(ခ)-ပြစ်မှုဆိုင်ရာဥပဒေပုဒ်မ ၃၀၄(က)အရ စွဲဆိုထားသောအမှုများကို ကျေအေးခွင့်၊ ရုတ်သိမ်းခွင့်မပြုရန် ညွှန်ကြားထားသည့်ကိစ္စနှင့် စပ်လျဉ်းသည့် မေးခွန်း

ပထမအကြိမ်ပြည်သူ့လွှတ်တော် ဆဋ္ဌမပုံမှန်အစည်းအဝေး (၁၉) ရက်မြောက်နေ့ (၂၂.၂.၂၀၁၃)

ပြစ်မှုဆိုင်ရာဥပဒေပုဒ်မ ၃၀၄ (က) သည် ယာဉ် တိုက်မှုဖြစ်ရာတွင် လူသေမှုဖြစ်သဖြင့် တရားစွဲဆိုအရေးယူသည့်အမှု ဖြစ်ပြီး အဆိုပါအမှုများသည် မတော်တဆဖြစ်သော အမှုအမျိုး အစားဖြစ်ပါသည်။ သေစေရန်ရည်ညွှန်း၍သော်လည်း၊ ထိခိုက်ဒဏ်ရာ ရစေရန်ရည်ရွယ်၍သော်လည်း ကောင်းဖြစ်ပွားသော အမှုမျိုးမဟုတ်ပါ။ ဒဏ်ရာရခြင်း၊ သေဆုံးခြင်း များမှာလည်း ယာဉ်မောင်းသူတစ်ဦးတည်းရဲ့ အပြစ်သာ ဖြစ်သည်ဟု မဆိုနိုင်သကဲ့သို့ ယခုအခါ ဆိုင်ကယ်မောင်းသူတို့၏ မဆင်မခြင်စီးနင်းမောင်းနှင်ခြင်း၊ လမ်းသွားလမ်းလာ လူအချို့မှာလည်း ယာဉ်ကြောကိုဂရုမစိုက်ခြင်း၊ မူယစ်သောက်စား၍ သွားလာခြင်းများလည်း ရှိတတ်ပါတယ်။ ယခုအခါ အဆိုပါပြစ်မှုဥပဒေပုဒ်မ ၃၀၄ (က)အရ စွဲဆိုသောအမှုများကို အချို့သောတိုင်းနှင့် ပြည်နယ်အချို့တွင် ကျေအေးခွင့်၊ ရုတ်သိမ်းခွင့်မပြုခြင်းမှာ ပြစ်မှုဖြစ်ပွားမှုကိုဟန့်တားရည်ရွယ်ရန် ရည်ရွယ်ချက် ကောင်းမွန်သော်လည်း လက်တွေ့တွင်မိမိအမှားကိုမိမိဝန်ခံကြပြီး လူမှုရေးအရနစ်နာမှုကို နှစ်ဖက် ပြေလည်အောင်ညှိနှိုင်းကြသဖြင့် အချိန်ကုန်သက်သာခြင်း၊ ရှေ့နေရှေ့ရပ်၊ တရားစွဲဆိုသော အဖွဲ့အစည်း၊ တရားသူကြီးနှင့် တရားရုံးဝန်ထမ်းများ အပါအဝင် ဆက်နွယ်သူများအားလုံးကို ပေးကမ်း ရသဖြင့် ငွေရေးကြေးရေး ကုန်ကျမှုများပြားပြီး အကျင်‌့ပျက်ခြစားမှု ရှင်သန်ကြီးထွားလာခြင်း စသည့် မကောင်းသည့် အကျိုးဆက်များကို ဟန့်တားနိုင်မည်ဖြစ်ပါသည်။ သို့ပါ၍ ပြည်သူ့လွှတ်တော် ဥက္ကဋ္ဌကြီးမှတစ်ဆင့် အောက်ပါမေးခွန်းများကို မေးမြန်းအပ်ပါတယ်-

(၁)     ပြစ်မှုဆိုင်ရာဥပဒေပုဒ်မ ၃၀၄ (က) အရ စွဲဆိုထားသောအမှုများကို ကျေအေးရုတ်သိမ်းခွင့် မပြုဆိုတာမှန်ပါသလား။

(၂)     ယင်းသို့တားမြစ်ထားခြင်းသည် တည်ဆဲဥပဒေနှင့်ညီညွတ်ပါသလား။

(၃)     တည်ဆဲဥပဒေနှင့်မညီညွတ်လျင် သို့တည်းမဟုတ် ထိုသို့တားမြစ်ထားသဖြင့် ကောင်းကျိုးထက် ဆိုးကျိုးကများနေလျင် ပြန်လည်ပယ်ဖျက်ပေးနိုင်မည်လား။ စသည်များကို သိရှိလိုပါကြောင်း မေးမြန်းပါသည်။


 

