ဒုတိယအကြိမ် ပြည်သူ့လွှတ်တော် အဋ္ဌမပုံမှန်အစည်းအဝေး (၁၂)ရက်မြောက်နေ့ အစည်းအဝေးမှတ်တမ်းအကျဉ်းချုပ်

ဒုတိယအကြိမ် ပြည်သူ့လွှတ်တော် အဋ္ဌမပုံမှန်အစည်းအဝေး (၁၂) ရက်မြောက်နေ့ (၆.၆.၂၀၁၈)

 

ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော်

 

ဒုတိယအကြိမ် ပြည်သူ့လွှတ်တော် အဋ္ဌမပုံမှန်အစည်းအဝေး (၁၂)ရက်မြောက်နေ့

 

အစည်းအဝေးမှတ်တမ်းအကျဉ်းချုပ်

 

(၂၀၁၈ ခုနှစ်၊ ဇွန်လ ၆ ရက်)

၁။       ဒုတိယအကြိမ် ပြည်သူ့လွှတ်တော် အဋ္ဌမပုံမှန်အစည်းအဝေး (၁၂)ရက်မြောက်နေ့ကို        ၂၀၁၈ ခုနှစ်၊ ဇွန်လ ၆ ရက်နေ့ နံနက် ၁၀ နာရီအချိန်တွင် စတင်ကျင်းပပြီး တက်ရောက်ခွင့်ရှိသူ လွှတ်တော်ကိုယ်စားလှယ်(၄၃၁)ဦးအနက် (၃၈၂) ဦးတက်ရောက်သည်။

၂။       လွှတ်တော်အစည်းအဝေးတွင် ပြုလုပ်ခဲ့သည့်ဆောင်ရွက်ချက်များမှာ အောက်ပါ အတိုင်းဖြစ်ပါသည်-

(က)   ကြယ်ပွင့်ပြမေးခွန်း(၆)ခုမေးမြန်းဖြေကြားခြင်း

      (၁)    ဦးခင်ဇော်၊ ကော့သောင်းမဲဆန္ဒနယ် မှ မေးမြန်းသော ရှေ့နေလုပ်ငန်းကို မကြော်ငြာရဆိုသည့် အယူအဆကို ပြန်လည်စိစစ်သုံးသပ် ပြင်ဆင်ပေးရန် အစီအစဉ် ရှိ၊ မရှိ မေးခွန်းနှင့် စပ်လျဉ်း၍ ပြည်ထောင်စုတရားလွှတ်တော်ချုပ် တရားသူကြီး ဦးမြင့်အောင် က ရှေ့နေရှေ့ရပ်များ၏ ကျင့်ဝတ်သိက္ခာဖြင့် လိုက်နာရန် သတ်မှတ် ပေးခဲ့ခြင်းသာဖြစ်သည့်အတွက် ပြည်ထောင်စုတရားလွှတ်တော်ချုပ်က ပြင်ဆင် ဆောင်ရွက်ရန် မရှိပါကြောင်း  ပြန်လည်ဖြေကြားခဲ့သည်။

 

     (၂)    ဦးအောင်သိုက်၊ ဆိပ်ဖြူမဲဆန္ဒနယ် မှ မေးမြန်းသော လယ်ယာမြေလုပ်ပိုင်ခွင့် ကိုရောင်းချခြင်း၊ ပေါင်နှံခြင်း၊ ငှားရမ်းခြင်း၊ လဲလှယ်ခြင်းနှင့် ပေးကမ်းခြင်းတို့ကို ဆောင်ရွက်သည့်အခါ အခွန်တံဆိပ်ခေါင်းတန်ဖိုး မည်မျှကပ်ရမည်၊ စာချုပ်စာတမ်း မှတ်ပုံတင်ခ မည်မျှပေးသွင်းရမည်ကို ၂၀၁၂ ခုနှစ်၊ လယ်ယာမြေနည်းဥပဒေတွင် ပြဋ္ဌာန်းထားခြင်းမရှိသည့်အတွက် လယ်ယာမြေရောင်းဝယ်မှုအား တံဆိပ်ခေါင်းခွန် နှင့် စာချုပ်စာတမ်းမှတ်ပုံတင်များ၊ သတ်မှတ်နှုန်းထားများ ပြဋ္ဌာန်းပေးရန် အစီအစဉ်ရှိ၊ မရှိ  မေးခွန်းနှင့်စပ်လျဉ်း၍ စိုက်ပျိုးရေး၊ မွေးမြူရေးနှင့် ဆည်မြောင်း ဝန်ကြီးဌာန ဒုတိယဝန်ကြီး ဦးလှကျော် က ၂၀၁၂ ခုနှစ်၊ လယ်ယာမြေဥပဒေကို ပြင်ဆင်သည့်ဥပဒေ(မူကြမ်း)အား ပြည်ထောင်စုလွှတ်တော်မှ အတည်ပြုပြဋ္ဌာန်း ပြီးပါက စာချုပ်စာတမ်းအမျိုးအစားအလိုက် စာချုပ်စာတမ်းမှတ်ပုံတင်ခကိုလည်း ဆက်လက်သတ်မှတ် ဆောင်ရွက်သွားနိုင်မည်ဖြစ်ပါကြောင်း  ပြန်လည်ဖြေကြား ခဲ့သည်။

