(ခ)-ကျောက်ဖြူမြို့နယ်၊ အမှတ်(၁)ဆိပ်ခံတံတား၌ သင်္ဘောများဆိုက်ကပ်ခွင့်မရရှိခြင်း၊ အမှတ်(၃)ဆိပ်ခံတံတားသည် အသုံးမတည့်ဖြစ်နေခြင်း၊ အမှတ်(၂)ဆိပ်ခံတံတားအား အဆင့်မြှင့်တင်ရာတွင် မြေနေရာအခက်အခဲများရှိနေခြင်း၊ ခေတ်မီဆိပ်ကမ်းတည်ဆောက်ပေးရန်တို့နှင့်စပ်လျဉ်းသည့်မေးခွန

ဒုတိယအကြိမ် ပြည်သူ့လွှတ်တော် အဋ္ဌမပုံမှန်အစည်းအဝေး (၁၁) ရက်မြောက်နေ့ (၄.၆.၂၀၁၈)

ကျောက်ဖြူမြို့နယ်၊ သန်ပန်ချောင်းရပ်ကွက်ရှိ အမှတ်(၁)ဆိပ်ခံတံတား၌ ပြည်တွင်းရေကြောင်းသွား ခရီးသည်တင်သင်္ဘောနှင့် အခြားကုန်တင်သင်္ဘောများဆိုက်ကပ်ခွင့်မရရှိခြင်း၊ အမှတ်(၃)ဆိပ်ခံတံတား သည် လက်တွေ့တွင် အသုံးမတည့်ဖြစ်နေခြင်း၊ ငလပွေ့ကျေးရွာရှိ အမှတ်(၂)ဆိပ်ခံတံတားအား အဆင့်မြှင့်တင်တိုးချဲ့ရာတွင် မြေနေရာအခက်အခဲများရှိနေခြင်း၊ ကျောက်ဖြူမြို့၊ သန်ပန်ချောင်း ရပ်ကွက်၊ ကမ်းနားလမ်း၊ ကျောက်ဖြူမြစ်ကမ်းတွင် ခေတ်မီဆိပ်ကမ်းတစ်ခု တည်ဆောက်ပေးရန်တို့နှင့် စပ်လျဉ်း သည့်မေးခွန်း