ဖြေကြားသူ
ပြည်ထောင်စုတရားလွှတ်တော်ချုပ်၊ တရားသူကြီး ဦးမြင့်အောင်
ဖြေကြားသည့် ဝန်ကြီးဌာန
အဖြေ

ပြစ်မှုဆိုင်ရာဥပဒေပုဒ်မ ၃၀၄(က)မှာ အရမ်း သို့မဟုတ် ပေါ့လျော့စွာပြုမှုကြောင့် လူသေ စေမှုအတွက်ပြဋ္ဌာန်းထားခြင်းဖြစ်ပြီး ထောင်ဒဏ် ၇ နှစ်အထိချမှတ်နိုင်သော ပြစ်မှုဖြစ်ပါတယ်။ သေစေတန်ရာသည်ကိုသိလျက်နဲ့ကျူးလွန်လျှင် ထောင်ဒဏ်ကို ၁၀ နှစ်အထိ တိုးမြှင့်ချမှတ်နိုင်တဲ့ ပြစ်မှုအမျိုးအစားလည်းဖြစ်ပါတယ်။ မော်တော်ယာဉ်ကို အရမ်း သို့မဟုတ် ပေါ့လျော့စွာမောင်းနှင်မှု ကြောင့် လူသေဆုံးရသည့်ယာဉ်တိုက်မှုများကို ပြစ်မှုဆိုင်ရာဥပဒေပုဒ်မ ၃၀၄ (က)အရ တရားရုံးများမှာ တရားစွဲဆိုကြပါတယ်။ ပြစ်မှုဆိုင်ရာဥပဒေပုဒ်မ ၃၀၄(က)အရ စွဲဆိုတဲ့ယာဉ်တိုက်မှုတွေဟာ ပြစ်မှုဆိုင် ရာကျင့်ထုံးဥပဒေပုဒ်မ ၃၄၅ အပိုဒ်ခွဲ(၁)(၂)တို့အရ ကျေအေးခွင့်ရှိတဲ့အမှုများမဟုတ်တဲ့အတွက် အမှု ကျေအေးခွင့်မရရှိနိုင်ပါ။ ကျေအေးခွင့်မရတဲ့အမှုများကို ရုပ်သိမ်းခွင့်ပြုဖို့အတွက် လျှောက်ထားနိုင်ပါ တယ်။ ယင်းအမှုကို သက်ဆိုင်ရာဥပဒေအရာရှိက အမှုရုပ်သိမ်းခွင့်ပြုဖို့အတွက် တင်ပြလျှောက်ထား လာလျှင် တရားရုံးကပြစ်မှုဆိုင်ရာကျင့်ထုံးဥပဒေပုဒ်မ ၄၉၄ အရ ရုပ်သိမ်းခွင့်ပြုသင့်ပါက ရုပ်သိမ်း ခွင့်ပြုနိုင်ပါတယ်။ သို့သော်လည်း အမှုရုပ်သိမ်းခွင့်ပြုဖို့အမှုသည်များထံမှတိုက်ရိုက်တင်ပြတဲ့ လျှောက်လွှာတွေအပေါ် တရားရုံးကလက်ခံစဉ်းစားခြင်းမပြုနိုင်ပါ။ ရာဇဝတ်မှုများမှာအများပြည်သူ ကိုထိခိုက်နစ်နာစေတဲ့ပြစ်မှုများဖြစ်တဲ့အတွက် ကာယကံရှင်ကရုပ်သိမ်းလိုရုံမျှဖြင့် ရုပ်သိမ်းခွင့်မပြု နိုင်ခြင်းဖြစ်ပါတယ်။ တရားစွဲအဖွဲ့အစည်းကသာ ရုပ်သိမ်းခွင့်လျှောက်ထားနိုင်ပါတယ်။ သက်ဆိုင်ရာ ရဲတပ်ဖွဲ့ သို့မဟုတ် တရားစွဲအဖွဲ့အစည်းကတစ်ဆင့် ရုပ်သိမ်းခွင့်တင်ပြလျှောက်ထားလာရင် သူတို့ရဲ့ သဘောထားမှတ်ချက်များတောင်းခံစိစစ်ပြီးနောက် ခွင့်ပြုသင့်တယ်လို့ ယူဆတဲ့အခါ သက်ဆိုင်ရာ အမှုလိုက်ဥပဒေ အရာရှိက ပြစ်မှုဆိုင်ရာကျင့်ထုံးဥပဒေပုဒ်မ ၄၉၄ အရ အမှုကိုရုပ် သိမ်းခွင့်ပြုဖို့ တရားရုံးကိုတင်ပြ လျှောက်ထားရပါတယ်။ အဲ့ဒီလို တင်ပြလျှောက်ထားလာတဲ့အခါ လျှောက်ထား မှုဟာ တရားလိုဘက်က ပြစ်မှုထင်ရှားပေါ်လွင်အောင် သက်သေအထောက်အထားများ မတင်ပြ နိုင်ခြင်း၊ အမှုကိုစွဲတင်ပြီးမှ စွပ်စွဲခံရသူတစ်ဦးကိုဖြစ်စေ၊ အချို့ကိုဖြစ်စေသက်သေအဖြစ်ပြောင်းလဲ အသုံးပြုနိုင်ရန်အကြောင်း ပေါ်ပေါက်လာတဲ့အတွက် အဆိုပါစွပ်စွဲခံရသူအပေါ်တွင် စွဲဆိုသောအမှုကို ရုပ်သိမ်းရန်လိုအပ်လာခြင်း၊ အမှုကိုစစ်ဆေးနေစဉ်အတွင်း အမှုသည်များသည် သွေးရင်းသားရင်း ဖြစ်ကြ၍ အမှန်တရားကို ထုတ်ဖော်ပြောဆိုမည်မဟုတ်သောကြောင့် အမှုကိုဆက်လက်စစ်ဆေးခြင်း အားဖြင့် အကျိုးထူးဖွယ်ရာ မမြင်ခြင်းစတဲ့အကြောင်းတွေကြောင့် လျှောက်ထားခြင်း ဟုတ်၊ မဟုတ်နှင့် အမှုကိုရုပ် သိမ်းခွင့်ပြုခြင်းအားဖြင့် အလားတူအမှုမျိုးတိုးတက်ဖြစ်ပွားလာစေရန် အကြောင်းရှိ၊ မရှိကို စဉ်းစားသုံးသပ်ပြီး ရုပ်သိမ်းခွင့် ပြုသင့်တယ်လို့ယူဆတဲ့အခါ တရားရုံးကအမှုကို ရုပ်သိမ်းခွင့်ပြု ကြောင်း အမိန့်ချမှတ်ရပါတယ်။ အမှုရုပ်သိမ်းခွင့်မပြုလျှင် ဘာကြောင့်ရုပ်သိမ်းခွင့်မပြုကြောင်း အကျိုးအကြောင်းပြပြီးအမိန့်ချမှတ်ရပါတယ်။ တရားရုံးကအမှုကို ဆက်လက်စစ်ဆေးရပါတယ်။ အမှုရုပ်သိမ်းခြင်းနှင့်ပတ်သက်ပြီး ချမှတ်သောအမိန့် အပေါ်မကျေနပ်တဲ့သူက   အဆင့်မြင့်တရားရုံး သို့ ပြင်ဆင်မှုလျှောက်ထားရန်ဖြစ်ပါတယ်။

