(က)-လမ်းအသုံးပြုသူအားလုံး ဘေးအန္တရာယ်ကင်းရှင်းစေရန်နှင့် မှန်ကန်သောယာဉ်အချက်ပြမီး တစ်ပြေးညီ ပြောင်းလဲကျင့်သုံးသွားရန် မည်ကဲ့သို့ဆောင်ရွက်မည်ကို သိလိုခြင်းနှင့်စပ်လျဉ်းသည့်မေးခွန်း

ဒုတိယအကြိမ် ပြည်သူ့လွှတ်တော် အဋ္ဌမပုံမှန်အစည်းအဝေး (၁၁) ရက်မြောက်နေ့ (၄.၆.၂၀၁၈)

၁၉၈၉ ခုနှစ်၊ မော်တော်ယာဉ် နည်းဥပဒေများအရ မော်တော်ယာဉ်တွင်တပ်ဆင်ထားသော မီးများနှင့် ယာဉ်မောင်းသူ၏လက်ဖြင့် အချက်ပြပုံများအခန်း၌ နောက်မှမော်တော်ယာဉ်အား ကျော်တက်နိုင်ကြောင်း ကို ယာဉ်၏ယာဘက်မီးဖြင့်အချက်ပြရန် သတ်မှတ်ထားသော်လည်း ယာဉ်မောင်းများ အထူးသဖြင့် ကုန်တင်ကားကြီးအများစုသည် အဝေးပြေးလမ်းမကြီးများပေါ်၌ ယာဉ်၏ဝဲဘက်မီးဖြင့်သာ လွဲမှားစွာ အချက်ပြသုံးစွဲနေကြဆဲဖြစ်ပါကြောင်း၊  ဤကဲ့သို့လွဲမှားသည့်အချက်ပြစနစ်များကြောင့် ယာဉ်မတော်တဆ မှုများဖြစ်ပေါ်လျက်ရှိပါကြောင်း၊ မော်တော်ယာဉ်ကျော်တက်ရန် အချက်ပြမှုအမှန်သို့ ချောမွေ့စွာ ပြောင်းလဲ ကျင်‌့သုံးနိုင်စေရေးအတွက် အလေးထားလိုက်နာကျင့်သုံးကြရန်  ၁-၉-၂၀၁၇ ရက်နေ့ နံနက် ၆ နာရီမှစ၍ တစ်နိုင်ငံလုံးအတိုင်းအတာဖြင့် အမှန်သို့ တစ်ပြေးညီပြောင်းလဲကျင့်သုံးနိုင်ရေး ပူးပေါင်းဆောင်ရွက်ကြရန် အမျိုးသားယာဉ်အန္တရာယ်၊ လမ်းအန္တရာယ်ကင်းရှင်းရေးကောင်စီမှ နှိုးဆော်ထားပြီးဖြစ်ပါကြောင်း၊ အသိပညာပေးမှုအနေဖြင့် လက်ကမ်းစာစောင်များဖြန့်ဝေခြင်း၊ မြန်မာ့အသံနှင့် ရုပ်မြင်သံကြားမှ ပညာ ပေးခြင်းလုပ်ငန်းများဆောင်ရွက်ခဲ့ပါကြောင်း၊ သို့ရာတွင် မြို့တွင်းလမ်း၊ မြို့ပြင်လမ်း၊ အဝေးပြေးလမ်းမကြီး များတွင် ယာဉ်မောင်းအများစုသည် ကျင့်သားကျနေသော၊လွဲမှားသည့် အချက်ပြခြင်းစနစ်ကိုသာ ပြသ မောင်းနှင်နေကြဆဲဖြစ်ပါကြောင်း၊ အဝေးပြေးလမ်းမပေါ်တွင် မော်တော်ယာဉ်များ ကျော်တက်နိုင် ကြောင်းကို လက်ယာမီးဖြင့် ယခုတိုင်အချက်ပြလိုက်နာသူ၊ ကျင့်သားကျနေသောစနစ်ဟောင်းအတိုင်း လက်ဝဲအချက်ပြမီးဖြင့် အချက်ပြသူ၊ မည်သည်‌့အချက်ပြမီးမျှ မပြသတော့ဘဲ အဆင်ပြေသလို ကျော်တက်နိုင်သူ စသဖြင့် ကွဲပြားသွားစေပြီး နားလည်မှု၊ လွဲမှားမှုများစွာဖြစ်ပေါ်နေပါကြောင်း၊ မန္တလေး-လားရှိုးကဲ့သို့ အဝေးပြေးလမ်းမကြီးတွင် ကွေ့ကောက်ခက်ခဲသော ဂုတ်တွင်းလမ်းနေရာများတွင် အချက်ပြမီးပြဿနာ လွန်စွာအရေးကြီးလှပါကြောင်း၊ အမြန်လမ်းမကြီးများမှလွဲ၍ နယ်အဝေးပြေး လမ်းမကြီးများတွင် ၎င်းအချက်ပြမီးစနစ်ကို ယာဉ်မောင်းများ၊ အသုံးပြုသူများနေကြသဖြင့် အခက်အခဲများ ရင်ဆိုင်နေရပါကြောင်း၊

အမှန်တကယ်မှာ ယာဉ်မောင်းများ ယာဉ်မောင်းလိုင်စင် လျှောက်ထားဖြေဆိုစဉ်ကပင် ဤအချက်ပြမီးနှင့် စပ်လျဉ်း၍ မေးခွန်းများအောင်မြင်စွာ ဖြေဆိုခဲ့ကြပြီး ဖြစ်ပါကြောင်း၊ သို့ရာတွင် နယ်အဝေးပြေး လမ်းမကြီးများ၊ ကွေ့ကောက်သော တောင်တက်ခရီးများ၌ ယာဉ်နှစ်စီးမျက်နှာချင်းဆိုင်ဖြတ်သန်းရာတွင် လက်ယာမီးများကိုယ်စီပြ၍ လမ်းတစ်ဝက်အထိချပြီး ဖြတ်သန်းမောင်းနှင်သည့်အကျင့်မှစပြီး ဤ မော်တော်ယာဉ်ဥပဒေနှင့် ဆန့်ကျင်ဘက်အချက်ပြသည့် ကိစ္စရပ်များပေါ်ပေါက်လာရခြင်းဖြစ်ပါကြောင်း၊ မည်သို့ပင်ဖြစ်စေ ဒီမိုကရေစီခေတ်တွင် ပြဋ္ဌာန်းထားသည့်ဥပဒေ၊ စည်းမျဉ်းနှင့် စည်းကမ်းများကို မိမိတို့ တစ်ပြေးညီလိုက်နာကျင့်သုံးကြရမည် ဖြစ်ပါကြောင်း၊ ပြည်သူလူထုအတွက် အာမခံချက်ရှိသော စည်းမျဉ်းစည်းကမ်းများဖြစ်ရန် လိုအပ်ပါကြောင်း၊ သို့ဖြစ်ပါ၍ အမျိုးသားယာဉ်အန္တရာယ်၊ လမ်းအန္တရာယ် ကင်းရှင်းရေးကောင်စီမှ လမ်းသုံးပြုသူအားလုံး ဘေးအန္တရာယ်ကင်းရှင်းစေရန်နှင့် မှန်ကန်သော အချက်ပြမီး တစ်ပြေးညီပြောင်းလဲကျင့်သုံးသွားနိုင်ရန် မည်ကဲ့သို့ဆက်လက်စီစဉ်ဆောင်ရွက်သွားမည်ကို သိရှိလိုပါကြောင်း မေးမြန်းပါသည်။


 

