ရှိသည်ကို ဝမ်းမြောက်ဖွယ်ရာ တွေ့မြင်နေရပါတယ်ရှင့်။ သို့ရာတွင် ဒီမိုကရေစီစနစ် အောင်မြင်စွာဖော်ဆောင်နိုင်ရန် အဓိက လိုအပ်ချက်ဖြစ်သည့် ပြည်ထောင်စုအစိုးရနှင့် တိုင်းဒေသကြီး သို့မဟုတ် ပြည်နယ်အစိုးရတို့၏ ပူးပေါင်းဆက်သွယ်နိုင်သည့် လမ်းကြောင်းရှိသော်လည်း ပြည်ထောင်စုအဆင့်လွှတ်တော်များဖြစ်တဲ့ ပြည်ထောင်စုလွှတ်တော်၊ ပြည်သူ့လွှတ်တော်၊ အမျိုးသားလွှတ်တော်နှင့် တိုင်းဒေသကြီး သို့မဟုတ် ပြည်နယ်လွှတ်တော်များ၏ ပူးပေါင်းဆက်သွယ်ရေးလမ်းကြောင်း ပျောက်ကွယ်နေလျက် ရှိနေပါ တယ်ရှင့်။ ၎င်းတို့အဆင့်ဆင့် ဆက်သွယ်မှု၊ ပူးပေါင်းဆောင်ရွက်မှု၊ ကူညီပံ့ပိုးမှုရှိမှ တစ်နိုင်ငံလုံး အတိုင်းအတာဖြင့် လွှတ်တော်လုပ်ငန်းများ တစ်ပြေးညီဖြစ်ကာ ပြည်သူများကို ထိရောက်စွာ ကူညီပံ့ပိုး နိုင်မှာ ဖြစ်ပါတယ်ရှင့်။ တိုင်းဒေသကြီးနှင့် ပြည်နယ်လွှတ်တော်များ၊ ကိုယ်စားလှယ်များ၏လုပ်ငန်း သွက်လက်ထိရောက်ရေးနှင့် စွမ်းဆောင်ရည် မြှင့်တင်ရေးတို့ ပိုမိုအားကောင်းခိုင်မာလာစေရန် ပြည်ထောင်စုအဆင့် လွှတ်တော်များက လက်တွဲခေါ်ယူပံ့ပိုးပေးရမည်ဟု ရိုးသားစွာ ယုံကြည်ပါတယ် ရှင့်။ သို့ဖြစ်ပါသောကြောင့် မေးမြန်းလိုသည်မှာ (၁) ပြည်ထောင်စုအဆင့် လွှတ်တော်များနှင့် တိုင်းဒေသကြီး သို့မဟုတ် ပြည်နယ်လွှတ်တော်များ၏ ဆက်သွယ်မှုလမ်းကြောင်း၊တစ်ဖွဲ့ကို တစ်ဖွဲ့ ခိုင်မာစွာ ရပ်တည်ကူညီထောက်ပံ့ပေးရေးလမ်းကြောင်းတို့ကို ပြည်ထောင်စုအဆင့် လွှတ်တော်များက မည်သို့ဖော်ဆောင်ပေးမည်နည်း။ (၂)တိုင်းဒေသကြီးနှင့် ပြည်နယ်လွှတ်တော်များက မည်သို့ဆောင်ရွက် သင့်ပါသနည်း။ (၃) ပြည်ထောင်စုအဆင့် လွှတ်တော်ကိုယ်စားလှယ်များနှင့် တိုင်းဒေသကြီး သို့မဟုတ် ပြည်နယ်လွှတ်တော်ကိုယ်စားလှယ်များ ပူးပေါင်းပါဝင်မှုအားကောင်းစေရန် ပြည်ထောင်စုအဆင့် လွှတ်တော်များက မည်သို့စီမံဆောင်ရွက်ပေးမည်ကို သိလိုကြောင်း မေးမြန်းပါသည်။
