ရခိုင်ပြည်နယ်မှာ လယ်သမားများအနေနဲ့ လယ်ယာစိုက်ပျိုးရေးလုပ်ငန်းများလုပ်ဆောင်တဲ့နေရာမှာ ပင်လယ်ဒီရေ ဝင်ရောက်နိုင်ရန်အတွက် ရေငန်တားတဲ့တမံများ ဒေသအခေါ် ကာရီများ ဆည်ဖို့ပြီးတော့မှ လုပ်ကိုင် ဆောင်ရွက်ကြပါတယ်။ ရေငန်တားတမံဆိုတဲ့နေရာမှာလည်းပဲ ရခိုင်ပြည်နယ်မှာ နှစ်မျိုးနှစ်စားရှိပါ တယ်။ ပထမတစ်မျိုးကတော့ နိုင်ငံတော်မှ ဖွံ့ဖြိုးရေးအစီအစဉ်နဲ့ စက်ယန္တရားကြီးများနဲ့ ဆောင်ရွက်တဲ့ ရေငန်တားတမံဖြစ်ပြီးတော့မှ နောက်တစ်မျိုးကတော့ ဒေသခံလယ်သမားတွေနဲ့ မိမိတို့ ရဲ့အစီအစဉ်နဲ့ မိမိတို့ရဲ့လုပ်အားနဲ့ ပင်လယ်ရေမဝင်ရောက်စေနိုင်ရန် ဆည်ဖို့တဲ့ဒေသအခေါ် ကာရီ များပဲဖြစ်ပါတယ်။ စာရင်းဇယားများအရ ရခိုင်ပြည်နယ်အတွင်းမှာ နိုင်ငံတော်ဖွံ့ဖြိုးရေး အစီအစဉ်နဲ့ ဆောင်ရွက်တဲ့ ရေငန်တားတမံ ၃၂ ခုရှိပြီးတော့မှ စုစုပေါင်း မိုင်၂၀၇.၈၉ မိုင်ရှိပါတယ်။ အကျိုးပြုဧက က ၇၉၅၈၄ ဧက ရှိတယ်လို့သိရှိရပါတယ်။ လယ်သမားများအစီအစဉ်နဲ့ ဆောင်ရွက်တဲ့ ရေငန် တားတာတမံ ကာရီများကတော့ ၃၉၄ ခုရှိပြီးတော့မှ စုစုပေါင်းအရှည် ၄၉၅.၆၇ မိုင်နှင့် အကျိုးပြုဧက ၉၈၁၃၆ ဧကရှိတယ်လို့ လေ့လာတွေ့ရှိရပါတယ်။ စုစုပေါင်းကာရီအရှည်ဟာ ၇၀၃.၅၆ မိုင်ရှိ ပြီးတော့မှ အကျိုးပြုဧက ၁၇၇၇၂၀ ဧကရှိကြောင်းလည်းပဲ ကျွန်တော်တို့ သိရှိရပါတယ်။ လယ်သမား တာများကို လယ်သမားများဟာ မိမိတို့အစီအစဉ်နှင့်တတ်စွမ်းသမျှ ဆောင်ရွက်ကြတာဖြစ်တဲ့ အတွက် နိုင်ငံတော်အစီအမံဖြင့် ဆောင်ရွက်ပေးတဲ့တာတမံများကဲ့သို့ တာပေါင်များကြီးမားခိုင်ခံ့မှုမရှိပါ။ ရေတံခါးများမှာလည်းပဲ ခိုင်မာတောင့်တင်းခြင်းမရှိတဲ့အခြေအနေဖြစ်ပါတယ်။ အဲလို အခြေအနေများ ကြောင့် နှစ်စဉ်လိုလိုမှာပဲ ပင်လယ်ဒီရေများ ဝင်ရောက်မှုကြောင့် လယ်သမားတာများ ကျိုးပေါက် ပြီးတော့မှ လယ်သမားများစိုက်ပျိုးထားတဲ့ စိုက်ပျိုးသီးနှံများ မကြာခဏ ဆုံးရှုံးမှုများ ကြုံတွေ့နေရပါ တယ်။ ဒါ့အပြင် ရခိုင်ပြည်နယ်ဟာ မုန်တိုင်းများမကြာခဏ ဝင်ရောက်တိုက်ခတ်လျက်ရှိတဲ့အပြင် ကမ္ဘာ့ရာသီဥတုပြောင်းလဲမှုကြောင့်လည်း တစ်နှစ်ထက်တစ်နှစ် ပင်လယ်ရေမျက်နှာပြင် မြင့်တက် လာပြီးတော့မှ ဒီရေများ ပိုမိုကြီးမြင့်လာတဲ့အတွက် လယ်သမားကာရီအများ ပျက်စီးဆုံးရှုံးမှုများဟာ တစ်နှစ်ထက်တစ်နှစ် ပိုမိုများပြားလာကြောင်း တွေ့ရပါတယ်။ လယ်သမားများအနေနဲ့လည်း ၎င်းတို့ရဲ့ တာတမံများ၊ ကာရီများကို ကြိုးစားပြုပြင်ကြသော်လည်းပဲ တချို့နေရာဒေသများမှာ မတတ်နိုင်တော့ တဲ့အခြေအနေဖြစ်ပေါ်လျက်ရှိပါတယ်။ တချို့ကျေးရွာမှ လယ်သမားများဟာလည်းပဲ ဒီရေဝင်ရောက် မှုကို မတားဆီးနိုင်တော့တဲ့အတွက် လယ်မြေများကို စွန့်လွှတ်ပြီးတော့မှ တခြားသော လုပ်ငန်းများကို ပြောင်းရွှေ့လုပ်ကိုင်သွားကြကြောင်းကိုလည်း လေ့လာတွေ့ရှိရပါတယ်။ အဲဒီ လယ်သမားကာရီများ တမံများကို ရေတံခါးများအပါအဝင် လယ်ယာစိုက်ပျိုးရေးနှင့် ဆည်မြောင်းဝန်ကြီးဌာနမှ စီမံချက် ချမှတ်ပြီးတော့မှ ပိုမိုတောင့်တင်းခိုင်မာစေရေးအတွက်ကို ပြုပြင်ပေးဖို့အထူးပဲလိုအပ်လျက်ရှိပါတယ်။ လယ်ယာစိုက်ပျိုးရေးနှင့် ဆည်မြောင်းဝန်ကြီးဌာနမှ စက်ယန္တရားများနှင့် ခိုင်မာတောင့်တင်းတဲ့ တာတမံများ၊ ရေတံခါးများ တည်ဆောက်ပေးမှသာလျှင် ရခိုင်ပြည်နယ်မှာရှိတဲ့ လယ်သမားများ အတွက် လုံခြုံစိတ်ချစွာ လယ်ယာစိုက်ပျိုးရေးလုပ်ငန်းများကို လုပ်ကိုင်ဆောင်ရွက်နိုင်မှာဖြစ်ပါတယ်။ နိုင်ငံတော်အနေနဲ့လည်းပဲ ၂၀၁၂-၂၀၁၃ ဘဏ္ဍာနှစ်အတွင်းမှာ ရခိုင်ပြည်နယ်မှာရှိတဲ့ ကျွန်တော်တို့ လယ်သမားများအတွက် ကာရီများပြုပြင်ဖို့ကို ပြီးခဲ့တဲ့နှစ်က သန်းပေါင်း ၃၀၁၃ သန်းချမှတ်ခွဲဝေပေး ခဲ့ပါတယ်။ လယ်ယာစိုက်ပျိုးရေးနှင့် ဆည်မြောင်းဝန်ကြီးဌာနမှလည်းပဲ လယ်သမားတာ ၈၆ ခုကို ဆောင်ရွက်မယ်လို့ တင်ပြထားပါတယ်။ လာမယ့်နှစ်မှာလည်းပဲ သန်းပေါင်း ၅၀၀ လယ်သမားကာရီ တမံများ ပြုပြင်ဖို့ဆောင်ရွက်ထားကြောင်းလည်း သိရပါတယ်။ သို့ရာတွင် လယ်ယာစိုက်ပျိုးရေးနှင့် ဆည်မြောင်းဝန်ကြီးဌာနအနေနဲ့ အဆိုပါ ကာရီတာတမံများကို စိတ်ချရတဲ့ တာတမံများဖြစ်လာစေရေး အတွက်ကို စီမံချက်ရေးဆွဲပြုပြင်ဆောင်ရွက်ဖို့လိုအပ်ပါတယ်။ ဒါကြောင့်မို့လို့ ကျွန်တော်မေးမြန်း လိုတဲ့မေးခွန်းကတော့ ရခိုင်ပြည်နယ်အတွင်းမှာရှိတဲ့ လယ်သမားရေငန်တားတာတမံများ ဒီရေ ဝင်ရောက်မှုအန္တရာယ်မှ ကာကွယ်ဖို့အတွက် ခိုင်မာတောင့်တင်းစိတ်ချရတဲ့ တာတမံများဖြစ်လာ စေရေး စီမံချက်ရေးဆွဲပြုပြင်ဆောင်ရွက်ပေးရန် အစီအစဉ်ရှိ၊မရှိနှင့် အစီအစဉ်ရှိပါက မည်သည့် ဘဏ္ဍာရေးနှစ်မှ စတင်ဆောင်ရွက်မည်ကို သိရှိလိုပါသဖြင့် ဖြေကြားပေးနိုင်ပါရန် မေးမြန်းပါသည်။