 

    (၃)    ဦးသောင်းအေး၊ ပျော်ဘွယ်မဲဆန္ဒနယ် မှ မေးမြန်းသော ပျော်ဘွယ်မြို့နယ်အတွင်းမှ သာစည်မြို့နယ်၊ မင်းလှကန်အတွင်းသို့ စီးဝင်လျက်ရှိသော ချောင်းကောက်နှင့် မြင်းကျချောင်းများ ပိတ်ဆို့တိမ်ကောပြီး ချောင်းရိုးပြောင်းလဲခြင်းများကြောင့် ချောင်းရိုးများပြန်လည်တူးဖော်ထိန်းသိမ်းပေးရန်   အစီအစဉ် ရှိ၊ မရှိ မေးခွန်းနှင့် စပ်လျဉ်း၍  စိုက်ပျိုးရေး၊ မွေးမြူရေးနှင့် ဆည်မြောင်း ဝန်ကြီးဌာန ဒုတိယဝန်ကြီး ဦးလှကျော် က မန္တလေးတိုင်းဒေသကြီးအစိုးရအဖွဲ့နှင့် ပေါင်းစပ်ညှိနှိုင်းပြီး လုပ်ငန်းများကို အမြန်ဆုံးအကောင် အထည်ဖော်ဆောင်ရွက် ပေးသွားမည်ဖြစ်ပါ ကြောင်း ပြန်လည်ဖြေကြားခဲ့သည်။

 

      (၄)    ဦးတင်ကိုကိုဦး(ခ)ဦးအတွတ်၊ ဘီးလင်းမဲဆန္ဒနယ် မှ မေးမြန်းသော လယ်ယာမြေ ပိုင်ဆိုင်မှု ပုံစံ(၇)များကို မြန်ဆန်စွာနှင့်မှန်ကန်စွာထုတ်ပေးနိုင်ရန်၊ ကုန်ထုတ်လမ်း ဖောက်လုပ်ရာတွင် ညှိနှိုင်းဆောင်ရွက်ရာ၌ အဆင်ပြေချောမွေ့စေရန်နှင့် မြေနုကျွန်း ပြဿနာများကို မြေပုံပေါ်တွင်ဖြေရှင်းနိုင်ရန် ခေတ်မီနည်းစနစ်များအပြင် (Drone) ဖြင့်တိုင်းတာပေးနိုင်ခြင်းရှိ၊ မရှိ မေးခွန်းနှင့်စပ်လျဉ်း၍ စိုက်ပျိုးရေး၊ မွေးမြူရေး နှင့်ဆည်မြောင်းဝန်ကြီးဌာန ဒုတိယဝန်ကြီး ဦးလှကျော် က ဒစ်ဂျစ်တယ်ကွင်း မြေပုံများ ထုတ်လုပ်ခြင်းအပါအဝင် လယ်ယာမြေပိုင်ဆိုင်မှုဇယား ပုံစံ(၇)ထုတ် ပေးခြင်း၊ ကုန်ထုတ်လုပ်ငန်းဖောက်လုပ်ခြင်းနှင့် မြေနုကျွန်းပြဿနာများကို လက်ရှိ အသုံးပြုနေသည့် ခေတ်မီမြေတိုင်းပစ္စည်းများဖြင့် အဆင်ပြေချောမွေ့စွာ ဆောင်ရွက် နိုင်သည့်အခြေအနေ များရှိနေသည့်အတွက် Drone ဖြင့်မြေတိုင်းတာပေးနိုင်ရန် လတ်တလောအစီအစဉ်မရှိသေးပါကြောင်း  ပြန်လည် ဖြေကြားခဲ့သည်။

 