ပထမ မေးခွန်းဖြစ်တဲ့ ပြည်ထောင်စုအဆင့်လွှတ်တော်များနှင့် တိုင်းဒေသကြီး/ပြည်နယ်လွှတ်တော်များရဲ့ ဆက်သွယ်မှုလမ်းကြောင်းတစ်ဖွဲ့ကို တစ်ဖွဲ့ခိုင်မာစွာရပ်တည် ကူညီထောက်ပံ့ပေးရေးလမ်းကြောင်း တို့ကို ပြည်ထောင်စုအဆင့်လွှတ်တော်များက မည်သို့ဖော်ဆောင်ပေးမည်နည်းဆိုတဲ့ မေးခွန်းကို ဖြေကြားပါမယ်။ ဒီအဖြေထဲမှာ ဒုတိယနှင့် တတိယမေးခွန်းရဲ့ အဖြေတွေလည်းပါသွားမှာ ဖြစ်ပါတယ်။
လေးစားအပ်ပါသော ပြည်သူ့လွှတ်တော်ဥက္ကဋ္ဌကြီးခင်ဗျား။ ပြည်ထောင်စုလွှတ်တော်၊ ပြည်သူ့ လွှတ်တော်၊ အမျိုးသားလွှတ်တော်နှင့် တိုင်းဒေသကြီး/ပြည်နယ်လွှတ်တော်များဟာ ဖွဲ့စည်းပုံအခြေခံ ဥပဒေပါ ပြဋ္ဌာန်းချက်များအရ ဥပဒေပြုခွင့်ရှိသော သီးခြားအဖွဲ့အစည်းများ ဖြစ်ကြပါတယ်။ လွှတ်တော်များက ပြဋ္ဌာန်းလိုက်တဲ့ ဥပဒေများ အကျိုးသက်ရောက်မှုကိုတော့ ဖွဲ့စည်းပုံအခြေခံဥပဒေ ပုဒ်မ ၁၉၈ အရ လိုက်နာကျင့်သုံးရမည့်နည်းလမ်းများကို ဖော်ပြထားတာရှိပါတယ်။ ပုဒ်မ ၁၉၈ မှလွဲပြီး လွှတ်တော်များအချင်းချင်းဆက်သွယ်ဆောင်ရွက်ရမည့်လမ်းကြောင်းတွေကိုတော့ ဖွဲ့စည်းပုံအခြေခံ ဥပဒေထဲမှာ ပြဋ္ဌာန်းထားတာ မတွေ့ရပါဘူး။ ဒါပေမယ့် သီးခြားစီရှိနေတဲ့ ပြည်ထောင်စုလွှတ်တော်၊ ပြည်သူ့လွှတ်တော်၊ အမျိုးသားလွှတ်တော်နှင့် တိုင်းဒေသကြီး/ပြည်နယ် လွှတ်တော်များအကြား လွှတ်တော်ဆိုင်ရာလုပ်ငန်းများ ပူးပေါင်းဆောင်ရွက်နိုင်ဖို့ လိုအပ်တာ အမှန်ပဲ ဖြစ်ပါတယ်။ လွှတ်တော် အချင်းချင်း ဆက်သွယ်ရေးလမ်းကြောင်းလည်း ပီပီပြင်ပြင်ရှိဖို့ လိုအပ်ပါတယ်။ ဒါမှသာ လွှတ်တော် အသီးသီးရဲ့ လုပ်ငန်းဆောင်ရွက်မှုနည်းစနစ်များ မှန်ကန်ခိုင်မာပြီး အရည်အသွေးမြင့်မားတိုးတက် လာမှာလည်း ဖြစ်ပါတယ်။ ဒီ့အပြင် နိုင်ငံတစ်ဝှမ်း ဒီမိုကရေစီလူ့ဘောင်ရှင်သန်ဖွံ့ဖြိုးတိုးတက်လာစေ မယ့် လိုအပ်တဲ့လုပ်ငန်းစဉ်များကိုလည်း လွှတ်တော်များက ချမှတ်ဆောင်ရွက်နိုင်မှာ ဖြစ်ပါတယ်။ အတွေ့အကြုံတွေဖလှယ်ပြီး လွှတ်တော်အသီးသီးရဲ့စွမ်းရည်တိုးတက်မြင့်မားအောင် အထောက်အကူ ဖြစ်စေဖို့ ဆောင်ရွက်နိုင်ကြမှာ ဖြစ်ပါတယ်။
