(စ)-ဟိုပန်မြို့နယ်ရှိ ခုတင်(၅၀)ဆံ့ ဆေးရုံကြီးတွင် လက်ထောက် ဆရာဝန်များနှင့် လူနာတင်ယာဉ် တစ်စီး ထောက်ပံ့ပေးရန်အစီအစဉ် ရှိ/မရှိ နှင့် စပ်လျဉ်းသည့် မေးခွန်း

ပထမအကြိမ်ပြည်သူ့လွှတ်တော် သတ္တမပုံမှန်အစည်းအဝေး (၂၃) ရက်မြောက်နေ့ (၂၀.၈.၂၀၁၃)

ဦးကျင်ဝမ်း (ဟိုပန်) ဝကိုယ်ပိုင်အုပ်ချုပ်ခွင့်ရတိုင်း ဟိုပန်မြို့တွင် ယခင်က ၁၆ ခုတင်ဆံ့ဆေးရုံကို မြို့နယ်ဆရာဝန်တစ်ဦးနှင့် လက်ထောက် ဆရာဝန်တစ်ဦး ခန့်အပ်ထားပြီး ၂၀၁၀ ခုနှစ်၊ ဖေဖော်ဝါရီလတွင် လက်ထောက်ဆရာဝန် ပြောင်းရွှေ့သွားချိန်မှ စ၍ ယနေ့ အချိန်ထိအစားထိုး ခန့်အပ်ထားခြင်း မရှိခဲ့ပါကြောင်း၊  အထူးသဖြင့် အဆိုပါ ၁၆ ခုတင်ဆံ့ ဆေးရုံကို ၂၈-၆-၂၀၁၂ နေ့ရက်မှစ၍ ခုတင် ၅၀ ဆံ့ဆေးရုံကြီးအဖြစ် တိုးမြှင့် ဖွင့်လှစ်ခဲ့ပါသော်လည်း ဖွဲ့စည်းပုံအရလိုအပ်သော ဆရာဝန်များကို တိုးချဲ့ခန့်အပ်ထားခြင်း မရှိပဲ မြို့နယ်ဆရာဝန်တစ်ဦးသာ မြို့နယ်လူထု၏ ကျန်းမာရေးစောင့်ရှောက်မှုများကို ဆောင်ရွက်နေရ သည့်အတွက် လုံလောက်မှု မရှိတော့ပါကြောင်း၊ ထို့ကြောင့် ခုတင် ၅၀ ဆံ့ဆေးရုံ၏ဖွဲ့စည်းပုံအရ လိုအပ်လျက် ရှိသော ဆရာဝန်များကို ခန့်အပ်ပေးစေလိုသည့် အပြင် ကျေးရွာ အုပ်စုအတွင်းရှိ အရေးပေါ်လူနာများ ကျန်းမာရေး စောင့်ရှောက်မှု ပြုခြင်း၊ အခြားမြို့နယ်များသို့ အရေးပေါ်လူနာများ ဆက်လက် ပို့ဆောင်ခြင်းတို့တွင် အရေးပေါ် လူနာတင်ယာဉ်တစ်စီး အမှန်တကယ် လိုအပ်လျက ် ရှိပါကြောင်း၊ထို့ကြောင့် ဟိုပန်မြို့ရှိ ခုတင် ၅၀ ဆံ့ဆေးရုံကြီးတွင် လိုအပ်လျက်ရှိသော ဆရာဝန်များ ခန့်အပ်ပေးနိုင်ပါရန်နှင့် လူနာတင်ယာဉ်တစ်စီး ပံ့ပိုးပေးနိုင်ပါရန် မေးမြန်းပါသည်။


 

ဖြေကြားသူ
ကျန်းမာရေးဝန်ကြီးဌာန၊ ဒုတိယဝန်ကြီး ဒေါက်တာသိန်းသိန်းဌေး
ဖြေကြားသည့် ဝန်ကြီးဌာန
အဖြေ

ကျန်းမာရေးဝန်ကြီးဌာန၊ ဒုတိယဝန်ကြီး ဒေါက်တာသိန်းသိန်းဌေး ရှမ်းပြည်နယ်၊ ဟိုပန်မြို့နယ် ပြည်သူ့ဆေးရုံတွင် လက်ထောက် ဆရာဝန် တစ်ဦးအား ကျန်းမာရေးဝန်ကြီးဌာန၏ ၁၂-၇-၂၀၁၃ ရက်စွဲပါစာဖြင့် ခန့်ထားပြီးဖြစ်ပါကြောင်းနှင့် ထပ်မံ၍ လက်ထောက်ဆရာဝန် အင်အားခန့်ထားရန် ရရှိလာသည့် အခါတွင် ဦးစားပေးအစီအစဉ်ဖြင့် ထပ်မံခန့်ထားရန်လည်း စီစဉ်ဆောင်ရွက်ထားပြီးဖြစ်ပါကြောင်း၊ရှမ်းပြည်နယ်၊ ဟိုပန်မြို့နယ် ပြည်သူ့ဆေးရုံ အတွက် နာဂစ်မုန်တိုင်း ကာလတွင် နိုင်ငံတကာဆေးအဖွဲ့က အသုံးပြုလှူဒါန်းခဲ့သော ပြုပြင်ထားပြီးဖြစ်သည့် လူနာတင်ယာဉ် တစ်စီး အား ထောက်ပံ့မည်ဖြစ်ပါသောကြောင့် ကျန်းမာရေးဦးစီးဌာန သို့ လာရောက် ထုတ်ယူပါရန် ၁၅-၇-၂၀၁၃ ရက်စွဲပါစာဖြင့် တွဲဖက်ပြည်နယ် ကျန်းမာရေး ဦးစီးဌာနမှူး၊ ရှမ်းပြည်နယ်၊ လားရှိုးမြို့သို့ အကြောင်းကြားပြီး ဖြစ် ပါကြောင်းဖြေကြားပါသည်။