(ဂ)-ပျော်ဘွယ်မြို့နယ်အတွင်းမှ သာစည်မြို့နယ်၊ မင်းလှကန်အတွင်းသို့ စီးဝင်လျက်ရှိသော ချောင်းကောက် နှင့် မြင်းကျချောင်းများတိမ်ကောပြီး ချောင်းရိုးပြောင်းလဲခြင်းများကြောင့် ချောင်းရိုးများ ပြန်လည်တူးဖော်ပေးရန် အစီအစဉ်ရှိ/မရှိနှင့်စပ်လျဉ်းသည့်မေးခွန်း

ဒုတိယအကြိမ် ပြည်သူ့လွှတ်တော် အဋ္ဌမပုံမှန်အစည်းအဝေး (၁၂) ရက်မြောက်နေ့ (၆.၆.၂၀၁၈)

ပျော်ဘွယ်မြို့နယ်အတွင်းမှ သာစည်မြို့နယ်၊ မင်းလှကန်အတွင်းသို့ စီးဝင်လျက်ရှိသော ချောင်းကောက် နှင့် မြင်းကျချောင်းများ ပိတ်ဆို့တိမ်ကောပြီး ချောင်းရိုးပြောင်းလဲခြင်းများကြောင့် ချောင်းရိုးများ ပြန်လည်တူးဖော်ထိန်းသိမ်းပေးရန် အစီအစဉ်ရှိ/မရှိနှင့်စပ်လျဉ်းသည့်မေးခွန်း

မန္တလေးတိုင်းဒေသကြီး၊ ပျော်ဘွယ်မြို့နယ်အတွင်း ၂၀၁၇ ခုနှစ်၊ စက်တင်ဘာလ ၆ ရက်နေ့ မနက် ၂ နာရီမှ  ၅ နာရီခွဲအတွင်း မိုးရေချိန်လက်မသုံးလက်မကျော် ရွာသွန်းခဲ့သည့်အတွက် ဧကရာဇ်ကုန်း ကျေးရွာအုပ်စု၊ ဧကရာဇ်ကုန်းကျေးရွာ၊ ရွာသစ်ကျေးရွာ၊ ဘုမကုန်းကျေးရွာနှင့် ရေလည်ကွေ့ ကျေးရွာများရှိ အဆောက်အဦများ၊ စိုက်ခင်းများ  ရေကြီးနစ်မြုပ်မှုဖြစ်ပေါ်ခဲ့ပါကြောင်း၊ ရေကြီးနစ်မြုပ် ရသည့် ကျေးရွာများသည် ပျော်ဘွယ်မြို့နယ်၊ မြောက်ဘက်က မိတ္ထီလာမြို့နယ်နှင့် အ‌ရှေ့ဘက်က သာစည်မြို့နယ် ဖြစ်ပါကြောင်း၊

ရေကြီးရသည့်အကြောင်းအရင်းကို မြို့နယ်ဆည်မြောင်းဦးစီးဌာနမှတာဝန်ရှိသူများ၊ ကျေးရွာ အုပ်ချုပ်ရေးမှူးများနှင့် ရပ်မိရပ်ဖများ ကွင်းဆင်းစစ်ဆေးသည့်အခါ ပျော်ဘွယ်မြို့နယ်နှင့် မိတ္ထီလာ မြို့နယ်စပ်မှ သာစည်-မင်းလှကန်ထဲကိုစီးဝင်သွားသော ချောင်းကောက်ချောင်းနှင့် မြင်းကျချောင်း များသည် ပျော်ဘွယ်မြို့နယ်အတွင်းရှိ ဧကရာဇ်ကုန်းကျေးရွာအုပ်စုက ဧကရာဇ်ကုန်းကျေးရွာ၊ ရွာသစ်ကျေးရွာ၊ ဘုမကုန်းကျေးရွာနှင့် ရေလည်ကွေ့ကျေးရွာများအနီးတွင် ဖြတ်သန်းစီးဆင်းလျက် ရှိပါကြောင်း၊ အဆိုပါချောင်းများသည် သစ်ပင်၊ ခြုံနွယ်များ ပိတ်ဆို့ပြီး ချောင်းရိုးတိမ်ကောသွားခြင်း၊ မူလရေကြောင်းပြောင်းလဲမှုကြောင့် အချိန်တိုအတွင်း မိုးရေချိန်လက်မ မြောက်မြားစွာ ရွာသွန်းလာသည့်အခါ အထက်တွင်ရှိသည့်ချောင်းကောက်ဆည်နှင့် ရေလျှံကန်ကျိုးပေါက်ပြီး ကျေးရွာ စိုက်ခင်းများနှင့် ရွာအတွင်း ရေများစီးဝင်ပြီး နစ်မြုပ်ရခြင်းဖြစ်ပါကြောင်း၊