လေးစားအပ်ပါသော လွှတ်တော်ဥက္ကဋ္ဌကြီးခင်ဗျား။ မိမိနိုင်ငံမှာ ပြည်ထောင်စုလွှတ်တော်၊ ပြည်သူ့လွှတ်တော်၊ အမျိုးသားလွှတ်တော်တို့ရဲ့ လုပ်ငန်းဆောင်ရွက်ချက်များကို ပြည်သူများကကော၊ နိုင်ငံတကာအသိုင်းအဝိုင်းကပါ အားရကျေနပ်မှု၊ လေးစားအထင်ကြီးမှု ရှိနေကြတာကို လွှတ်တော် ကိုယ်စားလှယ်များ ကြားသိနေကြခြင်းဖြစ်ပါတယ်။ ဒါပေမယ့် မိမိတို့နှင့်အတူ ပေါ်ပေါက်လာတဲ့ တိုင်းဒေသကြီး/ပြည်နယ်လွှတ်တော်များရဲ့ ဆောင်ရွက်ချက်များကိုတော့ ပြည်သူများနှင့် နိုင်ငံတကာ အနေနဲ့ သုံးသပ်ကြတဲ့အခါ အားရဖွယ်မရှိသေးကြောင်းကိုပြောဆိုနေကြတာ ရှိပါတယ်။ ဒါကြောင့် တိုင်းဒေသကြီးနှင့်ပြည်နယ်လွှတ်တော်များရဲ့ လွှတ်တော်လုပ်ငန်းဆိုင်ရာများဆောင်ရွက်မှု မှန်မှန် ကန်ကန်တိုးတက်ဖွံ့ဖြိုးလာစေဖို့နဲ့ စွမ်းဆောင်ရည်မြင့်မားလာစေဖို့အတွက် ပြည်ထောင်စု လွှတ်တော်၊ ပြည်သူ့လွှတ်တော်၊ အမျိုးသားလွှတ်တော်တို့က ပူးပေါင်းကူညီဆောင်ရွက်နိုင်ဖို့ အခွင့်အလမ်းများ ဖော်ဆောင်ပေးရန် လိုအပ်မှာဖြစ်ပါတယ်။ ဒီအတွက်ကြောင့် ပြည်ထောင်စုလွှတ်တော်၊ ပြည်သူ့ လွှတ်တော်၊ အမျိုးသားလွှတ်တော်နှင့် တိုင်းဒေသကြီး/ပြည်နယ်လွှတ်တော်များဆက်သွယ်၍ ပူးပေါင်း ဆောင်ရွက်နိုင်ရန်လမ်းကြောင်းကို ဖော်ဆောင်နိုင်ဖို့နှင့် လုပ်ငန်းများပူးပေါင်းဆောင်ရွက်နိုင်ဖို့ အတွက် မြန်မာနိုင်ငံလွှတ်တော်ဆိုင်ရာအဖွဲ့ (Myanmar ParliaMentary Union) ကို ဖွဲ့စည်း တည်ထောင်ထားပြီးဖြစ်ပါကြောင်း ဖြေကြားအပ်ပါတယ်။ ဒီအဖွဲ့မှာ ပြည်သူ့လွှတ်တော်၊ အမျိုးသား လွှတ်တော်နှင့် တိုင်းဒေသကြီး/ပြည်နယ်လွှတ်တော်များမှ ဥက္ကဋ္ဌများပါဝင်ဖွဲ့စည်းထားတာဖြစ်ပါတယ်။ ပြည်ထောင်စုလွှတ်တော်နာယက က ဥက္ကဋ္ဌအဖြစ်၊ ပြည်သူ့လွှတ်တော်ဥက္ကဋ္ဌက ဒုတိယဥက္ကဋ္ဌအဖြစ် ဆောင်ရွက်ပါတယ်။ တိုင်းဒေသကြီး/ပြည်နယ် လွှတ်တော်ဥက္ကဋ္ဌများက အဖွဲ့ဝင်များဖြစ်ကြပါတယ်။ ပြည်သူ့လွှတ်တော်နဲ့ အမျိုးသားလွှတ်တော် ဒုတိယဥက္ကဋ္ဌများကလည်း အဖွဲ့ဝင်များအဖြစ် ပါဝင်ကြပါ တယ်။ မြန်မာနိုင်ငံ လွှတ်တော်ဆိုင်ရာအဖွဲ့အတွင်းမှာ လွှတ်တော်များအားလုံး အချင်းချင်း ဆက်သွယ် ပြီးပူးပေါင်းဆောင်ရွက်နိုင်မှာဖြစ်ပါကြောင်း