ယွန်းစလင်းချောင်းဟာ ဖာပွန်မြို့ရဲ့ အနောက်ဘက်မှာ ကပ်ပြီးတော့ မြောက်ကနေတောင်ကို စီးဆင်းနေတဲ့ ချောင်းတစ်ချောင်းဖြစ်ပါတယ်။ အဲ့ဒီချောင်းက နွေကာလမှာ ရေနည်းပေမယ့် မိုးကာလဆို တောင်ကျချောင်း ရေတွေကြောင့် အလွန်ရေစီးသန်တဲ့ ချောင်းတစ်ချောင်း ဖြစ်ပါတယ်။ အဲ့ဒီချောင်းကိုဖြတ်ပြီးတော့ ဖာပွန်မြို့နယ်ရဲ့ အရှေ့ခြမ်းနဲ့အနောက်ခြမ်းကို ဆက်သွယ် သွားနိုင်ဖို့ရာ တံတား နှစ်စင်းတည်ဆောက် ထားပါတယ်။ အဲ့ဒီတံတား နှစ်စင်းကတော့ ဖာပွန်မြို့နဲ့ အနောက်ဘက်ကမ်းရွာကို ဆက်သွယ်ထားတဲ့ တံတားတစ်စင်းနဲ့ ဖာပွန်မြို့နဲ့ ၉ မိုင်အကွာ ဖာပွန်-ကမမောင်း လမ်းပေါ်မှာရှိတဲ့ ကူးဆိပ်ရွာမှာတည်ထားတဲ့ ကူးဆိပ်တံတားဖြစ်ပါတယ်။ အဲ့ဒီတံတား တွေဟာ တစ်လွှာတစ်ထပ်ဘေလီတံတားအမျိုးအစားတွေဖြစ်ပြီးတော့ သစ်သားကြမ်းခင်း ဘီးလမ်းကလည်း သစ်သားပဲဖြစ်ပါတယ်။ ပေက ၄၉၀ ရှိပါတယ်။ ၁၉၉၉ ခုနှစ် မိုးတွင်း ကာလမှာ ချောင်းရေ တိုက်စားမှုကြောင့် တံတား နှစ်စင်းစလုံး ပြိုကျပျက်စီးပြီးတော့ မျောပါသွားကြပါတယ်။ အဲ့ဒီ ၁၉၉၉ ခု မိုးအကုန်မှာတော့ အဲ့ဒီတံတား နှစ်စင်းကသံထည်တွေကို ပြန်လည်ဆယ်ယူပြီးတော့ရလာတဲ့ ဆယ်တင် ပစ္စည်းတွေနဲ့ ဖာပွန်အနောက်ဘက်ကမ်း ဆက်သွယ်ထားတဲ့တံတားကို ပြန်လည်တည်ဆောက် ပေးခဲ့ရာမှာ ၂၀၀၀ ပြည့်နှစ်မှာ ပြီးစီးခဲ့ပါတယ်။ တံတားစတင်တည်ဆောက်စဉ်ကတည်းက အောက်ခံ သံဆင့် ၅ ချောင်း တပ်ဆင်အသုံးပြုရမှာဖြစ်ပေမယ့်လည်း သံဆင့်အနေနဲ့ ၂ ချောင်းသာတပ်ဆင်နိုင်ခဲ့ ပြီးတော့ ကျန်သံဆင့် ၃ ချောင်းနေရာမှာသစ်သားတွေနဲ့ အစားထိုးတပ်ဆင်တည်ဆောက်ခဲ့ကြရပါ တယ်။ အခုအခါမှာသစ်သားဆင့်တွေဟာလည်း ဆွေးမြည့်နေပြီဖြစ်တဲ့အပြင် သံဆင့် ၂ ချောင်းဟာ လည်း ဆွေးမြည့်အားပျော့နေကြပြီဖြစ်ပါတယ်။ ရေလယ်မှာ သစ်လုံးတိုင်စင် ၅ စင် ရှိပါတယ်။ အဲ့ဒီတိုင်စင်တွေဟာလည်း နှစ်ကာလရှည်ကြာလာတာနဲ့အမျှ ဆွေးမြည့်နေကြပြီး အောက်ခြေပိုင်းတွေ ပျက်ပြီးတော့ အခြေအနေအတော် ဆိုးရွားနေတဲ့ အနေအထား ဖြစ်နေပါတယ်။အဲ့ဒီတိုင်စင်တွေကို အကာအကွယ်ပေးဖို့တည်ဆောက်ထားတဲ့ တံတားသင်္ဘောဦးရဲ့ သစ်သားထည်တွေဟာလည်း