ဆည်မြောင်းဦးစီးဌာနနှင့် ပဏာမတိုင်းတာမှုအရ ၎င်းချောင်းရိုးကိုပြန်လည်ပြုပြင်မည်ဆိုပါက တင်ပြပါ အတိုင်း ချောင်းကောက်ဝီယာမှ မင်းလှကန်ထိ ချောင်းကောက်ချောင်းကို ကိုက် ၁၇၀၀၀ ခန့်နှင့် မြင်းကျချောင်းကို ကိုက် ၁၂၀၀၀ ခန့် ပြန်လည်တူးဖော်ရမည်ဖြစ်ပါကြောင်း၊ ချောင်းရိုးများ တိမ်ကောပိတ်ဆို့ပြီး ချောင်းများပြောင်းလဲနေသည့်အတွက် ပုံမှန်မဟုတ်သော မိုးရွာသွန်းမှု၊ ရာသီဥတု ဖောက်ပြန်မှုများနှင့် မိုးရွာသွန်းမှုများလာတိုင်း ကျေးရွာများရေနစ်မြုပ်မှုဒဏ်ကို ခံစားဖြစ်ပေါ်ရမည် ဖြစ်သည့်အတွက် ကျေးရွာများ၊ စိုက်ခင်းများ ရေကြီးနစ်မြုပ်ခြင်းမှကင်းဝေးရန်အတွက် တင်ပြပါ ချောင်းနှစ်ချောင်းတိမ်ကောပိတ်ဆို့ပြောင်းလဲမှုကို ဆည်ယူထိန်းသိမ်းရေး သို့မဟုတ် အခြားနည်းလမ်း တစ်ခုဖြင့် ကာကွယ်ရေးဆောင်ရွက်ပေးနိုင်ပါရန်  တင်ပြပါကြောင်းနှင့် ပျော်ဘွယ်မြို့နယ်အတွင်းမှ သာစည်မြို့နယ်၊ မင်းလှကန်အတွင်းသို့ စီးဝင်လျက်ရှိသော ချောင်းကောက်ချောင်းနှင့် မြင်းကျ ချာင်းများ ပိတ်ဆို့တိမ်ကောပြီး ချောင်းရိုးပြောင်းလဲခြင်းကြောင့် ကျေးရွာများရေကြီးနစ်မြုပ်မှု ဘေးအန္တရာယ် ဖြစ်ပေါ်လျက်ရှိသဖြင့် အဆိုပါရေဘေးအန္တရာယ်မှ ကာကွယ်‌ရေးအတွက် ချောင်းရိုး များ ပြန်လည်တူးဖော်ထိန်းသိမ်းပေးရန် အစီအစဉ်ရှိ/မရှိနှင့် ဆောင်ရွက်ရန်ရှိပါက မည်သည်‌့ကာလ တွင် ဆောင်ရွက်နိုင်မည်၊ ဆောင်ရွက်ရန်မရှိပါက ရေကြီးနစ်မြုပ်မှုဘေးအန္တရာယ်မှ  မည်သို့ကာကွယ် ပေးနိုင်မည်ကို သိရှိလိုပါကြောင်း မေးမြန်းပါသည်။