ဖြေကြားအပ်ပါတယ်။ အခု ဖွဲ့စည်းထားတဲ့ မြန်မာနိုင်ငံ လွှတ်တော်ဆိုင်ရာအဖွဲ့ဟာ အခုအခါမှာ ဒုတိယအကြိမ် အစည်းအဝေးကို ၁၉-၁၁-၂၀၁၂ ရက်နေ့မှာ ကျင်းပပြုလုပ်ခဲ့ပါတယ်။ မြန်မာနိုင်ငံလွှတ်တော်ဆိုင်ရာ ဖွဲ့စည်းပုံအခြေခံစည်းမျဉ်းမူကြမ်းကို ရေးဆွဲ ပြီး ပြည်ထောင်စုလွှတ်တော်မှာ တင်ပြဖို့စီစဉ်ဆောင်ရွက်လျက်ရှိပါတယ်။ တိုင်းဒေသကြီး/ပြည်နယ် လွှတ်တော်များအတွက် မဖြစ်မနေဆောင်ရွက်ရမယ့် တည်ဆဲဥပဒေများပယ်ဖျက်ရေး၊ ပြင်ဆင်ရေးနဲ့ အသစ်ပြဋ္ဌာန်းရေးကိစ္စများကိုလည်း ဆွေးနွေးဆောင်ရွက်လျက်ရှိနေပြီ ဖြစ်ပါကြောင်း ရှင်းလင်းတင်ပြ အပ်ပါတယ်။ ယခု ဖြေကြားချက်များမှာ ဒေါ်နန်းဝါနုရဲ့ ဒုတိယနှင့် တတိယမေးခွန်းရဲ့ အဖြေများ ဟာလည်း တစ်ပါတည်း အကျုံးဝင်သွားပါကြောင်း ရှင်းလင်းတင်ပြအပ်ပါတယ်။ အခုဖွဲ့စည်းထားတဲ့ မြန်မာနိုင်ငံလွှတ်တော်ဆိုင်ရာအဖွဲ့မှာ လွှတ်တော်အသီးသီးရဲ့ အကြံပြုချက်၊ တင်ပြချက်များကို ဆွေးနွေးစဉ်းစားနိုင်မှာဖြစ်သလို တိုင်းဒေသကြီးနှင့် ပြည်နယ်လွှတ်တော်များရဲ့ လွှတ်တော်လုပ်ငန်း များဆောင်ရွက်ရာမှာ တွေ့ကြုံရတဲ့အကန့်အသတ်အခက်အခဲ လိုအပ်ချက်များကို ဆွေးနွေးသုံးသပ် လေ့လာနိုင်ကြမှာ ဖြစ်ပါတယ်။ ပြည်ထောင်စုလွှတ်တော်က တိုင်းဒေသကြီး/ပြည်နယ်လွှတ်တော်မှ ကြုံတွေ့နေရတဲ့ အခက်အခဲလိုအပ်ချက်များကို ဆွေးနွေးညှိနှိုင်းပြီး ဥပဒေ၊ နည်းဥပဒေများနှင့်အညီ ဖြေရှင်းပေးနိုင်အောင် ဆောင်ရွက်ပေးနိုင်မှာ ဖြစ်ပါတယ်။
လေးစားအပ်ပါသော ပြည်သူ့လွှတ်တော်ဥက္ကဋ္ဌကြီးခင်ဗျား။ မြန်မာနိုင်ငံလွှတ်တော်ဆိုင်ရာ အဖွဲ့မှတစ်ဆင့် တိုင်းဒေသကြီး/ပြည်နယ်လွှတ်တော်များ၊ လွှတ်တော်ကိုယ်စားလှယ်များရဲ့ လုပ်ငန်း များသွက်လက်ထိရောက်ဆောင်ရွက်နိုင်ရေးနှင့် စွမ်းဆောင်ရည်မြှင့်တင်ရေးတို့ကို ပိုမိုအားကောင်း လာစေရန် ပြည်ထောင်စုလွှတ်တော်၊ ပြည်သူ့လွှတ်တော်၊ အမျိုးသားလွှတ်တော်များက မြန်မာနိုင်ငံ လွှတ်တော်ဆိုင်ရာများအဖွဲ့အတွင်းမှာ ကူညီပံ့ပိုးပေးနိုင်မည်ဖြစ်ပါကြောင်း ဖြေကြားပါသည်။