အရင်နှစ်က ရေတိုက်စားထားပြီးတော့ ပျက်စီးမျောပါသွားကြပြီဖြစ်ပါတယ်။ တံတားရဲ့လက်ရှိ အခြေအနေကတော့ တံတားဘေးဘောင်တွေက လွဲပြီးတော့ကျန်တဲ့ အစိတ်အပိုင်းအားလုံး အားလျော့ ပျက်စီးနေကြပြီဖြစ်ပါတယ်။ လက်ရှိအခြေအနေမှာတော့ နွားလှည်းတစ်စီး ဖြတ်သန်းသွားလာ မောင်းနှင်ရင်တောင်မှလည်း လှုပ်ခါရမ်းနေတဲ့ အနေအထားမျိုး ရောက်ရှိနေပါတယ်။ မကြာသေးတဲ့ ကာလ ၂၀၁၃ ခုနှစ်၊ ဇန်နဝါရီလ ၂ ရက်နေ့က ကရင်ပြည်နယ်ဝန်ကြီးချုပ်နဲ့ ပြည်နယ်ဝန်ကြီးများ၊ ပြည်နယ်အဆင့်ဌာနဆိုင်ရာအကြီးအကဲများ ဖာပွန်ရောက်ရှိစဉ်ကာလမှာ မြို့နယ်တာဝန်ရှိ ပုဂ္ဂိုလ် များနဲ့ ကျွန်တော်အပါအဝင် လူပေါင်းနှစ်ဆယ်ကျော် အစိတ်လောက် တံတားအခြေအနေကို သွားရောက်ကြည့်ရှုစစ်ဆေးကြည့်တဲ့အခါမှာ တံတားရဲ့ အလယ်လောက်အရောက်မှာပဲ တံတားက လှုပ်ရမ်းလာတဲ့အတွက်ကြောင့် တချို့ကပြန်လှည့်ပြေးမလိုတောင် ဖြစ်ခဲ့ပါတယ်။ ရာဇအိန္ဒြေပျက်တယ် ဆိုတာ ဒါမျိုးကိုခေါ်မယ်ထင်ပါတယ်။ ရာဇအိန္ဒြေပျက်လောက်အောင်ဖြစ်နေတဲ့ အဲ့ဒီတံတားကြီးဟာ ဒီလိုအခြေအနေရှိတယ်ဆိုတာ ကျွန်တော်သိစေလိုခြင်းဖြစ်ပါတယ်။
ဖာပွန်အ-ထ-ကကိုနေ့စဉ်ကျောင်းတက်/ဆင်းပြုလုပ် နေကြတဲ့ ကျောင်းသားကျောင်းသူတွေ၊ ရောင်းဝယ် ဖောက်ကားမှုကိစ္စနဲ့ ရွာသူရွာသား၊ မြို့သူမြို့သား တွေ နိစ္စဒူဝ ဖြတ်သန်းသွားလာအသုံးပြုနေရတဲ့ တံတားကြီး ဖြစ်ပါတယ်။ တံတားရဲ့ ကြံ့ခိုင်မှုက လုံးဝမရှိတော့ဘဲနဲ့ အန္တရာယ်ရှိတဲ့အနေအထားကို ရောက်ရှိနေပြီဖြစ်တဲ့ အတွက်ကြောင့် ဒေသခံ ပြည်သူတွေအဖို့တော့ အမြန်ဆုံးပြန်လည်ပြုပြင် တည်ဆောက်ပေးလိုတဲ့ ဆန္ဒတွေ ဖြစ်ပေါ်လျက် ရှိနေကြပါတယ်။ ၂၀၁၃-၂၀၁၄ ဘဏ္ဍာနှစ်ဘတ်ဂျက်ခွဲဝေလျာထားတဲ့စာရင်းမှာလည်း ဒီတံတားနဲ့ ပတ်သက်ပြီးတော့ လျာထားတာကို မတွေ့ရပါဘူးခင်ဗျာ။ ဒါကြောင့် ဒေသခံပြည်သူတွေရဲ့ကိုယ်စား ပြည်သူ့လွှတ်တော်ဥက္ကဋ္ဌကြီးမှတစ်ဆင့် အောက်ပါမေးခွန်းများကို မေးမြန်းသွားမှာဖြစ်ပါတယ်။ မေးခွန်း(၁) ဖာပွန်မြို့နဲ့ အနောက်ဘက်ကမ်းကျေးရွာကို ဆက်သွယ်ထားတဲ့ ယွန်းစလင်းချောင်းကူး တစ်လွှာတစ်ထပ်ဘေလီတံတားသည် ကြံ့ခိုင်မှုလုံးဝမရှိတော့ပဲ အန္တရာယ်ရှိသည့်အနေအထားသို့ ရောက်ရှိနေပြီး သက်ဆိုင်ရာပြည်ထောင်စုဝန်ကြီးဌာနမှ သိရှိပါသလား။ မေးခွန်း(၂) မသိရှိသေးပါ လျှင် ယခုသိရှိပြီဖြစ်၍ ၎င်းတံတားကိုမည်သည့်ကာလတွင် ဖြစ်နိုင်ပါလျှင် ၂၀၁၃-၂၀၁၄ ဘတ်ဂျက် ရန်ပုံငွေဖြင့် အမြန်ဆုံးပြုပြင်တည်ဆောက်ပေးနိုင်ပါမည်လားဟု လေးစားစွာ မေးမြန်းပါသည်။
ကျွန်တော့်အနေနဲ့ ကရင်ပြည်နယ်၊ ဖာပွန်မဲဆန္ဒနယ် ပြည်သူ့လွှတ်တော် ကိုယ်စားလှယ်ကြီး ဦးစိုင်းသန်းနိုင်မှ ပြည်သူ့လွှတ်တော်အစည်းအဝေးသို့ မေးမြန်းထားတဲ့ ဖာပွန်မြို့နယ်နှင့် အနောက်ဘက်ကမ်းကျေးရွာများကို ဆက်သွယ်ထားတဲ့ ယွန်းစလင်းချောင်းကူး တစ်လွှာတစ်ထပ်ဘေလီတံတား ကြံ့ခိုင်မှုလုံးဝမရှိတော့ဘဲ အန္တရာယ်ရှိသည့် အနေအထားရောက်ရှိ နေပါ၍ ၎င်းတံတားကို မည်သည့်ကာလတွင် အမြန်ဆုံးပြန်လည်ပြုပြင် တည်ဆောက်ပေးနိုင်မည်ကို သိရှိလိုသည့် မေးခွန်းအား ရှင်းလင်းဖြေကြားသွားမှာဖြစ်ပါတယ်ခင်ဗျား။
ကရင်ပြည်နယ်၊ ဘီးလင်း-နတ်ကြီး-ဖာပွန်လမ်းပေါ်မှာ ရှိတဲ့ ဖာပွန်မြို့နှင့် အနောက်ဘက်ကျေးရွာများကို ဆက်သွယ်ထားတဲ့ မိုင်တိုင် ၇၅ မိုင် ၆ ဖာလုံနှင့် ၇၅ မိုင် ၇ ဖာလုံအကြားမှာရှိတဲ့ ယွန်းစလင်းချောင်းကူး တံတားဟာ တစ်လွှာတစ်ထပ် ဘေလီတံတား အမျိုးအစားဖြစ်ပြီးတော့ ၇၀ ပေ ၇ ခန်း နဲ့ အရှည် ၄၉၀ ရှိတဲ့တံတားဖြစ်ပြီး ၁၉၉၉ ခုနှစ်မှာ စတင် တည်ဆောက်ခဲ့ခြင်းဖြစ်ပါတယ်။ ယွန်းစလင်းဘေလီတံတား စတင်တည်ဆောက်စဉ်က အောက်ခံ သံဆင့် Stringer ၅ ချောင်း တည်ဆောက်ရမှာ ဖြစ်သော်လည်း၊ လွှတ်တော်ကိုယ်စားလှယ်ကြီး တင်ပြထားတဲ့အတိုင်း ကျွန်တော်တို့ ရေထဲမျောပါသွားတဲ့ Stringer တွေကို ၂ ချောင်းသာ တံတား ပေါ်မှာရှိတဲ့ ဘီးလမ်း wheel truck ရဲ့အောက်မှာ ကျွန်တော်တို့ ထည့်သွင်းနိုင်ပြီးတော့ ကျန်တဲ့ wheel truck ကအပြင်မှာရှိနေရာများမှာတော့သစ်သားတွေနဲ့သာ အစားထိုးပြီး တည်ဆောက်ခဲ့ရတာ ဖြစ်ပါတယ်။ အဲဒီအောက်ခံသံဆင့် ၂ ချောင်းနဲ့ ရေလယ်သစ်လုံးတိုင်စင် ၅ ဆင့်ဟာလည်းပဲ နှစ်ကာလကြာမြင့်နေပြီဖြစ်တဲ့အတွက် ဆွေးမြေ့ပြီးတော့ တံတားကို ရှေ့ကစီးဆင်းလာတဲ့ပစ္စည်းများ ကာဖို့ထားတဲ့ သင်္ဘောဦးဟာလည်း ယမန်နှစ်မိုးရာသီက ရေတိုက်စားမှုကြောင့် ပျက်စီးသွားပါတယ်။ ဒါကြောင့်မို့လို့ ကြံ့ခိုင်မှုနည်းပါးပြီးတော့ အန္တရာယ်ရှိနေတဲ့အကြောင်းကို ဓါတ်ပုံမှတ်တမ်းများနဲ့ တင်ပြလာတဲ့အတွက် ကျွန်တော်တို့ သိရှိရပြီး ဖြစ်ပါတယ်။
