၂၀၁၁-၂၀၁၂ ဘဏ္ဍာရေးနှစ်မှာ ရှမ်းပြည်တောင်ပိုင်း၊ နမ့်စန်နယ်စပ်ကနေပြီးတော့ မိုးနဲလမ်းပိုင်းမှာ ကတ္တရာခင်း လုပ်ငန်းဆောင်ရွက်ပြီးခဲ့တဲ့ လမ်းပိုင်းအသစ်ဟာ ပြန်ပြီးတော့ ပေါက်ပြဲနေတဲ့နေရာမှာ ကတ္တရာ ပြန်လောင်းရန်အစီအစဉ်နှင့် သတ်မှတ်စံချိန်စံညွှန်း အတိုင်းပြည့်မီအောင် မည်ကဲ့သို့ကြီးကြပ်အရေးယူစီမံ ဆောင်ရွက်နေသည်ကိုသိရှိလိုပါတယ်။ နောက်တစ်ချက်က အဲ့ဒီ နမ့်စန်နယ်စပ်ကနေပြီးတော့ မိုးနဲမြို့ အထိလမ်းပြုပြင်ရန်မှာ ၂၀၁၃-၂၀၁၄ ဘဏ္ဍာရေးစီမံကိန်း လျာထားချက်မှာ မပါရှိတာကိုတွေ့ရှိရပါတယ်။ နမ့်စန်နယ်စပ်ကနေပြီးတော့ လင်းခေးအထိလမ်းပိုင်း များ တစ်ဆက်တစ်စပ်တည်းနှစ်စဉ်ပြုပြင်ရန် အလွန်လိုအပ်လျက်ရှိနေပါတယ်။ အဲ့ဒီ လမ်းပိုင်းဟာ ၆၂ မိုင်ရှည်လျားပြီးတော့ ပြုပြင်ထိန်းသိမ်းမှု၊ စံချိန်မီပြုပြင်မှုနည်းပါးခြင်းများကြောင့် များစွာပျက်စီး နေပါတယ်။ သို့ဖြစ်ပါ၍ ၎င်းလမ်းပိုင်းများကို ၂၀၁၃-၂၀၁၄ ဘဏ္ဍာရေးနှစ်မှစ၍ လမ်းပိုင်းတစ်ပိုင်း လျှင်အနည်းဆုံး ၅ မိုင်စီ နှစ်စဉ်နှစ်တိုင်း အရည်အသွေးစံချိန်ပြည့်မီစွာဖြင့် လမ်းတိုးတက်ပြုပြင်ပေးပါ ရန်နှင့် ပြုလုပ်ဆောင်ရွက်ပေးနိုင်မည့် အစီအစဉ်များကိုသိရှိလိုပါကြောင်း မေးမြန်းပါသည်။
[ဦးစိုင်းကျော်မြင့်၊ မိုးနဲမဲဆန္ဒနယ်ကိုယ်စား ဦးစိုင်းဘိုးအောင်၊ မူဆယ်မဲဆန္ဒနယ်က မေးမြန်းပါသည်။]
နမ့်စန်နယ်စပ်မှ မိုးနဲအထိ လမ်းပိုင်းနှင့် မိုးနဲမှ လင်းခေးအကြားရှိလမ်းပိုင်းများကို ၂၀၁၃-၂၀၁၄ ဘဏ္ဍာရေးနှစ်မှစ၍ လမ်းပိုင်းတစ်ပိုင်းလျှင် ၅ မိုင်စီ နှစ်စဉ်နှစ်တိုင်း တိုးတက်ပြုပြင်ပေးပါရန် နှင့် ပြုပြင်ဆောင်ရွက်ပေးနိုင်မည့်အစီအစဉ်များကို သိရှိလိုသည့်မေးခွန်းအား ရှင်းလင်းဖြေကြား သွားမှာဖြစ်ပါတယ်ခင်ဗျား။ လေးစားအပ်ပါသော ဥက္ကဋ္ဌကြီးခင်ဗျား။ ရှမ်းပြည်နယ်တောင်ပိုင်း