ကျောက်ဖြူမြို့၏ မြောက်ဘက်၊ အပေါ်ဘက်တွင် ကျောက်ဖြူမြစ်၊ အမှတ်(၁)နှင့် အမှတ်(၃)ဆိပ်ခံ တံတားများ ရှိပါကြောင်း၊ မြို့၏တောင်ဘက် အမှတ်(၂)ဆိပ်ခံတံတားတို့မှာ ကျောက်ဖြူမြို့တွင် အသုံးပြုသော ဆိပ်ခံတံတားများ ဖြစ်ကြပါကြောင်း၊ အမှတ်(၁) ဆိပ်ခံတံတားသည် ယခင်ကတည်းက စဉ်ဆက်မပြတ် အသုံးပြုလာသော ဆိပ်ခံတံတားဖြစ်ပါကြောင်း၊ အမှတ်(၂) ဆိပ်ခံတံတားသည်  ယခင်ကတည်းက ပင်လယ်ကမ်းရိုးတန်းသင်္ဘောများ အဓိကအသုံးပြုသော သင်္ဘောဆိပ်ခံဖြစ်ပါကြောင်း၊ ယနေ့အချိန်အခါတွင် အမှတ်(၂)ဆိပ်ကမ်းတွင် ဆိပ်ခံတံတားများ ပြည့်ကျပ်နေပြီး တိုးချဲ့ရန်အခက်အခဲ ရှိပါကြောင်း၊ အမှတ်(၁)ဆိပ်ခံတံတားကလည်း Daewoo ကုမ္ပဏီကို ပေးပြီးအသုံးပြုထားသည့်အတွက် တိုင်းရင်းသားဒေသခံခရီးသွားများ အသုံးပြု၍မရတော့သည့်အတွက် ပြီးခဲ့သည့်ပထမအကြိမ်လွှတ်တော် တွင် ဆိပ်ကမ်း ဆိပ်ခံတံတားတစ်ခုတည်ဆောက်ပေးရန်ပြောသည့်အခါ အမှတ်(၃)ဆိပ်ခံတံတားကို တည်ဆောက်ပေးခဲ့သော်လည်း ဆိပ်ခံတံတားကသေးငယ်နေသည့်အတွက် အသုံးမတည့်ဖြစ်နေ ပါကြောင်း၊ ဆိပ်ခံတံတားတိုးချဲ့ရန် ယခင်အစိုးရအဆက်ဆက်က ကျူးကျော်တဲများ၊ ဈေးဆိုင်လေးများကို ဖယ်ရှားထားခဲ့ပါကြောင်း၊ ဆိပ်ကမ်းသစ်တည်ဆောက်ရန်အတွက် မြေနေရာစီစဉ်ထားခဲ့သည့် မြေနေရာ တွင် ကျောက်ဖြူမြို့အတွက် ခေတ်မီရေကြောင်းပို့ဆောင်ရေးဆိပ်ခံတံတားတစ်ခု တည်ဆောက် ပေးမည်ဆိုပါက မြေနေရာအကျယ်အဝန်းလည်း လုံလုံလောက်လောက်ရှိပါကြောင်း၊ သို့ဖြစ်ပါ၍ ကျောက်ဖြူမြို့တွင် ရေကြောင်းပို့ဆောင်ရေးလုပ်ငန်းအတွက် ခေတ်မီဆိပ်ကမ်းတစ်ခုကို ကျောက်ဖြူမြို့၊ သန်ပန်ချောင်းရပ်ကွက် ကမ်းနားလမ်းတွင် တည်ဆောက်ပေးမည်ဆိုပါက မည်သို့သောအစီအမံများဖြင့် တည်ဆောက်ပေးမည်ကို သိရှိလိုပါကြောင်း မေးမြန်းပါသည်။


 

ဖြေကြားသူ
ပို့ဆောင်ရေးနှင့်ဆက်သွယ်ရေးဝန်ကြီးဌာန၊ ဒုတိယဝန်ကြီး ဦးကျော်မျိုး
အဖြေ

ကျောက်ဖြူမြို့ သန်ပန်ချောင်းရပ်ကွက်ရှိ အမှတ်(၁)ဆိပ်ခံတံတားသည် ရွှေသဘာဝဓာတ်ငွေ့စီမံကိန်း အတွက် ယခင်စွမ်းအင်ဝန်ကြီးဌာန၊ မြန်မာ့ရေနံနှင့်သဘာဝဓာတ်ငွေ့လုပ်ငန်းနှင့် အကျိုးတူပူးပေါင်း ဆောင်ရွက်မှုစာချုပ် Production Sharing Contract စာချုပ်ကို Posco Daewoo ကုမ္ပဏီနှင့် ချုပ်ဆိုခဲ့ပါကြောင်း၊ ထိုကဲ့သို့ စွမ်းအင်ဝန်ကြီးဌာနနှင့် ချုပ်ဆိုထားသော Posco Daewoo ကုမ္ပဏီအနေဖြင့် ယခင် ပို့ဆောင်ရေးဝန်ကြီးဌာန၊ မြန်မာ့ဆိပ်ကမ်းအာဏာပိုင်တို့က ၂၀၁၁ ခုနှစ်၊ ဇန်နဝါရီလတွင် ချုပ်ဆိုခဲ့သည့် နှစ် ၃၀ BOT စာချုပ်အရ မြေငှားရမ်းတည်ဆောက်ထားသော ထောက်ပံ့ရေးတံတား (Supply Jetty) ဖြစ်ပါကြောင်း၊

