ရခိုင်ပြည်နယ်သည် မြစ်၊ ချောင်းများပေါများပြီး ရေလမ်းကိုသာ အဓိက အားထားနေရသော ဒေသတစ်ခုဖြစ်ခြင်း၊ မိုးရာသီတွင် ရာသီဥတု ဆိုးဝါးမှု ဒဏ်ကို အခံရဆုံးဒေသတစ်ခု ဖြစ်ခြင်းတို့အပြင် ရသေ့တောင်မြို့သည်လည်း အခြားသော မြို့များနှင့်ဖြစ်စေ မြို့အတွင်းမှာဖြစ်စေ ကားလမ်းလုံးဝမရှိပါကြောင်း၊ ထို့ကြောင့် လမ်းပန်းဆက်သွယ်ရေး ခက်ခဲပြီး ဒေသခံ ပြည်သူများအနေဖြင့် ကလေးမွေးဖွား ရန်နှင့် အရေးပေါ် ကျန်းမာရေးပြဿနာများ ကြုံတွေ့လာပါက မြို့ပေါ်သို့ အချိန်မီ မရောက်ရှိနိုင်ဘဲ အသက်ဆုံးရှုံးမှုများ ရှိနေပါကြောင်း၊ ရသေ့တောင် မြို့ မြောက်ဘက်အစွန်းတွင် စေတီပြင်တိုက်နယ်ဆေးရုံ တစ်ခုရှိသော် လည်း လောင်းချောင်းကျေးရွာသည် ရသေ့တောင်၏ တောင် ဘက်စွန်းတွင် တည်ရှိခြင်း၊ စေတီပြင်ကျေးရွာနှင့် မိုင် ၂၀ ခန့်ကွာဝေးခြင်းတို့ကြောင့် သွားလာ ရာတွင် အခက်အခဲများရှိနေပါကြောင်း၊ လောင်းချောင်း တိုက်နယ် တွင် ကျေးရွာ ပေါင်း ၂၆ ရွာ၊ လူဦးရေ ၃၀၀၀၀ ခန့်ရှိပြီး အနီးအနား ပတ်ဝန်းကျင် ရှိ ကျေးရွာများမှ လည်း လောင်းချောင်းကျေးရွာရှိ ကျန်းမာရေးဌာနကိုသာ အားကိုး အားထားပြုနေရသည့်အတွက် ရသေ့တောင်မြို့ ၏ အကြီးဆုံးနှင့်အချက်အခြာ အကျဆုံး လောင်းချောင်း တိုက်နယ်၊ လောင်းချောင်းကျေးရွာ အတွက် တိုက်နယ်ဆေးရုံဖွင့်လှစ်ပေးရန် ခွင့်ပြုနိုင်ခြင်း ရှိ/မရှိ သိလို ကြောင်း မေးမြန်းပါသည်။
ကျန်းမာရေးဝန်ကြီးဌာန၊ ကျန်းမာရေးဦးစီးဌာနသည် စီမံကိန်းရည်မှန်းချက်များ အရ ရခိုင်ပြည် နယ်၌ ၂၀၁၃-၁၄ ခု ဘဏ္ဍာရေးနှစ်တွင် သံတွဲမြို့နယ် တွင် ကျောက်ကြီး တိုက်နယ်ဆေးရုံ၊ မြောက်ဦးမြို့နယ်တွင် ပျားတဲတိုက် နယ်ဆေးရုံနှင့် ပုဏ္ဏားကျွန်းမြို့နယ်တွင် အလယ်ချောင်းတိုက်နယ်ဆေးရုံ တို့ကို လည်းကောင်း၊ ၂၀၁၄-၁၅ ခု ဘဏ္ဍာရေးနှစ်တွင် အမ်းမြို့နယ်တွင် သပြုချိုင် တိုက်နယ်ဆေးရုံ၊ ပုဏ္ဏားကျွန်းမြို့နယ်တွင် ပိုးရှီပြင် တိုက်နယ်ဆေးရုံနှင့် ရသေ့တောင် မြို့နယ်တွင် မူဆေးကျွန်း တိုက်နယ်ဆေးရုံ တို့ကိုလည်းကောင်း အသစ်ဖွင့်လှစ်ပေးနိုင်ရေးအတွက် ဝန်ထမ်းအင်အား ဖွဲ့စည်းပုံ ခွင့်ပြု ချက်ရရှိရေး ဆောင်ရွက်လျက် ရှိပါကြောင်း၊ သို့ဖြစ်ပါ၍ ရသေ့တောင် မြို့နယ်၊ လောင်းချောင်းကျေးရွာတွင် တိုက်နယ်ဆေးရုံ ဖွင့်လှစ်နိုင်ရန် ဝန်ထမ်း အင်အား ဖွဲ့စည်းပုံ ခွင့်ပြုချက်ရရှိရေးအတွက် ၂၀၁၅-၁၆ ခု၊ ဘဏ္ဍာရေးနှစ်တွင် ဆောင်ရွက်ပေးမည် ဖြစ်ပြီး ၂၀၁၅-၁၆ ဘဏ္ဍာရေးနှစ် မတိုင်မီ ပြည်တွင်းပြည်ပသီးခြားရန်ပုံငွေ အစီအစဉ်များရရှိပါက ဦးစားပေးဆောင်ရွက်သွားမည်ဖြစ်ပါကြောင်း ဖြေကြားပါသည်။