ဖြေကြားသူ
စိုက်ပျိုးရေး၊ မွေးမြူရေးနှင့် ဆည်မြောင်းဝန်ကြီးဌာန၊ ဒုတိယဝန်ကြီး ဦးလှကျော်
အဖြေ

မန္တလေးတိုင်းဒေသကြီး၊ ပျော်ဘွယ်မြို့နယ်တွင် လွန်ခဲ့သည့် ၂၀၁၇ ခုနှစ် စက်တင်ဘာလ ၂၆ ရက်နေ့ နံနက်ပိုင်းက ရွာသွန်းသည့်မိုးရေချိန်သည်  သုံးလက်မကျော် ရှိခဲ့ပါကြောင်း၊ ဒေသရှိ  ဧကရာဇ်ကုန်း ကျေးရွာ၊ ရွာသစ်ကျေးရွာ၊ ဘုမကုန်းကျေးရွာနှင့် ရေလည်ကွေ့ကျေးရွာတို့တွင် ရေကြီးနစ်မြုပ်မှုများ ဖြစ်ပေါ်ခဲ့မှုရှိခဲ့သည့်အပြင် ချောင်းကောက်တမံတွင် ၂၀၁၇ ခုနှစ် စက်တင်ဘာလအတွင်း မိုးရေချိန် စုစုပေါင်း ၆.၇၃ လက်မ ရွာသွန်းခဲ့သည့်အတွက် ရေပိုလွှဲမှ အများဆုံး နှစ်ပေအထိ ရေကျော်မှုနှင့် တစ်ဆက်တည်း အောက်တိုဘာလတွင် မိုးရေချိန်စုစုပေါင်း ၉.၃၈ လက်မ ရှိခဲ့သည့်အလျောက် ရေပိုလွှဲမှ အများဆုံး ၃.၇ ပေအထိ ရေကျော်မှုရှိခဲ့ပါကြောင်း၊ ချောင်းကောက်တမံမှ ပိုလျှံရေများသည် ချောင်းကောက်ချောင်းအတွင်းစီးပြီး ပျော်ဘွယ်မြို့နယ်၊ သာယာကုန်းကျေးရွာအနီးက မြင်းကျချောင်း နှင့် ပေါင်းဆုံပြီးနောက် ချောင်းရေအလုံးအရင်းဖြင့် စီးဆင်းလာသည့်အတွက် ကျေးရွာများ ရေကြီး နစ်မြုပ်ကြခြင်း ဖြစ်ခဲ့ပါကြောင်း၊

ချောင်းကောက်ချောင်းသည် ရေစီးကောင်းသည့်ချောင်းတစ်ချောင်းဖြစ်ပါကြောင်း၊ မူလချောင်းဟောင်း တွင် သစ်ပင်၊ ခြုံနွယ်များ ပိတ်ဆို့နေခြင်း၊ ချောင်းအတွင်း သဲနုန်းပို့ချမှုနှင့်အတူ ချောင်းတိမ်ကော နေခြင်းတို့ကြောင့်လည်း ကျေးရွာများရေကြီးနစ်မြုပ်မှု ဖြစ်ပေါ်ခဲ့ရခြင်းဖြစ်ပါကြောင်း၊ မူလရေလမ်း ကြောင်းအတိုင်း ပြောင်းလဲစီးဆင်းရန်အတွက် ချောင်းကောက်ရေလွှဲဆည်မှ ညောင်ရမ်း-မင်းလှကန် အထိ ရေလမ်းကြောင်းတစ်လျှောက် သဲနုန်းထူထပ်သည့်နေရာများကို သဲနုန်းတူးဖော်ခြင်း၊ သစ်ပင်၊ ခြုံနွယ်များ ရှင်းလင်းခြင်း၊ လက်ရှိစီးဆင်းနေသည့် လမ်းကြောင်းများတွင် ထပ်မံမစီးဆင်းနိုင်ရန် အတွက် ခိုင်ခံ့သည့်ရေတားနံရံများ တည်ဆောက်ပေးခြင်းလုပ်ငန်းများကို အကောင်အထည်ဖော် ပေးရန် လိုအပ်ချက် ရှိပါကြောင်း၊