           (၅)    ဦးဖေသန်း၊ မြေပုံမဲဆန္ဒနယ် မှ မေးမြန်းသော တောင်သူလယ်သမားအခွင့်အရေး ကာကွယ်ရေးနှင့် အကျိုးစီးပွားမြှင့်တင်ရေး ဦးဆောင်အဖွဲ့ကို မည်သည့်နေ့ရက်တွင် စတင်ဖွဲ့စည်းခဲ့ပါသနည်း၊ အဆိုပါအဖွဲ့၏ဥပဒေပါ ရည်ရွယ်ချက်များ အောင်မြင်ရေး အတွက် မည်သို့ဆောင်ရွက်လျက်ရှိသည်ကို သိလိုခြင်းမေးခွန်းနှင့်စပ်လျဉ်း၍ စိုက်ပျိုးရေး၊ မွေးမြူရေးနှင့် ဆည်မြောင်း ဝန်ကြီးဌာန ဒုတိယဝန်ကြီး ဦးလှကျော် က တောင်သူလယ်သမား အခွင့်အရေးကာကွယ်ရေးနှင့် အကျိုးစီးပွားမြှင့်တင်ရေး ဦးဆောင်အဖွဲ့ကို အဖွဲ့ခေါင်းဆောင်အဖြစ် နိုင်ငံတော်ဒုတိယသမ္မတ(၂)ကဆောင်ရွက်ပြီး အတွင်းရေးမှူးအဖြစ် ပြည်ထောင်စုဝန်ကြီး၊ စိုက်ပျိုးရေး၊ မွေးမြူရေးနှင့် ဆည်မြောင်းဝန်ကြီးဌာနတို့ပါဝင်သည့် အဖွဲ့ဝင်(၃၈)ဦးဖြင့် ၁၆.၆.၂၀၁၆ ရက်နေ့ တွင် ပြည်ထောင်စုအစိုးရအဖွဲ့၏ အမိန့်ကြော်ငြာစာအမှတ်(၄၈/၂၀၁၆)ဖြင့် ဖွဲ့စည်း ခဲ့ပြီး၊ တောင်သူလယ်သမား အခွင့်အရေးကာကွယ်ရေးနှင့် အကျိုးစီးပွားမြှင့်တင်ရေး ဥပဒေကို ပြင်ဆင်ရေးဆွဲနိုင်ဖို့ ဆောင်ရွက်လျက်ရှိပြီး ပြင်ဆင်ရေးဆွဲပြဋ္ဌာန်းပြီးပါက ဥပဒေနှင့်အညီ တောင်သူများ၏ အကျိုးစီးပွားနှင့် အခွင့်အရေးများကို ဆက်လက် ပိုမိုဆောင်ရွက်ပေးနိုင်ဖို့အတွက် အကောင်အထည်ဖော်ဆောင်ရွက် လျက်ရှိပါကြောင်း  ပြန်လည်ဖြေကြားခဲ့သည်။

 

         (၆)    ဦးကျော်ဌေး၊ လေရှီးမဲဆန္ဒနယ် မှ မေးမြန်းသော လေရှီးမြို့နယ်၊ ကူကီး၊ ကုံကိုင်လုံ၊ ပန်ဆပ်၊ ဖန်သရက်၊ ဟိန်ကွပ်၊ နမိယူပီ အုပ်စုတို့နှင့် ဆွမ္မရာမြို့များရှိ လှေကားထစ် လယ်ကွက်ငယ်များကို ကျွဲ၊ နွား အသုံးပြုနိုင်သည့် လယ်ကွက်များအဖြစ်ချဲ့ပေးရန် အတွက် ရန်ပုံငွေခွင့်ပြုပေးရန် အစီအစဉ်ရှိ၊မရှိမေးခွန်းနှင့်စပ်လျဉ်း၍ စိုက်ပျိုးရေး၊ မွေးမြူရေးနှင့် ဆည်မြောင်းဝန်ကြီးဌာန ဒုတိယဝန်ကြီး ဦးလှကျော် က တိုင်းဒေသကြီးအစိုးရအဖွဲ့နှင့် ပေါင်းစပ်ညှိနှိုင်း အကောင်အထည်ဖော်ဆောင်ရွက် ပေးသွားမည်ဖြစ်ပါကြောင်း ပြန်လည်ဖြေကြားခဲ့သည်။

