(ခ)-ဝေးလံခက်ခဲသောဒေသရောက် ဆရာ ဆရာမများ၏ အဝေးသင်ဖြေဆိုခြင်းကို ခွင့်ပြုပေးနိုင်ခြင်းရှိ၊ မရှိနှင့် စပ်လျဉ်းသည့်မေးခွန်း

ပထမအကြိမ် ပြည်သူ့လွှတ်တော် ပဉ္စမပုံမှန်အစည်းအဝေး (၁၅) ရက်မြောက်နေ့ (၂၃.၁၁.၂၀၁၂)

တက္ကသိုလ်ဝင်အောင်မြင်ပြီးတဲ့ နောက်မှာ ပညာရေးကောလိပ်၊ ဆရာအတတ်သင်ကျောင်းများ တက်ရောက်အောင်မြင်ပြီးတော့ လမ်းပန်းဆက်သွယ်ရေးခက်ခဲတဲ့ ဝေးလံဒေသများကိုတာဝန်ကျတဲ့ ဆရာဆရာမများများစွာရှိကြပါတယ်။ အဲ့ဒီပညာရေးဝန်ထမ်းများက မိမိတို့ရဲ့ဘဝတိုးတက်ရာ တိုးတက်ကြောင်း အတွက် ပညာရေး တာဝန်ကို ထမ်းဆောင်ရင်းနဲ့ အဝေးသင်ဖြေဆိုခြင်းဖြင့် ဘွဲ့၊ ဒီဂရီများရရှိဖို့အတွက် ကြိုးပမ်းကြရ ပါတယ်။ ဒီနေရာမှာ အဝေးသင်စာမေးပွဲဖြေဆိုနိုင်ရန် အနီးကပ်တက်ရောက်ရမည့်ကာလဟာ ၁ လ သတ်မှတ်ထားပါတယ်။ ဒါ့အပြင် ဘာသာပြဆရာဆရာမများရဲ့ပို့ချမှုကိုလည်းပဲ ကျူရှင် ၁ လတက်ရပါ သေးတယ်။ လမ်းပန်းဆက်သွယ်ရေးခက်ခဲပြီး ဝေးလံသောဒေသများမှ သွားရောက်ဖြေဆိုရတဲ့ အတွက်ကြောင့် ကျူရှင်တက်ရတဲ့ကာလ၊ စာမေးပွဲဖြေဆိုရတဲ့ကာလ အသွားအပြန်အနည်းဆုံး ၂ လ ကျော် ၃ လ လောက်ကြာမှာ ဖြစ်ပါတယ်။ လေးစားရပါသော ဥက္ကဋ္ဌကြီးခင်ဗျား။ သက်ဆိုင်ရာဌာနနဲ့ အဝေးသင်ဖြေဆိုဖို့အတွက် ရက်ပေါင်း ၁၇ ရက်ခွင့်ပြုထားတယ်လို့သိရှိရပါတယ်။ ဝေးလံတဲ့ဒေသမှာ တာဝန်ထမ်း ဆောင်စဉ်မှာ အဝေးသင်ဖြေဆိုမှုတွေကိုပိတ်ပင်ပေးမယ်ဆိုရင်လည်း ဆရာဆရာမများရဲ့ တိုးတက်ရာတိုးတက်ကြောင်းကို တားဆီးရာရောက်မှာဖြစ်တယ်လို့ ယူဆမိပါတယ်။ ခွင့်ပြုပေးပြန် ပါကလည်း ၂ လကျော် ၃ လလောက်သင်ကြားရေးပျက်ကွက်သွားမှာဖြစ်ပါတယ်။ သို့ဖြစ်၍ လမ်းပန်း ဆက်သွယ်ရေးခက်ခဲသော ဝေးလံသောတောင်ပေါ်ဒေသတွင် တာဝန်ထမ်းဆောင်ကြသော ဆရာ ဆရာမများရဲ့ တိုးတက်ရာတိုးတက်ကြောင်းကို ရှေးရှုပြီးမှ အောက်ပါတို့ကိုသိလိုပါ၍ မေးမြန်း တင်ပြ အပ်ပါတယ်။ (က) ဝေးလံခက်ခဲဒေသရောက်ဆရာဆရာမများ၏ အဝေးသင်ဖြေဆိုမှုကို ခွင့်ပြုနိုင်၊ မပြုနိုင်။ (ခ) ခွင့်ပြုနိုင်ပါက လက်ရှိခွင့်ပြုပေးသော ၁၇ ရက်ထက်ပို၍တရားဝင်ခွင့်ပေးနိုင်၊ မပေးနိုင်။ (ဂ) ခွင့်ပြုနိုင်ခြင်းမရှိပါက မည်သို့ဆောင်ရွက်ပေးမည်ကို သိလိုကြောင်း မေးမြန်းပါသည်။ 


 

ဖြေကြားသူ
ပညာရေးဝန်ကြီးဌာန၊ ဒုတိယဝန်ကြီး ဒေါက်တာဘရွှေ
ဖြေကြားသည့် ဝန်ကြီးဌာန
အဖြေ