အဆိုပါလုပ်ငန်းများ ဆောင်ရွက်ပေးနိုင်မည်ဆိုပါက ဧကရာဇ်ကုန်းကျေးရွာအုပ်စုကို ရေဝင်ရောက်မှု မရှိတော့ဘဲ သာစည်မြို့နယ်၊ ညောင်ရမ်းရွာ၊ အင်းရွာနှင့် ဆင်ဝင်ကျေးရွာများက ချောင်းရေများသည် ညောင်ရမ်း-မင်းလှကန်အတွင်းကို စီးဝင်သွားမည်ဖြစ်ပါကြောင်း၊ ထို့အပြင် ပျော်ဘွယ်မြို့နယ်အတွင်း စီးဆင်းနေသော မြင်းကျချောင်းကို သဲနုန်းတူးဖော်ပေးရန်လည်း လိုအပ်မည်ဖြစ်ပါကြောင်း၊ သို့မှသာ ပျော်ဘွယ်မြို့နယ် ရေလည်ကွေ့ကျေးရွာအတွက် ရေကြီးနစ်မြုပ်မှုမှ ကာကွယ်ပေးနိုင်မည် ဖြစ်ပါကြောင်း၊ မြင်းကျချောင်းကို သဲနုန်းတူးဖော်ပါက ခန့်မှန်းကုန်ကျစရိတ်အားဖြင့် ကျပ်သန်း ၁၀၀ ကုန်ကျမည်ဖြစ်ကြောင်းကိုလည်း ၂၀၁၇ ခုနှစ်၊ မေလ ၂၉ ရက်နေ့တွင် နိုင်ငံတော် ဒုတိယသမ္မတ ဦးစီးပြုလုပ်သော သဘာဝဘေးအန္တရာယ်စစ်တမ်း(၂၀၁၆)နှင့်စပ်လျဉ်းပြီး မေးမြန်းထားခြင်းအပေါ် တင်ပြအစီရင်ခံထားပြီးလည်း ဖြစ်ပါကြောင်း၊

သို့ရာတွင် သစ်တောသစ်ပင်ပြုန်းတီးပြီး အနည်ကျမှုများပြားသည့်ဒေသများဖြစ်သည့်အတွက် တူးထုတ်ထားသော သဲနုန်းများကို ပြန်လည်မပို့ချနိုင်သည့်နေရာကိုရောက်ရှိအောင် စွန့်ပစ်ရန်အတွက် အနီးအနားလယ်မြေများရှိနေသည့်အလျောက် ဝေးလံစွာပို့ဆောင်ရမည့်အနေအထားများလည်း ရှိပါ ကြောင်း၊ အချိန်အတိုင်းအတာတစ်ခု ကာကွယ်ပေးနိုင်မည်ဖြစ်ပြီး သဲနုန်းပို့ချမှုများ ပြန်လည်ဖြစ်ပေါ် လာနိုင်မည့် အကန့်အသတ်များလည်း ရှိပါကြောင်း၊ အခြေအနေအရ သုံးနှစ်တစ်ကြိမ် ပြန်လည် တူးဖော်ထိန်းသိမ်းရမည့် အခြေအနေဖြစ်ပါကြောင်း၊ ရေရှည်အတွက် သစ်တော၊ သစ်ပင်များ ပြန်လည် ထူထောင်ပြီး ရေဝေရေလဲထိန်းသိမ်းမှုကို ဆောင်ရွက်သွားရန်ရှိမည် ဖြစ်ပါကြောင်း၊

