ရှမ်းပြည်နယ်မြောက်ပိုင်း၊ လားရှိုးခရိုင် သိန္နီမြို့နယ်သည် လယ်ယာလုပ်ငန်းကို အဓိကအလေးထား လုပ်ကိုင်ခဲ့သော ဒေသဖြစ်ပါသည်။ မြို့ပေါ် ရပ်ကွက်များနှင့် ကျေးရွာ ၁၁ အုပ်စုတို့ မှ တောင်သူလယ်သမားများသည် နှစ်စဉ် မိုးစပါး မိုးသီးနှံများကို လားရှိုးမြို့ နယ် မြန်မာ့လယ်ယာ ဖွံ့ဖြိုးရေး ဘဏ်သို့ ငွေစု လက်မှတ်များဖွင့်လှစ်ကာ လိုအပ်သော ရပ်ကွက်/ ကျေးရွာ အုပ်ချုပ်ရေးမှူး၊ စိုက်ပျိုးရေး မြေစာရင်းဦးစီးဌာနများ၏ စိစစ်ထောက်ခံချက်တို့ဖြင့် လားရှိုး မြို့နယ် မြန်မာ့လယ်ယာဖွံ့ဖြိုးရေးဘဏ် တွင် အမှုတွဲဖွင့်လျှောက်၍ စိုက်ပျိုးရေး စရိတ်ကို ထုတ်ချေးလျက်ရှိပါသည်။ ၂၀၁၂ခုနှစ် မိုးရာသီတွင် သိန္နီမြို့ နယ် တောင်သူလယ်သမား ၆၉၇ ဦးမှ စပါး ၃၁၆၂ ဧက၊ ပြောင်း ၂၁၅၁ ဧကနှင့် ပဲ ပုတ် ၅ ဧက၊ စုစုပေါင်း ၅၃၂၇ ဧကအတွက် စိုက်ပျိုးစရိတ်ချေးငွေ ၁၇၉၆.၁ သိန်းကို လားရှိုးမြို့နယ် မြန်မာ့လယ်ယာဖွံ့ဖြိုးရေးဘဏ်က သိန္နီမြို့နယ်သို့ လာရောက် ကွင်းဆင်းကာ ထုတ်ချေး ခဲ့ရပါသည်။ ယင်းသို့ထုတ်ချေးငွေ ရခြင်းကြောင့် ပြန် လည်ပေးဆပ်ချိန် ရောက်သည့်အခါ လားရှိုးမြို့နယ် မြန်မာ့လယ်ယာဖွံ့ဖြိုးရေးဘဏ်သို့ သွားရောက်ပေးချေကြရာ တောင်သူတစ်ဦးချင်း ပေးဆပ်ရာတွင် လမ်းခရီးအခက်အခဲကြောင့် ရပ်ကွက်/ ကျေးရွာအုပ်စု အုပ်ချုပ်ရေးမှူး၊ စာရေးဝန်ထမ်းများမှ စုစည်းကာ လားရှိုးမြို့သို့ သွားရောက်ပေးသွင်းခြင်း၊ သိန္နီမြို့နယ် မြန်မာ့စီးပွားရေးဘဏ်မှ တစ်ဆင့် ငွေလွှဲဖြင့်ပေးသွင်းခြင်းများကို ဆောင်ရွက်ခဲ့ရပါကြောင်း၊ အစိုး ရမှ တောင်သူလယ်သမားများကို တစ်ဧက ကျပ်တစ်သိန်း ထုတ်ချေးခဲ့ပါသော်လည်း တာဝန်ခံငွေ ထုတ်ပေးသော သိန္နီမြို့နယ် ခမ်းကြိမ်းကျေးရွာအုပ်စု အုပ်ချုပ်ရေးမှူး ဦးတီမျိုးမြင့်သည် တောင်သူလယ်သမား ၏ချေးငွေ ကို တောင်သူလယ်သမားထံသို့ အပြည့်အဝထုတ်ပေးခြင်းမရှိပါကြောင်း၊ ကိုယ်ကျိုးအတွက် ငွေအချို့ကို အလွဲ သုံးစားမှုများ ပေါ်ပေါက်နေပြီး ရှမ်းပြည်နယ်အစိုးရထံ လိုအပ်သလို အရေးယူဆောင်ရွက်ပေးပါရန် တင်ပြခဲ့ပါသော်လည်း အရေးယူဆောင်ရွက်မှုမရှိခဲ့ပါကြောင်း၊ ဤသို့ အခက်အခဲများကို သိန္နီမြို့နယ်အတွင်း ကြုံတွေ့နေရပါသဖြင့် အောက်ပါမေးခွန်းများကို တောင်သူလယ်သမားများ၏ ကိုယ်စား မေးမြန်းအပ်ပါသည်-
(က) သိန္နီမြို့နယ်တွင် မြန်မာ့လယ်ယာဖွံ့ဖြိုးရေးဘဏ်ရုံး လာရောက်ဖွင့်လှစ်ပေးရန်အစီအစဉ် ရှိ/မရှိ။
(ခ) ဖွင့်လှစ်ရန် အစီအစဉ်ရှိပါက မည်သည့်နေ့ရက်၊ ခုနှစ်တွင်ဖွင့်လှစ်ပေးပါမည်နည်း။ ဖွင့်လှစ်ပေးရန် အစီအစဉ်မရှိပါက မည်သည့်အတွက်ကြောင့်ဆိုသည်ကို သိလိုပါကြောင်း မေးမြန်းပါသည်။