ဖြေကြားသူ
ပို့ဆောင်ရေးနှင့် ဆက်သွယ်ရေးဝန်ကြီးဌာန၊ ဒုတိယဝန်ကြီး ဦးကျော်မျိုး
အဖြေ

မော်တော်ယာဉ်များမောင်းနှင်ရာ၌ အချက်ပြမီးမှားယွင်းစွာအသုံးပြုနေမှုများနှင့်ပတ်သက်ပြီး တစ်နိုင်ငံလုံး အတိုင်းအတာဖြင့့်် အမှန်သို့ပြောင်းလဲကျင့်သုံးနိုင်စေရေးအတွက် ၂၀၁၇ ခုနှစ်၊ ဇွန်လ ၁၆ ရက်နေ့မှ ၂၀၁၇ ခုနှစ်၊ သြဂုတ်လ ၃၁ ရက်နေ့အထိ ပညာပေးကာလအဖြစ်သတ်မှတ်ခဲ့ပြီး ၂၀၁၇ ခုနှစ်၊ စက်တင်ဘာလ ၁ ရက်နေ့ နံနက် ၆ နာရီမှစတင်ပြီး ယာဉ်များကျော်တက်ရာတွင် အချက်ပြမီးအမှန်အတိုင်း တစ်နိုင်ငံလုံး အတိုင်းအတာဖြင့် တစ်ချိန်တည်း တစ်ပြိုင်တည်း တစ်ပြေးညီစတင်ပြောင်းလဲကျင်‌့သုံးရေးအတွက် အမျိုးသားယာဉ်အန္တရာယ်၊ လမ်းအန္တရာယ်ကင်းရှင်းရေးကောင်စီမှ ၂၀၁၇ ခုနှစ်၊ ဇွန်လ ၉ ရက်နေ့တွင် စတင်ပြီး ပြန်ကြားရေးဝန်ကြီးဌာနမှတစ်ဆင့် နိုင်ငံပိုင်နှင့် ပုဂ္ဂလိကပိုင်မီဒီယာများတွင် အသိပေးနှိုးဆော် သွားရန် ဆောင်ရွက်ခဲ့ပါကြောင်း၊

ပညာပေးကာလအတွင်း၌လည်း ယခင်က MRTV တွင် ရိုက်ကူးထုတ်လွှင့်ပြသခဲ့သော ပညာပေး ဇာတ်လမ်းတိုများ၊ ပညာပေးနှိုးဆော်သည့် ရုပ်သံအစီအစဉ်များကို ပြန်လည်ထုတ်လွှင့်ပြသခြင်း၊ ပညာပေး ရုပ်သံအစီအစဉ်အသစ်များ ထပ်မံစီစဉ်ရိုက်ကူးထုတ်လွှင့်ခြင်းတို့အတွက် အမျိုးသားယာဉ်အန္တရာယ်၊ လမ်းအန္တရာယ်ကင်းရှင်းရေးကောင်စီမှ ပြန်ကြားရေးဝန်ကြီးဌာနနှင့် ညှိနှိုင်းဆောင်ရွက်ခဲ့ပါကြောင်း၊ အချက်ပြမီးအမှန်အသုံးပြုစေရေးအတွက် သတိပေးနှိုးဆော်မှုများကို မြန်မာ့အသံရေဒီယိုမှ ၂၀၁၇ ခုနှစ် ဇွန်လမှစတင်၍ ယနေ့အထိ တစ်ရက်လျှင် ငါးကြိမ်မှ ခုနစ်ကြိမ်အထိ အသံလွှင့်လျက်ရှိပြီး မြန်မာ့ရုပ်မြင်သံကြားမှလည်း  ၂၀၁၇ ခုနှစ် ဇွန်လတွင် ၃၄ ကြိမ်၊ ဇူလိုင်လတွင် အကြိမ် ၃၀၊ သြဂုတ်လ၊ စက်တင်ဘာလ၊ အောက်တိုဘာလ၊ နိုဝင်ဘာလနှင့် ဒီဇင်ဘာလများတွင် တစ်လလျှင် ငါးကြိမ်မှ ခြောက်ကြိမ်စီအထိ ထုတ်လွှင့်ခဲ့ပြီး ၂၀၁၈ ခုနှစ် ဇန်နဝါရီလတွင် ၃၃ ကြိမ်၊ ဖေဖော်ဝါရီလတွင် ၅၁ ကြိမ်နှင့် မတ်လတွင် ငါးကြိမ် ပညာပေးထုတ်လွှင့်ခဲ့ပါကြောင်း၊ ထို့ပြင် လက်ကမ်းစာစောင် အစောင်ရေ လေးသိန်း ကို မြန်မာနိုင်ငံရဲတပ်ဖွဲ့၊ ယာဉ်ထိန်းရဲတပ်ဖွဲ့နှင့် ကုန်းလမ်းပို့ဆောင်ရေးညွှန်ကြားမှုဦးစီးဌာနရုံးများကို ဖြန့်ဝေပေးခဲ့ပြီး အဝေးပြေးကုန်တင်ယာဉ်နှင့် ခရီးသယ်တင်ယာဉ် ယာဉ်မောင်းများအား အဓိကထား၍ တစ်ဆင့်ဖြန့်ဝေပေးစေခဲ့ပါကြောင်း၊ အချက်ပြမီးအမှန်သို့ စတင်ပြောင်းလဲကျင့်သုံးမည့်နေ့ရက် ရောက်ရှိ ရန် အချိန်နီးကပ်လာသည့်အခါ ပညာပေးအစီအစဉ်များနှင့် အသိပေးနှိုးဆော်ချက်များကိုလည်း တိုးမြှင့် ထုတ်လွှင့်ဖော်ပြ၍ နှိုးဆော်ဆောင်ရွက်ခဲ့ပါကြောင်း၊

