တောင်သူလယ်သမား အခွင့်အရေးကာကွယ်ရေးနှင့် အကျိုးစီးပွားမြှင့်တင်ရေးဥပဒေကို ၈-၁၀-၂၀၁၃ ရက်နေ့ တွင် ပြည်ထောင်စုလွှတ်တော် ဥပဒေအမှတ် ၃၂ ဖြင့် ပြဋ္ဌာန်းခဲ့ပြီး ၁၉-၁၂-၂၀၁၄ ရက်နေ့တွင် ပြည်ထောင်စု လွှတ်တော် ဥပဒေအမှတ် ၄၇ ဖြင့် ဥပဒေကိုပြင်ဆင်ခဲ့ပြီး ၎င်းဥပဒေပုဒ်မ ၄ တွင် ဦးဆောင်အဖွဲ့ကို ဒုတိယသမ္မတတစ်ဦးဦးဆောင်ဖွဲ့စည်းရမည်ဟု ဖော်ပြထားပါကြောင်း၊ ၂၉-၅-၂၀၁၅ ရက်နေ့တွင် လယ်ယာ စိုက်ပျိုးရေးနှင့် ဆည်မြောင်းဝန်ကြီးဌာနမှ တောင်သူ လယ်သမားအခွင့်အရေးကာကွယ်ရေးနှင့် အကျိုးစီးပွား မြှင့်တင်ရေးနည်းဥပဒေကို အမိန့်ကြော်ငြာစာအမှတ် (၁၁/၂၀၁၅)ဖြင့် ထုတ်ပြန်ခဲ့သည့်အတွက် ၎င်းဥပဒေ ကိုပြဋ္ဌာန်းခဲ့သည့်မှာ လေးနှစ်ကျော်၊ နည်းဥပဒေကို ပြဋ္ဌာန်းခဲ့သည်မှ သုံးနှစ်ကျော်ရှိလာပြီ ဖြစ်ပါကြောင်း၊ ဦးဆောင်အဖွဲ့၏ ပုဒ်မ ၅ တွင် လုပ်ငန်းတာဝန် (၁၃)ချက်၊ ပုဒ်မ ၈ တွင် လယ်သမားများ အခွင့်အရေး ရရှိ အောင် ကူညီညှိနှိုင်းပေးရမည့်အချက် ငါးချက်၊ ပုဒ်မ ၉ တွင် တောင်သူလယ်သမားများ အတွက် ဦးဆောင် ပေးရမည့်အခွင့်အရေး အကျိုးစီးပွားငါးချက် စသည့်အချက်များကို ဦးဆောင်အဖွဲ့အနေဖြင့် အပြည့်အဝ အကောင်အထည်ဖော်နိုင်ခဲ့ပြီဆိုပါက ယနေ့လယ်သမားများ၏ ဆင်းရဲဒုက္ခများပြေငြိမ်းနိုင်ပြီဟု ယူဆလို့ရ ပါကြောင်း၊ ဥပဒေပုဒ်မ ၁၁တွင် ဦးဆောင်အဖွဲ့သည် လက်မှုလယ်ယာမှ စက်မှုလယ်ယာသို့ ကူးပြောင်း နိုင်ရေး အတွက် လိုအပ်သောနည်းပညာ၊ အရင်းအနှီး၊ စက်ပစ္စည်းကုန်ကြမ်း အစရှိသည်တို့ကို ညှိနှိုင်းဆက်စပ် ဖြည့်ဆည်းဆောင်ရွက်ပေးရမည်ဟု ဖော်ပြထားပါကြောင်း၊ ဦးဆောင်အဖွဲ့အနေဖြင့် တောင်သူလယ်သမား အခွင့်အရေးကာကွယ်ရေးနှင့်အကျိုးစီးပွား မြှင့်တင်ရေးဥပဒေကို တကယ်တမ်းလိုက်နာကျင့်သုံး အကောင် အထည်ဖော် ဆောင်ရွက်နိုင်မည်ဆိုပါက တောင်သူလယ်သမားများ၏ ဘဝတိုးတက်လာမည်ဟု ယူဆပါ ကြောင်း၊ ထို့ကြောင့်တောင်သူလယ်သမား