေး အကြောင်းကြား ထားခဲ့သည်ကိုလည်း သိရှိရပါကြောင်း၊ ပြစ်မှု ကျူးလွန်သူများအား မြန်မာနိုင်ငံတူးမြောင်း အက်ဥပဒေအခန်း (၁၁) ပုဒ်မ ၇၅ အောက်ရှိ ပြစ်ဒဏ်များအလိုက် အပ်နှင်းထားသော လုပ်ပိုင်ခွင့်များအရ လိုအပ်သလို အရေးယူခံရမည် ဖြစ်ကြောင်းကိုလည်း ပြည်သူလူထုသို့ အသိပေးထုတ်ပြန်ကြေညာ ထားတာကိုလည်း သိရှိရပါကြောင်း၊ ရေလှောင်တမံ၏ ရေဆင်းဧရိယာအတွင်း ကျူးကျော်အဆောက်အဦများ များပြားလာပါက ရေလှောင်တမံ အတွင်းသို့ ရေဆိုးရေညစ်များစီးဝင်၍ သောက်သုံးရန် မသင့်သည့် ဆိုးကျိုးများကို ကြုံတွေ့လာရနိုင်သည်ကို ဒေသခံမိဘပြည်သူများအနေဖြင့် မလိုလားကြပါကြောင်း၊ ငပလီရေလှောင်တမံ၏ အမိန့်ကြော်ငြာစာ ထုတ်ပြန်ထားသည်ကို တွေ့ရှိရခြင်း ဖြစ်ပါကြောင်း၊ ရေလှောင်တမံ၏ ဧရိယာ ၂၄၉ ဧကဖြစ်ပြီး ကွင်းခြားနယ်နိမိတ်ဖြစ်ပါကြောင်း၊ ယခုက ကွင်းခြားနယ်နိမိတ်အတွင်း ရေလှောင်တမံ၏ ဧရိယာအတွင်း ဝင်ရောက်ပြီး ကျူးကျော်နေခြင်းများကို တွေ့ရှိရပါကြောင်း၊ ၎င်းက ကောင်းမြန်မာအောင် ကုမ္ပဏီလီမိတက်ကနေပြီး ၇၆ ဧကကို ရေလှောင်တမံဧရိယာအတွင်း ကျူးကျော်ပြီး နေရာယူထားသည်ကို သိရှိရပါကြောင်း၊ ပလပ်မြေ မြေလွတ်၊ မြေရိုင်းဌာနကနေပြီး လက်မှတ်ထိုးပြီး ထုတ်ပြန်ထားသည့် စာရွက်ဖြစ်ပါကြောင်း၊ ရေကန်၏ ပတ်ပတ်လည် တစ်လျှောက်လုံးကိုလည်း ကောင်းမြန်မာအောင်ကုမ္ပဏီကနေ ယူထားသည့် ဧရိယာများဖြစ်ပါကြောင်း၊ ထို့ကြောင့် ရေလှောင်တမံ၏ ဧရိယာကို သတ်မှတ်ပေးသည့်အပြင် ရေလှောင်တမံ၏ ဧရိယာအတွင်း ကျူးကျော်ပြီး ဝင်ရောက်နေထိုင်သူများကို အရေးယူပေးရန်ရှိ/မရှိ သိရှိလိုပါကြောင်း မေးမြန်းပါသည်။
ရခိုင်ပြည်နယ်၊ သံတွဲမြို့နယ်အတွင်း တည်ရှိသည့် ငပလီရေလှောင်တမံ (ငှက်ပျောချောင်းရေလှောင်တမံ) ဆိုသည့် အဆိုပါရေလှောင်တမံကို ငပလီမြို့နှင့် ယင်းဒေသဟိုတယ်ဇုန် သောက်သုံးရေရရှိရန်အတွက် ရည်ရွယ်ပြီး ၁၉၇၀ ပြည့်နှစ်က တည်ဆောက်ပြီးစီးခဲ့ခြင်း ဖြစ်ပါကြောင်း၊ ဆည်မြောင်းနှင့် ရေအသုံးချမှုစီမံခန့်ခွဲရေးဦးစီးဌာန ယခင်ဆည်မြောင်းဦးစီးဌာနက ထိန်းသိမ်းထားသည့် ရေလှောင်တမံဖြစ်ပါကြောင်း၊ ဆည်မြောင်းနှင့် ရေအသုံးချရေး စီမံခန့်ခွဲမှုဦးစီးဌာနအနေဖြင့် ငပလီရေလှောင်တမံကို ဒေသအတွင်း ရေရှည်တည်တံ့စွာ အသုံးပြုသွားနိုင်ရန်အတွက် ထိန်းသိမ်းစောင့်ရှောက်နိုင်ရန် ရည်ရွယ်ပြီး ၂၆-၃-၂၀၁၅ ရက်စဲှပါအမိန့်ကြော်ငြာစာအမှတ် (၅၁/၂၀၁၅) နှင့် တမံနှင့်ဆက်စပ်တည်ရှိသည့် ဆည်မြောင်းနယ်နိမိတ် အပိုင်းအခြားများကို