လွှတ်တော်ကိုယ်စားလှယ်တော်ကြီး တင်ပြသည့် ရခိုင်ပြည်နယ် အတွင်းရှိ လယ်သမားတာ(ကာရီ)များကို ပြုပြင်ရန် လုပ်ငန်းအပေါ် ၂၀၁၂-၂၀၁၃ ဘဏ္ဍာရေးနှစ်တွင် နိုင်ငံတော်မှ ရန်ပုံငွေကျပ်သန်း ၃၀၁၃ သန်း ခွဲဝေခွင့်ပြုရရှိခဲ့ပါတယ်။ ရခိုင်ပြည်နယ် ဆည်မြောင်း ဦးစီးဌာနမှ ကွင်းဆင်းစစ်ဆေးချက်အရ ဦးစားပေးဆောင်ရွက်ရန် လိုအပ်ချက်ရှိနေသည့် လယ်သမား တာ (ကာရီ) ၈၈ ခု အနက် ၄၉ ခုကို အဆိုပါရန်ပုံငွေဖြင့် ဆောင်ရွက်ရန် အကောင်အထည်ဖော်ခဲ့ပြီး တာတမံ ၃၆ ခုမှာ ရာနှုန်းပြည့် ပြီးစီးနေပြီဖြစ်ပါတယ်။ ကျန်တာတမံ ၁၃ ခုကို ဆက်လက်ဆောင်ရွက် လျက်ရှိရာ ၂၀၁၂-၂၀၁၃ ဘဏ္ဍာနှစ်ကုန်တွင် လုပ်ငန်း၏ ၉၃ ရာခိုင်နှုန်းဆောင်ရွက်ပြီးစီးနိုင်မည် ဖြစ်ပါတယ်။ ဥက္ကဋ္ဌကြီးခင်ဗျား။ နိုင်ငံတော်ဖွဲ့စည်းပုံ အခြေခံဥပဒေပုဒ်မ ၁၈၈ နောက်ဆက်တွဲ ဇယား(၂) အရ ၂၀၁၃-၂၀၁၄ ဘဏ္ဍာရေးနှစ်မှ စတင်၍ လယ်ယာစိုက်ပျိုးရေးနှင့် ဆည်မြောင်း ဝန်ကြီးဌာန၊ ဆည်မြောင်းဦးစီးဌာန၏ လက်အောက်ရှိ တည်ဆောက်ပြီးဖြစ်သော ဆည်၊ တာတမံ များနှင့် ရေသောက်စနစ်များအား ပြုပြင်ထိန်းသိမ်းခြင်း၊ မွမ်းမံပြင်ဆင်ခြင်းဆက်လက်၍ တိုးချဲ့ ဆောင်ရွက်ခြင်းစသည့် လုပ်ငန်းများကို ပြည်နယ်နှင့် တိုင်းဒေသကြီး အစိုးရအဖွဲ့အသီးသီးသို့ တာဝန်များ ခွဲဝေလွှဲပြောင်းပေးအပ်ခြင်းဆောင်ရွက်ပြီးဖြစ်ပါတယ်။
သို့ဖြစ်ပါ၍ လက်ရှိ အပြီးသတ်ဆောင်ရွက်ရန်ကျန်ရှိသည့် လယ်သမားတာ(ကာရီ) ၁၃ ခုနှင့် ဆက်လက်ဆောင်ရွက်ရန် ကျန်ရှိသည့် လယ်သမားတာ(ကာရီ) ၃၉ ခုတို့အတွက် သက်ဆိုင်ရာ ရခိုင် ပြည်နယ်အစိုးရအဖွဲ့အနေဖြင့် လိုအပ်ချက်များအပေါ် ဆက်လက်အကောင်အထည်ဖော်ဆောင်ရွက် နိုင်ရန်အတွက် နိုင်ငံတော်အစိုးရသို့ ရန်ပုံငွေတင်ပြတောင်းခံပြီး ပြည်နယ်အစိုးရအဖွဲ့၏ အစီအစဉ် အားဖြင့်လုပ်ငန်းများ ဆက်လက်ဆောင်ရွက်သွားနိုင်မည်ဖြစ်ပြီး