ဒုတိယအကြိမ် ပြည်သူ့လွှတ်တော် အဋ္ဌမပုံမှန်အစည်းအဝေး (၁၃) ရက်မြောက်နေ့ အစည်းအဝေးမှတ်တမ်းအကျဉ်းချုပ်

ဒုတိယအကြိမ် ပြည်သူ့လွှတ်တော် အဋ္ဌမပုံမှန်အစည်းအဝေး (၁၃) ရက်မြောက်နေ့ (၁၁.၆.၂၀၁၈)

 

ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော်

 

ဒုတိယအကြိမ် ပြည်သူ့လွှတ်တော် အဋ္ဌမပုံမှန်အစည်းအဝေး (၁၃)ရက်မြောက်နေ့

 

အစည်းအဝေးမှတ်တမ်းအကျဉ်းချုပ်

 

(၂၀၁၈ ခုနှစ်၊ ဇွန်လ ၁၁ ရက်)

 

၁။       ဒုတိယအကြိမ် ပြည်သူ့လွှတ်တော် အဋ္ဌမပုံမှန်အစည်းအဝေး (၁၃)ရက်မြောက်နေ့ကို        ၂၀၁၈ ခုနှစ်၊ ဇွန်လ ၁၁ ရက်နေ့ နံနက် ၁၀ နာရီအချိန်တွင် စတင်ကျင်းပပြီး နံနက်ပိုင်းတွင် တက်ရောက်ခွင့်ရှိသူ လွှတ်တော်ကိုယ်စားလှယ်(၄၃၁)ဦးအနက် (၄၁၀)ဦးတက်ရောက်ပြီး နေ့လယ်ပိုင်းတွင် တက်ရောက်ခွင့်ရှိသူ လွှတ်တော်ကိုယ်စားလှယ် (၄၃၁)ဦးအနက် (၃၉၉)ဦးတက်ရောက်သည်။

၂။       လွှတ်တော်အစည်းအဝေးတွင် ပြုလုပ်ခဲ့သည့်ဆောင်ရွက်ချက်များမှာ အောက်ပါအတိုင်း ဖြစ်ပါသည်-

(က)   ပြည်သူ့လွှတ်တော် ကော်မတီအဖွဲ့ဝင်များထပ်မံထည့်သွင်းဖွဲ့စည်းခြင်း၊ ပြောင်းရွှေ့ခြင်း၊ ပယ်ဖျက်ခြင်းတို့နှင့် စပ်လျဉ်း၍ လွှတ်တော်၏ အတည်ပြုချက်ရယူခြင်း

ဥပဒေကြမ်းကော်မတီတွင် ဦးစိုင်းဝင်းအေး (ခ) ဦးစိုင်းထွန်းအေး၊ မိုင်းရှူးမဲဆန္ဒနယ်အား လည်းကောင်း၊ တိုင်းရင်းသားရေးရာနှင့် ပြည်တွင်းငြိမ်းချမ်းရေး ဖော်ဆောင်မှုကော်မတီတွင် ဦးလူတယ်ဟုန် (ခ) ဦးအောင်ရွှေ၊ လောက်ကိုင်မဲဆန္ဒနယ်အားလည်းကောင်း၊ နိုင်ငံသားများ၏ မူလအခွင့်အရေးဆိုင်ရာ ကော်မတီတွင် ဦးစိုးဌေး၊ ကော့ကရိတ်မဲဆန္ဒနယ်အားလည်းကောင်း၊ ပညာရေးမြှင့်တင်မှုကော်မတီတွင် ဦးစိုင်းအောင်ကျော်၊ ကျေးသီးမဲဆန္ဒနယ်အားလည်းကောင်း၊ ကျန်းမာရေးနှင့် အားကစားဖွံ့ဖြိုးတိုးတက်ရေး ကော်မတီတွင် ဒေါက်တာဒေါ်ခင်စည်သူ၊ လွိုင်ကော်မဲဆန္ဒနယ်အားလည်းကောင်း၊ ပို့ဆောင်ရေး၊ ဆက်သွယ်ရေးနှင့် ဆောက်လုပ်ရေးဆိုင်ရာ ကော်မတီတွင် ဦးမြစိန်၊ ဒဂုံမြို့သစ် (ဆိပ်ကမ်း) မဲဆန္ဒနယ်အားလည်းကောင်း၊ ရင်းနှီးမြှုပ်နှံမှုနှင့် စက်မှုလက်မှု ဖွံ့ဖြိုးတိုးတက်ရေးကော်မတီတွင် ဦးအောင်ကြည်သိန်း၊ ချောင်းဆုံမဲဆန္ဒနယ်အား လည်းကောင်း၊ လျှစ်စစ်နှင့်စွမ်းအင် ဖွံ့ဖြိုးတိုးတက်ရေးကော်မတီတွင် ဦးဝင်းမင်း၊ လှိုင်သာယာ မဲဆန္ဒနယ်အားလည်းကောင်း၊ တရားစီရင်ရေးနှင့်ဥပဒေရေးရာ ကော်မတီတွင် ဦးနေကျော်၊ ဒဂုံမြို့သစ် (အရှေ့ပိုင်း) မဲဆန္ဒနယ်အားလည်းကောင်း ကော်မတီအဖွဲ့ဝင်များအဖြစ် ထပ်မံထည့်သွင်းဖွဲ့စည်းခြင်း၊

