(ဇ)-ပြောင်းလဲလာသော ခေတ်စနစ်နှင့် အညီဖြစ်ထွန်း ပေါ်ပေါက်လာမည့် ပုဂ္ဂလိက ကျန်းမာရေးလုပ်ငန်းများနှင့် ပတ်သက်၍ မည်ကဲ့သို့ ကြိုတင်ပြင်ဆင်မှုများ ဆောင်ရွက် ထားသည် နှင့် စပ်လျဉ်းသည့် မေးခွန်း

ပထမအကြိမ်ပြည်သူ့လွှတ်တော် သတ္တမပုံမှန်အစည်းအဝေး (၂၃) ရက်မြောက်နေ့ (၂၀.၈.၂၀၁၃)

ဦးကျော်မြင့် (အရာတော်) ကျန်းမာရေးဝန်ကြီးဌာနလက်အောက်ရှိ ကျန်းမာရေးဦးစီးဌာန၊ ဆေးသိပ္ပံဦးစီးဌာန၊ ကျန်းမာရေး စီမံကိန်းဌာန အစရှိသော တာဝန်ရှိဦးစီးဌာနများသည် ကျန်းမာရေးနှင့်သက်ဆိုင်သော လွှတ်တော်ကော်မတီများ၊ မြန်မာနိုင် ငံဆေး ကောင်စီ၊ မြန်မာနိုင်ငံ ဆရာဝန် အသင်း၊ ပုဂ္ဂလိက ဆေးရုံလုပ်ငန်း ပိုင်ရှင်များ၊ မြန်မာနိုင်ငံသူနာပြုအသင်းများအပြင် နှီးနွယ်မှု ရှိသည့် အသင်းအဖွဲ့များပါမကျန် ဖိတ်ခေါ်၍ ကျန်းမာရေးအာမခံကိစ္စ၊ ကျန်းမာရေးဆိုင်ရာ လူ့စွမ်းအား အရင်းအမြစ် တိုးပွားရေး ကိစ္စ၊ နိုင်ငံခြားရောက် မြန်မာဆေးပညာ ရှင်များ အင်အားရယူခြင်း ကိစ္စ၊ ပြည်သူများအတွက် ဆေးကုသမှု ဆိုင်ရာ အခွင့်အရေးများ၊ ဆေးဘက်ပညာရှင်များအတွက် ဆေးကုသမှုကျင်‌့ဝတ်၊ စည်းကမ်းကိစ္စများ စသည်များကို အလုပ်ရုံ ဆွေးနွေးပွဲများကျင်းပပြီး လိုအပ်သော ဥပဒေ များဖြည့်စွက်ပြဋ္ဌာန်းနိုင်ရန် လွှတ်တော်သို့တင်ပြခြင်း၊ မူဝါဒများချမှတ်ခြင်း များ အထူး လိုအပ်လျက် ရှိရာ ထိုကဲ့သို့သော အစီအမံများဆောင်ရွက်ရန် အစီအစဉ်ရှိ/မရှိ မေးမြန်းပါသည်။

ဒေါက်တာအောင်သန်း (ရွှေဘို မဲဆန္ဒနယ်) ကိုယ်စား ဦးကျော်မြင့်(အရာတော်မဲဆန္ဒနယ်) က မေးမြန်းပါသည်။


 

ဖြေကြားသူ
ကျန်းမာရေးဝန်ကြီးဌာန ဒုတိယဝန်ကြီး၊ ဒေါ်သိန်းသိန်းဌေး
ဖြေကြားသည့် ဝန်ကြီးဌာန
အဖြေ

