ဦးဇော်ထွန်း(မိုးမောက်) ကိုယ်စား ဦးစိုင်းသိန်းအောင် (တာချီလိတ်)
မိုးမောက်မြို့နယ်တွင် ယခင်က မြန်မာ့လယ်ယာ စိုက်ပျိုးရေး ဘဏ်ခွဲရှိခဲ့ရာ နောက်ပိုင်းတွင် အခြေအနေအမျိုးမျိုးကြောင့် ဗန်းမော်ခရိုင်တွင် ပြန် လည်တွဲပြီး ဖွင့်လှစ်ခဲ့ရပါကြောင်း၊ ယခုကာလတွင် နိုင်ငံတော်မှ တောင်သူ လယ်သမားများအား ချေးငွေများကို တိုးမြှင့်ပေးနေပြီ ဖြစ်သည့်အတွက် မိုးမောက်မြို့နယ်တွင် မြန်မာ့လယ်ယာစိုက်ပျိုးရေး ဘဏ်ခွဲအား ပြန်လည် ဖွင့်လှစ်ပေးရန် အစီအစဉ်ရှိ/မရှိ သိရှိလိုကြောင်းမေးမြန်းပါသည်။
မြန်မာ့လယ်ယာဖွံ့ဖြိုးရေးဘဏ်မှ ၂၀၁၃ ခုနှစ် မိုးရာသီ စိုက်ပျိုးစရိတ်ချေးငွေ များကို ၁၇-၆-၂၀၁၃ ရက်နေ့မှစတင်ပြီး မြို့နယ်ဘဏ်ခွဲအားလုံးမှ တစ်ပြိုင်တည်း ထုတ်ချေးနေပြီ ဖြစ်ပါကြောင်း၊ ဗန်းမော်မြို့နယ်ဘဏ်ခွဲသို့ ချေးငွေရန်ပုံငွေ ကျပ်သိန်း ၆၃၂၀ ခွင့်ပြုပေးထားပြီး၊ ၎င်းရန်ပုံ ငွေထဲမှ မိုးမောက်မြို့နယ် သို့ ချေးငွေကျပ်သိန်း ၄၈၀၀ ခွဲဝေ ခွင့်ပြုပေးခဲ့ပြီး ဖြစ်ပါကြောင်း၊ မိုးမောက် မြို့နယ်ရှိ ကျေးရွာများမှ တောင်သူများအား ချေးငွေ လိုအပ်ချက်များ ရှိပါက ချေးငွေရရှိရေးအတွက် ဗန်းမော်မြို့နယ်ဘဏ်ခွဲမှ ဆောင်ရွက်ပေးလျက် ရှိကြောင်း။
ယခင်က မိုးမောက်မြို့နယ်တွင် မြန်မာ့စီးပွားရေးဘဏ်မှ တာဝန်ယူ၍ ကိုယ်စားလှယ် ရုံးခွဲအဖြစ် ဖွင့်လှစ်ခဲ့သော်လည်း ၁၈-၁၁-၁၉၉၇ ရက်နေ့မှ စ၍ ချေးငွေနည်းပါးခြင်း၊ အရှုံးပေါ်ခြင်းနှင့် နယ်မြေလုံခြုံရေးတို့ကြောင့် ကိုယ်စားလှယ် ရုံးခွဲအဖြစ်မှ ပိတ်သိမ်းခဲ့ပါကြောင်း၊ မိုးမောက်မြို့နယ်တွင် ဘဏ်ခွဲအသစ် ဖွင့်လှစ်မည်ဆိုပါက ဘဏ်ခွဲဖွဲ့စည်းပုံရရှိရန်လိုအပ်ခြင်း၊ ဝန်ထမ်းအင်အား စုစုပေါင်း၏ ၃ ပုံ ၂ ပုံ သာ ခန့်ထားခွင့်ပြုသည့် ကန့်သတ်ချက်ရှိနေခြင်း၊ အဆောက်အဦလိုအပ်ခြင်း၊ ဘတ်ဂျတ် ရန်ပုံငွေလိုအပ်ချက်ရှိခြင်း စသည့်အခက် အခဲများကြောင့် ယခုအချိန်တွင် ဘဏ်ခွဲတစ်ခု ဖွင့်လှစ်ပေးရန် အစီအစဉ်မရှိသေးပါကြောင်း၊ ၁ ဧကချေးငွေနှုန်း ထားများ တိုးမြင့်လာသည့်အတွက် ထုတ်ချေးငွေပမာဏများပြားခြင်းနှင့် ပြန်လည်ကောက်ခံရာတွင် ကြီးမားသော ဝန်ဆောင်မှုအဖြစ် ဆောင်ရွက်နေရသော်လည်း ဗန်းမော်ဘဏ်ခွဲရှိဝန်ထမ်းများမှ အောင်မြင်စွာ ဆောင်ရွက်ပေး သွားမည် ဖြစ်ကြောင်း ဖြေကြားပါသည်။