အတွင်းမှာရှိတဲ့ နမ့်စန်မှ မိုးနဲအပိုင်းတွင် မိုင် ဝ/၀ မှ ၄၁/၀ အထိ ၄၁ မိုင်နှင့် မိုးနဲမှ လင်းခေးအထိအပိုင်းမှာ မိုင်တိုင် ၄၁ မှ ၆၂ အထိ ၂၁ မိုင်ပါဝင်ပြီးတော့ နမ့်စန်-မိုးနဲ-လင်းခေး လမ်းဟာ စုစုပေါင်း ၆၂ မိုင်ရှည်လျားတာဖြစ်ပါတယ်။ နမ့်စန်-မိုးနဲ-လင်းခေးအပိုင်းမှာ ယခင်နှစ် များက လမ်းပျက်စီးမှုများများပြားခဲ့ပါတယ်။ ယခုအခါ ငြိမ်းချမ်းရေးရယူပြီး တိုးတက်ပြုပြင်ခြင်း လုပ်ငန်းများဆောင်ရွက်ခဲ့တဲ့အတွက် နမ့်စန်-မိုးနဲ-လင်းခေးအပိုင်းလမ်းဟာ ချောမွေ့စွာသွားလာနိုင်မှာ ဖြစ်ပါတယ်။ လွှတ်တော်ကိုယ်စားလှယ်ကြီးမေးမြန်းတဲ့ မိုင်တိုင် ၁၉ အနီးမှာ ကတ္တရာလမ်းပေါက် များပျက်စီးမှုကို ၂၀၁၃ ခုနှစ်၊ ဇန်နဝါရီလမှာ ရရှိတဲ့ပြင်ဆင်ထိန်းသိမ်းရေးရန်ပုံငွေတောင်းခံပြီး ဖေဖော်ဝါရီ လဆန်းမှာ ပြုပြင်ဆောင်ရွက်ပြီးဖြစ်ပါတယ်ခင်ဗျား။ ၂၀၁၂-၂၀၁၃ ဘဏ္ဍာနှစ်မှာလည်း နမ့်စန်-မိုးနဲ အပိုင်းမှာ မူလကျောက်လမ်း ၁ မိုင် ၂ ဖာလုံကို ကတ္တရာခင်းခြင်း၊ ကျန် ၁၂ မိုင်ကို လမ်းအနိမ့်အမြင့်ညှိ၍ ကတ္တရာရေပိတ်လွှာလောင်းခြင်းနှင့် ကတ္တရာထပ်ပိုးလွှာခင်းခြင်းလုပ်ငန်း များကိုဆောင်ရွက်ပြီးတော့ ဒီလုပ်ငန်းတွေဟာ အခုချိန်မှာ ၇၀ ရာခိုင်နှုန်းခန့်ပြီးစီးနေပြီဖြစ်ပါတယ်။ အလားတူပဲ မိုးနဲ-လင်းခေး လမ်းအပိုင်းမှာလည်းပဲ ကျောက်လမ်း ၇ မိုင်ကို ကတ္တရာခင်းခြင်း ဆောင်ရွက်လျက်ရှိပြီးတော့ ဒီလုပ်ငန်းဟာ ယခုချိန်မှာ ၆၅ ရာခိုင်နှုန်းပြီးစီးနေပြီဖြစ်တဲ့အတွက် ဒီဘဏ္ဍာရေးနှစ်အကုန်မှာတော့ ဒီလမ်းများဟာ ရာခိုင်နှုန်းပြည့် ပြီးစီးသွားမှာဖြစ်ပါတယ်။ ဒီ့အပြင် ကျွန်တော်တို့၂၀၁၃-၂၀၁၄ ဘဏ္ဍာရေးနှစ်မှာ နမ့်စန်-မိုးနဲ-လင်းခေးအပိုင်း ၁၁ မိုင်ကို ကတ္တရာလမ်း အဆင့်မြှင့်တင်ခြင်းဆောင်ရွက်ရန်အတွက် ရန်ပုံငွေများတင်ပြတောင်းခံထားပါတယ်။ အဲ့ဒီအတွက် ကြောင့် နမ့်စန်-မိုးနဲ-လင်းခေးလမ်း ၆၂ မိုင်ကို ၁၂ ပေအကျယ်ကတ္တရာလမ်းအဆင့်ဆောင်ရွက်ရာမှာ ၂၀၁၂-၂၀၁၃ ဘဏ္ဍာရေးနှစ်မှာ စုစုပေါင်း ၂၀ မိုင် ၂ ဖာလုံပြီးစီးသွားမှာဖြစ်ပြီးတော့ ၄၁ မိုင် ၆ ဖာလုံကျန်ရှိပါတယ်ခင်ဗျား။ ကိုယ်စားလှယ်တော်ကြီးမေးမြန်းတင်ပြချက်ပါအတိုင်း တစ်နှစ်လျှင် အပိုင်းတစ်ပိုင်းကို ၅ မိုင်စီဆောင်ရွက်ပါက နှစ်စဉ်ကာလကြာရှည်စွာဆောင်ရွက်ရမှာဖြစ်တာကြောင့် ကျွန်တော်တို့ စီမံချက်ရေးဆွဲထားတာကတော့ ၂၀၁၃-၂၀၁၄ ဘဏ္ဍာရေးနှစ်မှာ တင်ပြတောင်းခံ ထားတဲ့အတိုင်း ၁၁ မိုင် ဆောင်ရွက်ပါမယ်။ ၂၀၁၄-၂၀၁၅ ဘဏ္ဍာရေးနှစ်မှာ ၁၆ မိုင် ၄ ဖာလုံ ဆောင်ရွက်ပါမယ်။ ၂၀၁၅-၂၀၁၆ ဘဏ္ဍာရေးနှစ်မှာတော့ ၁၄ မိုင် ၂ ဖာလုံဆောင်ရွက်ခြင်းအားဖြင့် စုစုပေါင်း ၄၁ မိုင် ၆ ဖာလုံ ဆောင်ရွက်သွားရန် စီမံချက်ရေးဆွဲထားရှိပြီး ဘဏ္ဍာရေးနှစ်အလိုက် ရန်ပုံငွေများတင်ပြတောင်းခံ၍ ဆောင်ရွက်သွားမှာဖြစ်ပါကြောင်းတင်ပြပါတယ်။
ဖော်ပြပါလမ်းအပိုင်းများကို သတ်မှတ်စံချိန်စံညွှန်းနဲ့အညီ ဆောင်ရွက်ရန်အတွက် အရည်အသွေးပြည့်မီတဲ့ဒေသထွက်ကျောက်များ နဲ့ ၈၀/၁၀၀ ကတ္တရာအမျိုးအစားကို အသုံးပြုဆောင်ရွက်မှာဖြစ်ပါတယ်။ လုပ်ငန်းအကောင် အထည်ဖော်ဆောင်ရွက်ရာမှာလည်းပဲ သက်ဆိုင်ရာမြို့နယ်အင်ဂျင်နီယာမှ အနီးကပ်ကြီးကြပ် ဆောင်ရွက်ပြီးတော့ ခရိုင်အင်ဂျင်နီယာမှူးနဲ့ ပြည်နယ်အင်ဂျင်နီယာမှူးကြီးတို့မှ အဆင့်ဆင့်ကြီးကြပ် ကာ ပြည်သူ့ဆောက်လုပ်ရေးလုပ်ငန်း(ရုံးချုပ်)က ပြည်နယ်တာဝန်ခံအဖြစ်တာဝန်ပေးထားတဲ့ အင်ဂျင်နီယာချုပ်တစ်ဦးက အခါအားလျော်စွာကြပ်မတ်ဆောင်ရွက်လျက်ရှိတဲ့အပြင် ရုံးချုပ်မှာရှိတဲ့ လမ်းသုတေသနဓာတ်ခွဲခန်းက လမ်းအရည်အသွေးထိန်းကွပ်ရေး (Quality Control) အဖွဲ့များ ကလည်း အနီးကပ်ကြီးကြပ်ဆောင်ရွက်မှာဖြစ်ပါကြောင်း ဖြေကြားပါသည်။