အခွင့်အရေး ကာကွယ်ရေးနှင့် အကျိုးစီးပွားမြှင့်တင်ရေး ဦးဆောင် အဖွဲ့ကို မည်သည့်နေ့ရက်တွင် စတင်ဖွဲ့စည်း၍ အဆိုပါအဖွဲ့၏ ဥပဒေပါရည်ရွယ်ချက်များ အောင်မြင်ရေး အတွက် မည်သို့ဆောင်ရွက်လျက်ရှိသည်ကို သိလိုပါကြောင်းဖြင့် မေးမြန်းပါသည်။
တောင်သူလယ်သမား အခွင့်အရေးကာကွယ်ရေးနှင့် အကျိုးစီးပွားမြှင့်တင်ရေးဦးဆောင်အဖွဲ့၏ အဖွဲ့ခေါင်း ဆောင် အဖြစ် နိုင်ငံတော်ဒုတိယသမ္မတ(၂)မှ ဆောင်ရွက်ပြီး အတွင်းရေးမှူးအဖြစ် စိုက်ပျိုးရေး၊ မွေးမြူရေးနှင့် ဆည်မြောင်းဝန်ကြီးဌာနမှ ပြည်ထောင်စုဝန်ကြီး တို့ပါဝင်သည့် အဖွဲ့ဝင် ၃၈ ဦးဖြင့် ၁၆-၆-၂၀၁၆ ရက်နေ့တွင် ပြည်ထောင်စုအစိုးရအဖွဲ့၏ အမိန့်ကြော်ငြာစာအမှတ်(၄၈/၂၀၁၆)ဖြင့် ဖွဲ့စည်းခဲ့ပါကြောင်း၊ ရည်ရွယ်ချက်များမှ (က) အရင်းအနှီးရရှိရေး အတွက် တောင်သူလယ်သမားများအား သင့်တင့်သည့်ချေးငွေနှင့် အကူအညီ ပေးရေး အထောက်အကူ ပြုရန့်၊ (ခ) ထုတ်လုပ်မှု တိုးတက်ရန်အတွက် တောင်သူလယ်သမားတွေကို နည်းပညာ၊ သွင်းအားစုနှင့် ထုတ်လုပ်မှုလုပ်ငန်းဆိုင်ရာတို့ကို လွယ်ကူအဆင်ပြေစွာပံ့ပိုးပေးနိုင်ရေး စီမံ ဆောင်ရွက်ရန်၊ (ဂ) လယ်ယာထုတ်ကုန်များ ရောင်းချရာတွင် သင့်တင့်မျှတသည့်ဈေးနှုန်းနှင့် ဈေးကွက် ရရှိရေး အတွက် တောင်သူလယ်သမားကို ကူညီဆောင်ရွက်ရန်၊ (ဃ) လုပ်ကွက်ငယ်တောင်သူ လယ်သမားများ၏ အခွင့်အရေး ကာကွယ်ရေးနှင့် အကျိုးစီးပွားမြှင့်တင်ရေးကို ထိရောက်စွာဆောင်ရွက်ရေးနှင့် (င) သဘာဝဘေးအန္တရာယ် တစ်စုံတစ်ရာကြောင့် ပျက်စီးဆုံးရှုံးမှုများနှင့် ထိခိုက်နစ်နာမှုများအတွက် ကူညီ ထောက်ပံ့မှုများကို အတတ်နိုင်ဆုံး အထောက်အကူပြုပံ့ပိုးရန် တို့ဖြစ်ပါကြောင်း၊ ၎င်းရည်ရွယ်ချက်များ အား အကောင်အထည်ဖော်ဆောင်ရွက်နိုင်ရန်အတွက် ဦးဆောင်အဖွဲ့ကြီးကြပ်မှုဖြင့် တိုင်းဒေသကြီး၊ ပြည်နယ်များ မှာ တိုင်းဒေသကြီး၊ ပြည်နယ်ဝန်ကြီးချုပ်များက