လေရှီးမြို့နယ်၊ ကူကီး၊ ကုံကိုင်လုံ၊ ပန်ဆပ်၊ ဖန်သရက်၊ ဟိန်ကွပ်၊ နမိယူပီအုပ်စုတို့နှင့် ဆွမ္မရာမြို့များရှိ လှေကားထစ်လယ်ကွက်ငယ်များကို ကျွဲ၊ နွား အသုံးပြုနိုင်သည့် လယ်ကွက်များအဖြစ် ချဲ့ပေးရန်အတွက် ရန်ပုံငွေခွင့်ပြုပေးရန် အစီအစဉ်ရှိ/မရှိနှင့် စပ်လျဉ်းသည့်မေးခွန်း
နာဂကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ၊ လေရှီးမြို့နယ်ရှိ နမိယူပီအုပ်စု၊ ကူကီးအုပ်စု၊ ကုံကိုင်လုံအုပ်စု၊ ပန်ဆပ်အုပ်စု၊ ဖန်သရက်အုပ်စု၊ ဟိန်ကွပ်အုပ်စုနှင့် ဆွမ္မရာမြို့များသည် လွန်ခဲ့တဲ့နှစ်ပေါင်း လှေကားထစ်လယ်ယာလုပ်ငန်းများကို အသက်မွေး ဝမ်းကျောင်းတစ်ခုအဖြစ် လုပ်ကိုင်ဆောင်ရွက်ရာလျက်ရှိရာ ပထဝီအနေအထားအရ လယ်ကွက်ငယ်လေးဖြစ်သည့်အတွက် တောင်စောင်းများတွင် တစ်ပိုင်တစ်နိုင် လူလုပ်အားဖြင့်သာ တူးဖော်ခြင်းရပြီး ကျွဲ၊ နွားများ အသုံးပြုလို့မရပါကြောင်း၊ ထို့ကြောင့် ပေါက်တူး၊ ပေါက်ပြားများကို အသုံးပြု၍ လူလုပ်အားဖြင့်သာ ထွန်ယက်စိုက်ပျိုးကြရသည့်အခြေအနေရှိပါကြောင်း၊
ဒေသ၏ ရာသီဥတုအခြေအနေအရ စပါးတစ်သီးစားစိုက်ရန် အနည်းဆုံး နှစ်ခါပေါက် ရှင်းရပါကြောင်း၊ နှစ်ပတ်လည်အောင် အလုပ်လက်နှင့် မကွာ ကြိုးစားလုပ် ကိုင်သော်လည်း ဝမ်းစာဖူလုံမှုမရှိဘဲ ဆင်းရဲစွာ နေကြရပါကြောင်း၊ ယခုတိုးတက်လာသည့် ခေတ်တွင် စက်ယန္တရား၊ ကျွဲ၊ နွားများ အသုံးပြုနိုင်သည့် တောင်သူဦးကြီးများသည် အချိန်တိုအတွင်းမှာ ဧကပေါင်းများစွာ ထွန်ယက် စိုက်ပျိုးနိုင်ပြီးတော့ လူမှုစီးပွားဘဝ ဖွံ့ဖြိုးတိုးတက်လျက်ရှိနေသည်ကို တွေ့ရှိရပါကြောင်း၊
ထို့ကြောင့် တိုးတက်လာသည့် ခေတ်ရေစီးကြောင်းနှင့်အညီ လူလုပ်အားဖြင့်သာ ထွန်ယက်စိုက်ပျိုးနေသည့် ဘဝမှ ကျွဲ၊ နွား အစားထိုး ထွန်ယက်စိုက်ပျိုးနိုင်သည့် အဆင့် အထိ တိုးမြှင့်ပြောင်းလဲ အသက်မွေးဝမ်းကျောင်းပြုနိုင်ရန် လေရှီးမြို့နယ်၊ ကူကီး၊ ကုံကိုင်လုံ၊ ပန်ဆပ်၊ ဖန်သရက်၊ ဟိန်ကွပ်၊ နမိယူပီအုပ်စုတို့နှင့် ဆွမ္မရာမြို့များရှိ လှေကားထစ်လယ်ကွက်ငယ်များကို ကျွဲ၊ နွား အသုံးပြုနိုင်သည့် လယ်ကွက်များအဖြစ် ချဲ့ပေးရန်အတွက် ရန်ပုံငွေခွင့်ပြုပေးရန် အစီအစဉ်ရှိ/မရှိ မေးမြန်းပါသည်။