၂၀၁၇ ခုနှစ် ဇွန်လမှ ၂၀၁၈ ခုနှစ် ဧပြီလအထိ ယာဉ်စည်းကမ်း၊ လမ်းစည်းကမ်းပညာပေး ဟောပြောပွဲ ၃၁၆၃ ကြိမ် ဆောင်ရွက်ခဲ့ရာတွင် အချက်ပြမီးမှန်ကန်စွာအသုံးပြုနိုင်ရေးအချက်ကို အသိပညာပေး ထည့်သွင်းဟောပြောဆွေးနွေးခဲ့ပါကြောင်း၊ ယခုကဲ့သို့ အင်တိုက်အားတိုက် ဆောင်ရွက်ခဲ့ခြင်းများကြောင့် ရန်ကုန်-မန္တလေး အမြန်လမ်းမကြီးအပါအဝင် နေပြည်တော်/ တိုင်းဒေသကြီး/ပြည်နယ်/ခရိုင်များရှိ လမ်းမ များ၌ နောက်ယာဉ်ကျော်တက်ခြင်းနှင့်ပတ်သက်၍ အချက်ပြမီးအမှန်အသုံးပြုခြင်းအား ယာဉ်မောင်း အများစုက ပြောင်းလဲလိုက်နာကျင့်သုံးခဲ့ကြောင်း လေ့လာသိရှိရပါသော်လည်း လွှတ်တော် ကိုယ်စားလှယ်ကြီး တင်ပြသွားသည့်အတိုင်း အချို့သော အဝေးပြေးလမ်းမများ၌ မောင်းနှင်သွားလာသော မော်တော်ယာဉ်မောင်းအချို့အနေဖြင့် မှန်ကန်သည့်အချက်ပြမှုသို့ လိုက်နာပြောင်းလဲကျင့်သုံးမှုမရှိသေး ကြောင်း သိရှိရသဖြင့် ထပ်မံအသိပေးနှိုးဆော်ချက်များအား MRTV အပါအဝင် အခြားပုဂ္ဂလိကရုပ်သံလိုင်း များတွင် ထုတ်လွှင့်ပြသခြင်း၊ နိုင်ငံပိုင်သတင်းစာများ၊ ပုဂ္ဂလိကသတင်းစာနှင့် ဂျာနယ်များတွင် ထည့်သွင်း ဖော်ပြခြင်း၊ အထူးသဖြင့် မြန်မာ့အသံရေဒီယိုနှင့် ပုဂ္ဂလိက FM အသံလွှင့်အစီအစဉ်များတွင် ကျယ်ကျယ် ပြန့်ပြန့် ထည့်သွင်းထုတ်လွှင့်ခြင်းများ ဆောင်ရွက်ရေးအတွက် အမျိုးသားယာဉ်အန္တရာယ်၊ လမ်းအန္တရာယ် ကင်းရှင်းရေးကောင်စီမှ ပြန်ကြားရေးဝန်ကြီးဌာနနှင့် ၂၀၁၈ ခုနှစ်၊ ဇန်နဝါရီလ ၂ ရက်နေ့တွင် ထပ်မံညှိ နှိုင်းဆောင်ရွက်ပြီး မြန်မာ့အသံရေဒီယိုနှင့် ပုဂ္ဂလိက FM အသံလွှင့်အစီအစဉ်များတွင် အသိပေး နှိုးဆော်ချက်များကို ၂၀၁၈ ခုနှစ်၊ ဇန်နဝါရီလမှ မေလအထိ စုစုပေါင်းအကြိမ် ၈၄၀ ထုတ်လွှင့်ခဲ့ပြီး ဖြစ်ပါကြောင်း၊