အမှတ်(၁)ဆိပ်ခံတံတား၏ ပြုပြင်ထိန်းသိမ်းမှုနှင့် လုပ်ငန်းလည်ပတ်မှုများကို Posco Daewoo ကုမ္ပဏီ၏ စီမံခန့်ခွဲမှုဖြင့်သာ ဆောင်ရွက်လျက်ရှိပြီး Explosive Use Certificate ဟုခေါ်သော ပေါက်ကွဲ စေတတ်သည့် အရာဝတ္ထုပစ္စည်းများ ကိုင်တွယ်အသုံးပြုမှုဆိုင်ရာ အသိအမှတ်ပြုလက်မှတ်ရရှိထားသဖြင့် နိုင်ငံတကာသင်္ဘောနှင့် ဆိပ်ကမ်းများ၏လုံခြုံရေးဆိုင်ရာ ISPS Code အရ ဘေးအန္တရာယ်လုံခြုံရေး ကန့်သတ်ချက်များရှိခြင်းကြောင့်လည်းကောင်း၊ တံတားသည်ပုံမှန်ထက် ပိုမိုမြှင့်ပြီးတည်ဆောက်ထား သည့်အတွက် အခြားရေယာဉ်များ ဆိုက်ကပ်၍မရခြင်း ဖြစ်ပါကြောင်း၊

အမှတ်(၂)ဆိပ်ခံတံတားက ကျောက်ဖြူမြို့မှ တစ်မိုင်ခန့်ကွာဝေးသော ငလပွေ့ချောင်းအတွင်းတည်ရှိသည့် ဆိပ်ခံတံတားဖြစ်ပြီး  ရေတက်/ရေကျတွင် သင်္ဘောများဆိုက်ကပ်ရာမှာ လွယ်ကူပြီး လှိုင်းလေကွယ်ရာ နေရာဖြစ်သဖြင့် ခရီးသည်များအတွက် အန္တရာယ်ကင်းရှင်းသည့်ဆိပ်ကမ်းတစ်ခု ဖြစ်ပါကြောင်း၊ မြို့မှတစ်မိုင်ခန့်ကွာဝေးသဖြင့် ခရီးသည်များသွားလာရေးခက်ခဲမှုရှိနိုင်သည်မှာမှန်သော်လည်း ယခုအခါ ဆိပ်ကမ်းသို့ဆင်းရာလမ်းသို့ ကွန်ကရစ်လမ်းခင်းထားပြီးဖြစ်၍ ယခင်ကထက် သွားလာရေးပိုမို လွယ်ကူ ချောမွေ့နေပါကြောင်း၊

အမှတ်(၁)တံတားသည် Posco Daewoo ကုမ္ပဏီသို့ငှားရမ်းခဲ့သည့်အတွက် ဒေသခံပြည်သူများ၏ လိုလားချက်အရ ယခင်စွမ်းအင်ဝန်ကြီးဌာန၏ညှိနှိုင်းချက်ဖြင်‌့ ကုမ္ပဏီမှ CSR လုပ်ငန်းတစ်ရပ်အနေဖြင့် သံကူကွန်ကရစ်ဖြင့် အမှတ်(၃)ဆိပ်ခံတံတားကို ပင်လယ်ပြင်မှ ကျောက်ဖြူမြို့သို့ ဝင်ရောက်ရာရေ လမ်းကြောင်းဘေး အမှတ်(၁) တံတား၏အောက်ဘက်တွင် ဆောက်လုပ်ပေးခဲ့ပြီး မြန်မာ့ဆိပ်ကမ်း အာဏာပိုင်ကို ၂၀၁၆ ခုနှစ်၊ ဇွန်လ ၃၀ ရက်နေ့တွင် လွှဲအပ်ပေးခဲ့ပါကြောင်း၊