ကျန်းမာရေးဝန်ကြီးဌာန ဒုတိယဝန်ကြီး၊ ဒေါ်သိန်းသိန်းဌေး ကျန်းမာရေးဝန်ကြီးဌာနသည် တစ်မျိုးသားလုံး ကျန်းမာကြံ့ခိုင်ရေး အတွက် ပြည်သူတို့အား ပဏာမ ကျန်းမာရေး စောင့်ရှောက်မှု လုပ်ငန်းကို အခြေခံပြီး အမျိုးသားကျန်းမာရေး မူဝါဒများချမှတ်၍ စီမံကိန်းများရေး ဆွဲ အကောင်အထည် ဖော်လျက် ရှိပါကြောင်း၊  ပြောင်းလဲလာသောခေတ် စနစ်နှင့် အညီ ဖြစ်ထွန်းပေါ်ပေါက်လာမည့် ပုဂ္ဂလိက လုပ်ငန်းများနှင့် စပ်လျဉ်း၍ ယခုလက်ရှိအခြေအနေတွင် ပုဂ္ဂလိကဆေးရုံများ၌ တာဝန်ထမ်းဆောင်နေသော ဆရာဝန်/သူနာပြု/ ကျွမ်းကျင်ဝန်ထမ်းအများစုသည် ပြည်သူ့ဆေးရုံကြီး များမှ ဖြစ်နေသောကြောင့် ပုဂ္ဂလိကလုပ်ငန်းများမှ လိုအပ်သည့် အချိန်တွင် လိုအပ်သလို ကျန်းမာရေးစောင့်ရှောက်မှု ပေးနိုင်ရန် အခက်အခဲများရှိနေ ပါကြောင်း၊  အဆိုပါ ပြဿနာများ ဖြေရှင်းနိုင်ရေးအတွက် ပုဂ္ဂလိကဆေးရုံများတွင် အချိန်ပြည့် တာဝန်ထမ်းဆောင်နိုင်မည့် တာဝန်ကျ ဆရာဝန်/ အထူးကု ဆရာဝန်ကြီးများအား ပုဂ္ဂလိက ဆေးရုံများကတိုးတက်မွေးထုတ်နိုင်ရေးကို တွန်းအားပေးမှာကြား ဆောင်ရွက်လျက် ရှိ ကြောင်း၊ သူနာပြုများ၏အရည်အသွေး တိုးတက်လာစေရန်အတွက်လည်း ပုဂ္ဂလိကဆေးရုံများ၌ ဒီပလိုမာ / ဘွဲ့ရသူနာပြု များအား တာဝန်ချထားဆောင်ရွက်ရန်၊ အကူသူနာပြုများအား  သူနာပြုအဆင့် တာဝန်ပေးခြင်း မပြုရန်နှင့် ပုဂ္ဂလိက ဆေးရုံများတွင် ဆေးဘက်ကျွမ်းကျင် ဝန်ထမ်းများကိုလည်း သက်ဆိုင်ရာလုပ်ငန်းအလိုက် ခန့်ထားဆောင်ရွက်ရန်၊ ပုဂ္ဂလိကဆေးရုံများရှိ ဆေးဆိုင်တာဝန်ခံများအနေဖြင့် ဆေးဝါးတက္ကသိုလ်ဘွဲ့ရဖြစ်ရန်မှအစ ညွှန်ကြားကြီးကြပ် ဆောင်ရွက် လျက်ရှိပါကြောင်း၊  သွေးနှင့် သွေးပစ္စည်းများဆိုင်ရာ ဥပဒေကို လိုက်နာဆောင်ရွက်စေရန်နှင့် ပုဂ္ဂလိကကဏ္ဍတွင် အရေးပေါ် သွေးသွင်းရမည့် လိုအပ်ချက်များ ဖြည့်ဆည်းနိုင်စေရန်အတွက် သွေးနှင့် သွေးပစ္စည်းများဆိုင်ရာ ဥပဒေကို ပြင်ဆင်သည့်(မူကြမ်း)ကိုလည်း ရေးဆွဲလျက်ရှိပါကြောင်းနှင့် ဥပဒေ ပြင်ဆင်ပြီးပါက သတ်မှတ်ထားသည့် စည်းကမ်း ချက်များနှင့်အညီ ပုဂ္ဂလိက သွေးဘဏ်ကို တည်ထောင်ဖွင့်လှစ် ဆောင်ရွက်နိုင်မှာဖြစ်သည့်နည်းတူ  ပုဂ္ဂလိက ကျန်းမာရေးစောင့်ရှောက်မှု အရည်အသွေးမြှင့်တင်ခြင်းကို