သို့သော်လည်း ယနေ့တိုင်အချက်ပြမီးအမှန်သို့ ပြောင်းလဲကျင့်သုံးဆောင်ရွက်ခြင်းမရှိသေးသည့် ယာဉ်မောင်းအနည်းစုကျန်ရှိနေဆဲဖြစ်သည့်အတွက် အမျိုးသားယာဉ်အန္တရာယ်၊ လမ်းအန္တရာယ် ကင်းရှင်းရေးကောင်စီအနေဖြင့် ပညာပေးရေးနှင့် စစ်ဆေးအရေးယူရေးဆပ်ကော်မတီ၊ ဆောက်လုပ်ရေး ဝန်ကြီးဌာန၊ ပြန်ကြားရေးဝန်ကြီးဌာန နေပြည်တော်/တိုင်းဒေသကြီး/ပြည်နယ်များ၏ ယာဉ်အန္တရာယ်၊ လမ်းအန္တရာယ်ကင်းရှင်းရေးကောင်စီများ၊ မြန်မာနိုင်ငံရဲတပ်ဖွဲ့၊ ကုန်းလမ်းပို့ဆောင်ရေးညွှန်ကြားမှု ဦးစီးဌာန၊ ယာဉ်ထိန်းရဲတပ်ဖွဲ့၊ အမြန်လမ်းမကြီးရဲတပ်ဖွဲ့၊ မြန်မာနိုင်ငံကုန်စည်ပို့ဆောင်ရေးဝန်ဆောင်မှု လုပ်ငန်းရှင်များအသင်း၊ မြန်မာနိုင်ငံ အဝေးပြေးကုန်စည်ပို့ဆောင်ရေးဝန်ဆောင်မှုလုပ်ငန်းရှင်များ အသင်း၊ မြန်မာနိုင်ငံကုန်သေတ္တာယာဉ်များအသင်းတို့နှင့်ပူးပေါင်းပြီး  အချက်ပြမီးအမှန်အသုံးပြုစေရေးအတွက် ဆောင်ရွက်ခဲ့သည့်၊ဆောင်ရွက်ဆဲဖြစ်သည့် အသိပညာပေးနှိုးဆော်မှုများကို တိုးမြှင့်ဆောင်ရွက်ခြင်း၊  အဝေးပြေးလမ်းမကြီးများပေါ်တွင် ကုန်တင်ယာဉ်နှင့် အဝေးပြေးယာဉ်များမောင်းနှင်သည့် ယာဉ်မောင်း များနှင့် အမြန်လမ်းပေါ်မောင်းနှင်နေသော ယာဉ်မောင်းများကို အထူးအလေးထား၍ ပညာပေးမှုများ ဆောင်ရွက်ခြင်း၊ ယာဉ်မောင်းလိုင်စင်ဖြေဆိုလျှောက်ထားရာ၌ ယာဉ်စည်းကမ်း၊ လမ်းစည်းကမ်း ပညာပေးသင်တန်းများကို ပို့ချရာတွင် ဦးစားပေးအနေဖြင့် ထည်‌့သွင်းပို့ချခြင်း၊ မြန်မာနိုင်ငံရဲတပ်ဖွဲ့နှင့် ကုန်းလမ်းပို့ဆောင်ရေးညွှန်ကြားမှုဦးစီးဌာနရုံးများ၌ ပြုလုပ်လျက်ရှိသော ယာဉ်စည်းကမ်း၊ လမ်းစည်းကမ်း၊ ပညာပေးဟောပြောပွဲများ၌ အချက်ပြမီးအမှန်အသုံးပြုစေရေး ပို၍အလေးထားဟောပြောခြင်းများ ဆောင်ရွက်ခြင်း၊ အချက်ပြမီးမှားယွင်းစွာ အသုံးပြုနေခြင်းများနှင့်စပ်လျဉ်းပြီး မော်တော်ယာဉ်ဥပဒေပါ ပြစ်ဒဏ်ပြဋ္ဌာန်းချက်ကို ပြည်သူလူထုအတွင်း ကျယ်ပြန့်စွာသိရှိစေနိုင်ရေးအတွက် အသိပညာပေးမှုများ ဆောင်ရွက်ခြင်းနှင့် ပြစ်မှုကျူးလွန်သည့်ယာဉ်မောင်းများအား ဥပဒေနှင့်အညီ ထိရောက်စွာအရေးယူ ဆောင်ရွက်ခြင်းတို့ကို ဆက်လက်အကောင်အထည်ဖော် ဆောင်ရွက်သွားမည်ဖြစ်ပါကြောင်း၊