အမှတ်(၃) တံတားသည် ပင်လယ်ပြင်နှင့်ဆက်စပ်နေသည့်နေရာတွင် တည်ရှိနေသည့်အတွက် မိုးရာသီ ကာလအတွင်း အချိန်မရွေးလှိုင်းနှင့်လေရိုက်ခတ်မှုဖြစ်ပေါ်လေ့ရှိသည့်အတွက် ပြည်တွင်းရေကြောင်း ပို့ဆောင်ရေးရေယာဉ်များအပါအဝင် ခရီးသည်တင်ရေယာဉ်များအနေဖြင့် သင်္ဘောနှင့် ခရီးသည်များ ဘေးအန္တရာယ်ကင်းရှင်းစေရေးအတွက် မိုးရာသီကာလအတွင်း ဆိုက်ကပ်ခြင်းမပြုဘဲ ပွင့်လင်းရာသီဖြစ်သည့် နိုဝင်ဘာလမှဧပြီလအတွင်းသာ ဆိုက်ကပ်လျက်ရှိခြင်းဖြစ်ပါကြောင်း၊ ခရီးသည်တင်သင်္ဘောများအနေဖြင့် ငလပွေ့ချောင်းအတွင်းရှိ အမှတ်(၂)ဆိပ်ခံတံတားတွင် ရာသီမ‌ရွေး ယုံကြည်စိတ်ချစွာ အသုံးပြုနိုင်ခြင်းကြောင့် အမှတ်(၃)တံတားကို အသုံးမပြုခြင်းလည်း ပါရှိပါကြောင်း၊ ထို့အပြင် အမှတ်(၃)တံတားရှေ့ရှိ ရေစီးကြောင်းမှာ ပုံမှန်ရေတက်/ရေကျ တစ်ဖက်စီအလှည့်ကျမစီးဘဲ ရေကျဘက်ကိုသာ အမြဲစီးနေခြင်းကြောင့် ခရီးသည်တင်ရေယာဉ်များအတွက် တံတားကပ်ရန်အခက်အခဲ ဖြစ်စေပါကြောင်း၊ တံတားဧရိယာသည်လည်း အနည်းငယ် ကျဉ်းမြောင်းပါကြောင်း၊ ကမ်းရိုးတန်းသွား ရေယာဉ် (သစ်သားခွံ)နှင့် ကမ်းဝေးငါးဖမ်းရေယာဉ်များမှ အမှတ်(၃)တံတားကို ဆိုက်ကပ် အသုံးပြုလျက်ရှိရာ ၂၀၁၆-၁၇ ခုနှစ်နှင့်  ၂၀၁၇-၁၈ ဘဏ္ဍာရေးနှစ်များအတွင်း ငါးဖမ်းစက်လှေ ၂၈၈ စီးနှင့် ကမ်းရိုးတန်းသွားသင်္ဘော လေးစီးတို့ ဆိုက်ကပ်ခဲ့ပါကြောင်း၊ ကမ်းဝေးငါးဖမ်းလှေများအနေဖြင့် ရေခဲများတင်ဆောင်ရန် ဆိုက်ကပ်လျက်ရှိရာ ဒေသရှိရေခဲလုပ်ငန်းရှင်များအနေဖြင့် အကျိုးဖြစ်ထွန်း လျက်ရှိပါကြောင်း၊

ငလပွေ့ဆိပ်ကမ်း အမှတ်(၂)ဆိပ်ခံတံတားနေရာတွင် တိုင်းရင်းသားလုပ်ငန်းရှင် ကြံတိုင်းအောင်မိသားစု (ကျောက်ဖြူ) ကုမ္ပဏီလီမိတက်၏ ရင်းနှီးမြှုပ်နှံမှုဖြင့် ၁၀၈ ပေ x ပေ ၃၆ ပေရှိ ကွန်ကရစ်တံတား တစ်စင်းကို အကျိုးတူတိုးချဲ့တည်ဆောက်ခွင့် လျှောက်ထားလာခြင်းရှိသဖြင့် မြန်မာ့ဆိပ်ကမ်း အာဏာပိုင်မှ စိစစ်ဆောင်ရွက်လျက်ရှိပါကြောင်း၊ ကွန်ကရစ်တံတားအတွက် နောက်ခံနေရာ ဝ.၈၈ ဧက ရှိသဖြင့် အဆိုပါတံတားကို တိုးချဲ့ရန်အတွက်       မြေနေရာလုံလောက်မှုရှိပါကြောင်း၊