ဥက္ကဋ္ဌအဖြစ်ဆောင်ရွက်သည့် လုပ်ငန်းအဖွဲ့များကို ဖွဲ့စည်း ထားပါကြောင်း၊ လုပ်ငန်းများ အကောင်အထည်ဖော် ဆောင်ရွက်ရာတွင် အချိတ်အဆက်မိမိဖြင့် ဆောင်ရွက် နိုင်ရန်အတွက် ဥပဒေပါရည်ရွယ်ချက်နှင့် ထိတွေ့ဆက်စပ်နေသည့် ဝန်ကြီးဌာနများနှင့် လုပ်ငန်းကော်မတီ (၃)ရပ်ကို ဖွဲ့စည်းထားပါကြောင်း၊ ၎င်းတို့မှာစိုက်ပျိုးရေး နည်းပညာ၊ သွင်းအားစုနှင့် ကုန်ထုတ်လုပ်မှုလုပ်မှု ဆိုင်ရာလုပ်ငန်းကော်မတီ၊ မွေးမြူရေးနှင့် ရေလုပ်ငန်း စီမံခန့်ခွဲရေးလုပ်ငန်းကော်မတီနှင့် လယ်ယာထုတ်ကုန် စီမံခန့်ခွဲရေးအဖွဲ့တို့ ဖြစ်ပါကြောင်း၊ အရင်းအနှီးရရှိရေးအတွက် ပြည်နယ်/ တိုင်းဒေသများအလိုက် သီးနှံများ စိုက်ပျိုးစရိတ်အတွက် မြန်မာ့လယ်ယာဖွံ့ဖြိုးရေးဘဏ်မှ ချေးငွေများထုတ်ပေးခြင်း၊ ထုတ်လုပ်ရေး သမဝါယမ အသင်းမှအသေးစားအရင်းအနှီးချေးငွေများ ထုတ်ချေးပေးခြင်းလုပ်ငန်းနှင့် လက်မှုလယ်ယာမှ စက်မှုလယ်ယာ ကူးပြောင်းရန်အတွက် လယ်ယာမြေ အဆင့်မြှင့်တင်ခြင်းလုပ်ငန်းများ အတွက် ချေးငွေများ ထုတ်ချေးပေးခြင်း လုပ်ငန်းများကို ဆောင်ရွက်လျက်ရှိပါကြောင်း၊ တောင်သူလယ်သမား များ ရာသီအချိန်မီချေးငွေရရှိရေးနှင့် လုပ်ငန်းခွင်တွေမှာ ထိထိရောက်ရောက် သုံးစွဲနိုင်ရန်အတွက် သက်ဆိုင်ရာကော်မတီများမှ တိုင်းဒေသကြီး လုပ်ငန်းအဖွဲ့များနှင့် ချိတ်ဆက်ဆောင်ရွက်လျက်ရှိပါကြောင်း၊ စိုက်ပျိုးထုတ်လုပ်မှုအပိုင်းတွင် ကောင်းမွန် သည့် စိုက်ပျိုးရေးဆိုင်ရာ အလေ့အကျင့်ကောင်းများ (GAP-Good Agriculture Practices) ပညာပေး လုပ်ငန်းများ၊ ဓာတ်မြေသြဇာ၊ ပိုးသတ်ဆေးအသုံးပြုမှုနှင့် ပတ်သက်ပြီး ပညာပေးလုပ်ငန်းများနှင့် ထုတ်လုပ် ဖြန့်ဖြူးမှုများကို ဥပဒေနှင့်အညီဖြစ်စေရေး လုပ်ငန်းများ၊ မျိုးစေ့ကုန်ကျမှုနှင့် စိုက်ပျိုးရေလိုအပ်မှုကို သိသာစွာ လျှော့ချနိုင်မည့် စပါးသီးနှံအပါအဝင် စိုက်ပျိုးရေးပညာပေးလုပ်ငန်းများ၊ လုပ်ကွက်ငယ် တောင်သူလယ်သမား များကို လက်တွန်းထွန်စက်နှင့် ထွန်စက်ကြီးများကို နှစ်နှစ်၊ သုံးရစ်ဆပ်စနစ်ဖြင့် ရောင်းချပေးခြင်းလုပ်ငန်းများ ၊မောင်းနှင်ရေးသင်တန်းနှင့် ပြင်ဆင်သင်တန်းပေးခြင်းလုပ်ငန်းများ အပါအဝင် အောင်မြင်စွာဆောင်ရွက်လျက် ရှိသည့် ငါးမွေးမြူရေးကန်များကို ၂၀၁၂ ခုနှစ်၊ လယ်ယာမြေဥပဒေနှင့်အညီ စိစစ်ပြီး လုပ်ပိုင်ခွင့်တရားဝင် ရရှိရေးလုပ်ငန်းများကို သက်ဆိုင်ရာကော်မတီများက တိုင်းဒေသကြီးလုပ်ငန်းအဖွဲ့များနှင့် ချိတ်ဆက် ဆောင်ရွက်ပေးလျက်ရှိပါကြောင်း၊ လယ်ယာထွက်ကုန်များရောင်းချရာ သင့်တင့်မျှတသည့်ဈေးနှုန်းနှင့် တောင်သူလယ်သမားများကို ကူညီဆောင်ရွက်ပေးရန် ရည်ရွယ်ချက်နှင့်အညီ သမားရိုးကျ စိုက်ပျိုး နည်းစနစ်မှ တောင်သူများအကျိုးဖြစ်ထွန်းစေမည့် Profitable Agriculture System ကို ကူးပြောင်း နိုင်ရေး ဆောင်ရွက်ပေးလျက်ရှိပါကြောင်း၊ သီးနှံအထွက်တိုးရုံမက စီးပွားရေးတွက်ချေကိုက်မှုရှိစေရန် အတွက် လိုအပ် သည့်သီးနှံများ၏ ပြည်တွင်းပြည်ပဈေးကွက်ဆိုင်ရာ သတင်းအချက်အလက်များ အချိန်နှင့်တပြေးညီ သိရှိနိုင် ရေးအတွက် စီမံဆောင်ရွက်ပေးလျက်ရှိပါကြောင်း၊ မိမိတို့ဝန်ကြီးဌာနမှာ ဈေးနှုန်းသတင်းအချက်အလက် စုစည်းရေးဌာနကိုဖွဲ့စည်းပြီး တိုင်းဒေသကြီး၊ ပြည်နယ်အသီးသီးမှ ဈေးကွက် သတင်းအချက်အလက်များ ကောက်ယူပြီး၊ မြေပြင်ဈေးကွက်သတင်းများရရှိရေးထုတ်ပြန် ဆောင်ရွက်ပေးလျက်ရှိပါကြောင်း၊ အထူးသဖြင့် စပါးစိုက်တောင်သူများ ဝင်ငွေနှင့် အကျိုးစီးပွားအာမခံချက်ရရှိစေဖို့ရည်ရွယ်ပြီး မြန်မာနိုင်ငံဆန်စပါးအသင်း ချုပ် မှ ၂၀၁၈ ခုနှစ်၊ နွေစပါးရာသီတွင် စိုက်ပျိုးထုတ်လုပ်သည့် စပါးသီးနှံမှအစပြုပြီး အခြေခံရည်ညွှန်း စပါး ဈေးနှုန်းကို တင်း ၁၀၀ လျှင် ကျပ် ၅ သိန်းနှုန်းဖြင့် သတ်မှတ်ကြောင်းကို ၆-၃-၂၀၁၈ ရက်နေ့တွင် ကျင်းပပြုလုပ်ခဲ့သည့် မြန်မာ့ဆန်စပါး