          ဥပဒေကြမ်းကော်မတီမှ အဖွဲ့ဝင် ဦးစိုင်းဖိုးမြတ်၊ မူဆယ်မဲဆန္ဒနယ်ကို နိုင်ငံသားများ၏ မူလအခွင့်အရေးဆိုင်ရာ ကော်မတီသို့ ပြောင်းလဲတာဝန်ပေးအပ်ခြင်းနှင့် နိုင်ငံသားများ၏ မူလအခွင့်အရေးဆိုင်ရာကော်မတီမှ အဖွဲ့ဝင်ဦးတင်ထွေး၊ ဝေါမဲဆန္ဒနယ်ကို အခြားတာဝန်ပေးအပ်ရန် ရှိပါသဖြင့် ကော်မတီအဖွဲ့ဝင်အဖြစ်မှ ပယ်ဖျက်ခြင်းတို့ကို လွှတ်တော်၏အတည်ပြုချက်ရယူခဲ့သည်။

(ခ)    ကြယ်ပွင့်ပြမေးခွန်း(၆)ခုမေးမြန်းဖြေကြားခြင်း

          (၁)    ဦးမောင်မောင်၊ ထီးချိုင့်မဲဆန္ဒနယ်မှ မေးမြန်းသော ထီးချိုင့်မြို့နယ်၊ ထီးချိုင့် မြို့မဈေးလမ်း အနောက်ဘက်ရှိ စားသုံးသူရေးရာဦးစီးဌာနပိုင် လက်ရှိအသုံးမပြု သေးသောမြေကွက်အား ထီးချိုင့်မြို့မဈေး တိုးချဲ့အသုံးပြုရန် လွှဲပြောင်းပေးနိုင်ခြင်း ရှိ၊ မရှိ မေးခွန်းနှင့်စပ်လျဉ်း၍ စီးပွားရေးနှင့် ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာန ဒုတိယဝန်ကြီး ဦးအောင်ထူး က နိုင်ငံတော်ကသဘောတူညီပါက လက်ရှိငှားရမ်း စာချုပ်သက်တမ်းကုန်ဆုံးသည့် ၂၀၁၉ ခုနှစ်၊ ဒီဇင်ဘာလ (၁) ရက်နေ့ နောက်ပိုင်းမှာ မိမိတို့ဝန်ကြီးဌာနအနေဖြင့် စစ်ကိုင်းတိုင်းဒေသကြီး အစိုးရအဖွဲ့၏ စီမံခန့်ခွဲမှုအောက်ကို လွှဲပြောင်းပေးနိုင်ရန်အလို့ငှာ တည်ဆဲမြေအသုံးချမှုဆိုင်ရာ ဥပဒေ လုပ်ထုံးလုပ်နည်းများနှင့်အညီ နိုင်ငံတော်သို့ အပ်နှံပေးသွားနိုင်မည် ဖြစ်ပါကြောင်း ပြန်လည်ဖြေကြားခဲ့သည်။