လယ်ယာစိုက်ပျိုးရေးနှင့်ဆည်ွမောင်း ဝန်ကြီးဌာနအနေဖြင့် နည်းပညာပိုင်းဆိုင်ရာနှင့် လိုအပ်သောကူညီပံ့ပိုးမှုများ စီစဉ်ဆောင်ရွက် ပေးသွားနိုင်မည်ဖြစ်ပါတယ်။ လွှတ်တော်ကိုယ်စားလှယ်တော်ကြီးမေးမြန်းသည့် မေးခွန်းသည် ရခိုင်ပြည်နယ်အတွက် ဦးစားပေးလုပ်ငန်းအဖြစ် အဆင့်အလိုက် အမှန်တကယ် အကောင်အထည် ဖော်ဆောင်ရွက်ရန် လိုအပ်သည့်လုပ်ငန်းဖြစ်ပါတယ်။ သို့ဖြစ်ပါ၍ အဆိုပါလုပ်ငန်းများ ပိုမိုစနစ်တကျ ရေရှည်ခိုင်ခံ့ကောင်းမွန်အောင် ရေတို၊ ရေရှည် အကောင်အထည်ဖော်ဆောင်ရွက်နိုင်ရန်အတွက် လယ်ယာစိုက်ပျိုးရေးနှင့် ဆည်ွမောင်းဝန်ကြီးဌာနအနေဖြင့် နည်းပညာပိုင်းဆိုင်ရာ အကူအညီများ ပံ့ပိုးဆောင်ရွက်သွားမှာဖြစ်သည့်အပြင် ကမ္ဘာ့ဘဏ်နှင့်တကွ အပြည်ပြည်ဆိုင်ရာ အဖွဲ့အစည်းတို့ထံမှ ချေးငွေနှင့် အထောက်အပံ့အကူအညီများရရှိခဲ့ပါလျှင် ပိုမို၍ ထိရောက်ခိုင်ခံ့တောင့်တင်းစိတ်ချ ရသည့် တာတမံလုပ်ငန်းများကို နိုင်ငံတကာ နည်းပညာအကူအညီများဖြင့် ထိထိရောက်ရောက် စီမံအကောင်အထည်ဖော် ဆောင်ရွက်ပေးနိုင်မည်ဖြစ်ပါကြောင်း ရှင်းလင်းဖြေကြားအပ်ပါတယ်။
ဦးသိန်းဆွေ(အမ်းမဲဆန္ဒနယ်)။ ။ ကျွန်တော် နောက်ဆက်တွဲ မေးမြန်း လိုတဲ့အချက်များကို ဥက္ကဋ္ဌကြီးမှတစ်ဆင့် ပြည်ထောင်စုအဆင့်အဖွဲ့အစည်းဝင်အား မေးမြန်းလိုပါ တယ်။ ရခိုင်ပြည်နယ်မှာရှိတဲ့ ရေတားတမံများကို ကာကွယ်ဖို့အတွက် ဘဏ္ဍာငွေကို ပြည်နယ်အစိုးရ ကတင်ပြတောင်းခံပြီးတော့မှ ဆောင်ရွက်မယ်လို့ ကျွန်တော်ျ နားလည်ပါတယ်။ ပြည်ထောင်စု အဆင့်ကဖြစ်စေ၊ ပြည်နယ်အဆင့်ကဖြစ်စေ၊ မည်သည့်အဆင့်ကဆောင်ရွက်သည် ဖြစ်စေ အဓိက ကတော့ ရေတားတမံများ ကောင်းမွန်ဖို့ပဲဖြစ်ပါတယ်။ ဒါလည်း ကျွန်တော် လက်ခံနိုင်ပါတယ်။ သို့ရာတွင် လက်ရှိအနေအထားမှ ပြည်ထောင်စုအဆင့်ကနေမှ ပြည်နယ်အဆင့်ကို လွှဲပြောင်းတဲ့ အခါမှာ တာဝန်ပေးတဲ့အခါမှာ ပြည်ထောင်စုအဆင့်ကနေမှ နည်းပညာနှင့် စက်ယန္တရားများ ကူညီဖို့ တော့ မလွဲမသေလိုအပ်ပါတယ်။ သို့ရာတွင် ရခိုင်ပြည်နယ်မှာရှိတဲ့ လယ်ယာစိုက်ပျိုးရေးနှင့် ဆည်မြောင်းဝန်ကြီးဌာနပိုင်တဲ့ စက်ယန္တရားများဟာ အရေအတွက်အားဖြင့်လည်း နည်းပါးနေပါတယ်။ စက်တွေကလည်းပဲ နည်းနည်းကာလကြာမြင့်စွာအသုံးပြုနေတဲ့အတွက် လက်ရှိအနေအထားအရ တော်တော်လေးပြုပြင်ရမယ့်အနေအထားဖြစ်တဲ့အတွက် ပြည်ထောင်စုအဆင့်အနေနဲ့ ဒီစက်တွေကို အသစ်ပြန်လည်ပြင်ဆင်ဖို့ ဒါမှမဟုတ်ရင်လည်း အသစ်လဲလှယ်ဖို့ အစီအစဉ်များရှိပါသလား။ ဒါ့အပြင် အဲဒီလိုလုပ်ငန်းများကို ဆောင်ရွက်တဲ့နေရာမှာ သက်ဆိုင်ရာ မြို့နယ်အဆင့်အထိ ပွင့်လင်းမြင်သာစွာ ဆောင်ရွက်သွားပေးဖို့ ပြည်သူလူထုကို တိတိကျကျ ကြေညာပြီးမှ မည်သည့်တာတမံကို မည်သည့်ငွေ ကျပြီးတော့မှ မည်သည့်ကာလမှာပြီးဆုံးအောင် ဆောင်ရွက်မယ်စသည်ဖြင့် ပြည်သူများ စိတ်ချမ်းသာ အောင် ပွင့်လင်းမြင်သာစွာ ဆောင်ရွက်ပေးဖို့ အစီအစဉ်များရှိ၊မရှိ ဖြေကြားပေးပါရန် လွှတ်တော် ဥက္ကဋ္ဌကြီးမှတစ်ဆင့် ထပ်ဆင့်မေးမြန်းအပ်ပါတယ်ခင်ဗျား။
ဦးခင်ဇော်(ဒုတိယဝန်ကြီး၊လယ်ယာစိုက်ပျိုးရေးနှင့်ဆည်မြောင်းဝန်ကြီးဌာန)။ ။ လွှတ်တော်ကိုယ်စားလှယ်တော်ကြီးတင်ပြတဲ့ အတိုင်းပါပဲ။ ကျွန်တော်တို့ အခုလောလောဆယ်ကတော့ နိုင်ငံတော်အစိုးရရဲ့ ချမှတ်ထားတဲ့ ညွှန်ကြားချက်အတိုင်း သက်ဆိုင်ရာ ပြည်နယ်/တိုင်းဒေသကြီးအစိုးရများကို လုပ်ငန်းများ လွှဲပြောင်းပေးပြီးဖြစ်ပါတယ်။ သို့သော် လုပ်ငန်းများအကောင်အထည်ဖော်ဆောင်ရွက်တဲ့နေရာမှာ ကျွန်တော်တို့ လယ်ယာစိုက်ပျိုး ရေးနှင့်ဆည်မြောင်းဝန်ကြီးဌာန ဆည်မြောင်းဦးစီးဌာနနှင့်ပတ်သက်ပြီးတော့ ဆောင်ရွက်တဲ့လုပ်ငန်း တွေကို သက်ဆိုင်ရာ ပြည်နယ်/တိုင်းဒေသကြီးအစိုးရအနေနဲ့ကလည်း ရန်ပုံငွေအနေနဲ့ စီမံချက်နဲ့ တကွ သူတို့တင်ပြပြီးတော့ တောင်းခံသွားရပါမယ်။ တင်ပြတောင်းခံမှုကို စီမံချက်မူကတော့ သက်ဆိုင်ရာ ဒေသမှာရှိတဲ့ ဆည်မြောင်းဦးစီးဌာနနှင့် ကျွန်တော်တို့ ဆည်မြောင်းရုံးချုပ်တို့ ပြန်လှန်ညှိ နှိုင်းပြီးတဲ့နောက်ပိုင်းမှာ ဖြစ်လာမယ့် စီမံချက်အတိုင်း ဒီစီမံချက်အပေါ်မှာ လိုအပ်တဲ့ပံ့ပိုးမှု စက်ယန္တရားဆိုရင်လည်း လက်ရှိစက်ယန္တရားအခြေအနေ အဲဒါတွေကို အကုန်လုံး ပြန်လည်ခြုံငုံ လေ့လာပြီးတော့ လိုအပ်တဲ့ပံ့ပိုးမှုများကို လုပ်ငန်းရဲ့ အစီအစဉ်ပေါ်မူတည်ပြီးတော့ နှစ်အလိုက် ကူညီ ဆောင်ရွက်ပေးမှာဖြစ်ကြောင်း ရှင်းလင်းဖြေကြားပါသည်။