ရခိုင်ပြည်နယ်အစိုးရအဖွဲ့အနေဖြင့်လည်း ဆိပ်ခံတံတားများ၊ ကုန်လှောင်ရုံများ၊ ကုန်တင်ကုန်ချ စနစ်များကို အဆင့်မြှင့်တင်မှုများပြုလုပ်ရာတွင် အဆိုပါတံတား၏ဒေသတွင်းအသုံးဝင်မှု၊ သင်္ဘော အဝင်/အထွက်နှင့် ဆိုက်ကပ်သည့်စင်းရေ၊ ရေယာဉ်အရွယ်အစား၊ ကုန်ပစ္စည်းအမျိုးအစားနှင့် အရေ အတွက်စသည့်အချက်များအပြင် အခြားဆက်စပ်ပတ်သက်သော အချက်များအပေါ်မူတည်ပြီး အဆင့် မြှင့်တင်သင့်/မသင့်ကို စိစစ်ဆုံးဖြတ်ပြီး ဆောင်ရွက်ရပါကြောင်း၊

ကျောက်ဖြူမြို့ မြစ်ကမ်းခြေတစ်လျှောက်နှင့် ငလပွေ့ချောင်းတို့သည် ဆိပ်ကမ်းနယ်နိမိတ် ကျရောက် တည်ရှိပါကြောင်း၊ ဆိပ်ကမ်းအသစ်တစ်ခုတည်ဆောက်ပါက ဆိပ်ကမ်းတည်ဆောက်မည့်နေရာအတွက် လုံလောက်သော ကျောထောက်နောက်ခံမြေနေရာ၊ လုံလောက်ရေအနက်၊ အဆိုပါနေရာတွင် တံတား တည်ဆောက်လိုက်ခြင်းဖြင့် လက်ရှိရေလမ်းကြောင်း ပြောင်းလဲနိုင်မှုအခြေအနေ၊ မြစ်ကမ်းခြေ မြေအနေအထားပြောင်းလဲနိုင်မှုအခြေအနေနှင့် အောက်ခံမြေနေရာ၏မာကျောကျစ်လျစ်မှုစသည်တို့ ရှိ/မရှိ၊ လိုအပ်သောဘဏ္ဍာငွေကြေးနှင့် ဒေသအတွက်၊ဆိပ်ကမ်းအတွက် အမှန်တကယ်လိုအပ်မှု အခြေအနေနှင့် စီးပွားရေးအရတွက်ခြေကိုက်မှုရှိ/မရှိ စသည့်လိုအပ်သောအချက်အလက်များကို စနစ်တကျ လေ့လာဆန်းစစ်မှုများ (Feasibility Study) ပြုလုပ်ပြီးမှသာ အဆင့်ဆင့်တင်ပြ အတည်ပြုချက်ရယူ၍ ဆောင်ရွက်ရမည်ဖြစ်ပါကြောင်း၊