အချက်ပြမီးအမှန်ပြောင်းလဲကျင့်သုံးရေးအတွက် နည်းလမ်းမျိုးစုံဖြင့် ပညာပေးနှိုးဆော်ခြင်းများ ဆောင်ရွက်သော်လည်း အဓိကမှာ ယာဉ်မောင်းအားလုံးက အသိစိတ်ဓာတ်ရှိရှိ ပူးပေါင်းပါဝင်လျက် အမှန်သို့ပြောင်းလဲ၍ လက်ခံကျင့်သုံးရန်အရေးကြီးပါကြောင်း၊ အချို့သော ယာဉ်မောင်းများက သိလျက် နှင့် လက်ခံကျင့်သုံးမှုမပြုကြခြင်း၊ တစ်သက်လုံး ကျင့်သုံးလာခဲ့သည့်အမှားကိုသာ အရိုးစွဲအလေ့အထ တစ်ရပ်အဖြစ် ဆက်လက်ကျင့်သုံးနေကြခြင်း၊ မိမိတို့၏ မှားယွင်းသည့်လုပ်ဆောင်မှုကြောင့် မိမိတို့ တင်မကဘဲ အခြားသူများကိုပါ အသက်ဘေးအန္တရာယ်ကျရောက်စေနိုင်သည်ကို မစဉ်းစားမဆင်ခြင် ကြခြင်းတို့ကြောင့် ရာခိုင်နှုန်းပြည့်အောင်မြင်မှုမရရှိသေးကြောင်း သုံးသပ်ရပါကြောင်း၊

သို့ရာတွင် တဖြည်းဖြည်းချင်းဖြင့် အမှန်များလာပြီး အမှားများပပျောက်သွားသည်အထိ အသိပညာပေး မှုများ၊ နှိုးဆော်မှုများကို ဆက်လက်ဆောင်ရွက်သွားမည် ဖြစ်ပါကြောင်း၊ လက်ရှိ ‌ဆောင်ရွက်နေသော နည်းလမ်းများကလည်း  ထိရောက်အကျိုးရှိသည့်နည်းလမ်းကောင်းများဖြစ်သည့်အတွက် ဆက်လက် တိုးမြှင့် ဆောင်ရွက်သွားမည်ဖြစ်ပါကြောင်း ရှင်းလင်းဖြေကြားပါသည်။