ပျော်ဘွယ်မြို့နယ်အတွင်း ကျေးရွာများရေကြီးနစ်မြုပ်မှု ကာကွယ်ရန်၊ ချောင်းကောက်ချောင်း ပြန်လည်ပြုပြင်နိုင်ရန် ပြီးခဲ့သည့်အစိုးရသက်တမ်း ၂၀၁၂-၁၃ ခုနှစ်ကတည်းက ပြည်ထောင်စု ရန်ပုံငွေဖြင့် စီမံဆောင်ရွက်ခဲ့သော်လည်း တောရှင်းလုပ်ငန်းနှင့် ချဉ်းကပ်လမ်းဖောက်လုပ်ခြင်း လုပ်ငန်းများကိုသာ စတင်ဆောင်ရွက်နိုင်ခဲ့ပါကြောင်း၊ သာစည်မြို့နယ်အတွင်းက ဆင်ဝင်ကျေးရွာနှင့် အင်းကျေးရွာတို့က ဒေသခံပြည်သူလူထုအနေဖြင့် ယင်းတို့ကျေးရွာများ ရေကြီးနစ်မြုပ်မှုကိုစိုးရိမ်ပြီး ကန့်ကွက်မှုရှိခဲ့သည့်အတွက် ပျော်ဘွယ်မြို့နှင့် သာစည်မြို့နယ်တို့မှ သက်ဆိုင်ရာခရိုင် အုပ်ချုပ်ရေး မှူးများ၊ မြို့နယ်အုပ်ချုပ်ရေးမှူးများ၊ ပြည်သူ့လွှတ်တော်ကိုယ်စားလှယ်အပါအဝင် တိုင်းဒေသကြီး လွှတ်တော်ကိုယ်စားလှယ်များ ကွင်းဆင်းညှိနှိုင်းခဲ့သော်လည်း သဘောတူညီမှုမရရှိခဲ့သည့်အတွက် လုပ်ငန်းများ ဆက်လက်ဆောင်ရွက်နိုင်ခြင်း မရှိခဲ့ပါကြောင်း၊ သို့ဖြစ်သည့်အတွက် အဆိုပါ ချောင်းကောက်ချောင်းနှင့် မြင်းကျချောင်းတို့ကို သဲနုန်းတူးဖော်ခြင်းလုပ်ငန်းဆောင်ရွက်နိုင်ရန် ဒေသခံပြည်သူလူထုနှင့် သဘောတူညီမှုရရှိမှသာ လုပ်ငန်းများဆောင်ရွက်သွားနိုင်မည် ဖြစ်ပါကြောင်း၊

မိမိတို့ စိုက်ပျိုးရေး၊ မွေးမြူရေးနှင့် ဆည်မြောင်းဝန်ကြီးဌာနအနေဖြင့် အဆိုပါဒေသကို ကွင်းဆင်း စိစစ်မှုများဆောင်ရွက်ပြီး လုပ်ငန်းအကောင်အထည်ဖော်ရေးအတွက် ရေစီးရေလာများ၊ ဇလဗေဒ ဆိုင်ရာအချက်အလက်များ စုဆောင်းခြင်း၊ ဒီဇိုင်းရေးဆွဲနိုင်မှုစီမံခြင်းများ ဆောင်ရွက်လျက်ရှိပါကြောင်း၊ လုပ်ငန်းအကောင်အထည်ဖော်နိုင်ရေးအတွက် မန္တလေးတိုင်းဒေသကြီးအစိုးရအဖွဲ့မှ ဦးစီးဦးဆောင် ပြုပြီး ဒေသခံပြည်သူနှင့် ညှိနှိုင်းဆောင်ရွက်ပေးနိုင်ရေးအတွက်ကိုလည်း တိုင်းဒေသကြီး အစိုးရအဖွဲ့ထံသို့ ၂၀၁၈ ခုနှစ် ဇန်နဝါရီလကတည်းက လိုအပ်သည်များ ပေါင်းစပ်ညှိနှိုင်းဆောင်ရွက် ပေးနိုင်ရန် ညှိနှိုင်းစာပေးပို့ထားပြီးဖြစ်ပါကြောင်း၊