          (၂)    ဦးမင်းကြည်၊ သံတွဲမဲဆန္ဒနယ်မှ မေးမြန်းသော ငပလီမြို့ အမှတ်(၃)၊ လင်းသာ ရပ်ကွက်အတွင်းရှိ ငပလီရေလှောင်တမံ၏ တရားဝင်နယ်နိမိတ်သတ်မှတ် ဧရိယာကို ဒေသခံပြည်သူများ ထင်ရှားစွာသိမြင်နိုင်အောင် သတ်မှတ်ပေးရန်နှင့် သတ်မှတ် ဧရိယာအတွင်း တရားမဝင်ကျူးကျော်ဝင်ရောက် နေထိုင်မှုများကို ရပ်တန့်အောင် မည်ကဲ့သို့ တားဆီးပေးမည်ကို သိလိုခြင်းမေးခွန်းနှင့် စပ်လျဉ်း၍ စိုက်ပျိုးရေး၊ မွေးမြူရေးနှင့် ဆည်မြောင်းဝန်ကြီးဌာန ဒုတိယဝန်ကြီး ဦးလှကျော်က ငပလီရေလှောင်တမံ၏ တရားဝင်နယ်နိမိတ်သတ်မှတ်ဧရိယာကို ဒေသခံပြည်သူများ ထင်ရှားစွာသိမြင်နိုင်ရန် နယ်နိမိတ်မှတ်တိုင် (Border Post) များကို စိုက်ထူသွား နိုင်ရန်အတွက် လုပ်ငန်းအစီအမံများချထားပြီးဖြစ်ပါကြောင်း၊ မြေလွတ်၊ မြေလပ်၊ မြေရိုင်း ခွင့်ပြုချက်နှင့် စပ်လျဉ်းပြီး ပြန်လည်စိစစ်နိုင်ရန်အတွက် ၂၀၁၈ ခုနှစ်၊ ဇွန်လ ၈ ရက်နေ့၌ ကျင်းပပြုလုပ်သည့် မြေလွတ်၊ မြေလပ်နှင့်မြေရိုင်းများ စီမံခန့်ခွဲရေးဗဟိုကော်မတီ အစည်းအဝေးတွင် တင်ပြဆွေးနွေးခဲ့ပြီး ဖြစ်ပါကြောင်း၊ အထူးအဖွဲ့အဖြစ် ကွင်းဆင်းစစ်ဆေး ဆောင်ရွက်သွားရန် ဆုံးဖြတ်ထားရှိခဲ့ပြီး ကွင်းဆင်းစစ်ဆေး တွေ့ရှိချက်နှင့်အညီ တည်ဆဲဥပဒေများအရ ပြန်လည်သုံးသပ် ဆောင်ရွက်သွားမည် ဖြစ်ပါကြောင်း ပြန်လည်ဖြေကြားခဲ့သည်။

          (၃)    ဒေါက်တာဦးသန်းအောင်စိုး၊ မင်းလှမဲဆန္ဒနယ်မှ မေးမြန်းသော ကျွဲ၊ နွားအရှင်များအား ပြည်ပသို့ တရားဝင်တင်ပို့ခွင့်ပြုခဲ့ပြီး ပြည်တွင်းတွင်ခိုင်းကျွဲ၊ နွားပြတ်လပ်မှု မရှိစေရေးနှင့် ပြည်တွင်း နွားမွေးမြူရေး စဉ်ဆက်မပြတ်စေရန်အတွက် မည်ကဲ့သို့ စီစဉ်ထားကြောင်း သိလိုခြင်းမေးခွန်းနှင့် စပ်လျဉ်း၍ စိုက်ပျိုးရေး၊ မွေးမြူရေးနှင့်ဆည်မြောင်းဝန်ကြီးဌာန ဒုတိယဝန်ကြီး ဦးလှကျော်က ကျွဲ၊ နွား အရှင် ပြည်ပတင်ပို့မှု လုပ်ငန်းစဉ်နှင့် ယှဉ်တွဲပြီး ပြည်တွင်းခိုင်းကျွဲ၊ ခိုင်းနွားပြတ်လပ်မှုမရှိစေရေး စနစ်တကျအစီအမံများ ချမှတ်ဆောင်ရွက်လျက် ရှိပါကြောင်းနှင့် တစ်နိုင်တစ်ပိုင် တောင်သူများအတွက် အလွယ်တကူဆောင်ရွက်သွားနိုင်ရန် သက်ဆိုင်ရာ ပို့ကုန်ပိုင်းကို တာဝန်ရှိသည့် စီးပွားရေးနှင့်ကူးသန်းရောင်းဝယ်ရေး ဝန်ကြီးဌာနနှင့် နှစ်ဖက်ပေါင်းစပ်ညှိနှိုင်း ဆောင်ရွက်ပေးသွားနိုင်မည် ဖြစ်ပါကြောင်း ပြန်လည် ဖြေကြားခဲ့သည်။