ဒီယွန်းစလင်းဘေလီတံတား ကြံ့ခိုင်မှု ကောင်းမွန်ရေးအတွက် ၂၀၁၂-၂၀၁၃ ဘဏ္ဍာနှစ်မှာ ပြင်ဆင်ထိန်းသိမ်းရေးရန်ပုံငွေနဲ့ ယခင်က တစ်လွှာတစ်ထပ်ဘေလီ ၇၀ ပေခန်းဖွင့်ဖြစ်ပါက တံတားဟာဘာပဲဖြစ်ဖြစ် ၇၀ ပေဟာ တုန်လှုပ်ရမ်းခါမှုရှိပါတယ်။ ဒါကြောင့်မို့ အခုအခါမှာ အဲဒါကို ကျွန်တော်တို့ ၅၀ ပေ ခန်းဖွင့် ၁၀ ခန်းနဲ့ ပေ ၅၀၀ ပြန်လည်တည်ဆောက်ပေးမှာ ဖြစ်ပါတယ်။ ဒါကြောင့်မို့လို့ တိုင်စင်များဟာလည်း ပျက်စီးနေတဲ့ ၅ ခုစလုံးကို ဖယ်ထုတ်ပြီးတော့ ကျွန်တော်တို့ တိုင်စင် ၁၀ ခု ပြန်ထည့်ဖို့အတွက်ဆောင်ရွက်ထားပါတယ်။ အဲဒီတော့ ဘေလီ အောက်ခံသံဆင့် ကျွန်တော်တို့ရဲ့ အခေါ်အဝေါ် Stringer များကိုလည်းပဲ ပျက်စီးသွားတဲ့ ၂ ချောင်းကို မသုံးတော့ဘဲနဲ့ ကျွန်တော်တို့အသစ် ၅ ချောင်းလုံးပြန်လည်လဲလှယ်ပေးမှာဖြစ်ပါတယ်။ ဒါကြောင့်မို့ ပျက်စီးပြီး တော့မျောပါသွားတဲ့ သင်္ဘောဦးတိုင်များကိုလည်း အသစ်တည်ဆောက်ပေးမှာဖြစ်ပါတယ်။ ဒါ့ကြောင့် ကျွန်တော်တို့ ဒီလိုတည်ဆောက်တဲ့လုပ်ငန်းများကိုလည်း ယခုရရှိထားတဲ့ ပြင်ဆင်ထိန်းသိမ်းရေး ရန်ပုံငွေနဲ့ ဒီ ၂၀၁၂-၂၀၁၃ ရန်ပုံငွေသုံးစွဲပြီးတော့ ဆောင်ရွက်မှာဖြစ်တဲ့အတွက် ယခုတံတားရဲ့ခံနိုင်ဝန် ၆ တန်သာ ခွင့်ပြုပေးနိုင်ရာကနေပြီးတော့ ၁၅ တန်အထိ တိုးတက်သွားမှာ ဖြစ်ပါတယ်။
ဒီယွန်းစလင်းချောင်းကူးတံတား အသုံးပြုနေတဲ့ ဒေသခံပြည်သူများ အန္တရာယ်ကင်းစေရေးအတွက် လောလောဆယ်ကြံ့ခိုင်မှုကောင်းမွန်အောင် ဆောင်ရွက်သွားမှာဖြစ်သလို သံကူကွန်ကရစ်တံတားအဆင့်အဖြစ် ဆောက်လုပ်ရေးအတွက် ကျွန်တော် တို့ကို ယခုကျင်းပနေတဲ့လွှတ်တော်ကနေပြီးတော့ ညွှန်ကြားချက်အရ ပြင်ဆင်ဖြည့်စွက်ရေးဆွဲမယ့် ၂၀၁၃-၂၀၁၄ ဘဏ္ဍာနှစ် အမျိုးသားစီမံကိန်းဥပဒေမူကြမ်းမှာ ဖြည့်စွက်ရေးဆွဲထားပါကြောင်း ဖြေကြားပါသည်။