ကဏ္ဍဖွံ့ဖြိုးရေးနှီးနှောဖလှယ်ပွဲများတွင် အတိအလင်းထုတ်ပြန် ကြေငြာ ပေးခဲ့ပြီး ဖြစ်ပါကြောင်း၊ လုပ်ကွက်ငယ်တောင်သူ လယ်သမားများနှင့် အဓိက ဆက်စပ်နေသည့်၂၀၁၂ ခုနှစ် လယ်ယာမြေဥပဒေကို ကျင့်သုံးဆောင်ရွက်နိုင်ရန်အတွက် လယ်ယာမြေစီမံခန့်ခွဲမှု အဖွဲ့အဆင့်ဆင့်မှ အလျဉ်း သင့်သည့် အခါတိုင်းတွင် အသိပေးဆောင်ရွက်မှုများ ထုတ်ပြန်ပေးလျက်ရှိပါကြောင်း၊ တောင်သူလယ်သမား အကျိုးစီးပွားကာကွယ်ရေးဥပဒေသည် လုပ်ကွက်ငယ်တောင်သူလယ်သမားများကို အဓိက ဦးတည်ပြဋ္ဌာန်း သည့်အတွက် ဥပဒေပါတောင်သူများ အကျိုးခံစားခွင့်များအတွက် သက်ဆိုင်ရာဌာန၊ အဖွဲ့အစည်းများနှင့် ချိတ်ဆက် ဆောင်ရွက်ပေးလျက်ရှိနေပြီ ဖြစ်ပါကြောင်း၊ သိမ်းဆည်းမြေများ ပြန်လည်ရရှိရန် ပြန်လည်အပ်နှံ သည့်အပေါ် မူလပိုင်ရှင်များ အမှန်တကယ်ရရှိရန်အတွက် ချမှတ်ထားသည့် မူဝါဒ၊ လုပ်ငန်းများနှင့်အညီ ဆောင်ရွက်ပေးခြင်းလုပ်ငန်းများကို သက်ဆိုင်ရာ ဝန်ကြီးဌာန၊ အဖွဲ့အစည်းများနှင့် ဆက်စပ်ဆောင်ရွက်ပေး လျက်ရှိပါကြောင်း၊ သဘာဝဘေးအန္တရာယ်တစ်စုံတစ်ရာကြောင့် ပျက်စီးဆုံးရှုံးမှုများနှင့် ထိခိုက်နစ်နာမှုများ အတွက် ကူညီထောက်ပံ့ပေးမှုများကို အတတ်နိုင်ဆုံးအထောက်အကူပြုပံ့ပိုးရန် ရည်ရွယ်ချက် နှင့်အညီ စီမံကိန်းနှင့်ဘဏ္ဍာရေးဝန်ကြီးဌာနမှ သီးနှံအာမခံစနစ် အကောင်အထည်ဖော်နိုင်ရန်အတွက် သက်ဆိုင်ရာ ဌာန၊ အဖွဲ့အစည်းများနှင့် ဆက်စပ်ညှိနှိုင်းဆောင်ရွက်လျက်ရှိပါကြောင်း၊ သဘာဝဘေးအန္တရာယ်ကြောင့် သီးနှံပျက်စီးမှုကို သင့်တင့်မျှတသည့်နှုန်းထားနှင့် ကျပ် ၄.၆၆ ဘီလီယံကို ယခင်နှစ်က ထောက်ပံ့ပေးခဲ့ပြီး ဖြစ်ပါကြောင်း၊ ယခုအခါ တောင်သူလယ်သမား အခွင့်အရေး ကာကွယ်ရေးနှင့် အကျိုးစီးပွားမြှင့်တင်ရေး ဥပဒေကို ပြင်ဆင်ရေးဆွဲနိုင်ရန် ဆောင်ရွက်လျက်ရှိပြီး ပြင်ဆင်ရေးဆွဲပြဋ္ဌာန်းပြီးပါက ဥပဒေနှင့်အညီ တောင်သူ များ၏အကျိုးစီးပွားနှင့် အခွင့်အရေးများ ရှေ့ကိုဆက်လက် ပိုမိုဆောင်ရွက်ပေးနိုင်ရန်အတွက် အကောင်အထည်ဖော် ဆောင်ရွက်လျက်ရှိပါကြောင်း ပြန်လည်ဖြေကြားခဲ့ပါသည်။