ထုတ်ပြန်ပြီးဖြစ်ပါကြောင်း၊ တစ်ဆက်တည်း ဆည်ရေပြင်တည်ရှိသည့် သဏ္ဌာန်အတိုင်း ၎င်းအပေါ် အကျိုးသက်ရောက်မှုများကို ကန့်သတ်နိုင်ရန်အတွက် ဆည်ရေပြင်နယ်နိမိတ် ဧရိယာကိုလည်း သတ်မှတ်နိုင်ရန် ဆောင်ရွက်ထားရှိပြီး ဖြစ်ပါကြောင်း၊ အမိန့်ကြော်ငြာစာထုတ်ပြန်ခဲ့သည့် ငပလီရေလှောင်တမံ၏ ဆည်မြောင်းနယ်နိမိတ် အပိုင်းအခြားကို တင်ပြရမည်ဆိုလျှင် တည်နေရာ မြောက်လတ္တီတွဒ် ၁၈ ဒီဂရီ၊ ၂၄ မိနစ်၊ ၂၅ စက္ကန့်နှင့် အရှေ့လောင်ဂျီတွဒ် ၉၄ ဒီဂရီ၊ ၂၀ မိနစ်၊ ၃၃ စက္ကန့်၊ နယ်နိမိတ်လားရာ အရှေ့မြောက်လားသော် ကွင်းအမှတ် ၂၀၅ (က)၊ ဌက်ပျောချောင်းကွင်း၊ အရှေ့လားသော် ကွင်းအမှတ် VT ၃၉ လင်းသာကြေးတိုင်ပြင်ကွင်း၊ အရှေ့တောင်လားသော် ကွင်းအမှတ် VT ၃၉ လင်းသာကြေးတိုင်ပြင်ကွင်း၊ တောင်လားသော်ကွင်းအမှတ် VT ၄၀ မြပြင်ကြေးတိုင်ပြင်ကွင်း၊ အနောက်တောင် လားသော်ကွင်းအမှတ် VT ၄၀ မြပြင်ကြေးတိုင်ပြင်ကွင်း၊ အနောက်လားသော် ငပလီမှလုံးသာသို့ သွားသောကားလမ်း၊ အနောက်မြောက်လားသော် မြန်မာ့စိုက်ပျိုးရေးခြံ၊ မြောက်ကိုလားသော် ကွင်းအမှတ် ၂၀၅ (က) ငှက်ပျောချောင်းကွင်းတို့နှင့် နယ်နိမိတ်အပိုင်းအခြားကို သတ်မှတ်ထားခဲ့ပါကြောင်း၊
ငပလီရေလှောင်တမံ၏ ဆည်ရေပြင်နယ်နိမိတ်ဧရိယာကို ဒေသခံပြည်သူများ ထင်ရှားသိမြင်နိုင်ရန် နယ်နိမိတ်မှတ်တိုင် (Border Post) များကို စိုက်ထူသွားနိုင်ရန်အတွက် လုပ်ငန်းအစီအမံများလည်း ချထားပြီးဖြစ်ပါကြောင်း၊ လုပ်ငန်းဆောင်ရွက်ရန် လိုအပ်မည့် ရန်ပုံငွေအတွက် ၂၀၁၈-၁၉ ခုနှစ် အောက်တိုဘာ-စက်တင်ဘာ ဘဏ္ဍာရေးနှစ်တွင် ရခိုင်ပြည်နယ်အစိုးရအဖွဲ့၏ ရန်ပုံငွေတွင် ထည့်သွင်းလျာထား တောင်းခံပြီး အကောင်အထည်ဖော် ဆောင်ရွက်သွားမည် ဖြစ်ပါကြောင်း၊ ငပလီရေလှောင်တမံ၏ သတ်မှတ်ဧရိယာအတွင်း ကျူးကျော်ဝင်ရောက်ပြီး ခြံကွက်ရိုက်ခြင်း၊ နေထိုင်ခြင်း၊ တစ်ဆင့်ပြန်ရောင်းခြင်းတို့ ပြုလုပ်သည့်ကိစ္စနှင့် ပတ်သက်ပြီး ယင်းအခြေအနေများကို ကွင်းဆင်းစိစစ်ဆောင်ရွက်ခဲ့ရာ ဆည်အဝင်လမ်းရှိ ဈေးဆိုင်ခန်းများ ကျူးကျော်ဆောက်လုပ်ထားမှုကို စိစစ်တွေ့ရှိရသည့်အတွက် ယင်းအပေါ် ၂၀၁၈ ခုနှစ် မေလအကုန် အပြီးရှင်းလင်းဖယ်ရှား ဆောင်ရွက်ပေးခဲ့ပြီး ဖြစ်ပါကြောင်း၊
