ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော်
ဒုတိယအကြိမ် ပြည်သူ့လွှတ်တော် အဋ္ဌမပုံမှန်အစည်းအဝေး ဒသမနေ့
အစည်းအဝေးမှတ်တမ်းအကျဉ်းချုပ်
(၂၀၁၈ ခုနှစ်၊ ဇွန်လ ၁ ရက်)
၁။ ဒုတိယအကြိမ် ပြည်သူ့လွှတ်တော် အဋ္ဌမပုံမှန်အစည်းအဝေး ဒသမနေ့ကို ၂၀၁၈ ခုနှစ်၊ ဇွန်လ ၁ ရက်နေ့ နံနက် ၁၀ နာရီအချိန်တွင် စတင်ကျင်းပပြီး တက်ရောက်ခွင့်ရှိသူ လွှတ်တော်ကိုယ်စားလှယ် (၄၃၁) ဦးအနက် (၃၉၀) ဦးတက်ရောက်သည်။
၂။ လွှတ်တော်အစည်းအဝေးတွင် ပြုလုပ်ခဲ့သည့်ဆောင်ရွက်ချက်များမှာ အောက်ပါအတိုင်း ဖြစ်ပါသည်-
(က) ကြယ်ပွင့်ပြမေးခွန်း(၆)ခုမေးမြန်းဖြေကြားခြင်း
(၁) ဦးဖေသန်း၊ မြေပုံမဲဆန္ဒနယ် မှ မေးမြန်းသော ပြည်နယ်တစ်ခု၏ ပြည်နယ်နေ့၊ ပြည်နယ်တစ်ခုအတွင်းရှိ လူမျိုးကိုအခြေခံသော အမျိုးသားနေ့၊ နှစ်သစ်ကူးနေ့ စသည့် အထင်ကရ နေ့ထူးနေ့မြတ်နေ့ရက်နှင့် ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရတိုင်း၊ ကိုယ်ပိုင် အုပ်ချုပ်ခွင့်ရဒေသများတွင် ၎င်းတို့နှင့်သက်ဆိုင်သော အထင်ကရ နေ့ထူးနေ့မြတ် နေ့ရက်များအား သက်ဆိုင်ရာဒေသများအတွင်း တရားဝင်ရုံးပိတ်ရက်များအဖြစ် သတ်မှတ်ပေးရန် အစီအစဉ် ရှိ၊ မရှိ မေးခွန်းနှင့်စပ်လျဉ်း၍ တိုင်းရင်းသားလူမျိုး များရေးရာဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးနိုင်သက်လွင်က သက်ဆိုင်ရာတိုင်းဒေသကြီးနှင့် ပြည်နယ်လွှတ်တော်များတွင် ကျယ်ကျယ်ပြန့်ပြန့် ဆွေးနွေးဆုံးဖြတ်ပြီး တိုင်းဒေသကြီးနှင့်ပြည်နယ်အစိုးရများက စဉ်းစားဆောင်ရွက်ရမည့် အကြောင်းအရာဖြစ်သည့်အတွက် ပြည်ထောင်စုအစိုးရက သတ်မှတ်ပေးရန် မရှိပါကြောင်း ပြန်လည်ဖြေကြားခဲ့သည်။
(၂) ဦးညွန့်အောင်၊ မုံရွာမဲဆန္ဒနယ်မှ မေးမြန်းသော မုံရွာမြို့ စည်ပင်သာယာ နယ်နိမိတ် အတွင်းတွင် ရေမြောင်းစနစ် စနစ်တကျဖြစ်စေရေးနှင့် ရေဆိုးထုတ်မြောင်းမကြီး များပြုလုပ်ပေးရန် အစီအစဉ် ရှိ၊ မရှိ မေးခွန်းနှင့်စပ်လျဉ်း၍ စစ်ကိုင်းတိုင်း ဒေသကြီးအစိုးရအဖွဲ့၏ကိုယ်စား နေပြည်တော် ကောင်စီဝင် ဦးအောင်မြင်ထွန်း က ရေစီးရေလာ ပိုမိုကောင်းမွန်လာရေးအတွက် လိုအပ်သည့်နေရာများတွင် တိုင်းတာတွက်ချက်ပြီး နှစ်အလိုက်ရန်ပုံငွေလျာထားပြီး ဆောင်ရွက်လျက် ရှိပါကြောင်း ပြန်လည်ဖြေကြားခဲ့သည်။