ဦးစိုင်းငေါင်းဆိုင်ဟိန်း(မောက်မယ်မဲဆန္ဒနယ်) က ဆက်စပ်မေးခွန်း မေးမြန်းပါသည်။

မိမိတင်ပြမေးမြန်းထားရာတွင် လမ်းအသုံးပြုသူများပါရှိပါကြောင်း၊ လမ်းအသုံးပြုသူများဆိုရာတွင် လမ်းမကြီးပေါ်တွင် ရိုးရိုးလမ်းလျှောက်သွားသည့်လူ၊ စက်ဘီးစီးသည့်လူ၊ ဆိုင်ကယ်၊ မြင်းလှည်း၊ ဆိုက်ကားသမားကအစ အားလုံးပါဝင်မည်ဖြစ်ပါကြောင်း၊ မိမိတို့ Pamphlet များဝေငှသည်များကိုလည်း ရရှိပါကြောင်း၊ သို့သော် Pamphlet များ၊ ယာဉ်မောင်းများအတွက် သီးသန့်ဝေငှခြင်းမျိုးမဟုတ်ဘဲ လမ်းအသုံးပြုသူများအားလုံး လိုက်နာသိရှိထားရန်လည်း လိုအပ်မည်ဖြစ်ပါကြောင်း၊ ၁၉၇၀ ခုနှစ်ဝန်းကျင် တွင် လက်ဝဲကပ်စနစ်ကို လက်ယာကပ်စနစ် ပြောင်းသည့်အခါ Campaign များ ပြုလုပ်ပြီးမှ မြို့နယ်အလိုက်ဆောင်ရွက်ခဲ့သည်ကို ဖတ်ရှုလေ့လာ မှတ်သားရပါကြောင်း၊ ယခုလည်း လူထုနှင့် အများဆုံးထိတွေ့သော ဥပမာ- စာသင်ကျောင်းကဲ့သို့နေရာမျိုး၊ မိမိတို့ တောင်ပေါ်ဒေသလူများတွင် ရပ်ကွက်အုပ်ချုပ်ရေးမှူးများ၊ ကျေးရွာအုပ်စုအုပ်ချုပ်ရေးမှူးများကတစ်ဆင့် ယာဉ်မောင်းများကို ချဉ်းကပ်ပြီး ပညာပေးစည်းရုံးဟောပြောခြင်းမျိုးများ အစီအစဉ်ရှိ/မရှိလည်း သိရှိလိုပါကြောင်း မေးမြန်းပါသည်။

ပို့ဆောင်ရေးနှင့် ဆက်သွယ်ရေးဝန်ကြီးဌာန၊ ဒုတိယဝန်ကြီး ဦးကျော်မျိုး

ယာဉ်ကျော်တက်ရာတွင် အချက်ပြမီးအမှန် သုံးစွဲသည့်ကိစ္စနှင့်ပတ်သက်သော ယာဉ်မောင်းသူများကိုသာ အဓိကထားပြီး နှိုးဆော်ပညာပေးမှုများဆောင်ရွက်ခဲ့ခြင်း ဖြစ်ပါကြောင်း၊ မိမိတို့အနေဖြင့် ယာဉ်မောင်း သူများ၏ မိသားစုကအစ ၎င်းတို့၏အုပ်ချုပ်သူများပါ ကျယ်ကျယ်ပြန့်ပြန့်သိရှိစေရန်အတွက် ကျောင်းများ တွင် ပညာပေးဟောပြောပွဲများအတွက် ထည်‌့သွင်းဆောင်ရွက်ရန်အတွက် ပညာရေးဝန်ကြီးဌာနနှင့် ညှိနှိုင်းဆောင်ရွက်သွားမည်ဖြစ်ပါကြောင်း ဖြေကြားပါသည်။