ပညာရေးဌာနအပါအဝင် နိုင်ငံ့ဝန်ထမ်းများဟာ မိမိတို့ရဲ့ပညာရည်မြင့်မားဖို့ မိမိတို့ရဲ့လုပ်ငန်းကဏ္ဍတွေမှာ ရာထူးတိုးမြှင့်နိုင်ဖို့အတွက် ဘွဲ့၊ ဒီဂရီ များကိုရရှိနိုင်ဖို့ ပညာရေးဝန်ကြီးဌာနက အဝေးသင်ပညာရေးစနစ်ကိုဖော်ဆောင်ပေးထားပါတယ်။ ဒါကြောင့်မို့လို့ ဒီပညာရေးစနစ်ကိုဖော်ဆောင်တဲ့နေရာမှာ ဆရာဆရာမများအပြင်ဝန်ထမ်းတွေ အားလုံးဟာ အဝေးသင်ကာလရဲ့သတ်မှတ်ကာလမှာ အနီးကပ်တက်ရောက်ခြင်း၊ စာမေးပွဲဖြေဆိုခြင်း ကိစ္စများကိုဆောင်ရွက်ရပါတယ်။ အဲ့ဒီလိုဆောင်ရွက်တဲ့နေရာမှာ ဆရာဆရာမများအပါအဝင် ဝန်ထမ်းများဟာ စားမေးပွဲဖြေဆိုဖို့လာရောက်ကြတဲ့အခါမှာ အနီးကပ်သင်တန်းတက်မယ့် စာမေးပွဲဖြေ ဆိုမယ့်ကာလသည် ယေဘုယျအားဖြင့်တော့ အနီးကပ်သင်တန်းကာလ ၁၀ ရက်ရှိပါတယ်။ နောက် စာမေးပွဲကျင်းပတဲ့ကာလက ၇ ရက်ရှိတဲ့အတွက် ၁၇ ရက်ဆိုပြီးတော့ သတ်မှတ်ထားပါတယ်။ အဲ့တော့ ဝန်ထမ်းတွေကိုခွင့်အားဖြင့်ပေးရတဲ့အခါ သာမန်နိုင်ငံ့ဝန်ထမ်းတစ်ယောက်အတွက်ကတော့ သူတို့မှာ လုပ်သက်ခွင့်ခံစားခွင့်အရ စုဆောင်းထားမယ်ဆိုရင် သူတို့လိုချင်တဲ့ခွင့်များကို ၎င်းတို့ရဲ့လုပ်သက်ခွင့် အရချီးမြှင့်လို့ရပါတယ်။ သို့သော် ပညာရေးဝန်ထမ်းများဟာ Vacation အားလပ်ရက်ခံစားရတဲ့ ဝန်ထမ်းများဖြစ်တဲ့အတွက် Vacation ခံစားခွင့် Earned Leave အားဖြင့်စုဆောင်းခွင့်မရှိပါဘူး။ ဒါကြောင့်မို့လို့ အားလပ်ရက်ခံစားနေရတဲ့ဝန်ထမ်းဖြစ်တဲ့အတွက် သူတို့အတွက်ခံစားနိုင်တဲ့ အခွင့်အရေးဟာ ရှောင်တခင်ခွင့် ၁၀ ရက်ပဲဖြစ်ပါတယ်။ အဲ့တော့ ရှောင်တခင်ခွင့် ၁၀ ရက်ကို ဝန်ထမ်းစည်းမျဉ်းနဲ့အညီ သက်ဆိုင်ရာပညာရေးဌာနကခွင့်ပြုပါတယ်။ စာမေးပွဲဖြေဆိုခွင့် ၇ ရက် ကိုလည်း ပညာသင်ခွင့်နဲ့ခွင့်ပြုပါတယ်။ ဒါကြောင့်မို့ ဆရာဆရာမများအားလုံးဟာ အဝေးသင် ကာလမှာ အနီးကပ်ပို့ချဖို့တက်ရောက်ရန် ရှောင်တခင် ၁၀ ရက်နှင့် စာမေးပွဲဖြေဆိုဖို့ ၇ ရက် ၁၇ ရက် ကိုသာလျှင်ခွင့်ပြုနိုင်တာဖြစ်ပါတယ်။ ဒါကြောင့်မို့ လက်ရှိခွင့်ပြုထားတဲ့ ၁၇ ရက်ထက်ပိုပြီးတော့ ခွင့်ပြုနိုင်ခြင်းမရှိတဲ့အခြေအနေဖြစ်ပါတယ်။ သို့သော် ဝန်ထမ်းများအနေနဲ့ ပညာရေးဆရာ ဆရာမ များအနေနဲ့ စာမေးပွဲဖြေဆိုဖို့အတွက်ကြိုတင်ပြင်ဆင်စရာရှိတယ်ဆိုလို့ရှိရင် ၎င်း ၁၇ ရက်ထက်ကျော် တဲ့ရက်များကို လစာမဲ့ခွင့်အဖြစ်လျှောက်ထားပြီးတော့ ခံစားခွင့်ရှိပါကြောင်း ဖြေကြားပါသည်။