(၃) ဦးဝင်းမင်း၊ လှိုင်သာယာမဲဆန္ဒနယ်မှ မေးမြန်းသော လှိုင်သာယာမြို့နယ်အတွင်း ရေစီးရေလာကောင်းမွန်စေရေးအတွက် လမ်းနယ်နိမိတ်အကျယ် သတ်မှတ်ပေးပြီး လမ်းမကြီးများဘေးအုတ်စီရေမြောင်းများ ပြုလုပ်ပေးရန်အစီအစဉ် ရှိ၊ မရှိ မေးခွန်း နှင့်စပ်လျဉ်း၍ ရန်ကုန်တိုင်းဒေသကြီးအစိုးရအဖွဲ့၏ကိုယ်စား နေပြည်တော်က ောင်စီဝင် ဦးအောင်မြင်ထွန်း က ဘဏ္ဍာရေးနှစ်များအလိုက် နောက်ထပ် ဘဏ္ဍာငွေခွဲဝေရရှိမှုအပေါ်မှာ မူတည်ပြီး ရေမြောင်းတူးဖော်ခြင်းလုပ်ငန်းများကို ဆက်လက်လျာထား ဆောင်ရွက်ပေးမည်ဖြစ်ပါကြောင်း ပြန်လည်ဖြေကြားခဲ့သည်။
(၄) ဦးလာမာလေး၊ ဆော့လော်မဲဆန္ဒနယ်မှ မေးမြန်းသော ရေကြီးရေလျှံမှုကြောင့် ပျက်စီးခဲ့ရသော ဆော့လော်မြို့၊ လန်ဆယ်ကျေးရွာအုပ်စုအတွင်းရှိ လန်ဆယ်ရွာမကြီး၊ သဘန်ခကျေးရွာနှင့် အခြားရေဘေးသင့်ကျေးရွာများအား ပြန်လည် ထူထောင်ရေး လုပ်ငန်းများ ဆောင်ရွက်ပေးနိုင်ခြင်းရှိ၊ မရှိမေးခွန်းနှင့်စပ်လျဉ်း၍ လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန ဒုတိယဝန်ကြီး ဦးစိုးအောင် က ဝန်ကြီးဌာနများ၊ ပြည်နယ်အစိုးရအဖွဲ့နှင့် ပူးပေါင်းဆောင်ရွက် လျက်ရှိပါကြောင်းနှင့် ရေဘေးသင့်ဒေသများ ပြန်လည်ထူထောင်ရေးလုပ်ငန်းများကို ရေတိုရေရှည် သတ်မှတ်ဆောင်ရွက်ရမည့် လုပ်ငန်းများဖြစ်သည့်အတွက် ကဏ္ဍများ အလိုက် ဘဏ္ဍာငွေရရှိမှုအပေါ်မူတည်ပြီးဆက်လက်ဆောင်ရွက်လျက်ရှိကာ အရေးပေါ် လိုအပ်ပါကလည်း အမျိုးသားသဘာဝဘေးအန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲမှုကောင်မတီသို့ တင်ပြလမ်းညွှန်မှုခံယူပြီး ဆောင်ရွက်သွားမည်ဖြစ်ပါကြောင်း ပြန်လည်ဖြေကြားခဲ့ သည်။
(၅) ဦးမင်းသိန်း၊ တောင်တွင်းကြီးမဲဆန္ဒနယ်မှ မေးမြန်းသော တောင်တွင်းကြီးမြို့၊ အစိုးရမြို့မ မူကြိုကျောင်းကို အဆောက်အဦသစ် ဆောက်လုပ်ပေးရန် အစီအစဉ် ရှိ၊ မရှိ မေးခွန်းနှင့်စပ်လျဉ်း၍ လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့်ပြန်လည်နေရာချ ထားရေးဝန်ကြီးဌာန ဒုတိယဝန်ကြီး ဦးစိုးအောင် က ၂၀၁၈-၂၀၁၉ ဘဏ္ဍာရေးနှစ် ငွေလုံးငွေရင်းရန်ပုံငွေတွင် ထည့်သွင်းတောင်းခံ၍ ပထမဦးစားပေးဖြင့် လျာထား ပြီးဖြစ်ပါကြောင်း ပြန်လည် ဖြေကြားခဲ့သည်။
(၆) ဦးဦးလှစော၊ မြောက်ဦးမဲဆန္ဒနယ်မှ မေးမြန်းသော အိန္ဒိယအစိုးရမှ ရရှိမည့် အမေရိကန်ဒေါ်လာ(၂၅)သန်း ထောက်ပံ့ငွေများကို ပြည်နယ်အစိုးရနှင့် ပြည်ထောင်စု အစိုးရကြားတွင် မည်သို့စီမံခန့်ခွဲကြမည်၊ ရခိုင်ပြည်နယ်၏ မည်သည့်ဒေသများ တွင် သုံးစွဲမည်နှင့် ဒေသများရွေးချယ်ရာတွင် မည်သည့်စံနှုန်းများဖြင့် သတ်မှတ် မည်တို့ကို သိလိုခြင်း အစီအစဉ် ရှိ၊ မရှိ မေးခွန်းနှင့်စပ်လျဉ်း၍ လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန ဒုတိယဝန်ကြီး ဦးစိုးအောင် က မြန်မာ-အိန္ဒိယ နှစ်နိုင်ငံအစိုးရကြား ရခိုင်ပြည်နယ်ဖွံ့ဖြိုးတိုးတက် ရေးဆိုင်ရာ နားလည်မှုစာချွန်လွှာအရ အိန္ဒိယအစိုးရ၏ထောက်ပံ့ငွေ အမေရိကန် ဒေါ်လာ ၂၅ သန်းကို ရခိုင်ပြည်နယ်တွင် နေထိုင်ကြသော ဒေသခံပြည်သူများ၏ လူမှုစီးပွားဖွံ့ဖြိုးတိုးတက်ရေးကို တိုက်ရိုက်အကျိုးရှိစေမည့် စီမံကိန်းလုပ်ငန်း များကို ရွေးချယ်ကာ ပြည်ထောင်စုအစိုးရအဖွဲ့နှင့် ပြည်နယ်အစိုးရအဖွဲ့တို့ ပူးပေါင်းပြီး အကျိုးရှိစွာ စီမံခန့်ခွဲသုံးစွဲသွားမည်ဖြစ်ပါကြောင်း ပြန်လည်ဖြေကြား ခဲ့သည်။
(ခ) အဆို(၁)ခုတင်သွင်းခြင်း
ဒေါ်ခင်စောဝေ၊ ရသေ့တောင်မဲဆန္ဒနယ် က တစ်နေ့တခြား များပြားလာပြီး ထိတ်လန့်ဖွယ်ရာအဆင့်သို့ရောက်ရှိနေသော သက်ငယ်မုဒိန်းမှုကျူးလွန်သူများ အား ထိရောက်စွာဟန့်တားနိုင်ရန် အထူးဥပဒေတစ်ရပ် အမြန်ရေးဆွဲကာ ထိုဥပဒေ ထဲတွင် ပြစ်မှုပြစ်ဒဏ်အပိုင်းကို သေဒဏ်ချမှတ်သည့်အထိ တိတိကျကျရေးဆွဲပြဋ္ဌာန်း ပေးရန် ပြည်ထောင်စုအစိုးရအား တိုက်တွန်းကြောင်းအဆိုတင်သွင်းပြီး ဒေါ်နန်းမိုး၊ မန်တုံ မဲဆန္ဒနယ် က အဆိုကို ထောက်ခံခဲ့သည်။ အဆိုအား ဆက်လက်ဆွေးနွေးရန် လွှတ်တော်က အတည်ပြုခဲ့သဖြင့် ဆွေးနွေးလိုသော ကိုယ်စားလှယ်များက ၄.၆.၂၀၁၈ ရက် (တနင်္လာနေ့) ညနေ ၄ နာရီ နောက်ဆုံးထား၍ အမည်စာရင်း တင်သွင်းရန်ဖြစ်သည်။
(ဂ) ဥပဒေကြမ်း (၁)ခု လက်ခံရရှိကြောင်း အသိပေးခြင်း၊ ဥပဒေကြမ်း(၁)ခုနှင့်စပ်လျဉ်း၍ လွှတ်တော်၏ အဆုံးအဖြတ်ရယူခြင်း
(၁) အမျိုးသားလွှတ်တော်က ပြင်ဆင်ချက်မရှိ ပြန်လည်ပေးပို့သော မြန်မာသမိုင်း အဖွဲ့ဥပဒေကြမ်း ကို လွှတ်တော်နှစ်ရပ်လုံးက သဘောတူခြင်းဖြစ်၍ ပြည်ထောင်စု လွှတ်တော်က အတည်ပြုသည်ဟု မှတ်ယူပြီး ၂၀၁၃ ခုနှစ်၊ ပြည်သူ့လွှတ်တော် ဆိုင်ရာနည်းဥပဒေ ၁၉၂ နည်းဥပဒေခွဲ(ဂ)နှင့် (ဃ)တို့အရ ဆက်လက်ဆောင်သွား မည်ဖြစ်ကြောင်း ကြေညာသည်။
(၂) သာသနာရေးနှင့် ယဉ်ကျေးမှုဝန်ကြီးဌာနက တင်သွင်းသည့် အပြည်ပြည်ဆိုင်ရာ ထေရဝါဒဗုဒ္ဓသာသနာပြုတက္ကသိုလ် ဥပဒေကြမ်း တစ်ရပ်လုံးကို ပြင်ဆင် ထားသည့် အပိုဒ်၊ အပိုဒ်ခွဲများအတိုင်း အတည်ပြုကြောင်းနှင့် ၂၀၁၃ ခုနှစ်၊ ပြည်သူ့လွှတ်တော်ဆိုင်ရာနည်းဥပဒေ ၁၉၁ အရ ဆက်လက်ဆောင်ရွက်သွားမည် ဖြစ်ကြောင်း ကြေညာသည်။
၃။ အစည်းအဝေးကို နံနက် ၁၁ နာရီ ၄၇ မိနစ်တွင်ရပ်နားပြီး ဒုတိယအကြိမ် ပြည်သူ့လွှတ်တော် အဋ္ဌမပုံမှန်အစည်းအဝေး (၁၁)ရက်မြောက်နေ့ ကျင်းပမည့်ရက်ကို ၄.၆.၂၀၁၈ ရက် (တနင်္လာနေ့) နံနက် ၁၀ နာရီတွင် လျာထားပါသည်။