ဦးဖေသန်း(မြေပုံမဲဆန္ဒနယ်)မှ ဆက်စပ်မေးခွန်းမေးမြန်းပါသည်။
ရိတ်သိမ်းခြွေလှေ့စက်များ၊ ထွန်စက်များကို ထောက်ပံ့ပေးပြီး အရစ်ကျစနစ်နှင့် ပြန်ပြီးဆပ်ခိုင်းသည်ဟု ကြား သိရသည့်အတွက် လယ်သမားများမှ စိတ်ဝင်စား၍ ၎င်းအခွင့်အရေးကို ရယူချင်ကြပါကြောင်း၊ ၎င်းလုပ်ငန်း များ၊ လယ်ယာကုန်ထုတ်ပစ္စည်းများကို တစ်နိုင်ငံလုံးအတိုင်းအတာဖြင့် ဘယ်လောက်ထိ ကျယ်ကျယ်ပြန့်ပြန့် လုပ်နိုင်၍ အရေအတွက်အားဖြင့် မည်မျှထုတ်ပေးနိုင်ခဲ့သည်ကို သိလိုပါကြောင်း၊ ယခုအချိန်တွင် အခက်အခဲ ရှိမည်ဆိုသည်ကို မိမိ နားလည်ပါကြောင်း၊ တစ်ပြည်လုံးအနှံ့အပြားသို့ မရောက်သေးသည်ဆိုသည်ကို နားလည်ပါကြောင်း၊ လယ်သမားများအတွက် ၎င်းအကူအညီ အထောက်အပံ့များရအောင် ရှေ့ဆက်ပြီး မည်ကဲ့သို့ ၎င်းကုန်ထုတ်ပစ္စည်းများကို ထပ်ပြီး ဖြန့်ဝေသွားမည်နည်းနှင့် တောင်သူလယ်သမား အပေါ်တွင် မည်သို့ အရစ်ကျစနစ်ဖြင့်ထုတ်ပေးသွားမည်ကို သိလိုပါကြောင်းဖြင့် ဆက်စပ်မေးခွန်းအား မေးမြန်းသွား ပါသည်။
စိုက်ပျိုးရေး၊မွေးမြူရေးနှင့်ဆည်မြောင်းဝန်ကြီးဌာန၊ဒုတိယဝန်ကြီးဦးလှကျော်
တစ်နိုင်ငံလုံးအတိုင်းအတာအရ တောင်သူလယ်သမားများအတွက် လယ်ယာသုံးစက်ကိရိယာများ ဖြန့်ဖြူးပေး နိုင်သည့်အခြေအနေကို သီးခြားစာဖြင့်လွှတ်တော် ကိုယ်စားလှယ်ကြီးဆီသို့ အသေးစိတ်ပြန်ကြားပေးမည် ဖြစ်ပါကြောင်းနှင့် လုပ်ငန်းကို ကျယ်ပြန့်စွာ ဆောင်ရွက်သွားနိုင်ရန်အတွက် နိုင်ငံတော်အစိုးရ၏ တစ်ဦးတည်း အားနှင့်မရသည့်အတွက် ပုဂ္ဂလိကအဖွဲ့အစည်းများနှင့် ပူးပေါင်းဆောင်ရွက်မှုအား မြှင့်တင်ဆောင်ရွက်သွားရန် အကောင်အထည်ဖော်လျက်ရှိပါကြောင်းဖြင့် ဆက်စပ်မေးခွန်းအား ပြန်လည်ဖြေကြားခဲ့ပါသည်။