မေးခွန်းအမှတ်(၁)နှင့်စပ်လျဉ်းပြီး ပြစ်မှုဆိုင်ရာဥပဒေပုဒ်မ ၃၀၄(က)အရ စွဲဆိုတဲ့အမှုတွေကို ကျေအေးရုပ်သိမ်းခွင့်မပြုဆိုခြင်းမှာ မှန်ကန်ခြင်းမရှိပါကြောင်း ပြစ်မှုဆိုင်ရာကျင်‌့ထုံးဥပဒေပုဒ်မ ၃၄၅ အရ အမှုကျေအေးခွင့်မပြုနိုင်သော်လည်းပဲ ပြစ်မှုဆိုင်ရာကျင့်ထုံးဥပဒေပုဒ်မ ၄၉၄ အရ အမှု ရုပ်သိမ်းခွင့်ပြုသင့်ပါက ရုပ်သိမ်းခွင့်ပြုပါကြောင်းရှင်းလင်းဖြေကြားအပ်ပါတယ်။ မေးခွန်းအမှတ် (၂)နှင့် စပ်လျဉ်းပြီး ပြစ်မှုဆိုင်ရာဥပဒေပုဒ်မ ၃၀၄ (က)အရ စွဲဆိုသောအမှုများ ကျေအေးခွင့်မရှိခြင်း သည် တည်ဆဲဥပဒေပြဋ္ဌာန်းချက်များနဲ့ညီညွတ်မှုရှိပါကြောင်း၊ အမှုရုပ်သိမ်းခွင့် မပြုရန်တားမြစ်ထား ခြင်းမရှိပါကြောင်း ဥပဒေနှင့်အညီအမှုရုပ်သိမ်းခွင့်ပြုသင့်သည့်အမှုများကို ရုပ်သိမ်းခွင့်ပြုပြီး ရုပ်သိမ်း ခွင့်မပြုသင့်သည့်အမှုများကို ရုပ်သိမ်းခွင့်မပြုကြောင်း ရှင်းလင်းဖြေကြားအပ်ပါတယ်။ အထက်ပါ ဖြေဆိုချက်များအရ မေးခွန်းအမှတ်(၃)နှင့်ပတ်သက်ပြီး ရှင်းလင်းဖြေဆိုရန် လိုအပ်မည်မဟုတ်ပါကြောင်း ရှင်းလင်းဖြေကြားပါသည်။