ရှမ်းပြည်နယ်၊ သိန္နီမြို့နယ်ရှိ တောင်သူလယ်သမားများ၏ စိုက်ပျိုး စရိတ်ချေးငွေ ရရှိရေးအတွက် လားရှိုးမြို့နယ် မြန်မာ့လယ်ယာဖွံ့ဖြိုးရေးဘဏ်မှ တာ ဝန်ယူဆောင်ရွက်ပေး လျက်ရှိပြီး ၂၀၁၂ ခုနှစ် မိုးချေးငွေကို ကျပ် ၁၇၉.၆၁ သန်း၊ ယခုနှစ် ၂၀၁၃ ခုနှစ် မိုးချေးငွေကို ကျပ်သန်း ၄၇၉၉.၈ သန်းအထိ တိုး၍ ထုတ်ချေးပေးခဲ့ပါကြောင်း၊ သိန္နီမြို့ နယ်တွင် မြန်မာ့လယ်ယာဖွံ့ဖြိုးရေး ဘဏ်ခွဲအသစ် ဖွင့်လှစ်ရေးကိစ္စနှင့်ပတ်သက်၍ ဘဏ်ခွဲအသစ်ဖွင့်လှစ်မည်ဆိုပါက ဘဏ်ခွဲ ဖွဲ့စည်း ပုံရရှိရန်လိုအပ်ခြင်း၊ ဝန်ထမ်းအင်အား စုစုပေါင်း သုံးပုံနှစ်ပုံသာ ခန့်ထားခွင့်ပြုသည့် ကန့်သတ်ချက်များရှိနေခြင်း၊ အဆောက်အဦလိုအပ်ခြင်း၊ ဘတ်ဂျက်ရန်ပုံငွေလိုအပ်ချက်ရှိခြင်း စသည့် အခက်အခဲများကြောင့် ယခုအချိန်တွင် သိန္နီမြို့နယ်ဘဏ်ခွဲ အသစ်ဖွင့်လှစ်ရန် အစီအစဉ် မရှိသေး ပါကြောင်း၊ သို့သော် သိန္နီမြို့နယ်ရှိ တောင်သူ လယ်သမား များ ချေးငွေ ပြန်လည်ပေးဆပ်ချိန်တွင် အဆင်ပြေစေရန်အတွက် လားရှိုးမြို့သို့ လာရောက်ပေးဆပ် ရန်မလိုဘဲ၊ သက်ဆိုင်ရာ ကျေးရွာ အုပ်ချုပ်ရေးမှူးများ၊ ကျေးရွာချေးငွေ စိစစ်ရေး အဖွဲ့များနှင့်ညှိနှိုင်းပြီး၊ သိန္နီမြို့နယ်တွင် ငွေပေးဆပ် နိုင်ရေးအတွက် စီမံဆောင်ရွက်သွားမည် ဖြစ် ပါကြောင်း ဖြေကြားပါသည်။
သိန္နီမဲဆန္ဒနယ်မှ ဦးစိုင်းဝင်းခိုင်မှ စပ်ဆက်မေးခွန်းမေးမြန်းပါသည်
မိမိတို့သိန္နီမြို့တွင် ချေးငွေကိုသွားရောက် ထုတ်ချေးပါသော်လည်း ရပ်ကွက်ကျေးရွာ အုပ်ချုပ်ရေးမှူး များက ချေးငွေကိုအပြည့်အဝ ထုတ်ပေးခြင်းမရဘဲ တောင်သူများ၏ချေးငွေကို ၎င်းတို့ကိုယ်ကျိုးအတွက် သုံး စွဲနေသည့် ကိစ္စရပ်များကို မည်သို့စီစဉ်ဆောင်ရွက်ပေးမည်ကို သိရှိလိုကြောင်း ဆက်လက်မေးမြန်းပါသည်။
လယ်ယာစိုက်ပျိုးရေးနှင့်ဆည်မြောင်းဝန်ကြီးဌာန၊ ဒုတိယဝန်ကြီး ဦးအုန်းသန်း
မြန်မာ့လယ်ယာဖွံ့ဖြိုးရေးဘဏ်၏ ချေးငွေထုတ်ချေးရေးဥပဒေတွင် ကျေးရွာအုပ်စုချေးငွေထုတ်ချေးရေးအဖွဲ့များ ဖွဲ့ စည်းထားသည့်အပြင် လယ်ယာမြေဥပဒေအသစ်အရ ကျေးရွာလယ်ယာမြေစီမံခန့်ခွဲရေးအဖွဲ့ကိုလည်း ဖွဲ့စည်းပေးပြီး ဖြစ်ပါကြောင်း၊ ထို့ကြောင့် လယ်ယာမြေဥပဒေနှင့် လယ်ယာဖွံ့ဖြိုးရေး ဘဏ်ဥပဒေများ အရ ကျေးရွာ ချေးငွေ စိစစ်ရေးအဖွဲ့များကို ကျေးရွာလယ်ယာမြေစီမံခန့်ခွဲရေးအဖွဲ့မှ စနစ်တကျ ကြပ်မတ်ဆောင်ရွက်ပေးလျှင် ကျေးရွာအုပ်ချုပ်ရေးမှူးများ၏ အလွဲသုံးစားပြုမှုများ တဖြည်းဖြည်း လျော့ပါး သွားမည်ဖြစ်ပါကြောင်း၊ ထိုသို့မဖြစ်စေရန် လယ်ယာဖွံ့ဖြိုးရေးဘဏ်က ပညာပေး ဆောင်ရွက်သွား မည်ဖြစ်ကြောင်း ဖြေကြားပါသည်။