အထောက်အကူဖြစ်စေရန် ပုဂ္ဂလိကကျန်းမာရေးလုပ်ငန်းဆိုင်ရာ ဥပဒေကို ပြင်ဆင်သည့် ဥပဒေကို ပြည်ထောင်စုလွှတ်တော် ဥပဒေအမှတ် ၁၄ ဖြင့် ပြဋ္ဌာန်းနိုင်ခဲ့ပြီး ဆက်လက်၍ ပုဂ္ဂလိက ကျန်းမာရေးလုပ်ငန်းဆိုင်ရာ နည်းဥပဒေများကို လည်း ရေးဆွဲလျက်ရှိပါကြောင်း၊          နိုင်ငံခြားရင်းနှီးမြှုပ်နှံမှုဖြင့် ဆောင်ရွက် မည့် ဆေးရုံ/ဆေးခန်းများ တွင် နိုင်ငံခြားနှင့် နိုင်ငံသားထည့်ဝင်မှု ၇၀း၃၀ အချိုးထိသာ လက်ခံဆောင်ရွက်မည် ဖြစ်ပါသဖြင့် အဆိုပါ လုပ်ငန်းများတွင်  နိုင်ငံသားကျန်းမာရေး စောင့်ရှောက်မှုပေးသူများ ဖြစ်သည့် ဆရာဝန်/သူနာပြု/ ကျွမ်းကျင် ဝန်ထမ်းများ၏ အလုပ်အကိုင်အခွင့်အလမ်း တိုးတက်ရရှိလာမှာ ဖြစ်ပါကြောင်း၊ အစိုးရ/ပုဂ္ဂလိက ကျန်းမာရေး စောင့်ရှောက်မှုကဏ္ဍသည် ပြည်သူများ၏ ကျန်းမာရေးစောင့်ရှောက်မှုအခြေအနေတွင် လွှမ်းခြုံမှုများပြားပြီး ရောဂါ ကာကွယ်ရေး၊ ကုသရေး၊ ပြန်လည်ထူထောင်ရေး စသည့်ကဏ္ဍ အသီးသီးကိုလည်း ဆောင်ရွက်လျက်ရှိပါသောကြောင့် နိုင်ငံခြားရင်းနှီးမြှုပ်နှံမှု ဆေးရုံ/ဆေးခန်းများ ပေါ်ထွန်းလာသည့်တိုင် ဆက်လက်အရေးပါနေဆဲဖြစ်ပြီး  အစိုးရ/ပုဂ္ဂလိကမှ ဆောင်ရွက်ဆဲလူအရင်းအမြစ် ၊ ပစ္စည်းအရင်းအမြစ်၊ နည်းပညာ အရင်းအမြစ် ဖြည့်တင်းခြင်းလုပ်ငန်းများ ဆက်လက် လုပ်ဆောင်ခြင်းအားဖြင့် နိုင်ငံခြားရင်းနှီးမြှုပ်နှံမှု လုပ်ငန်းများနှင့် ယှဉ်ပြိုင်လုပ်ဆောင်နိုင်မည် ဖြစ်ပါကြောင်း၊   ကျန်းမာရေးအာမခံစနစ်နှင့် စပ်လျဉ်း၍ ဆင်းရဲနွမ်းပါးသူများအတွက် မြို့နယ်အခြေပြု လူမှုကျန်းမာရေး အာမခံစနစ်ကို စမ်းသပ်မြို့နယ်များ တွင် ဆောင်ရွက်လျက်ရှိပါကြောင်း၊ အမျိုးသားအဆင့် ကျန်းမာရေးစောင့်ရှောက်မှု ဆေးကုသ ခွင့် လုံခြုံရေး စီမံကိန်း တစ်ရပ် ထူထောင်ရာတွင် နိုင်ငံတော်၏ စီးပွားရေးအခြေအနေ ကျွမ်းကျင်မှုနှင့် စီမံခန့်ခွဲမှု ဆိုင်ရာစွမ်းရည် စီမံကိန်းအတွက် အခွန်ဘဏ္ဍာငွေ ကောက်ခံရရှိမှု အခြေအနေ၊ နိုင်ငံအတွင်း