စိုက်ပျိုးရေး၊ မွေးမြူရေးနှင့် ဆည်မြောင်းဝန်ကြီးဌာနအောက်မှာရှိတဲ့ စက်မှု လယ်ယာဦးစီးဌာန အနေဖြင့် ၂၀၀၂-၂၀၀၃ ဘဏ္ဍာရေးနှစ်ကစပြီး ရှမ်းပြည်နယ်နှင့် ချင်းပြည်နယ်တို့မှာ ကုန်းမြင့် လှေကားထစ်လယ်ယာမြေများ ပြောင်းလဲဖော်ထုတ်နိုင်ဖို့အတွက် ကုန်းမြင့်လယ်ယာမြေ ဖော်ထုတ်ရေး စီမံကိန်းရုံး(၄)ရုံးကို ဖွင့်လှစ်ဆောင်ရွက်ခဲ့ပါကြောင်း၊ ကုန်းမြင့်လယ်ယာ ဖော်ထုတ်ရေးစီမံကိန်းရုံးများကို ဒေသလိုအပ်ချက်နှင့်လျော်ညီစွာ ထိထိရောက်ရောက် စီမံခန့်ခွဲဆောင်ရွက်သွားနိုင်ရန် ၂၀၁၃-၂၀၁၄ ဘဏ္ဍာရေးနှစ်ကစပြီး ကုန်းမြင့်လယ်ယာမြေ ဖော်ထုတ်ခြင်းလုပ်ငန်းနှင့် လှေကားထစ်မြေယာဖော်ထုတ်ခြင်းလုပ်ငန်းတွေကို သက်ဆိုင်ရာ ပြည်နယ်/ တိုင်းဒေသကြီးများ၏ ရန်ပုံငွေနှင့် ဆောင်ရွက်ခဲ့သလို စက်မှုလယ်ယာ ဦးစီးဌာနအနေဖြင့် လိုအပ်သည့် ကျွမ်းကျင်မှု၊ နည်းပညာများနှင့် ပူးပေါင်းအကောင်အထည်ဖော် ဆောင်ရွက်ပေးလျက်ရှိပါကြောင်း၊
စစ်ကိုင်းတိုင်းဒေသကြီးအစိုးရအဖွဲ့အနေဖြင့် လေရှီးမြို့နယ်၊ ကူကီး၊ ကုံကိုင်လုံ၊ ပန်ဆပ်၊ ဖွန်သရက်၊ ဟိန်ကွတ်၊ နမိယူပီကျေးရွာအုပ်စုများနဲ့ ဆွမ္မရာမြို့များမှာ စက်မှု လယ်ယာဦးစီးဌာန၊ စိုက်ပျိုးရေးဦးစီးဌာန၊ လယ်ယာမြေစီမံခန့်ခွဲရေးနှင့် စာရင်းအင်းဦးစီးဌာန၊ ဆည်မြောင်းဦးစီးဌာနတို့နှင့် အတူ ကွင်းဆင်းစိစစ်တိုင်းတာပြီး လူလုပ်အားဖြင့် တစ်ပိုင်တစ်နိုင် တူးဖော်ထားသည့် လယ်ကွက်များကို စက်ယန္တရား၊ ကျွဲ၊ နွားများအသုံးပြုပြီး ထွန်ယက်စိုက်ပျိုးနိုင်ရန် အသေးစိတ်တွက်ချက်မှုများနှင့်အတူ အနီးစပ်ဆုံး ဘဏ္ဍာရေး နှစတွင် ရန်ပုံငွေတင်ပြတောင်းခံ စီမံဆောင်ရွက်ပေးသွားရန် အစီအစဉ် လုပ်ကိုင်ပြီးဖြစ်ပါကြောင်း၊
နာဂကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ စီမံကိန်းဦးစီးရုံး၊ လဟယ်မြို့၏ ၂၀၁၈-၂၀၁၉ ဘဏ္ဍာရေးနှစ် ဒေသန္တရစီမံကိန်းရေးဆွဲရေးတွင်လည်း အမြန်ဖွံ့ဖြိုးတိုးတက်ရရှိနိုငသည့် လုပ်ငန်းစီမံကိန်း အစီအစဉ်အရ လှေကားထစ် လယ်ယာမြေအသစ် ဧက ၄၆၀ ကို ထပ်မံချဲ့ထွင်ခြင်း၊ ရန်နွေးနှင့် ထိန်ဖာရံကျေးရွာနှစ်ရွာက လှေကားထစ်လယ်ယာမြေဧက ၁၁၀ အသစ်ဖော်ထုတ်နိုငရန် လုပ်ငန်းများ စိစစ်လျာထား ပြီးဖြစ်ပါကြောင်း၊ တိုင်းဒေသကြီးအစိုးရအဖွဲ့အနေဖြင့် ရန်ပုံငွေခွဲဝေရရှိမည်ဆိုပါက စက်မှုလယ်ယာ ဦးစီးဌာနမှ နည်းပညာအကူအညီများနဲ့ ပံ့ပိုးဆောင်ရွက်ပေးသွားမှာဖြစ်ပါကြောင်း၊
ထို့ကြောင့် လူလုပ်အားဖြင့်သာ ထွန်ယက်စိုက်ပျိုးနေရာမှ ကျွဲ၊ နွား အစားထိုးထွန်ယက်သည့် အဆင့်ကို တိုးမြှင့်ပြောင်းလဲလုပ်ကိုင် အသက်မွေးဝမ်းကျောင်းပြုနိုင်ရေးအတွက် စိုက်ပျိုးရေး၊ မွေးမြူရေးနှင့် ဆည်မြောင်းဝန်ကြီးဌာနအနေဖြင့် တိုင်းဒေသကြီးအစိုးရအဖွဲ့နှင့် ပေါင်းစပ်ညှိနှိုင်း အကောင်အထည်ဖော်ဆောင်ရွက်ပေးသွားမည်ဖြစ်ပါကြောင်း ပြန်လည်ဖြေကြားပါသည်။
