ဆင်းရဲနွမ်းပါးမှုပပျောက်ရေး၊ ပြည်သူရဲ့လူနေမှုဘဝ တိုးတက်မြင့်မား ရေး၊ တရားဥပဒေစိုးမိုးရေးနှင့် ရပ်ရွာအေးချမ်းသာယာရေး ရည်ရွယ်ချက် ၄ ချက်နဲ့ ဒီမေးခွန်းကို မေးမြန်းသွားမှာ ဖြစ်ပါတယ်။ ကျွန်တော်တို့ နိုင်ငံတော်မှာ ယနေ့ ကျူးကျော်ဆိုပြီးတော့ နေထိုင်တဲ့ လုပ်သားပြည်သူများစွာရှိပါတယ်။ ကျွန်တော်တို့ ရွှေပြည်သာမြို့နယ်မှာတင် အိမ်ထောင်စုပေါင်း ၁၁၈၀ ဟာ ကျူးကျော်အိမ်တွေဖြစ်ပါတယ်။ တစ်နိုင်ငံလုံးအတိုင်းအတာနဲ့ဆိုရင် ကျူးကျော်တွေဟာ များစွာရှိမှာ ဖြစ်ပါတယ်။ ကျူးကျော်တွေဟာ အရင်အစိုးရလက်ထက်တုန်းကလည်း ကျူးကျော်ဆိုပြီး တော့ ရှိခဲ့ဖူးပါတယ်။ ကျူးကျော်တွေကို ပြန်ပြီးတော့ လေ့လာတဲ့အခါကျတော့ ရွှေပြည်သာ၊ လှိုင်သာယာဆိုလို့ရှိရင် ရန်ကုန်မြို့မှာ မီးလောင်ပြီးတော့ ရွှေ့ပြောင်းတဲ့ မိသားစုတွေရှိပါတယ်။ ယခင်တုန်းက အိုးပိုင်အိမ်ပိုင်နဲ့ နေခဲ့တယ်။ သူတို့ကို ရွှေပြည်သာ၊ လှိုင်သာယာတို့လိုမျိုး ဆင်ခြေဖုံးကို ရွှေ့တယ်။ စီးပွားရေးက မပြေလည်တဲ့အတွက်ကြောင့် သူတို့ပိုင်ဆိုင်တဲ့မြေကွက်တွေကို ပြန်လည် ရောင်းချရတယ်။ အဲ့ဒီအဆင့်ကနေ တဖြည်းဖြည်းနှင့် ကျူးကျော်ဘဝကိုရောက်ပါတယ်။ တချို့ကျတော့ နာဂစ်လိုသဘာဝ ဘေးဒဏ်ဖြစ်တဲ့အချိန်မှာ စားဝတ်နေရေးအတွက် ရွှေ့ပြောင်းပြီးတော့ လုပ်ကိုင်စားသောက်နေတဲ့ ကျူးကျော်ဘဝကို ရောက်ရှိခဲ့ကြောင်း တွေ့ရှိခဲ့ရပါတယ်။ အရင်အစိုးရလက်ထက် တုန်းကတော့ ဒီအခက်အခဲတွေ မရှိပါဘူး။ ဒီနေ့အချိန်မှာ ကျူးကျော်ရဲ့ ဘဝဟာ အများကြီးအခက်အခဲ ရှိပါတယ်။ တစ်ဖက်ကလည်း ပြီးခဲ့တဲ့လမှာ လှိုင်သာယာမှာဖြစ်ပွားတဲ့ အဖွဲ့အစည်းအချို့ရဲ့ တွန်းအား ပေးမှုကြောင့် မြေနေရာတချို့မှာ အိမ်တွေဝင်ဆောက်တယ်။ အုပ်ချုပ်တဲ့အစိုးရအဖွဲ့နဲ့ အခြေအတင် ဖြစ်ကြတယ်။ အလားတူကျွန်တော်တို့ ရွှေပြည်သာမှာလည်း မြေကွက်အချို့ကို ချပေးမယ်ဆိုပြီးတော့ လျှောက်လွှာတွေရောင်းကြတယ်စသဖြင့် ဒါတွေဖြစ်လာတဲ့အခါမှာ အုပ်ချုပ်ရေးအဖွဲ့အနေဖြင့်လည်း အခက်အခဲရှိပါတယ်။ အဓိကကတော့ ဒီကြားထဲမှာ သက်ရောက်မှုကတော့ ကျူးကျော်တွေဟာ အများကြီးအခက်အခဲဖြစ်ပါတယ်။ ဒါကြောင့် နိုင်ငံတော်အစိုးရအနေနဲ့ နောင်လာမယ့်ကာလမှာ ဒီလိုပြဿနာတွေ ဆက်လက်မဖြစ်ပွားဖို့အတွက် ခုနတင်ပြတဲ့ ကျူးကျော်တွေကို သတ်မှတ်တဲ့နေရာ တွေချပေးမယ်ဆိုရင် အဆင်ပြေလာမှာ တွေ့ရပါတယ်။ ရန်ကုန်မြို့တော် စည်ပင်သာယာရေးကော်မတီ အနေနဲ့ ရွှေပြည်သာမှာရှိတဲ့ ချောင်းဘေး၊ မြောင်းဘေးမှာရှိတဲ့ မြေကွက်လပ်တွေရှိပါတယ်။ ဒါတွေကို လည်း မကြာခင်မှာ အကွက်တွေရိုက်ပြီးတော့ ပေးမယ်လို့လည်း သိရပါတယ်။ ဒါတွေဟာကောင်းတဲ့ အစီအမံတွေ ဖြစ်ပါတယ်။ ယနေ့ဒီမိုကရေစီဖော်ဆောင်တဲ့အခါမှာ တစ်ဖက်က စိတ်ရှည်သည်းခံတဲ့ ရေချိန်အမြင့်ဆုံးထားဖို့ လိုသလို ပြည်သူဘက်ကလည်း ဥပဒေကို အပြည့်အဝလေးစားလိုက်နာဖို့ လိုပါတယ်။ ဒါမှသာလျှင် နိုင်ငံတော်အစိုးရကလည်း ဖော်ဆောင်ပေးနိုင်မှာ ဖြစ်ပါတယ်။ ကျွန်တော် မေးလိုတဲ့ မေးခွန်းကတော့ နိုင်ငံတစ်ဝန်းမှာရှိတဲ့ အခြေအနေမဲ့နေထိုင်သူတွေ၊ ကျူးကျော်နေထိုင်သူ များနှင့်ပတ်သက်ပြီးတော့ လျော့နည်းပပျောက်လာအောင် နိုင်ငံတော်ကနေ ဆောင်ရွက်ပေးမယ့် အစီအမံနှင့်ပတ်သက်ပြီးတော့ သိလိုပါကြောင်း မေးမြန်းပါသည်။
နိုင်ငံတစ်ဝန်းမှာရှိတဲ့ အခြေအနေမဲ့နေထိုင်သူများနှင့် ကျူးကျော်နေထိုင်သူများ လျော့နည်း ပပျောက်စေရေးနှင့် ပတ်သက်ပြီးတော့ ဆောက်လုပ်ရေးဝန်ကြီးဌာန မြို့ရွာနှင့်အိုးအိမ်ဦးစီးဌာနမှ မြို့ပြဒေသဖွံ့ဖြိုးရေးလုပ်ငန်းများအဖြစ် အိမ်ရာများ၊ ကွက်သစ်များ၊ မြို့ကွက်သစ်များ၊ မြို့သစ်များ တည်ဆောက်နေရာချထားတဲ့စီမံကိန်း၊ အဆင့်နိမ့်ရပ်ကွက်နှင့်မြို့များကို အဆင့်မြှင့်တင်တဲ့စီမံကိန်း၊ မြို့ပြပြန်လည်ဖွံ့ဖြိုးရေးစီမံကိန်းများဖြင့် ဆောင်ရွက်တဲ့နေရာမှာ တဲအိမ်မှနေ တိုက်အိမ်၊ တိုက်တာ အဆင့်မြင့်အိမ်ရာ ဆောက်လုပ်ခြင်းစနစ်များဖြင့် အိမ်ရာစီမံကိန်းများကို ဆောင်ရွက်ခဲ့ပါတယ်။ ၂၀၁၂-၂၀၁၃ ဘဏ္ဍာရေးနှစ်မှာ အမျိုးသားစီမံကိန်းမှာ ဆောက်လုပ်မှုကဏ္ဍနှင့်ပတ်သက်ပြီးတော့ မူဝါဒများ ချမှတ်ထားပါတယ်။ ဒါတွေကတော့ နိုင်ငံတော်မှချမှတ်ထားသော မူဝါဒနှင့်အညီ ပြည်သူလူထုရဲ့ အိမ်ရာလိုအပ်ချက်များအရ အိမ်ရာဖွံ့ဖြိုးရေးနည်းဗျူဟာများချမှတ်ပြီး ရန်ကုန်မြို့နှင့်မြို့ကြီးများမှာ အိမ်ရာစီမံကိန်းများစနစ်တကျ အကောင်အထည်ဖော်ဆောင်ရွက်ရေးနှင့် တစ်နိုင်ငံလုံးအတိုင်းအတာ အနေဖြင့် မြို့ပြဖွံ့ဖြိုးရေးစီမံကိန်းများ ရေးဆွဲပေးရန်ပဲ ဖြစ်ပါတယ်။ ရည်မှန်းချက်များကတော့ ပြည်သူလူထုရဲ့ နေထိုင်မှုအဆင့်အတန်း မြင့်မားတိုးတက်စေပြီး အလုပ်အကိုင်အခွင့်အလမ်းများနှင့် လူမှုစီးပွားဘဝဖွံ့ဖြိုးတိုးတက်စေမယ့် အိမ်ရာစီမံကိန်းများ၊ စက်မှုဇုန်စီမံကိန်းများ၊ အထူးဖွံ့ဖြိုးရေး စီမံကိန်းများနှင့် အထူးစီးပွားရေးဇုန်စီမံကိန်းများကို ပင်မစီမံကိန်းများအဖြစ် စနစ်တကျရေးဆွဲ ဆောင်ရွက်သွားရန်နှင့် နိုင်ငံတစ်ဝန်းမြို့ကြီးများနှင့် မြို့များမှာ မြို့ပြလူဦးရေတိုးတက်လာတာနှင့်အမျှ လိုအပ်လာမယ့် အိမ်ရာနှင့်အညီ အိမ်ရာနှင့်အခြေခံအဆောက်အအုံများကို စနစ်တကျဖြည့်ဆည်း ပေးနိုင်မယ့် မြို့ပြဖွဲ့စည်းမှု၊ တည်ဆောက်မှုနှင့် မြို့ပြစီမံကိန်းများ ရေးဆွဲဆောင်ရွက်ရန်တို့ ဖြစ်ပါတယ်။ လုပ်ငန်းဆိုင်ရာများအနေနဲ့ကတော့ တိုင်းဒေသကြီး/ပြည်နယ်အစိုးရအဖွဲ့များက မြို့ပြစီမံကိန်းများ ရေးဆွဲရေးအတွက် တင်ပြလာပါက လိုအပ်သလိုကူညီဆောင်ရွက်ရန် ရန်ကုန်မြို့မှာ ကျူးကျော်အိမ်ခြေ တစ်သိန်းခန့်ရှိတဲ့အနက် ၂၀၁၂-၂၀၁၃ ခုနှစ်မှာ အိမ်ထောင်စုတစ်သောင်းကို သင့်တော်တဲ့အိမ်ရာများမှာ ပြန်လည်နေရာချထားရေးစီမံဆောင်ရွက်ရန်အတွက်လည်း ထည့်သွင်းရေးဆွဲ ဆောင်ရွက်ခဲ့ပါတယ်။ ပြည်သူများအလုပ်အကိုင် အခွင့်အလမ်းများ ရရှိစေရန်အတွက် စက်မှုဇုန်များဖော်ထုတ် တည်ဆောက်ပေးခြင်းနှင့် သက်ဆိုင်ရာတိုင်းဒေသကြီး/ ပြည်နယ် အစိုးရအဖွဲ့များက နှစ်စဉ်ဒေသန္တရ စီမံကိန်းများ ရေးဆွဲဆောင်ရွက်ခြင်းတို့အပြင် ပြည်သူများအလုပ်အကိုင် အခွင့်အလမ်းရရှိပြီး အခြေအနေမဲ့နေထိုင်သူများနဲ့ ကျူးကျော်နေထိုင်သူများ လျော့နည်းသွားစေရန် အစီအမံများချမှတ် ဆောင်ရွက်လျက်ရှိပါတယ်။ ဒီလိုဆောင်ရွက်ခြင်းအားဖြင့် ပြည်သူများဟာ အလုပ်အကိုင် အခွင့်အလမ်းများရရှိပြီး လူမှုစီးပွားရေးဘဝဖွံ့ဖြိုးတိုးတက်လာခြင်းဖြင့် ပြဿနာများဟာ လျော့နည်း သွားမှာ ဖြစ်ပါတယ်။ စီးပွားရေးဖွံ့ဖြိုးတိုးတက်ခြင်းနှင့် တိုက်ရိုက်ဆက်စပ်မှုရှိတဲ့ နိုင်ငံခြား ရင်းနှီးမြှုပ်နှံမှုဥပဒေ၊ မြန်မာ့အထူးစီးပွားရေးဇုန်ဥပဒေ၊ ထားဝယ်အထူးစီးပွားရေး ဇုန်ဥပဒေများ ကိုလည်း ပြဋ္ဌာန်းထားပြီး အကောင်အထည်ဖော်တဲ့လုပ်ငန်းများကို သက်ဆိုင်ရာဌာနအဖွဲ့အစည်း အသီးသီးကလည်း စီမံဆောင်ရွက်လျက်ရှိပါတယ်။ ပြည်ထောင်စုလွှတ်တော်က ပြဋ္ဌာန်းပြီးဖြစ်တဲ့ လူမှုဖူလုံရေး ဥပဒေရဲ့ရည်ရွယ်ချက်မှာလည်း အလုပ်သမားများအား အလုပ်လက်မဲ့ အကျိုးခံစားခွင့်၊ အိမ်ရာနေထိုင်ခွင့်နှင့် ပိုင်ဆိုင်ခွင့်များရရှိစေရန်အတွက်လည်း ရေးဆွဲထားပါတယ်။ အသေးစား ငွေရေးကြေးရေးလုပ်ငန်းဥပဒေရဲ့ ရည်ရွယ်ချက်မှာလည်း အခြေခံလူတန်းစားများရဲ့ ဆင်းရဲနွမ်းပါး မှုလျှော့ချရန် အခြေခံလူတန်းစားရဲ့ လူမှုရေး၊ ပညာရေး၊ ကျန်းမာရေး၊ စီးပွားရေးအခြေအနေများ ဖွံ့ဖြိုးတိုးတက်စေရန်နှင့် အလုပ်အကိုင်အခွင့်အလမ်းများ ဖွံ့ဖြိုးတိုးတက်စေရန်အတွက်စသည်ဖြင့် ဖော်ပြပြဋ္ဌာန်းထားတာကိုလည်းတွေ့ရမှာ ဖြစ်ပါတယ်။ ဆောက်လုပ်ရေးဝန်ကြီးဌာန မြို့ရွာနှင့်အိုးအိမ် ဖွံ့ဖြိုးရေးဦးစီးဌာနကလည်း နိုင်ငံသားတိုင်းအတွက် သင့်လျော်ကောင်းမွန်တဲ့ အိမ်ရာများ ဖွံ့ဖြိုး တိုးတက်ရေးနှင့် စဉ်ဆက်မပြတ်နေထိုင်မှုပတ်ဝန်းကျင်ကို အစဉ်မြှင့်တင်ရေးဆိုတဲ့ အမျိုးသားအိမ်ရာ မူဝါဒများချမှတ်ပြီး အိမ်ရာဖွံ့ဖြိုးရေးရေရှည်လုပ်ငန်းအစီအမံများနှင့် ရှေ့ပြေးအိမ်ရာစီမံကိန်း အစီအစဉ်များကို ချမှတ်ပြီး ယခုအခါမှာ စမ်းသပ်တန်ဖိုးနည်းအိမ်ရာစီမံကိန်း (Pilot Project) များဖြင့် ဒဂုံမြို့သစ်ဆိပ်ကမ်းမြို့နယ်၊ ဒဂုံမြို့သစ်တောင်ပိုင်းမြို့နယ်နှင့် လှိုင်သာယာမြို့နယ်များမှာ တန်ဖိုးနည်း အိမ်ရာများကို စီမံကိန်းချမှတ်ပြီး အကောင်အထည်ဖော်ဆောင်ရွက်လျက်ရှိပါတယ်။ သို့ဖြစ်ပါ၍ ဆောင်ရွက်ဆဲဖြစ်သော သက်ဆိုင်ရာပြည်ထောင်စုဝန်ကြီးဌာနအသီးသီးရဲ့ နိုင်ငံစီးပွားရေးဖွံ့ဖြိုး တိုးတက်မှုဆိုင်ရာစီမံကိန်းများ အကောင်အထည်ဖော်မှုများအရလည်းကောင်း၊ တိုင်းဒေသကြီး/ ပြည်နယ်အစိုးရများကဒေသအတွင်း ပြည်သူများရဲ့လူမှုဘဝဖွံ့ဖြိုးတိုးတက်စေရန် ဒေသန္တရစီမံကိန်း များ ချမှတ်ဆောင်ရွက်ချက်များအရလည်းကောင်း စက်မှုဇုန်များ၊ အထူးစီးပွားရေးဇုန်များ၊ အထူး စီမံကိန်းများ ချမှတ်ဆောင်ရွက်ချက်များ အရလည်းကောင်း၊ မြို့ရွာနှင့်အိုးအိမ်ဖွံ့ဖြိုးရေးဦးစီးဌာနက မြို့ရွာဖွံ့ဖြိုးရေးစီမံကိန်းများ ချမှတ်ဆောင်ရွက်ချက်များအရလည်းကောင်း၊ ပြည်သူများလူမှုစီးပွား ဘဝ ဖွံ့ဖြိုးတိုးတက်လာနိုင်ပြီး နေထိုင်သူများရဲ့ ကျူးကျော်နေထိုင်သူများဟာ ပပျောက်သွားမည် ဖြစ်ပါကြောင်း ရှင်းလင်းဖြေကြားပါသည်။