ရခိုင်ပြည်နယ်အစိုးရအဖွဲ့အနေဖြင့်လည်း ကျောက်ဖြူမြို့တွင် နောင်ဖြစ်ပေါ်လာမည့် အထူးစီးပွားရေးဇုန် စီမံကိန်းအကောင်အထည်ဖော်ဆောင်ရွက်လာသည့်အချိန်တွင် ဆိပ်ခံတံတားများ၊ ဆိပ်ခံများလုပ်ငန်း လိုအပ်ချက်နှင့်အညီ ဖြစ်ထွန်းပေါ်ပေါက်လာကြမည်ဖြစ်ပါကြောင်း၊ ကျူးကျော်နှင့်ဂရန်မြေနေရာများနှင့် စပ်လျဉ်းပြီး တင်ပြရပါက ကျောက်ဖြူမြို့၊ သန်ပန်ချောင်းရပ်ကွက် ကမ်းနားလမ်းရှိမြေနေရာနှင့် မြစ်နားတန်း(ဂျပန်ဆိပ်)ရှိ သဲသောင်မြေနေရာများသည် ၂၀၀၁ ခုနှစ်ကပင် ကျောက်ဖြူမြို့နယ်မြေစာရင်း ဦးစီးဌာနမှ မြေစာရင်းပုံစံ(၁၀၅)နှင့် မြေပုံရေးဆွဲပြီး ကျောက်ဖြူမြို့ မြို့နယ်အထွေထွေအုပ်ချုပ်ရေး ဦးစီးဌာနက အတည်ပြုလက်မှတ်ရေးထိုးထုတ်ပေးခဲ့သော မြေနေရာများဖြစ်ပါကြောင်း၊ မြေအမျိုးအစားကို မြစ်ကမ်းသဲသောင်မြေအဖြစ် သတ်မှတ်ထားပြီး ကျောက်ဖြူခရိုင် အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနက တစ်နှစ်ချင်း ခွင့်ပြုချက်ဖြင့် ငါး၊ ပုစွန်ဒိုင်လုပ်ငန်းရှင်များအား ငှားရမ်းခွင့်ပြုထားခြင်းဖြစ်ပြီး အချို့မြေနေရာ များကိုလည်း ဂရန်ခွင့်ပြုထားပါကြောင်း၊ အဆိုပါနေရာသည် ၂၀၁၅ ခုနှစ် မြန်မာ့ဆိပ်ကမ်းအာဏာပိုင် ဥပဒေအရ ကမ်းပါးနယ်ဖြစ်သဖြင့် မြန်မာ့ဆိပ်ကမ်းအာဏာပိုင်မှ စီမံခန့်ခွဲပိုင်ခွင့်ရှိသည့်နေရာများ ဖြစ်သော်လည်း ဆိပ်ကမ်းတစ်ခု၏ အဓိကလိုအပ်ချက်ဖြစ်သော  လုံလောက်သောရေအနက်ရရှိရန် နေရာအထိ သဲသောင်ကမ်းနားရှည်လျားခြင်း၊ တစ်နှစ်ပတ်လုံး လှိုင်းလေကွယ်ရာနေရာမဟုတ်ခြင်း၊ ဆိပ်ကမ်းတည်ဆောက်မည်ဆိုပါက ရင်းနှီးမြှုပ်နှံမှုပမာဏများပြားခြင်းတို့ကြောင့် မြန်မာ့ဆိပ်ကမ်း အာဏာပိုင်အနေဖြင့် ဆိပ်ကမ်းသစ်တည်ဆောက်ရန် စီစဉ်လျာထားချက်မရှိသေးခြင်းဖြစ်ပါကြောင်း၊

သို့ဖြစ်ပါ၍ လက်ရှိအ‌ခြေအနေတွင် ဆိပ်ကမ်းသစ်တည်ဆောက်မည်ဆိုပါက လွှတ်တော် ကိုယ်စားလှယ်ကြီးတင်ပြထားသောနေရာသည် ရေစစ်ချိန်တွင် နုန်းတင်သဲများကျယ်ပြန့်စွာရှိနေခြင်း၊ တံတားတည်ဆောက်မည်ဆိုပါက ရင်းနှီးမှုများစွာကုန်ကျနိုင်မည်ဖြစ်သည့်အတွက် ဆိပ်ကမ်းလုပ်ငန်း များအတွက် ရင်းနှီးမြှုပ်နှံမှုပြုလုပ်ရန် ပုဂ္ဂလိကလုပ်ငန်းရှင်များမှ အဆိုပြုလာခြင်းများ မရှိသေးခြင်း တို့ကြောင့် လတ်တလောတွင် ဆိပ်ကမ်းအသစ်တစ်ခုတည်ဆောက်မည့် အစီအစဉ်မရှိသေးပါကြောင်း ရှင်းလင်းဖြေကြားပါသည်။