          (၄)    ဦးတင်ကိုကိုဦး(ခ) ဦးအတွတ်၊ ဘီးလင်းမဲဆန္ဒနယ်မှ မေးမြန်းသော ပြည်ထဲရေး ဝန်ကြီးဌာနအမည်ပေါက် မြို့၊ ရပ်ကွက်၊ ကျေးရွာအုပ်စု၊ ကျေးရွာများ၏ နယ်နိမိတ် များကို သတ်မှတ်ပြီး ကွက်ကျဲတိုင်းတာပေးရန် အစီအစဉ် ရှိ၊ မရှိ သိလိုခြင်း မေးခွန်းနှင့်စပ်လျဉ်း၍ စိုက်ပျိုးရေး၊ မွေးမြူရေးနှင့် ဆည်မြောင်းဝန်ကြီးဌာန ဒုတိယဝန်ကြီး ဦးလှကျော် က မြို့မြေ၊ ကျေးရွာမြေများအားလုံးအပေါ် ကွက်ကျဲ၊ ကွက်စိပ်မြေတိုင်းတာခြင်းလုပ်ငန်းကို အရှိန်အဟုန်ဖြင့် ဆောင်ရွက်သွားရန် အခြေအနေ မပေးသောကြောင့် အပြည့်အဝဆောင်ရွက်ပေးနိုင်ခြင်းမရှိသည့် အနေအထားဖြစ်နေပါကြောင်း ပြန်လည်ဖြေကြားခဲ့သည်။

          (၅)    ဒေါ်ဝင့်ဝါထွန်း၊ ရှားတောမဲဆန္ဒနယ်မှ မေးမြန်းသော စိုက်ပျိုးရေး၊ မွေးမြူရေးနှင့် ရေလုပ်ငန်းထွက်ကုန်များကို အခြေခံပြီး ကုန်ထုတ်လုပ်ငန်းများ ဖွံ့ဖြိုးတိုးတက်စေရေးနှင့် ထုတ်ကုန်ပစ္စည်းများ နိုင်ငံတကာဈေးကွက်တွင် ယှဉ်ပြိုင်နိုင်စွမ်းရှိစေရေးအတွက် မည်ကဲ့သို့ စီမံဆောင်ရွက်လျက် ရှိသည်ကို သိလိုခြင်းမေးခွန်းနှင့်စပ်လျဉ်း၍ စိုက်ပျိုးရေး၊ မွေးမြူရေးနှင့် ဆည်မြောင်းဝန်ကြီးဌာန ဒုတိယဝန်ကြီး ဦးလှကျော်က နိုင်ငံ၏အဓိကမှီခိုရာ စီးပွားရေးကဏ္ဍကြီးဖြစ်ပြီး ပြည်သူအများစု အမှီသဟဲပြုနေကြသည့် လယ်ယာစိုက်ပျိုး၊ မွေးမြူရေးနှင့်ရေလုပ်ငန်းကဏ္ဍများမှ ထုတ်ကုန်များ အရည်အသွေးပြည့်မီရေး၊ နိုင်ငံတကာ ဈေးကွက်ထိုးဖောက်နိုင်ရေးကို ကြိုးပမ်းစီမံဆောင်ရွက်လျက်ရှိပါကြောင်း ပြန်လည် ဖြေကြားခဲ့သည်။