အဆိုပါရေလှောင်တမံ သတ်မှတ်ဧရိယာအတွင်း တည်ရှိနေသည့် မြေပြင်အနေအထားကို စိစစ် ဆောင်ရွက်ခဲ့ရာ ဆည်မြောင်းနယ်နိမိတ်အတွင်း ယခင်က နယ်နိမိတ်သတ်မှတ်ခြင်း မပြုနိုင်သေးသည့် ကာလက မြေလွတ်၊ မြေလပ်နှင့်မြေရိုင်းများ စီမံခန့်ခွဲမှုဗဟိုကော်မတီက မြေလွတ်မြေရိုင်းများ လုပ်ပိုင်ခွင့်ပြုထားသော ဧရိယာအချို့ပါဝင်ခဲ့မှု ရှိသည်ကို စိစစ်တွေ့ရှိရပါကြောင်း၊ ထိုဒေသအတွင်း ၂၀၁၅ ခုနှစ် ဇန်နဝါရီအတွင်းက ခွင့်ပြုပေးထားသည့် ကောင်းမြန်မာအောင် ကုမ္ပဏီ၏ မြေလွတ်မြေရိုင်းဧရိယာ အစိတ်အပိုင်းအလိုက် စုစုပေါင်း ၇၆ ဧကနှင့်ပတ်သက်ပြီး စိစစ်ရန်ကိစ္စ ပေါ်ပေါက်လာပါကြောင်း၊ ကောင်းမြန်မာအောင်ကုမ္ပဏီသည် ၂၀၁၄ ခုနှစ်တွင် မြေလွတ်၊ မြေလပ်၊ မြေရိုင်းဧရိယာ ၇၆ ဧကကို ခရီးသွားလုပ်ငန်းနှင့် Resort လုပ်ကိုင်ရန်အတွက် လျှောက်ထားခဲ့ပြီး ယင်းလျှောက်ထားမှုအပေါ် ဥပဒေ၊ လုပ်ထုံးလုပ်နည်းများနှင့်အရ မြေလွတ်၊ မြေလပ်နှင့် မြေရိုင်းစီမံခန့်ခွဲရေး ဗဟိုကော်မတီက ၁၅-၁-၂၀၁၅ ရက်က နှစ် (၃၀) လုပ်ပိုင်ခွင့်ပြုခဲ့ကြောင်း သိရှိရပါသည်။
ယင်းသို့ခွင့်ပြုခဲ့စဉ်က ငပလီရေလှောင်တမံ၏ ရေဝေရေလဲဧရိယာများသည် မြေလွတ်၊ မြေရိုင်းအဖြစ် တည်ရှိနေခဲ့ခြင်း ဖြစ်ပါကြောင်း၊ ခွင့်ပြုပြီးနောက်ပိုင်း ငပလီရေလှောင်တမံ၏ နယ်နိမိတ်အပိုင်း အခြားကို အမိန့်ကြော်ငြာစာ ထုတ်ပြန်ခဲ့ရာ ကုမ္ပဏီသို့ ခွင့်ပြုခဲ့သည့် ဧရိယာများသည် ရေလှောင်တမံ၏ နယ်နိမိတ်အပိုင်းအခြားအတွင်း ပါဝင်သွားခဲ့သည့် အခြေအနေဖြစ်ကြောင်း စိစစ်ရရှိပါသည်။ ငပလီရေလှောင်တမံသည် သောက်သုံးရေအတွက် ရည်ရွယ်တည်ဆောက်ခဲ့ခြင်း ဖြစ်သဖြင့် ကုမ္ပဏီက အကောင်အထည်ဖော် ဆောင်ရွက်မည့် ခရီးသွားလုပ်ငန်းနှင့် Resort လုပ်ငန်းသည် ငပလီရေလှောင်တမံ၏ မူလရည်ရွယ်ချက်အပေါ် မည်သို့အကျိုးသက်ရောက် လာဖွယ်များ၊ Impact ထိခိုက်လာနိုင်မှုများ ပြန်လည်စိစစ်သွားရန် ရှိလာမည် ဖြစ်ပါကြောင်း၊
သို့ဖြစ်သည့်အတွက်ကြောင့် မြေလွတ်၊ မြေလပ်၊ မြေရိုင်းခွင့်ပြုချက်နှင့် စပ်လျဉ်းပြီး ပြန်လည်စိစစ်သွားနိုင်ရန်အတွက် ၈-၆-၂၀၁၈ ရက်နေ့တွင် ကျင်းပပြုလုပ်ခဲ့သည့် မြေလွတ်၊ မြေလပ်နှင့်မြေရိုင်းများ စီမံခန့်ခွဲရေးဗဟိုကော်မတီ အစည်းအဝေးတွင် တင်ပြဆွေးနွေးခဲ့ပြီး အထူးအဖွဲ့ဖြင့် ကွင်းဆင်းစစ်ဆေးဆောင်ရွက်သွားရန် ဆုံးဖြတ်ထားရှိခဲ့ပြီး ဖြစ်ပါကြောင်း၊ ကွင်းဆင်းစစ်ဆေး တွေ့ရှိချက်နှင့်အညီ တည်ဆဲဥပဒေများအရ ပြန်လည်သုံးသပ် ဆောင်ရွက်သွားနိုင် ရန် အနေအထားဖြစ်ပါကြောင်းဖြင့် ရှင်းလင်းဖြေကြားပါသည်။