ဦးဘရှိန်(ကျောက်ဖြူမဲဆန္ဒနယ်) က ဆက်စပ်မေးခွန်း မေးမြန်းပါသည်။

ကျောက်ဖြူမြို့ အမှတ်(၁)ဆိပ်ကမ်းရှိသော သန်ပန်ချောင်းရပ်ကွက်က ဆိပ်ကမ်းကို နိုင်ငံတော်အစိုးရ အနေဖြင့် သင်္ဘောဆိပ်ကမ်းတစ်ခု လိုအပ်သည်ဟု အယူအဆရှိ/မရှိ၊ ရှိပါက စမ်းသပ်လေ့လာမှုများ လုပ်ဆောင်ရမည် ဖြစ်ပါကြောင်း၊ ၎င်းနေရာတွင်ဆိပ်ကမ်းတစ်ခု အမှန်တကယ်တည်ဆောက်၍ ရနိုင်/မရနိုင်၊ မည်သည့်အခက်အခဲများဆိုသည်ကို ပြည်သူများလည်းသိရှိစေရန် ချပြရန်လိုအပ်ပါကြောင်း၊ စူးစမ်းလေ့လာမှုများ လုပ်ဆောင်ပေးပြီးမဖြစ်နိုင်ဘူးဆိုပါက ပြည်သူများက မဖြစ်နိုင်သည့်နေရာဟု သိရှိသွားမည် ဖြစ်ပါကြောင်း၊ ဖြစ်နိုင်သည်ဆိုပါကလည်း မျှော်လင့်ချက်များထားရန် ရှိပါကြောင်း၊ ထို့ကြောင့် စူးစမ်းလေ့လာမှုများ မည်သို့လုပ်ဆောင်ပေးမည်နည်း၊ မည်သည့်အချိန်တွင်လုပ်ဆောင် ပေးမည်ကို  သိရှိလိုပါကြောင်း မေးမြန်းပါသည်။ 

ပို့ဆောင်ရေးနှင့်ဆက်သွယ်ရေးဝန်ကြီးဌာန၊ ဒုတိယဝန်ကြီး ဦးကျော်မျိုး

အမှတ်(၃)ဆိပ်ခံတံတားတည်ရှိသော သန်ပန်ချောင်းရပ်ကွက်ဒေသသည်  ဆိပ်ကမ်းတစ်ခု တည်ဆောက် ရန်အတွက် အားနည်းချက်များရှိကြောင်း မိမိဖြေကြားချက်တွင်တင်ပြသွားပြီးဖြစ်ပါကြောင်း၊ မိမိတို့ အနေဖြင့် အမှတ်(၂)ဆိပ်ခံတံတားရှိသည့်နေရာသည် ပိုမိုပြီးအားသာချက်များရှိသည့်အတွက် ဆိပ်ခံ တံတားတစ်ခုတည်ဆောက်ရန် ဆောင်ရွက်ထားမှုအခြေအနေကိုလည်း တင်ပြထားပြီးဖြစ်ပါကြောင်း၊ ထို့ကြောင့် မိမိတို့အနေဖြင့် အမှတ်(၃)ဆိပ်ခံတံတား သန်ပန်ချောင်းရပ်ကွက်တွင် စူးစမ်းလေ့လာမှု ပြုလုပ်ရန် မိမိတို့ဝန်ကြီးဌာနအနေဖြင့် ရခိုင်ပြည်နယ်အစိုးရအဖွဲ့၊ ဒေသခံအာဏာပိုင်များနှင့် ညှိနှိုင်း တိုင်ပင်ပြီး ဆက်လက်ဆောင်ရွက်နိုင်မည်ဖြစ်ပါကြောင်း ဖြေကြားပါသည်။