သို့ဖြစ်ပါ၍ ပျော်ဘွယ်မြို့နယ်နှင့်သာစည်မြို့နယ်တို့မှ လွှတ်တော်ကိုယ်စားလှယ်ကြီးများအနေဖြင့် လည်း မန္တလေးတိုင်းဒေသကြီးအစိုးရအဖွဲ့နှင့်ပေါင်းစပ်ညှိနှိုင်းပြီး သက်ဆိုင်ရာဒေသခံများ၏သဘော တူညီမှုရရှိရေးအတွက် စည်းရုံး၊ ရှင်းလင်းချပြ၍ ပံ့ပိုးကူညီဆောင်ရွက်ပေးနိုင်ရေးအတွက် တင်ပြပါ ကြောင်း ပြန်လည်ဖြေကြားပါသည်။

ဦးသောင်းအေး(ပျော်ဘွယ်မဲဆန္ဒနယ်)က ဆက်စပ်မေးခွန်းမေးမြန်းပါသည်။

အဆိုပါချောင်းရိုးတိမ်ကောမှုကို ပြန်လည်တူးဖော်ရေးနှင့်ပတ်သက်၍ ဒုတိယဝန်ကြီးဖြေကြားသကဲ့သို့ အတိတ်ဖြစ်ရပ်အရ သာစည်မြို့နယ်ဘက်က လက်မခံသည့်အတွက် တူးဖော်ရန်မဖြစ်ခဲ့သည့်အတွက် မိမိတို့တိုင်းဒေသကြီးအစိုးရအဖွဲ့က ပြည်သူ့လွှတ်တော်ကိုယ်စားလှယ်များ၊ ဒေသခံမိဘပြည်သူများနှင့် သက်ဆိုင်ရာဌာနအဖွဲ့အစည်းများ တွေ့ဆုံပြီး ဆန္ဒသဘောထားယူပေးပါဟု ညွှန်ကြားချက်အရ မိမိတို့ လွှတ်တော်ကိုယ်စားလှယ်များ၊ တိုင်းဒေသကြီးလွှတ်တော်ကိုယ်စားလှယ်များအပါအဝင် သာယာကုန်း ကျေးရွာဘုန်းတော်ကြီးကျောင်းတွင် သာစည်မြို့နယ်ဘက်က ကျေးရွာအုပ်စုလူကြီးများ၊ ပျော်ဘွယ် မြို့နယ်ဘက်က လူကြီးများ၊ တိုင်းဒေသကြီး ဆည်မြောင်းဦးစီးဌာနက တာဝန်ရှိပုဂ္ဂိုလ်များအားလုံး တွေ့ဆုံပြီး သဘောထားရယူချက်အရ အားလုံးကတူညီသည့်သဘောဆန္ဒရရှိခဲ့ပါကြောင်း၊ ထို့ကြောင့် ပြည်သူ့သဘောထားဆန္ဒခံယူပြီးဖြစ်သည့်အတွက် အဆိုပါချောင်းပြန်လည်တူးဖော်ရေး သို့တည်း မဟုတ် တင်ပြပါရွာများ ရေကြီးနစ်မြုပ်မှုဘေးအန္တရာယ်ကာကွယ်ရေးအတွက် ပြည်ထောင်စုအစိုးရ အနေဖြင့် သက်ဆိုင်ရာဝန်ကြီးဌာနက ဆက်လက်ဆောင်ရွက်ပေးနိုင်ခြင်းရှိ/မရှိ သိရှိလိုပါကြောင်း မေးမြန်းပါသည်။

စိုက်ပျိုးရေး၊ မွေးမြူရေးနှင့် ဆည်မြောင်းဝန်ကြီးဌာန၊ ဒုတိယဝန်ကြီး ဦးလှကျော်

မိမိတို့တိုင်းဒေသကြီးအစိုးရအဖွဲ့နှင့် ဆက်စပ်ပြီး ၎င်းလုပ်ငန်းကို အမြန်ဆုံးအကောင်အထည်ဖော် ဆောင်ရွက်ပေးသွားမည်ဖြစ်ပါကြောင်း ဖြေကြားပါသည်။