(ခ)    အရေးကြီးအဆို(၁)ခုတင်သွင်းခြင်း

                   ဦးစိုင်းကျော်မိုး၊ မိုင်းပန်မဲဆန္ဒနယ် က နိုင်ငံတော်အစိုးရအနေဖြင့် ရခိုင်ပြည်နယ် အတွက် လွတ်လပ်သောကော်မရှင်တစ်ခုကို နိုင်ငံတကာမှပုဂ္ဂိုလ်ကြီး တစ်ဦးအပါအဝင် အဖွဲ့ဝင် (၃) ဦးဖြင့် ဖွဲ့စည်းခြင်းနှင့်စပ်လျဉ်း၍ UNSC ကိုယ်စားလှယ် အဖွဲ့၏ အကြံပြုချက်တွင် ပြည်ပအဖွဲ့ဖြင့်စစ်ဆေးခြင်းနှင့် ပြည်တွင်းအဖွဲ့ဖြင့် စစ်ဆေးခြင်းနည်းလမ်းနှစ်သွယ်ပါရှိရာ လွတ်လပ်သောနိုင်ငံတော်၏ အချုပ်အခြာ အာဏာနှင့် နိုင်ငံသားပြည်သူများ၏ ဂုဏ်သိက္ခာကို လေးစားယုံကြည်သောအားဖြင့် ပြည်တွင်းမှ ကျွမ်းကျင်ပညာရှင်များဖြင့်သာ ဖွဲ့စည်းဆောင်ရွက်ရေးကို ပြန်လည် စဉ်းစားဆုံးဖြတ်ပေးရန် ပြည်ထောင်စုအစိုးရအား တိုက်တွန်းကြောင်းအရေးကြီး အဆိုတင်သွင်းပြီး ဦးမောင်မြင့်၊ မင်းကင်းမဲဆန္ဒနယ် က အဆိုကို ထောက်ခံခဲ့သည်။ အဆိုအား ဆက်လက်ဆွေးနွေးရန် လွှတ်တော်ကအတည်ပြုခဲ့သဖြင့် ဆွေးနွေးလိုသော ကိုယ်စားလှယ်များက ၇.၆.၂၀၁၈ ရက် (ကြာသပတေးနေ့) ညနေ ၄ နာရီ နောက်ဆုံး ထား၍ အမည်စာရင်းတင်သွင်းရန်ဖြစ်ပြီး အဆိုကို ၈.၆.၂၀၁၈ ရက်တွင် လွှတ်တော်၌ ဆွေးနွေး မည်ဖြစ်ပါသည်။

(ဂ)    အဆို(၁)ခုတင်သွင်းခြင်း

ဒေါ်ဝင့်ဝါထွန်း၊ ရှားတောမဲဆန္ဒနယ် က  သမဝါယမဦးစီးဌာန၏ မူဝါဒ၊ ရည်မှန်းချက်၊ လုပ်ငန်းစဉ်များကို အောင်မြင်စွာ အကောင်အထည်ဖော်ဆောင်ရွက်နိုင် ရန်အတွက် ပြန်လည်ဆန်းစစ်သုံးသပ်ပြီး လိုအပ်သည့်ပံ့ပိုးမှုများအပါအဝင် ပြုပြင် ပြောင်းလဲမှုများ အား အမြန်ဆုံးအကောင်အထည်ဖော်ဆောင်ရွက်ပေးပါရန် ပြည်ထောင်စုအစိုးရအား တိုက်တွန်း ကြောင်းအဆို တင်သွင်းပြီး ဒေါ်သန္တာ၊ အိမ်မဲမဲဆန္ဒနယ် က အဆိုကို ထောက်ခံခဲ့သည်။ အဆိုအား ဆက်လက်ဆွေးနွေးရန် လွှတ်တော်က အတည်ပြု ခဲ့သဖြင့် ဆွေးနွေးလိုသော ကိုယ်စားလှယ်များက ၇.၆.၂၀၁၈ ရက်(ကြာသပတေးနေ့) ညနေ ၄ နာရီ နောက်ဆုံးထား၍ အမည်စာရင်း တင်သွင်းရန်ဖြစ်သည်။

(ဃ)   ဥပဒေကြမ်း(၁)နှင့်စပ်လျဉ်း၍ လွှတ်တော်၏အဆုံးအဖြတ်ရယူခြင်း

          အမျိုးသားလွှတ်တော်က ပြင်ဆင်ချက်ဖြင့် အတည်ပြု၍ပေးပို့သော အဂတိလိုက်စားမှု တိုက်ဖျက်ရေးဥပဒေကို စတုတ္ထအကြိမ် ပြင်ဆင်သည့်ဥပဒေကြမ်း တစ်ရပ်လုံးကို ပြင်ဆင်ထားသည့် အပိုဒ်၊ အပိုဒ်ခွဲအတိုင်း အတည်ပြုကြောင်းနှင့် ၂၀၁၃ ခုနှစ် ပြည်သူ့ လွှတ်တော်ဆိုင်ရာ နည်းဥပဒေ ၂၀၀ အရ ဆက်လက်ဆောင်ရွက်သွားမည်ဖြစ်ကြောင်း ကြေညာသည်။

၃။       အစည်းအဝေးကို နံနက်(၁၁)နာရီ (၅၀)မိနစ်တွင်ရပ်နားပြီး ဒုတိယအကြိမ် ပြည်သူ့လွှတ်တော် အဋ္ဌမပုံမှန်အစည်းအဝေး (၁၃)ရက်မြောက်နေ့ ကျင်းပမည့်ရက်ကို ၈.၆.၂၀၁၈ ရက် (သောကြာနေ့) နံနက် ၁၀ နာရီတွင် လျာထားပါသည်။