          (၆)    ဦးစိုင်းထွန်းစိန်၊ မိုင်းပျဉ်းမဲဆန္ဒနယ်မှ  မေးမြန်းသော မိုင်းပျဉ်းမြို့နယ်၊ ဝမ်လုံကျေးရွာ တောင်သူလယ်သမား (၁၆) ဦးတို့၏ လယ်မြေဧက(၆၁)ဧကအား ဆည်ရေ လုံလောက်စွာရရှိစေရန် သာမာန်ကျောက်စီကွန်ကရစ်ဆည်ကို (နမ့်ဟဲ) ချောင်းရေ အား သွယ်တန်း၍ တည်ဆောက်ပေးရန် အစီအစဉ် ရှိ၊ မရှိ  မေးခွန်းနှင့်စပ်လျဉ်း၍ စိုက်ပျိုးရေး၊ မွေးမြူရေးနှင့် ဆည်မြောင်းဝန်ကြီးဌာန ဒုတိယဝန်ကြီး ဦးလှကျော် က လာမည့်  ၂၀၁၉-၂၀၂၀  ဘဏ္ဍာရေးနှစ် ရှမ်းပြည်နယ် အစိုးရအဖွဲ့၏ ရန်ပုံငွေမှာ ထည့်သွင်းလျာထားပြီး ရန်ပုံငွေရရှိမှုအပေါ်မူတည်၍ မိမိတို့ဆည်မြောင်းနှင့် ရေအသုံးချမှု စီမံခန့်ခွဲရေးဦးစီးဌာနမှ အကောင်အထည် ဖော်ဆောင်ရွက်ပေးသွား မည်ဖြစ်ပါကြောင်း ရှမ်းပြည်နယ်အစိုးရအဖွဲ့၏ ဖြေကြားချက်နှင့်အတူ ပေါင်းစပ်၍  ပြန်လည်ဖြေကြားခဲ့သည်။

(ဂ)    အရေးကြီးအဆို(၁)ခုဆွေးနွေးခြင်းနှင့် လွှတ်တော်၏အဆုံးအဖြတ်ရယူခြင်း

ဦးစိုင်းကျော်မိုး၊ မိုင်းပန်မဲဆန္ဒနယ်က တင်သွင်းသည့် နိုင်ငံတော်အစိုးရအနေဖြင့် ရခိုင်ပြည်နယ်အတွက် လွတ်လပ်သောကော်မရှင်တစ်ခုကို နိုင်ငံတကာမှ ပုဂ္ဂိုလ်ကြီး တစ်ဦးအပါအဝင် အဖွဲ့ဝင်(၃)ဦးဖြင့် ဖွဲ့စည်းခြင်းနှင့်စပ်လျဉ်း၍ UNSC ကိုယ်စားလှယ်အဖွဲ့၏ အကြံပြုချက်တွင် ပြည်ပအဖွဲ့ဖြင့် စစ်ဆေးခြင်းနှင့် ပြည်တွင်းအဖွဲ့ဖြင့် စစ်ဆေးခြင်းနည်းလမ်းနှစ်သွယ်ပါရှိရာ လွတ်လပ်သော နိုင်ငံတော်၏ အချုပ်အခြာအာဏာနှင့် နိုင်ငံသားပြည်သူများ၏ ဂုဏ်သိက္ခာကို လေးစားယုံကြည်သော အားဖြင့် ပြည်တွင်းမှ ကျွမ်းကျင်ပညာရှင်များဖြင့်သာ ဖွဲ့စည်းဆောင်ရွက်ရေးကို ပြန်လည်စဉ်းစား ဆုံးဖြတ်ပေးရန် ပြည်ထောင်စုအစိုးရအား တိုက်တွန်းကြောင်းအရေးကြီးအဆိုကို ကိုယ်စားလှယ် (၂၁) ဦးက ဆွေးနွေးပြီး မဲခွဲဆုံးဖြတ်ရာ ကန့်ကွက်ဆန္ဒမဲများသည့်အတွက် လွှတ်တော်က အတည်မပြုကြောင်း  ဆုံးဖြတ်ခဲ့သည်။

          ၃။       အစည်းအဝေးကို မွန်းလွဲ ၃ နာရီ  ၅ မိနစ်တွင်ရပ်နားပြီး ဒုတိယအကြိမ် ပြည်သူ့လွှတ်တော် အဋ္ဌမပုံမှန်အစည်းအဝေး (၁၄)ရက်မြောက်နေ့ ကျင်းပမည့်ရက်ကို ၁၃.၆.၂၀၁၈ ရက် (ဗုဒ္ဓဟူးနေ့) နံနက်        ၁၀ နာရီတွင် လျာထားပါသည်။