အလုပ်အကိုင်နှင့် ဝင်ငွေရရှိမှု အခြေအနေ ကျန်းမာရေး စောင့်ရှောက်ပေးနိုင်မှု အခြေခံအဆောက်အဦ စသည့်အခြေခံလိုအပ်ချက်များကို စိစစ်သုံးသပ်၍ ဆောင်ရွက်လျက်ရှိပါကြောင်း၊ ကျန်းမာရေးဆိုင်ရာ လူ့စွမ်းအား အရင်းအမြစ်တိုးမြှင့်ခြင်းနှင့် စပ်လျဉ်း၍ ကျန်းမာရေးဝန်ကြီး ဌာန၊ ဆေးသိပ္ပံပညာဦးစီးဌာနက ဆေးဘက်ဆိုင်ရာတက္ကသိုလ် စုစုပေါင်း ၁၄ ခုနှင့် သူနာပြုနှင့် သူနာပြုသင်တန်းကျောင်း ၂၃ ခု၊ သားဖွားသင်တန်းကျောင်း ၂၀ ခု၊ သူနာပြုနှီးနွယ်ကွင်းဆင်း လေ့ကျင့် သင်တန်းကျောင်း ၃ ခုတို့မှ လေ့ကျင့်မွေးထုတ်ပေးလျက်ရှိပါကြောင်း။

 မြန်မာနိုင်ငံဆေးပညာနှင့် ဆေးပညာနှီးနွယ်ဘွဲ့၊ ဒီပလိုမာ၊ လက်မှတ်များဆိုင်ရာ ဥပဒေမူကြမ်းကို လည်း ပြည်ထောင်စုရှေ့နေချုပ်ရုံးနှင့် ညှိနှိုင်းတိုင်ပင်ရေးဆွဲလျက်ရှိပြီး ပြည်သူ့လွှတ်တော်သို့ တင်ပြ အတည်ပြု ပြဋ္ဌာန်းနိုင်ရန် စီစဉ်ဆောင်ရွက်လျက်ရှိသည့်အပြင် နိုင်ငံခြားရောက် မြန်မာဆေးပညာရှင်များ အင်အားရယူခြင်းကိစ္စနှင့် ပတ်သက်၍လည်း နိုင်ငံခြား တိုင်းပြည်များရှိ ဆေးတက္ကသိုလ်များတွင် အမ်ဘီဘီအက်စ်နှင့် အလားတူဘွဲ့ရရှိသူများအား မြန်မာနိုင်ငံဆေး ကောင်စီတွင် မှတ်ပုံတင်ခွင့် ရရှိရန် စီစဉ်ဆောင်ရွက်နေပြီဖြစ်ပါကြောင်း၊ ကျန်းမာရေးဝန်ကြီးဌာနအနေဖြင့် ၂၀၁၂-၁၃ ခု ဘဏ္ဍာရေး နှစ်က တိုးမြှင့်ရရှိလာသော ဆေးဝါးဝယ်ယူရန် ရန်ပုံငွေ ကျပ် ၇၃.၂၆ ဘီလီယံကို အသုံးပြုလျက် ကျန်းမာရေး ဦးစီးဌာန၏ လက်အောက်ရှိ ဗဟိုဆေးသိုလှောင်ရေးဌာနမှ တစ်ဆင့်  ပုံမှန် ဖြန့်ဖြူးလျက်ရှိသော ဆေးဝါးများကို ပြည်နယ်/ တိုင်းဒေသကြီး ကျေးလက်များအထိ အဆင့်ဆင့်ခွဲဝေ ချထား၍ တိုးမြှင့်ဆောင်ရွက်ပေးနိုင်ခဲ့ပါကြောင်း၊ ဆေးဝါး ၂၀၁၃-၁၄ ခု  အတွက် ဆေးဝါးများဝယ်ယူရန် ခွင့်ပြရန်ပုံငွေ ကျပ် ၁၂၀ ဘီလီယံသုံးစွဲ၍ ဆက်လက်ဆောင်ရွက် သွားမှာ ဖြစ်ပါကြောင်း၊ ထို့ပြင် လိုအပ်သော ဥပဒေဖြည့်စွက် ပြဋ္ဌာန်းနိုင်ရန်၊ မူဝါဒချမှတ်ခြင်းနှင့်ပတ်သက်၍  အမျိုးသား ကျန်းမာရေးမူဝါဒများကို ချမှတ်၍ စီမံကိန်းများ ရေးဆွဲအကောင်အထည်ဖော်လျက် ရှိပါကြောင်း၊ ထို့အပြင် ၂၀၁၁ ခုနှစ်၊ ဇူလိုင်လ ၂၉ ရက်နေ့မှ ၃၁ ရက်နေ့အထိ ကျန်းမာရေးစောင့်ရှောက်မှု အရည်အသွေးမြှင့်တင်ရေးအမျိုးသားအဆင့်အလုပ်ရုံဆွေးနွေးပွဲကို မျိုးဆက် ၄ ဆက်ပါဝင်သော ဆေးပညာရှင်ကြီး များအပြင် ကျန်းမာရေးလုပ်ငန်းများနှင့် နှီးနွယ်လျက်ရှိသည့် မြန်မာနိုင်ငံ ဆရာဝန်အသင်း၊  မြန်မာနိုင်ငံ ဆေးပညာ ရှင်အဖွဲ့၊ မြန်မာနိုင်ငံဆေး ကောင်စီ၊ မြန်မာနိုင်ငံသွားနှင့် ခံတွင်းကောင်စီ၊ မြန်မာနိုင်ငံပုဂ္ဂလိက ကိုယ်စားလှယ်များ၊ မြန်မာနိုင်ငံလက်ထောက် ကျန်းမာရေးမှူးများအသင်း သူနာပြုနှင့် သားဖွားအသင်း များနှင့် ပြည်သူတို့၏ ကိုယ်စားလှယ်အသီးသီးပါဝင်သည့် အလုပ်ရုံ ဆွေးနွေးပွဲတစ်ရပ်ကိုလည်း ကျင်းပခဲ့ပြီး အဆိုပါအလုပ်ရုံဆွေးနွေးပွဲတွင် ကဏ္ဍကြီးစုစုပေါင်း ၆ ရပ်ဖြင့်  အလုပ်ရုံဆွေးနွေးပွဲမှ ထောက်ခံအကြံပြုချက်များကို ယနေ့လက်ရှိကျန်းမာရေးစနစ်တွင် ဆက်လက် အကောင်အထည်ဖော် ဆောင်ရွက်လျက်ရှိပါကြောင်း၊  ထို့ကြောင့် လက်ရှိ အခြေအနေတွင် လိုအပ်သောဥပဒေ များ ဖြည့်စွက်ပြဋ္ဌာန်းနိုင်ရေးနှင့် မူဝါဒများချမှတ်နိုင်ရေးအတွက် အလုပ်ရုံဆွေးနွေးပွဲများ ကျင်းပရန် အစီအစဉ်မရှိသေးပါကြောင်း၊ သို့ရာတွင် ကျန်းမာရေးဝန်ကြီးဌာနအနေဖြင့် Deliviary Unit များဖွဲ့စည်းကာ ပြည်နယ်နှင့်တိုင်းဒေသ ကြီးများသို့ သွားရောက်၍ ဒေသအစိုးရအဖွဲ့များ၊ မြို့မိမြို့ဖများ၊  ပြည်သူ့ကိုယ်စားလှယ်များနှင့် ဆွေးနွေးညှိနှိုင်းပြီး အခြေမှစ၍ ညှိနှိုင်းရေးဆွဲသော အစီအစဉ်များ Bottom Up လည်းရေးဆွဲဆောင်ရွက်ရန် စတင်နေပြီ ဖြစ်ပါကြောင်း၊ ညှိနှိုင်းပြီး စီမံချက်များ ပြုစုပြီးသည့် အချိန်တွင် လွှတ်တော်၏ ကျန်းမာရေး အဆင့်မြှင့်တင်ရေးကော်မတီ၏ အခြား ကျန်းမာရေး ဆိုင်ရာကော်မတီ အသီးသီးသို့ တင်ပြအကြံဉာဏ် များရယူရန် စီစဉ်ဆောင်ရွက်လျက်ရှိပါကြောင်း ဖြေကြားပါသည်။